စာသင်ကျောင်း
Vol. 1 Ch. 9
ဝမ်ရှောက်ထျန်းသည် ကြောက်လန့်တကြားဖြစ်ကာ လက်ဖျားခြေဖျားပင် ရေခဲပမာ အေးစက်သွားခဲ့သည်။ သူသည် တာအိုဘုန်းကြီးအား ဖြေရှင်းနည်း တစ်စုံတစ်ရာရှိမရှိ အလျင်စလို မေးမြန်းလိုက်သည်။ တာအိုဘုန်းကြီးသည် ခဏမျှ စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။
“အပြင်စာဆိုင်ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါ မသိနိုင်ဘူး။ မင်း ကိုယ်တိုင်ပဲသွားကြည့်မှဖြစ်မယ်”
မိမိ၏ ဘေးကင်းရေးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် ဝမ်ရှောက်ထျန်းသည် ချက်ချင်း ခေါင်း ညိတ်၍ သဘောတူလိုက်လေသည်။
တာအိုဘုန်းကြီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ရန်သူကို သတိမထားမိအောင် ငါ မင်းနဲ့အတူ လိုက်ခဲ့လို့ မရဘူး။ မင်းရဲ့ သွေးတစ်စက် ငါ့ကိုပေးပါ။ ငါ မင်းအိမ်မှာ အစီရင်လုပ်ပေးမယ်။ ဒါဆို မင်း မြင်သမျှကို ငါလည်း မြင်ရမှာပဲ…”
တာအိုဘုန်းကြီး အတူမလိုက်နိုင်ကြောင်း ကြားသောအခါ ဝမ်ရှောက်ထျန်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်ကို ဝမ်ရှောက်ထျန်းက ကြောက်ရွံ့နေသည်ကို သိသဖြင့် တာအိုဘုန်းကြီးက သူ၏ အိတ်ကပ်ထဲမှ ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ နှစ်ခုကို ထုတ်ယူလိုက်ကာ ဝမ်ရှောက်ထျန်းအား ပေးလိုက်သည်။
ညနေ (၅) နာရီခန့်တွင် မိုးဖွဲဖွဲလေး စတင် ရွာသွန်းလာသည်။ ဝမ်ရှောက်ထျန်းသည် သူ၏ အိတ်ကပ်ထဲမှ အဆောင်လက်ဖွဲ့များ စိုသွားမည်ကို စိုးရိမ်သဖြင့် အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်သည်။
အပြင်စာဆိုင်သို့ ရောက်သောအခါ ဝမ်ရှောက်ထျန်းသည် လည်ပင်းကို ကျုံ့ကာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခြေဖျားထောက်၍ အထဲသို့ ဝင်သွားလိုက်သည်။ မိုးသည် ပို၍ သည်းထန်စွာ ရွာသွန်းနေပြီး ရုတ်တရက် မိုးခြိမ်းသံတစ်ခုက ဝမ်ရှောက်ထျန်းကို လန့်ဖျန့်သွားစေခဲ့သည်။
အပြင်စာဆိုင်သည် မီးရောင်မှိန်မှိန်လေးသာ လင်းနေလေသည်။ အစ်ကိုကြီးလုံသည် အပြင်စာနှစ်အိတ်ကို သယ်ဆောင်ကာ အလျင်အမြန် ထွက်လာခဲ့သည်။ ဝမ်ရှောက်ထျန်းသည် ၎င်းတို့ကို မယူရဲပေ။ သူသည် စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်ပြီး အနက်ရောင် ပလတ်စတစ်အိတ်များကို ကြည့်လိုက်ရာ မည်သို့ကြည့်ကြည့် စိတ်ထဲတွင် အလိုမကျ ဖြစ်နေခဲ့သည်။
အစ်ကိုကြီးလုံ၏ အကြည့်က အနည်းငယ် မှုန်ကုပ်နေသည်။ မနေ့က ဝမ်ရှောက်ထျန်း၏ မေးခွန်းများကို ပြန်သတိရကာ အပြင်စာအိတ်ကို စားပွဲပေါ်တင်လိုက်ပြီး လက်များကို အေပရွန်ဖြင့် သုတ်လိုက်ကာ ပြုံးလျက်ပင် မေးလိုက်သည်၊
“ရှောက်ထျန်း၊ မင်း ဘာဖြစ်နေတာလဲ။ ရာသီဥတုကအေးနေတာ။ မင်းအင်္ကျီ ထူထူဝတ်သင့်တယ်။ မင်းကို ကြည့်ရတာ ချမ်းနေတဲ့ပုံပဲ”
ဝမ်ရှောက်ထျန်း၏ ကျောရိုးများ တောင့်တင်းသွားပြီး စိတ်ထဲ၌ အနေရခက်သလို ဖြစ်သွားလေသည်။ သို့သော် တာအိုဘုန်းကြီး၏ ညွှန်ကြားချက်များကို သတိရကာ သူသည် ကျေးဇူးတင်သည့် အမူအရာကို အမြန် ပြုလုပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ မိုးမိသွားရုံပါပဲ။ အစ်ကိုကြီးလုံ။ ကျွန်တော် အပြင်စာ သွားပို့တော့မယ်…”
ထိုသို့ပြောပြီးနောက် ဝမ်ရှောက်ထျန်းသည် အပြင်စာကို ကောက်ယူပြီး ထွက်သွားရန် ပြင်ဆင်လိုက်စဉ် အစ်ကိုကြီးလုံက သူ့ကို လှမ်းဆွဲထားလိုက်သည်။ အလွန်အမင်း ထိတ်လန့်သွားသော ဝမ်ရှောက်ထျန်းသည် အိတ်ကပ်ထဲသို့ အမြန်လက်နှိုက်ကာ အဆောင်လက်ဖွဲ့ကို ဆုပ်ကိုင်ထားလိုက်သည်။
“ရှောက်ထျန်း…၊ ခဏလေး။ ဒီမွန်းလွဲပိုင်းမှာ ငါ့ညီငယ်တစ်ယောက် အာမခံရောင်းဖို့ ရောက်လာတယ်။ သူ့အစ်ကိုအနေနဲ့ မဝယ်ပေးဘဲ ငြင်းရတာ အားနာလို့ အာမခံနှစ်ခု ဝယ်လိုက်တယ်။ ဒီတစ်ခုကတော့ မင်းအတွက် ဝန်ထမ်း အကျိုးခံစားခွင့်အနေနဲ့ အဆင်ပြေပါတယ်။ဒီပေါ်မှာ လက်မှတ်ထိုးပေးပါအုန်း။”
ထိုစကားကို ကြားသောအခါ ဝမ်ရှောက်ထျန်းသည် သက်ပြင်းချကာ လုံအစ်ကိုကြီးကို သံသယဝင်ခဲ့မိ သည့်အတွက် အနည်းငယ် အားနာမိသလို ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် လက်မှတ်ထိုးပေးပြီး အပြင်သို့ ပြေးထွက်လာခဲ့သည်။
အပြင်တွင် မိုးသည် ပို၍ သည်းထန်လာခဲ့သည်။ ဝမ်ရှောက်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို စီးရင်း အအေးဒဏ်ကြောင့် တုန်ရီနေလေသည်။ ဘေးကင်းစေရန်အတွက် သူသည် လမ်းကိုသာ ဂရုတိစိုက်ဖြင့် မျက်ခြည်မပြတ် ကြည့်နေပြီး အများကြီး တွေးတောနေဝံ့ခြင်း မရှိပေ။ သို့သော် ဖြည်းဖြည်းချင်းဖြင့် သူသည် အနည်းငယ် ထိတ်လန့်လာခဲ့လေသည်။
ပို့ဆောင်ရမည့် လိပ်စာသည် ဆင်ခြေဖုံးရှိ အလယ်တန်းကျောင်းတစ်ခုဖြစ်သည်။ သူသည် ဤကျောင်းသို့ ယခင်က ရောက်ဖူးသည်။ ယခင်က ဤလမ်းကို လာခဲ့ရစဉ်က သိပ်မဝေးဟု ခံစားခဲ့ရသော်လည်း ယခုမှာမူ နာရီဝက်နီးပါး စီးနင်းခဲ့ပြီးပြီဖြစ်သည်။ ဘာကြောင့် ခုထိ မရောက်သေးတာလဲ….။
ဝမ်ရှောက်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို ရပ်လိုက်ပြီး ပို့ဆောင်ရမည့် လိပ်စာကို အတည်ပြုရန် ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းကို ငုံ့ကြည့်လိုက်စဉ် ရုတ်တရက် ကြောင်အော်သံတစ်ခုကို ကြားလိုက်ရ သည်။
ကြောင်၏ အော်သံသည် မည်သည့်အရပ်က လာမှန်းမသိဘဲ ကလေးငိုသံနှင့်ပင်တူကာ အသံက ကျယ်လောင်ပြီး ကျောချမ်းစရာ ကောင်းနေသောကြောင့် အသည်းထဲအထိ အေးစိမ့်သွားစေသည်။
အလွန်အမင်း ထိတ်လန့်သွားသော ဝမ်ရှောက်ထျန်းလည်း လက်ထဲမှကိုင်ထားသော ဖုန်းသည် မြေပေါ်သို့ လွတ်ကျသွားခဲ့သည်။ သူသည် ဤဖုန်းကို ပင်ပန်းကြီးစွာဖြင့် စုဆောင်းထားသောငွေဖြင့် ဝယ်ယူထားခဲ့ ခြင်းဖြစ်သည်။ သူသည် လျင်မြန်စွာ ကိုင်းညွှတ်၍ ဖုန်းကို ကောက်ယူလိုက်ပြီး မော့ကြည့်လိုက်သောအခါ လေထဲမှ အမည်းရောင် ပုံရိပ်တစ်ခု သူ့ထံသို့ ခုန်ဆင်းလာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ဝမ်ရှောက်ထျန်းသည် ထိတ်လန့်တကြားဖြင့် ခေါင်းကို ကာလိုက်ရင်း ရှောင်လိုက်သော်လည်း ထိုအရာက သူ၏ လျှပ်စစ်စကူတာကို မြေပေါ်သို့ တွန်းလှဲချလိုက်သောကြောင့် ချိတ်ဆွဲထားသော အပြင်စာများ မြေပြင်အနှံ့ ပြန့်ကျဲသွားခဲ့လေသည်။
``ဒုက္ခပါပဲ….!’’
ဝမ်ရှောက်ထျန်းသည် တာအိုဘုန်းကြီးနှင့် ကြိုတင်ဆွေးနွေးထားခဲ့သည်မှာ အပြင်စာ ပို့ပြီးနောက်၌ အော်ဒါမှာသူသည် လူလား၊ တစ္ဆေသရဲလားဆိုသည်ကို စစ်ဆေးရမည် ဖြစ်သည်။
အပြင်စာများကို ဖိတ်စင်သွားစေခဲ့သော ကြောင်သည် ရှုပ်ပွပြီး မည်းနက်နေသော အမွှေးများရှိသည့် ကြောင်နက် တစ်ကောင်ပင်ဖြစ်သည်။ ၎င်းသည် လမ်းဘေးကြောင်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျနေသော အပြင်စာများကို အငမ်းမရ ဝါးမြိုစားသောက်နေခဲ့သည်။
ဝမ်ရှောက်ထျန်းသည် ဒေါသထွက်၍ ကြောင်နက်ကို ကန်ထုတ်ချင်သော်လည်း ကြောင်နက်သည် သူ၏ ရည်ရွယ်ချက်ကို သတိထားမိပုံရသည်။ ထိုအခိုက်အတန့်တွင် ကြောင်၏ အမွှေးများ ထောင်နေပြီး စိမ်းဖန့်နေသော မျက်လုံးများက သူ့အား စူးစိုက်ကြည့်နေလေသည်။ မာန်ဖီသည့် အသံများပြုလုပ်နေပြီး ၎င်း၏ ချွန်ထက်သော ခြေသည်းများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားခဲ့သည်။
ဝမ်ရှောက်ထျန်းသည် သူ၏ ကြောက်ရွံ့ထိတ်လန့်နေသော အခြေအနေမှ ရုန်းထွက်လိုက်သည်။ ထို ကြောင်နက်က လျှပ်စစ်စကူတာကို တွန်းလှဲနိုင်သည်ဟူသော အတွေးက သူ့ကျောရိုးကို အေးစိမ့်သွားစေသည်။ သူသည် စကူတာကို အလျင်အမြန် သတိထား၍ ပြန်ထူလိုက်သည်။
ကံကောင်းစွာပင် မဖိတ်စင်သေးသော အပြင်စာနှစ်အိတ် ကျန်သေးသည်။ ထိုအိတ်နှစ်အိတ်ကို အရင်ဆုံး အလယ်တန်းကျောင်းသို့ ပို့လိုက်ပြီးမှ အပြင်စာဆိုင်သို့ ပြန်သွားကာ နောက်ထပ် နှစ်အိတ် ထပ်ယူရုံသာရှိတော့သည်။
သူသည် သူ၏ လျှပ်စစ်စကူတာပေါ်သို့ တက်လိုက်စဉ် ဝမ်ရှောက်ထျန်း၏ ကျောပြင်သည် ချွေးစေးများ ဖြင့်စိုရွှဲနေပြီ ဖြစ်သည်။ သူသည် စကူတာကို အစွမ်းကုန် အမြန်ဆုံး မောင်းနှင်ကာ မီးပွားများ လွင့်ထွက် မတတ် အလယ်တန်းကျောင်းဆီသို့ အရှိန်ပြင်းစွာ သွားနေခဲ့သည်။
ထူးဆန်းနေသည်မှာ သူသည် ရင်းနှီးတဲ့ နေရာတွေ မည်သည်ကိုမျှ အကြာကြီး မတွေ့ခဲ့ရသော်လည်း ယခုမူ ငါးမိနစ်အတွင်း သူရောက်လာခဲ့သည်။
ဝမ်ရှောက်ထျန်းသည် ကျောင်းပတ်ပတ်လည်ကို လိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် အလယ်တန်း ကျောင်း၏ နောက်တံခါးကို တွေ့လိုက်ရသည်။ နောက်တံခါးသည် စွန့်ပစ်ထားပုံရပြီး ဒူးဆစ်အထိမြင့်သော ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေလျက်ရှိလေသည်။
မည်သူတစ်ဦးတစ်ယောက်မှ မရောက်လာခြင်းမရှိဘဲ အချိန်အတော်ကြာ စောင့်နေခဲ့ရသောကြောင့် ဝမ်ရှောက်ထျန်းသည် အချိန်ကြာမြင့်၍ အပြစ်တင် ခံရမည်ကို စိုးရိမ်ကာ အနည်းငယ် စိတ်ပူပန်လာခဲ့သည်။
“လူငယ်လေး၊ ညဥ့်နက်သန်းခေါင် ကျောင်းနားမှာ ဘာလုပ်နေတာလဲ…”
လုံခြုံရေးအစောင့်ဝတ်စုံဝတ်ထားသော အဘိုးကြီးတစ်ဦးက လျှပ်စစ်ဓာတ်မီးဖြင့် လျှောက်လာခဲ့ပြီး ဝမ်ရှောက်ထျန်းအား သူခိုးတစ်ယောက်ကဲ့သို့ သဘောထားကာ ကြည့်နေသည်။
ဝမ်ရှောက်ထျန်းက အလျင်စလို ရှင်းပြလိုက်သည်။
“ဦးလေး ကျွန်တော်က အပြင်စာ လာပို့တာပါခင်ဗျ…”
အဘိုးကြီးက အနက်ရောင် ပလတ်စတစ်အိတ်ကို ကြည့်လိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။
“ငါ့ကိုများ ငတုံးများထင်နေတာလား။ ဘယ်သူက အပြင်စာကို အနက်ရောင် ပလတ်စတစ်အိတ်ထဲ ထည့်ပို့လို့လဲ။ ပြီးတော့ ဒီနေ့က ချင်းမင်ပွဲတော်နေ့လေ။ ဆရာနဲ့ ကျောင်းသားအားလုံးက အားလပ်ရက် အိမ်ပြန်နေကြတယ်။ မင်းက ဘယ်သူ့အတွက် အပြင်စာ လာပို့ပေးနေတာလဲ။ တစ္ဆေကို ပို့ပေးနိုင်တယ်လို့ ထင်နေတာလား။ ချောင်းမြောင်းနေတဲ့ကလေးစုတ် မင်း တစ်ခုခုကို ခိုးဖို့ ကြိုးစားနေတာမလား။ ဒီကနေ အမြန်ဆုံး ထွက်သွားတော့….!”
ဝမ်ရှောက်ထျန်းသည် အစပိုင်းတွင် ရှင်းပြရန် စိတ်အားထက်သန်သော်လည်း နားထောင်ရင်းနှင့် ပို၍ ကြောက်လန့်လာခဲ့သည်။ အော်ဒါ မှာသူသည် အမှန်တကယ်ပဲ သက်ရှိလူတစ်ဦးဖြစ်ရဲ့လား။
ဝမ်ရှောက်ထျန်းသည် တုန်ရီနေသောလက်ဖြင့် အပြင်စာအိတ်ကို သယ်ဆောင်ထားပြီး သူ၏ အသံ သည်လည်း အနည်းငယ် တုန်နေခဲ့သည်။
“အဘိုး ကျွန်တော် တကယ် အပြင်စာ လာပို့တာပါ။ မယုံရင်ကြည့်ပါ။ ကြောင်နက်တစ်ကောင်က ကျွန်တော့်ကို တိုက်မိလို့ အပြင်စာ နှစ်အိတ် ဖိတ်ကုန်တယ်၊ ဟင်းချိုရည်တွေလည်း ပေပွနေပါတယ်”
အဘိုးကြီးသည် အနံ့ခံရန်အတွက် ပိုနီးအောင် ကိုင်းညွှတ်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“လူငယ်လေး မင်း အခု အိမ်ပြန်သင့်ပြီ။ ဒီနေ့က ချင်းမင်ပွဲတော်နေ့ပဲ။ ကြောင်နက်နဲ့ တွေ့တယ်ဆိုတာဟာ ကံမကောင်းတာလို့ ယူဆကြတယ်...”
သူ စကားမဆုံးမီ ဝမ်ရှောက်ထျန်းသည် စိမ်းပြာရောင် အလင်းတစ်ချက်ကို မြင်လိုက်ရသည်။ ဒါဟာ အပြင်စာ ဖိတ်စင်သွားအောင်လုပ်တဲ့ ကြောင်နက်ပဲ မဟုတ်လား။ ကြောင်နက်သည် သစ်ပင်ပေါ်သို့ ခုန်တက်ပြီး ဝမ်ရှောက်ထျန်းကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှောက်ထျန်းသည် ငိုချင်လုနီးနီး ဖြစ်သွားခဲ့သည်။ သူ၏ ဇာတိမြေမှ စကားပုံတစ်ခုကို ခပ်ရေးရေး မှတ်မိလိုက်သည်။
[ကြောင်နက်သည် မကောင်းဆိုးဝါးများကို တားဆီးပေးသည့် အဆောင်လက်ဖွဲ့ ဖြစ်သည်။ တောင်ဘက်၌ ရှိနေခြင်းက အကောင်းဆုံးဖြစ်ပြီး မျိုးဆက်အားလုံးကို အကျိုးပြုလိမ့်မည်...]
ကြောင်နက်များသည် မကောင်းဆိုးဝါးများကို ကာကွယ်ပေးသည်ဟု ယုံကြည်ကြပြီး ညစ်ညမ်းသော အရာများကို နှိမ်နင်းပေးနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် ကြောင်နက်များကို ကံမကောင်း သည့် နေရာများတွင် မကြာခဏ တွေ့ရတတ်သောကြောင့် လူတို့သည် ကြောင်နက်နှင့် တွေ့ဆုံခြင်းသည် ကံမကောင်းဟု မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။
ဝမ်ရှောက်ထျန်း၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့သည်။ ရုတ်တရက် သစ်ပင်ပေါ်ရှိ ကြောင်နက်တစ်ကောင်က စူးရှသောအသံဖြင့် အော်လိုက်သည်ကို သူကြားလိုက်ရသည်။ ထို့နောက် ကျောင်း၏ ခြံစည်းရိုးမှတစ်ဆင့် လူတစ်ဦး၏ ပုံရိပ်သည် သူ့ဆီသို့ လျှောက်လာနေသည်ကို သူတွေ့လိုက်ရသည်။ ထိုပုံရိပ်သည် တကယ့်အစစ်အမှန်နှင့် မတူဘဲ လေတိုက်လျှင်ပင် လွင့်သွားနိုင်သကဲ့သို့ပင် ရှေ့တိုး နောက်ဆုတ် ယိမ်းထိုးနေလေသည်။
အဘိုးကြီးသည်လည်း ထိုပုံရိပ်ကို သတိထားမိလိုက်သည်။ သူ၏ ရှော့တိုက်ဒုတ်ကို ကိုင်ဆောင်ကာ ရှေ့သို့ လျှောက်သွားရင်း အော်ပြောလိုက်သည်။
“ညဥ့်နက်သန်းခေါင်ကြီး ကျောင်းမှာ ဘယ်သူရှိနေတာလဲ။ အခုချက်ချင်း ထွက်လာခဲ့စမ်း…!”
ဝမ်ရှောက်ထျန်းသည် တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်ပြီး အဘိုးကြီးကို အမြန် ဆွဲကိုင်လိုက်သည်။ ထိုပုံရိပ်သည် သေးငယ်သော တံခါးသို့ ရောက်ရှိနေပြီး ၎င်းမှတစ်ဆင့်
“ငါ့ရဲ့ အပြင်စာ ဘယ်မှာလဲ….”
ဟု မေးနေသည်ကို သူ မြင်လိုက်ရသည်။
ကြောက်စရာကောင်းသော အသံနက်ကြီးသည် လည်ချောင်းတွင် တစ်ခုခု ပိတ်စို့နေသကဲ့သို့ ထွက်ပေါ် လာသည်။ ဝမ်ရှောက်ထျန်းသည် နှောင့်နှေးခြင်းမရှိဘဲ အပြင်စာကို အလျင်အမြန် ကမ်းပေးလိုက်သည်။
သို့သော် အပြင်စာကို ယူပြီးနောက် ထိုသူသည် ရုတ်တရက် သေးငယ်သော တံခါးကို တွန်းဖွင့်ကာ ခုန်ထွ
က်လာပြီး ဆိုးရွားသော အမူအရာဖြင့် ဝမ်ရှောက်ထျန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ဒါ ငါ့မှာထားတာ မဟုတ်ဘူး…”