← Chapters

ကြောင်နက်

Vol. 1 Ch. 10

ကြောင်နက်

Vol. 1 Ch. 10

ထိုအချိန်မှာပင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသဖြင့် မိုးဖွဲဖွဲက မျက်လုံးဖွင့်၍ မရအောင် ရွာနေသည်။ ဝမ်ရှောက်ထျန်းသည် အလိုအလျောက် လက်ဖြင့် မျက်လုံးကို ကာလိုက်သည်။ လေတိုက် ခြင်းရပ်တန့်သွားသောအခါ သူ့ပခုံးကို တစ်စုံတစ်ဦးက ပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ထိုသူ၏အသံမှာ ကွဲအက်အက်ကြီးဖြစ်နေပြီး သူသည် ဝမ်ရှောင်ထျန်း၏ ကျောနောက် တည့်တည့်တွင် ရပ်နေပုံရသည်။ ဝမ်ရှောက်ထျန်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။

“ငါ့အပြင်စာ ဘယ်မှာလဲ”

ဝမ်ရှောက်ထျန်းသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်လိုက်သည်။ အပြင်စာမှာသူသည် လူမဟုတ်၊ တစ္ဆေဖြစ်သည်ဟု သူ ယခင်ကတည်းက သံသယရှိခဲ့ပြီးသားပင်ဖြစ်သည်။ သူသည် သတ္တိကို မွေးကာ နောက်သို့လှည့်ကြည့်လိုက်သောအခါ မီးလောင်ထား၍ ပျက်စီးနေသော ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာတစ်ခုနှင့် မျက်နှာချင်းဆိုင် မြင်လိုက်ရသည်။

ဝမ်ရှောက်ထျန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ နှလုံးခုန်နှုန်း ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

“အား….၊ သရဲ …..!”

ထိုသရဲသည် ဝမ်ရှောက်ထျန်းအား ရှေ့သို့ ပြေးခြင်းကို တားဆီးခြင်းမရှိဘဲ သွေးဆာနေသော အပြုံးဖြင့် ပြောလိုက်သည်၊း

“မင်းက ငါ့အပြင်စာကို ယူသွားပြီဆိုတော့ ငါ မင်းကို စားတော့မယ်…”

ထိုသို့ပြောဆိုရင်း ဝမ်ရှောက်ထျန်းထံသို့ ခုန်အုပ်လိုက်သည်။ ကံကောင်းစွာဖြင့် ဝမ်ရှောက်ထျန်းသည် ငယ်ရွယ်ပြီး ခွန်အားကောင်းသဖြင့် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သော်လည်း ညစောင့် အဘိုးကြီးမှာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ထိုသရဲ၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။

ဝမ်ရှောက်ထျန်းသည် ကြောက်လန့်လွန်း၍ အသံပင် မထွက်နိုင်တော့ပေ။ ထိုသရဲသည် အဘိုးကြီး၏ ခန္ဓာကိုယ်ကို ဖက်တွယ်ထားပြီး အဘိုးကြီး၏ ဦးခေါင်းကို ဖိနှိပ်ကာ သွေးချင်းချင်းနီနေသော ပါးစပ်ဖြင့် ပြင်းထန်စွာ စုပ်ယူနေသည်ကို မြင်လိုက်ရသည်။ အဘိုးကြီး၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ရာကို အားရ ပါးရ စုပ်ယူနေသကဲ့သို့ဖြစ်သည်။

“မြောင်...”

သစ်ပင်ပေါ်တွင် နားနေသော ကြောင်နက်သည် သနားစဖွယ် အော်မြည်လိုက်သည်။ ထိုအခါမှသာလျှင် ဝမ်ရှောက်ထျန်းသည် ညစောင့်အဘိုးကြီးက သူကိုယ်စား ဒုက္ခရောက်နေရသည်ကို သဘောပေါက်လိုက်သည်။

ဝမ်ရှောက်ထျန်းသည် တုန်ရီနေရင်း သူ၏ အိတ်ကပ်ထဲမှ ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ကို ဆွဲထုတ်လိုက်ပြီး သတ္တိကို မွေးကာ ရှေ့သို့ပြေးသွားပြီး သရဲကို ရိုက်ချလိုက်သည်။ သို့သော် သူ့အတွက် စိတ်ပျက်အားလျော့စရာပင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ထိုမကောင်းဆိုးဝါးသည် ဝမ်ရှောက်ထျန်း၏ လုပ်ရပ်ကို သတိထားမိပြီးနောက် ဦးခေါင်းကို ဒီဂရီ (၁၈၀) လှည့်ကာ ကြည့်လာခဲ့သည်။

ညစောင့်အဘိုးကြီးမှာ တက်နေပြီး မျက်ဖြူလန်နေပြီဖြစ်သည်။ ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသော ဝမ်ရှောက်ထျန်းလည်း အကြီးအကျယ် ထိတ်လန့်နေခဲ့သည်။

အဆောင်လက်ဖွဲ့သည် အလုပ်မလုပ်တော့သဖြင့် ဝမ်ရှောက်ထျန်းသည် အားကိုးရာမဲ့ ဖြစ်သွားသည်။ သူသည် ထွက်ပြေးရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိသော်လည်း ခြေလှမ်းနှစ်လှမ်းသာ ပြေးရသေးသည်။ ပခုံးပေါ်တွင် လက်တစ်ဖက်ကျလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“ငါ့အပြင်စာ ဘယ်မှာလဲ…”

“အား…!”

ဝမ်ရှောက်ထျန်းသည် ကြောက်လန့်လွန်း၍ သေးပါထွက်ကျလူမတတ် ဖြစ်သွားသည်။ သူသည် ရှေ့မှ သစ်ပင်ကို ဖမ်းဆုပ်ကာ ခုန် တက်လိုက်သည်။ ကံကောင်းစွာဖြင့် ငယ်စဉ်က သစ်ပင်တက်ခဲ့သည့် အတတ်ပညာကို မမေ့သေးပေ။ သူသည် သုံးမီတာကျော်မြင့်သည့်အထိ ခုန်တက်နိုင်ခဲ့ပြီး လုံခြုံမှုရစေရန် သစ်ပင်ကို တင်းတင်းဖက်ထား လိုက်သည်။

ဝမ်ရှောက်ထျန်းသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုမကောင်းဆိုးဝါးသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ သူသည် ငိုချင်စိတ် ပေါက်လာပြီး တောင်းပန်လိုက်သည်၊

“မတော်တဆ သွန်ဖိတ်မိတာပါ။ အခုပဲ ပြန်သွားပြီး အသစ်ယူလာပေးပါ့မယ်၊ ကျေးဇူးပြုပြီးတော့... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်က ငယ်ပါသေးတယ်၊ မသေချင်သေးဘူး...”

ဝမ်ရှောက်ထျန်း၏ လက်လျော့လိုက်သည့် အသံကြောင့် ထိုမကောင်းဆိုးဝါးသည် တကယ်ပင် ချဉ်းကပ်ခြင်းကို ရပ်လိုက်သည်။ ဤသည်ကို မြင်လိုက်ရသော ဝမ်ရှောက်ထျန်းသည် ပျော်ရွှင်သွားခဲ့သည်။ ထိုသရဲက ညှိနှိုင်း၍ရသည့်ပုံ ပေါ်ပေသည်။

“ကျွန်တော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ပြန်ဝယ်ပေးပါမယ်၊ နှစ်ဆ ပြန်ဝယ်ပေးပါမယ်!”

ထိုမကောင်းဆိုးဝါးသည် ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး မျက်လုံးများက ထိတ်လန့်ဖွယ် အလင်းဖြင့် တောက်ပနေကာ ဖြည်းဖြည်းချင်း ရယ်မောလိုက်သည်၊

“ဒါပေမဲ့... ငါက မင်းကိုပဲ စားချင်တယ်”

ထိုမကောင်းဆိုးဝါးသည် ဆိုးရွားစွာ ရယ်မောလိုက်ပြီး သူ၏ ကြမ်းတမ်းသော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကံဆိုးခြင်း၏ နိမိတ်ကဲ့သို့ ပဲ့တင်ထပ်နေသည်။ ဝမ်ရှောက်ထျန်းသည် သူ၏ ကံကြမ္မာ ကုန်ဆုံးပြီဟု ခံစားရကာ မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် သစ်ကိုင်းပေါ်တွင် နားနေသော ကြောင်နက်သည် ခုန်ဆင်းလာပြီး ထိုမကောင်း ဆိုးဝါးကောင်၏ ဦးခေါင်းကို တိုက်ရိုက် ခုန်အုပ်လိုက်သည်။ ၎င်း၏ ချွန်ထက်သော ခြေသည်းများက တစ်စုံတစ်ရာကို ဆုတ်ဖြဲလိုက်ပြီး မဆိုင်းမတွပင် ဝါးမြိုစားသောက်လိုက်သည်။

“အား... ဒီကြောင်သေနာကောင် ဘယ်ကလာတာလဲ၊ ငါ့ရဲ့ အစီအစဉ်ကောင်းကို ဖျက်ဆီးရတာလဲ”

ဝမ်ရှောက်ထျန်းသည် အလိုအလျောက် ကြည့်လိုက်ရာ ဤအခြေအနေကို မြင်လိုက်ရသည့်အတွက် အခြေအနေ ပြောင်းလဲသွားပြီဟု ရုတ်တရက် သဘောပေါက်လိုက်သည်။ ထိုမကောင်းဆိုးဝါးကောင်၏ အပြင်စာကို စားခဲ့သူမှာ ကြောင်နက်ဖြစ်ပြီး ဤကြောင်နက်သည် သာမန်ထက် ထူးခြားနေသည်မှာ ထင်ရှားပေသည်။

ကြောင်နက်ကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်းသည် ဆောင်းရာသီတွင် နွေဦးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ စိတ်လှုပ်ရှားမှု လွန်ကဲစွာဖြင့် မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာပြီး ကြောင်နက်အား အော်ပြောလိုက်သည်။

“အဘိုးကြောင်၊ ခင်ဗျားပဲ အပြင်စာကို စားခဲ့တာ၊ ကယ်ပါဦး…”

ကြောင်နက်သည် မကောင်းဆိုးဝါးကောင်ထံမှ ဆုတ်ဖြဲလိုက်သော အပိုင်းအစများကို ဝါးမြိုပြီးနောက် အသံကြားရာ ဝမ်ရှောက်ထျန်းကို စောင်းငဲ့ကြည့်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် ကြောင်နက်၏ မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်ကို မြင်လိုက်ရကြောင်း သေချာနေသည်။

အခုချိန်မှာတော့ အဲဒါတွေကို ဂရုစိုက်နေ၍ မဖြစ်တော့ပေ။ သူ့ကို မထီမဲ့မြင် ပြုတာကို မေ့လိုက်ပါ။ ငါ့အသက်ကို ကယ်တင်ပေးနိုင်မယ်ဆိုရင်၊ ဒူးထောက်ပြီး ကြောင်တစ်ကောင်ကို “အဖေ” လို့ ခေါ်ရမယ် ဆိုရင်တောင် ဝန်မလေးတော့ပေ။

မိုးသည် အချိန်အတော်ကြာကတည်းက ရပ်စဲသွားခဲ့ပြီး ကောင်းကင်မှ လမင်းမှာလည်း မှုန်မှိုင်းသော မီးခိုးရောင် ဖြစ်နေသည်။ သို့သော် ဝမ်ရှောက်ထျန်းသည် ထိုမကောင်းဆိုးဝါးကောင်၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသော အမာရွတ်များဖြင့် ဖုံးလွှမ်းနေပြီး မည်းနက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ မီးလောင်ကျွမ်းခြင်းကြောင့် သေဆုံးခဲ့သည်မှာ ထင်ရှားနေပေသည်။

ထိုမကောင်းဆိုးဝါးကောင်သည် ကြောင်နက်၏ တိုက်ခိုက်မှုကြောင့် အလွန်အမင်း ဂနာမငြိမ် ဖြစ်နေပြီး ကြိမ်းဝါးသည့်ဟန်ဖြင့် သွားများကို ဖြဲပြနေသော်လည်း လှုပ်ရှားရဲခြင်း မရှိပေ။၎င်းကို မြင်လိုက်ရသော ဝမ်ရှောက်ထျန်းသည် ထိုမကောင်းဆိုးဝါးကောင်သည် ကြောင်နက်ကို ကြောက်ရွံ့နေသည်ကို ချက်ချင်း နားလည်လိုက်သည်။

ထို့ကြောင့် ဝမ်ရှောင်ထျန်းသည် သတ္တိကို မွေးကာ မဟာဗျူဟာမြောက် နောက်ဆုတ်ရန် ရည်ရွယ်လျက် ခုန်ချရန် ပြင်ဆင်လိုက်သည်။ သို့သော် ကြောင်နက်သည် သူ့ဘက်သို့ လှည့်၍ စူးရှစွာဖြင့် အော်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် တုန်လှုပ်စွာ တံတွေးမျိုချလိုက်ပြီး လှုပ်ရှားရန်ပင် မဝံ့ရဲ တော့ပေ။

ထိုမကောင်းဆိုးဝါးကောင်သည် ကြောင်နက်နှင့် အင်အားချင်း တူညီစွာ ထိပ်တိုက်ရင်ဆိုင် နေခဲ့သော် လည်း ဝမ်ရှောက်ထျန်းအပေါ် စိတ်ဝင်စားမှု လျော့ကျသွားခြင်းမရှိဘဲ သူ့ကို စူးစိုက်ကြည့်နေလေသည်။

ဝမ်ရှောက်ထျန်းသည် တောင့်တင်းစွာ ရပ်နေပြီး အောက်သို့ ဆင်းရန် အလွန်ကြောက်ရွံ့နေခဲ့ကာ သူ၏ အိတ်ကပ်ထဲမှ အဆောင်လက်ဖွဲ့ကို ဆုပ်ကိုင်ထားရင်း တာအိုဘုန်းကြီးမှ သူ့အား အမြန်ဆုံး လာကယ်ရန် မျှော်လင့်နေမိသည်။

ကြောင်နက်သည် ဝမ်ရှောက်ထျန်း မလှုပ်ရှားတော့ကြောင်း အတည်ပြုပြီးနောက် မကောင်းဆိုးဝါး ကောင်ကို ခုန်အုပ်ကာ တိုက်ခိုက်တော့သည်။ သို့သော် ဝမ်ရှောက်ထျန်းကို အံ့အားသင့်စေသည်မှာ ကြောင်နက်နှင့် မကောင်းဆိုးဝါးကောင်တို့သည် အင်အားချင်း တူညီနေလေသည်။ သူ ထင်ထားသလို အပြတ်အသတ် အနိုင်ရခြင်းမျိုး မဟုတ်ပေ။

အောက်ဘက်တွင် တိုက်ခိုက်မှုသည် ပြင်းထန်နေခဲ့သည်။ သစ်ပင်ကို ဖက်တွယ်ထားရသောကြောင့် ဝမ်ရှောက်ထျန်းသည် သူ၏လက်ခြေများ တောင့်တင်းလာသည်ကို ခံစားရလေသည်။ ဤအတိုင်းသာ ဆက်သွားပါက ပင်ပန်းနွမ်းနယ်မှုကြောင့် သစ်ပင်ပေါ်မှ သေချာပေါက် ပြုတ်ကျပေလိမ့်မည်။

ထိုအချိန်တွင် ဝမ်ရှောက်ထျန်းသည် ကျောရိုးတစ်လျှောက် ထုံကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ကြီးမားသော သားရဲတစ်ကောင်က စိုက်ကြည့်ခြင်းကိုခံနေသကဲ့သို့ဖြစ်လာသည်။ ဝမ်ရှောက်ထျန်းသည် နောက်သို့ လှည့်ကြည့်ရန် မဝံ့ရဲဘဲ သစ်ပင်ကို ဖက်ထားရင်း သူ၏နေရာကို အနည်းငယ်မျှသာ ရွှေ့လိုက်သည်။

သို့သော် အမြဲတမ်း သတိထားနေရသည့် ခံစားချက်သည် လျော့နည်းသွားခြင်း မရှိဘဲ ပို၍သာ များလာသည်။ ထို့အပြင် ဝမ်ရှောက်ထျန်းသည် ငါးညှီနံ့ဆိုးဆိုးကို ရလိုက်ပြီး အေးစိမ့်စိမ့်ရှိသော အငွေ့အသက်သည် အရိပ်တစ်ခုကဲ့သို့ သူ့နောက်သို့ လိုက်နေသည်။ ဝမ်ရှောက်ထျန်းသည် စိုးရိမ်တကြီးဖြင့် မဆီမဆိုင် အတွေးလွန်လာခဲ့သည်။

ရုတ်တရက် အတွေးတစ်ခုက ဝမ်ရှောက်ထျန်း၏ ခေါင်းထဲ ဝင်လာသည်။ သူသည် အပြင်စာ နှစ်အိတ်ရှိသည်ကို သတိရလိုက်သည်။ လူတစ်ဦးက နှစ်အိတ် မှာသည်ဟု သူ ယူဆခဲ့သော်လည်း။

*အခုက... ငါပဲမှားနေတာလား၊ နောက်ထပ် သရဲတစ်ကောင်များ ထပ်ရှိနေတာလား..*

ယခုအချိန်မှာတော့ ထွက်ပြေးဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။ သူသည် ကောင်းကင်ဘုံက ကျောက်စိမ်း ဧကရာဇ်ကနေ နတ်ဆိုးမိစ္ဆာများအထိ အားလုံးကို တောင်းပန်ဆုတောင်းခဲ့သော်လည်း သူ၏ နောက်ကွယ်မှ ညှီနံ့ဆိုးက ပို၍သာ နီးကပ်လာခဲ့သည်။

ဝမ်ရှောက်ထျန်းသည် အံကိုတင်းတင်း ကြိတ်လိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ကြောင်နက်ဆီသို့ ပြေးသွားလိုက်သည်။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်၊

*ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့ရဲ့ မိတ်ဆွေပဲ…။*

အနည်းဆုံးတော့ ကြောင်နက်သည် မကောင်းဆိုးဝါးများကို တားဆီးပေးသည့် အဆောင်လက်ဖွဲ့ ဖြစ်တာကြောင့် ငါ့ကို သေအောင်တော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဟု တွေးမိသည်။

သို့သော် ဝမ်ရှောက်ထျန်းသည် သစ်ပင်ပေါ်မှ ခုန်ဆင်းသည့် ထိုအခိုက်အတန့်မှာပင် သူ၏ ကြီးမားသော အမှားကို ကျူးလွန်မိပြီဟု သိလိုက်ရသည်။

ခုနက သူသည် ညှီစို့စို့နှင့် အေးစက်သော အငွေ့အသက်ကိုသာ ခံစားခဲ့ရသော်လည်း ယခုမူ သူ၏နောက်ကွယ်တွင် ကလေးငယ်တစ်ဦး၏ အမည်းရောင် ပုံရိပ်ကို မြင်လိုက်ရလေသည်။

ဝမ်ရှောက်ထျန်းသည် အားကိုးတကြီးဖြင့် ကြောင်နက်ဆီသို့ ပြေးသွားခဲ့သည်။ ထိုအချိန်တွင် ကြောင်နက်သည် အသာစီးရနေပြီး ၎င်း၏ ထူးဆန်းသော ကြောင်မျက်လုံးများက ဝမ်ရှောက်ထျန်းကို စိတ်ပျက်သော အမူအရာဖြင့်သာ ကြည့်နေလေသည်။

ထိုအခါမှသာ ဝမ်ရှောက်ထျန်းသည် ကြောင်နက်က သူ့ကို သစ်ပင်ပေါ်မှ ခုန်ဆင်းခြင်းမှ အဘယ်ကြောင့် တားဆီးခဲ့သည်ကို နားလည်လိုက်သည်။ သို့သော် နောက်ကျသွားပြီ။ သူသည် သစ်ပင်ပေါ်သို့ ပြန်မတက် နိုင်တော့သဖြင့် ကြောင်နက်ဆီသို့ အမြန်ဆုံး ပြေးရန်သာ ရှိတော့သည်။

“ဒုန်း!”

အခြေအနေများ ပိုမိုဆိုးရွားသွားသည်၊ ဝမ်ရှောက်ထျန်းသည် သူ၏ အလျင်စလို ပြေးလွှားမှုကြောင့် မြေပြင်ပေါ် လဲကျနေသော ညစောင့်အဘိုးကြီးကို တိုက်မိကာ အဘိုးကြီး၏ အပေါ်သို့ ပက်လက်လဲကျသွားသည်။ သူသည် အဘိုးကြီးနှင့် လုံးထွေးသွားခဲ့သည်။

ဝမ်ရှောက်ထျန်းသည် အလွန်အမင်း စက်ဆုပ်ရွံရှာသွားမိသည်။ ညစောင့်အဘိုးကြီးသည် ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး တစ်ကိုယ်လုံး အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေကာ ထိုအရာများ အားလုံးသည် ဝမ်ရှောက်ထျန်း၏ ကိုယ်ပေါ်သို့ ကပ်ပါလာခဲ့လေတော့သည်။

All Chapters