စာချုပ်
Vol. 2 Ch. 11
ဝမ်ရှောက်ထျန်းသည် သေရတော့မည်ဟု ထင်နေစဉ်မှာပင် တရကြမ်းမောင်းလာသော အနီရောင်ပြိုင် ကားတစ်စီးက တစ်နာရီ မိုင် (၁၂၀) နှုန်းဖြင့် အရှိန်ပြင်းစွာ မောင်းဝင်လာခဲ့လေသည်။
ဓားရှည်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက ကားတံခါးကို ဖွင့်ကာ အေးအေးဆေးဆေး ဆင်းလာခဲ့သည်။ ဖရိုဖရဲ ဖြစ်နေသော ဝမ်ရှောက်ထျန်းကို ကြည့်၍ သူမက
“သနားစရာကောင်းလိုက်တာ …” ဟု လှောင်ပြုံးဖြင့် ရယ်မောလိုက်သည်။
ဝမ်ရှောက်ထျန်းသည် ထိုအသံကို ကြား၍ ကြည့်လိုက်ရာ သူ၏ ပို့ဆောင်နေသော အစားအသောက်များတွင် ပြဿနာရှိကြောင်း ပြောခဲ့ဖူးသည့် လီရွှယ်ဖြစ်နေသည်။ သူမသည် သူ၏အပြင်စာတွင် တစ်ခုခုမှားယွင်း နေကြောင်း သိနေသည်ဆိုကတည်းက သာမန်လူမဟုတ်သည်မှာ သေချာပေသည်။
ဝမ်ရှောက်ထျန်းက ချက်ချင်း အကူအညီတောင်းခံလိုက်သည်။
“ကယ်ပါဦး…”
လီရွှယ်သည် သူမ၏ ဒေါက်မြင့်ဖိနပ်သံ တဂွပ်ဂွပ် မြည်အောင် တဖြည်းဖြည်း လျှောက်လာလေသည်။ သူမက ဝမ်ရှောက်ထျန်းကို ကောက်ထူပြီး ဘေးသို့ တွန်းပို့လိုက်ကာ ပြောလိုက်သည်။
“ရှင် အသက်ရှင်နေသေးတယ်ပေါ့၊ ကံကောင်းလိုက်တာ”
ဝမ်ရှောက်ထျန်းသည် သူ၏ ဘဝတွင် “ကံကောင်းခြင်း” ဟူသော စကားလုံးနှင့် မည်သည့်အခါမျှ ဆက်စပ်နိုင်မည့်သူ မဟုတ်ဟု ခံစားရသည်။ သူသည် မယုံနိုင်လောက်အောင် ကံဆိုးသူသာ ဖြစ်လေသည်။
လီရွှယ်၏ ဓားရှည်က အေးစက်ပြီး တောက်ပနေသည်။
“ဟမ့်… ယုတ်မာတဲ့သတ္တဝါ လူ့အသက်ကို ယူဝံ့သလား…”
ဝမ်ရှောက်ထျန်းကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော ကလေးငယ်က ထွက်ပြေးရန် လှည့်လိုက်သော်လည်း လီရွှယ်၏ ဓားဖြင့် အထိုးခံလိုက်ရသည်။ ထိုကလေး၏ ဝိညာဉ်သည် ရွှေရောင်အလင်းထဲတွင် ပျံ့လွင့်စပြုလာပြီး နားထောင်ရခက်သော ပြင်းထန်သော နာကျင်မှုဖြင့် ကြောက်မက်ဖွယ် အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။
ထိုအဖြစ်ကိုမြင်သောအခါ ကြောင်နက်နှင့်အတူ လုံးထွေးရင်း တုန်ရီနေခဲ့သော ဝိညာဉ်ဆိုးသည် မြေ အောက်သို့ လျှပ်တစ်ပြက် ပြေးဝင်ကာ ပျောက်ကွယ်သွားသည်။ ဝိညာဉ်ဆိုး ထွက်ပြေးသွားသည်ကို မြင်သောကြောင့် အော်ဟစ်လိုက်သော လီရွှယ်၏ အသံက အေးစက်လှပေသည်။
“ထွက်ပြေးရဲတယ်ပေါ့…”
ထိုသို့ပြောပြီးနောက် သူမက ဓားကို ဆွဲထုတ်၍ ဝိညာဉ်ဆိုးနောက်သို့ လိုက်ရန် ကြိုးစားသော်လည်း ကြောင်နက်က လမ်းမှ ပိတ်ဆို့ထားသဖြင့် တားဆီးခြင်းခံလိုက်ရသည်။
လီရွှယ်သည် ကြောင်နက်ကို အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။
“နင်က ငါ့ကို တားဝံ့သလား…”
ကြောင်နက်က နောက်သို့ တစ်လက်မမျှပင် မဆုတ်ဘဲ ရပ်နေခဲ့သည်။ လီရွှယ်၏ ဓားက ထိုကြောင်နက်၏ ကိုယ်ခန္ဓာကို ရွယ်လိုက်ကာ သူမ၏ ဒေါသကို ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။
ထိုအဖြစ်ကို မြင်သော ဝမ်ရှောက်ထျန်းက ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး လီရွှယ်ကို ကြင်နာသော လေသံဖြင့် ပြောလိုက်သည်။
“ချောမောလှပတဲ့ အစ်မရယ် ကြောင်တစ်ကောင်ကို စိတ်ထဲမထားပါနဲ့...”
ကြောင်နက်သည် အပြင်စာကို ဖိတ်စေခဲ့ပြီး ဤပြဿနာများအားလုံး ဖြစ်စေခဲ့သည် ဆိုသော်ငြားလည်း မည်သို့ပင်ဆိုစေ ဤ ကြောင်နက်က သူ့အား ကယ်တင်ခဲ့သူ ဖြစ်သည်။
လီရွှယ်သည် ဝမ်ရှောက်ထျန်းကို ဘေးတိုက်လှမ်းကြည့်၍ မဲ့ပြုံးပြုကာ ပြောလိုက်သည်။
“ရှင်က အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားမသိတဲ့သူပဲ။ ရှင့်ကို ကယ်တင်လို့ ဘာအကျိုးရှိမှာလဲ…”
ဝမ်ရှောက်ထျန်း၏ အသံက အနည်းငယ် အားပျော့နေသည်။ ဤလီရွှယ်သည် သာမန်လူမဟုတ်သောကြောင့် သူ့အနေဖြင့် ရန်မလုပ်ဝံ့ပေ။ သို့သော် သူက သတ္တိကို မွေးကာ ပြောလိုက်သည်။
“ကျေးဇူးတရား တစ်စက်ကိုပင် စမ်းရေအလား ပြန်ဆပ်သင့်တယ်မလား။ အသက်ကို ကယ်တင်ခဲ့တဲ့ ကိစ္စဆို ပိုလို့တောင် ဆပ်သင့်တယ်။”
ဤအချိန်တွင် ဝမ်ရှောက်ထျန်းက လီရွှယ်ကို တားဆီးပြီး ကြောင်နက်ကို အမြန်ဆုံး ထွက်ပြေးစေရမည်ဟု ဆုံးဖြတ်လိုက်သည်။ ကြောင်နက်သည် သာမန်တောကြောင့် အခြေအနေ မမှန်ငည်နှင့် ထွက်ပြေးခဲ့ပြီဖြစ်သည်။
ကြောင်နက်သည် မယုံနိုင်လောက်အောင် လျင်မြန်စွာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ လီရွှယ်လည်း ဒေါသဖြင့် မျက်နှာပျက်ယွင်းကာ ဝမ်ရှောက်ထျန်းကို ကျေးဇူးကန်းသူဟု အေးစက်စွာ ဆဲဆိုလိုက်သည်။
ကြောင်နက် ထွက်ပြေးသွားသည်ကို မြင်သော ဝမ်ရှောက်ထျန်းက ချက်ချင်း ခွင့်လွှတ်ပေးရန် တောင်းပန်ပြီး ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။
လီရွှယ်သည် ဝမ်ရှောက်ထျန်းကို အချိန်အတော်ကြာ သေချာစစ်ဆေးကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးလိုက်သည်။
“ရှင်ဘာတွေလုပ်ခဲ့တာလဲ…ဘာလို့ရှင့်ဆီမှာ စာချုပ်တစ်ခုရှိနေတာလဲ…။”
“ဘာကြီး…”
ဝမ်ရှောက်ထျန်းလည်း စိတ်ရှုပ်ထွေးသွားသည်။ သူသည် မည်သည့် စာချုပ်ကိုမျှ လက်မှတ်မထိုးခဲ့ချေ။
လီရွှယ်သည် ဝမ်ရှောက်ထျန်းကို စဉ်းစားဟန်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“ရှင့်ကို ကျွန်မ မကူညီနိုင်တော့ဘူး…”
ထို့နောက် ဝမ်ရှောက်ထျန်း၏ မေးခွန်းများကို လျစ်လျူရှုကာ သူမ၏ပြိုင်ကားအနီလေးထဲသို့ ဝင်ကာ ထွက်ခွါသွားတော့သည်။
ဝမ်ရှောက်ထျန်းခမျာ လုံးဝ အံ့အားသင့်နေခဲ့သည်။ သူ အချိန်အတော်ကြာ စဉ်းစားသော်လည်း လီရွှယ်၏ စကားကို နားမလည်နိုင်ခဲ့ချေ။ သူသည် ခေါင်းကို ရှင်းလင်းရန် နှာတံကို ဖိညှစ်လိုက်ပြီး ရဲကို ဖုန်းဆက်ရန် ဖုန်းကို ထုတ်လိုက်သည်။ ပြဿနာမတက်စေရန် ရဲများမရောက်မီ သူ၏ လျှပ်စစ်စကူတာကို ယူကာ အလျင်အမြန် မောင်းထွက်လာခဲ့လေသည်။
အပြင်စာအော်ဒါများအားလုံး ဖိတ်ကုန်သည်။ ဝမ်ရှောက်ထျန်းသည် ရင်တလှပ်လှပ်ဖြင့် ဆိုင်သို့ပြန် လာခဲ့လေသည်။ အစ်ကိုကြီးလုံက သူ့ကို အပြစ်မတင်ဘဲ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောကြောင့် အလုပ်တစ်ရက်နားခွင့်ပင် ပေးလိုက်ပေသည်။
ဝမ်ရှောက်ထျန်းသည် အိမ်သို့ အမြန်ပြန်ကာ တာအိုဘုန်းကြီးကို စစ်ဆေးရန် စိတ်အားထက်သန်နေသဖြင့် ငြင်းဆန်ခြင်းမရှိဘဲ အိမ်သို့ အမြန်သွားခဲ့သည်။ သူသည် ပြင်းထန်သော တင်းမာမှုနှင့် မိုးရေများ ကြောင့် အလွန်ပင်ပန်းနေသည်ဟု ခံစားရသည်။
သူသည် ဝေးလံသော နေရာတွင် နေထိုင်ပြီး တက္ကစီ မစီးနိုင်သဖြင့် အစ်ကိုကြီးလုံ၏ လျှပ်စစ်စကူတာကို ငှားစီးခဲ့သည်။ အနက်ရောင် အရိပ်တစ်ခုက သူ့နောက်ကို လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့သည်။
အိမ်နားရောက်ခါနီးမှ ဝမ်ရှောက်ထျန်းသည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ သူသည် လျှပ်စစ်စကူတာ၏ နောက်ကြည့်မှန်ကို ခဏမျှ ကြည့်လိုက်ရာ သူနောက်ကို လိုက်လာသူမှာ ကြောင်နက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကြောင်နက်သည် သူ၏ အိမ်အထိ လိုက်လာခဲ့သည်။ ဝမ်ရှောက်ထျန်း တံခါးမဖွင့်မီမှာပင် ခြံစည်းရိုးအပေါ်မှ ခုန်ကျော်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ဝမ်ရှောက်ထျန်းက
*ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ကြောင်လဲ*
ဟု စိတ်ထဲမှ တွေးလိုက်သော်လည်း မတားဆီးခဲ့ချေ။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဝမ်ရှောက်ထျန်းသည် သွေးညှီနံ့ ပြင်းပြင်းကို ရှူမိလိုက်သည်။ အဆိုပါ သွေးညှီနံ့ကြောင့် သူ၏ နှလုံးသားက တဒိန်းဒိန်း ခုန်သွားကာ အိပ်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားလိုက်သည်။
အခန်းထဲရှိ ကြမ်းပြင်ပေါ်၌ သွေးနီရောင်ဆေးဖြင့် ဆွဲထားသော အထူးသင်္ကေတများအားတွေ့ရပြီး အခန်းထောင့်တစ်နေရာ၌ သွေးအိုင်ကြီးတစ်ခု ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ သို့သော် တာအိုဘုန်းကြီးကိုမူ ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။
“တာအိုဆရာတော်…၊ ဘယ်မှာလဲ တာအိုဆရာတော်….”
ဝမ်ရှောက်ထျန်း ငှားရမ်းထားသော အိမ်သည် သေးငယ်ပြီး တစ်ချက်ကြည့်လျှင် အဆုံးအစကို မြင်နိုင် သဖြင့် ပုန်းကွယ်နေရန် နေရာမရှိချေ။
မှားနေပြီနဲ့တူတယ်…
ဝမ်ရှောက်ထျန်းသည် ချက်ချင်း ရဲကို ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လိုက်သော်လည်း ခလုတ်ကို နှိပ်ပြီး နောက်မှ ချပစ်လိုက်ရသည်။ သူ ဘာပြောရမလဲ။ တာအိုဘုန်းကြီးတစ်ပါးက အိမ်မှာ အစီအရင်လုပ်ရန် ယဇ်ပလ္လင် ဆင်ယင်ထားပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်ဟု ပြောရန်မဖြစ်နိုင်ပေ။
အတော်ကြာစဉ်းစားပြီးနောက် ဝမ်ရှောက်ထျန်းသည် လီရွှယ်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး အခြေအနေကို ရှင်းပြလိုက်သည်။ ကံကောင်းစွာဖြင့် လီရွှယ်က ကူညီရန် ဆန္ဒရှိခဲ့သည်။ ထိုသို့မဟုတ်ပါက သူသည် အမှန်တကယ်ပင် အကူအညီမဲ့နေပေလိမ့်မည်။
တစ်နာရီခန့်ကြာပြီးနောက် အပြင်မှ ပြိုင်ကား၏ အင်ဂျင်သံ ထွက်ပေါ်လာခဲ့သည်။ ဤဧရိယာတွင် အိမ်ငှားနေသူများသည် ထိုကဲ့သို့သော ဇိမ်ခံကားများကို မတတ်နိုင်သော ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ လီရွှယ်ရောက်လာပြီဟု ဝမ်ရှောက်ထျန်း သိလိုက်ရသဖြင့် မြေပြင်မှ အမြန်ထကာ သူမကို ကြိုဆိုရန် ထွက်လာခဲ့သည်။
ထိုအချိန်တွင် လူအများစုသည် နိုးနေကြပြီဖြစ်ပြီး ဆူညံသံကို ကြားသောအခါ ပြတင်းပေါက်မှ ချောင်း ကြည့်ကြသည်။ ပြိုင်ကားထဲမှ ဆင်းလာပြီး ဝမ်ရှောက်ထျန်းနှင့်အတူ အိမ်ထဲသို့ ဝင်သွားသည့် မောက်မာသော အလှပဂေးကို မြင်သောအခါ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ချက်ချင်း ခန့်မှန်းစ ပြုကြသည်။
လီရွှယ်သည် အခန်းထဲသို့ ဝင်လာပြီး ကြမ်းပြင်ပေါ်ရှိ သင်္ကေတများကို မြင်သည်နှင့် ဝမ်ရှောက်ထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဒီတာအိုဘုန်းကြီးကို ရှင်ဘယ်မှာ ရှာတွေ့ခဲ့တာလဲ…”
ဝမ်ရှောက်ထျန်းက အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ အကြောင်းမှာ သူ ဖိတ်ကြားခဲ့ခြင်း မဟုတ်ဘဲ ရေတစ်ပန်းကန်နှင့် လဲလှယ်၍သာ ရရှိခဲ့ခြင်းဖြစ်သည်။
ဝမ်ရှောက်ထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီရွှယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ရှင်အလုပ်လုပ်တဲ့ အပြင်စာ စားသောက်ဆိုင်မှာ ပြဿနာရှိလို့ ကျွန်မတောင် အလောတကြီးအရေးယူဖို့ မဝံ့ရဲဘူး။ အဲဒီတာအိုဘုန်းကြီးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမမြင့်ဘူး။ ကျွန်မစိုးရိမ်တာက သူ အန္တရာယ် အကြီးအကျယ် ကျရောက်နေမှာကိုပဲ…”
သူ၏ လုပ်ရပ်ကြောင့် တာအိုဘုန်းကြီးအား အန္တရာယ်ဖြစ်စေခဲ့သည်ကို ကြားသောအခါ ဝမ်ရှောက်ထျန်းလည်း အလွန်အပြစ်ရှိသလို ခံစားရပြီး ဖြစ်ပျက်ခဲ့သမျှကို လီရွှယ်အား လျင်မြန်စွာ ပြောပြလိုက်သည်။
ဇာတ်လမ်းတစ်ခုလုံးကို နားလည်ပြီးနောက် လီရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က တာအိုဘုန်းကြီးကို သွေးတစ်စက် ပေးခဲ့တာလား...၊ ဒါ့ကြောင့်ကိုး…”
ဝမ်ရှောက်ထျန်းသည် ဘာများမှားသွားသလဲဆိုသည်ကို လျင်မြန်စွာ မေးလိုက်ရာ ထိုမေးခွန်း၏ အဖြေက သူ့အား ထိတ်လန့်သွားစေသည်။
“ရှင့်ရဲ့ နာမည်နဲ့ သွေးက ရှင်ပိုင်ဆိုင်တဲ့ တစ်ခုတည်းသောအရာတွေပဲ။ ရှင့်နာမည်ကို လက်မှတ်ထိုးပြီး သွေးကို ကြားခံပစ္စည်းအဖြစ် သုံးလိုက်တာနဲ့ ဘယ်တော့မှ ပြန်ပြင်လို့မရတော့ဘူး။ ရှင်က အဲဒီအပြင်စာ စားသောက်ဆိုင်နဲ့ စာချုပ်တစ်ခုကို လက်မှတ်ထိုးထားပြီးသွားပြီ။ ရှင် အဲဒီ အပြင်စာစားသောက်ဆိုင်ကနေ ဘယ်တော့မှ ထွက်ခွာနိုင်တော့မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်…။”
ဝမ်ရှောက်ထျန်းသည် မြေပြင်ပေါ်သို့ ပုံကျသွားပြီး လီရွှယ်ကို တွေဝေစွာ စိုက်ကြည့်နေမိသည်။ သူသည် အစားအသောက်ပို့ဆောင်စဉ်က အစ်ကိုကြီးလုံက သူ့အား အာမခံ ဝယ်ပေးမည်ဟုပြောကာ စာရွက် စာတမ်းတစ်ခုကို လက်မှတ်ထိုးခိုင်းခဲ့သည်ကို သတိရလိုက်သည်။ တကယ်တမ်းမှာတော့ သူ့ကို စာချုပ်လက်မှတ်ထိုးရန် လှည့်စားခဲ့ခြင်းသာ ဖြစ်လေသည်။
ဤအချိန်တွင် ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။ အစ်ကိုကြီးလုံသည် သူ့ကို အကြောင်းမဲ့ ဘာကြောင့် ထိခိုက်နစ်နာအောင် လုပ်ခဲ့ရတာလဲဟု မေးချင်နေခဲ့သည်။
“စိတ်မပူပါနဲ့။”
လီရွှယ်၏ အေးစက်သော အသံသည် စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေသော ဝမ်ရှောက်ထျန်းအတွက် မျှော်လင့်ချက်ကို ပြန်လည် မီးထိုးပေးလိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် ဝမ်ရှောက်ထျန်းက မေးလိုက်သည်။
“နည်းလမ်းရှိသေးတာလား…။”
ခဏကြာ စဉ်းစားပြီးနောက် လီရွှယ်က
“အဲ့ဒီဆိုင်က လူသေတွေနဲ့ ဆက်ဆံတဲ့ နေရာတစ်ခုပဲ။ အပြင်စာပို့တဲ့စားသောက်ဆိုင်ရဲ့ အခြေအနေကို လေ့လာပြီး အဲဒီနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေနိုင်ပြီဆိုရင် ရှင့်ရဲ့ ပြဿနာကကို ဖြေရှင်းနိုင်လိမ့်မယ်…” ပြောလိုက်သည်။
ဝမ်ရှောက်ထျန်းက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
“အဲဒီအချိန်အထိ ငါ အသက်ရှင်နိုင်ဦးမလားဆိုတာကလည်း မေးခွန်းတစ်ခုပါပဲ”
ထိုစကားကိုကြားသောအခါ လီရွှယ်က
“စိတ်မပူပါနဲ့၊ တစ်စုံတစ်ယောက် သေဆုံးတာကို ငါ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး…” ဟုအာမခံလိုက်သည်။
ဝမ်ရှောက်ထျန်းသည် ကျေးဇူးတင်စိတ်ဖြ
င့် လေးနက်စွာ လီရွှယ်ကို နှုတ်ဆက်လိုက်ပြီး သူ့ကံကြမ္မာ သည် လုံးဝ မကုန်ဆုံးသေးဘဲ ကျေးဇူးရှင်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည်ဟု တိတ်တဆိတ် တွေးနေလိုက်မိသည်။