ပိုင်ရှင်ပြောင်းလဲခြင်း
Vol. 3 Ch. 21
ထိုညနေတွင် ဝမ်ရှောက်ထျန်းသည် ပုံမှန်အတိုင်း အစားအသောက် ပို့ဆောင်ရန် ထွက်လာခဲ့သည်။သူ ပို့ဆောင်ရမည့် လိပ်စာသည် လင်လင်၏ အိမ်နီးချင်း အိမ်သို့ ဖြစ်သည်။ ယမန်နေ့တုန်းက ဤမျှလောက် ဆူဆူညံညံ ဖြစ်ခဲ့သည်ကိုတောင် မည်သူကမှ တံခါးလာမဖွင့်ခဲ့ခြင်းကို တွေးမိပြီး ဝမ်ရှောက်ထျန်းက အစ်ကိုလုံကို ပြောလိုက်လေသည်။
"အစ်ကိုလုံ၊ သွားပို့ရမဲ့ အိမ်မှာ မနေ့က ဘယ်သူမှ မရှိဘူး….။"
အစ်ကိုလုံက မျက်မှောင်ကြုတ်ပြီး ဝမ်ရှောက်ထျန်းကို စူးစိုက်ကြည့်လိုက်သည်။
"မနေ့က လူမရှိတာနဲ့ ဒီနေ့လည်း လူမရှိရမှာလား။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လုပ်မနေနဲ့ မြန်မြန်သွားပို့…"။
ဝမ်ရှောက်ထျန်းသည် မနေ့က လမ်းဆုံကို ရောက်သောအခါ သွေးစွန်းခဲ့သည့်နေရာကို သတိရပြီး ချက်ချင်း လမ်းကိုကွေ့ ရှောင်သွားလိုက်သည်။ အဆောက်အအုံက အရမ်းကို ဟောင်းနေလေပြီ၊ အနည်းဆုံး အနှစ်နှစ်ဆယ်ကျော်လောက် ရှိလောက်ပေပြီ။
ဤနေရာမှာ မနေ့က လူတစ်ယောက် သေဆုံးခဲ့သည်။ ဝမ်ရှောက်ထျန်း လှေကားပေါ် တက်သွားချိန်၌ ကြောက်လန့်နေသော်လည်း ရဲများက အခြေအနေကို စတင်ကိုင်တွယ်နေပြီဟူသော အတွေးကြောင့် သူ၏ ကြောက်စိတ်များ လျော့နည်းသွားသည်။
မနေ့က ဝင်လို့မရခဲ့သော တံခါးက ဒီနေ့မှာတော့ ရုတ်တရက် ပွင့်လာခဲ့သည် ။ အသက် လေးဆယ် ငါးဆယ် ဝန်းကျင် အရွယ် အမျိုးသားတစ်ဦးက ဘာစကားမှ မပြောဘဲ အစားအသောက်ကို ယူသွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။
ဝမ်ရှောက်ထျန်းက ထိုလူသည် အရမ်းကို ရိုင်းတယ်ဟု ထင်လိုက်ပေမဲ့ သူသည် အစားအသောက်များ အကြိမ်ပေါင်းများစွာ ပို့ခဲ့ဖူးပြီး လူမျိုးစုံကို မြင်ခဲ့ဖူးခြင်းကြောင့် ဂရုစိုက်မနေတော့ပေ။ သူ ခေါင်းလှည့် လိုက်တုန်းမှာပင် မနေ့က လင်လင်၏ အိမ်ကနေ ထွက်လာသော အမျိုးသမီး ရဲအရာရှိ (အရာရှိကျန်း) နဲ့ တိုက်မိမလို ဖြစ်သွားခဲ့သည်။
အရာရှိကျန်းက ဝမ်ရှောက်ထျန်းကို တစ်ချက်ကြည့်လိုက်ပြီး အစပိုင်း၌ သူ ရှိနေခြင်းကို နားမလည် သလို ဖြစ်သွားမိသော်လည်း နောက်တော့ သူ့အား စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။
ဝမ်ရှောက်ထျန်းက အမျိုးသမီး ရဲအရာရှိ၏ မျက်နှာအမူအရာ အသေးစိတ် ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ အလွန်စပ်စုစိတ်နှင့် မေးလိုက်သည်။
"အရာရှိကျန်း၊ မနေ့က ကိစ္စကို သေချာ စုံစမ်းလို့ရသွားပြီလား….။"
အရာရှိကျန်းက တည်ငြိမ်စွာနှင့် ပြောလိုက်သည်၊
"အရင်ကတော့ ဘာသဲလွန်စမှ မရှိခဲ့ပေမဲ့ အခုတော့ သဲလွန်စတစ်ခုတော့ ရလာနေပါပြီ….။"
ထိုစကားကို ကြားလိုက်တော့ ဝမ်ရှောက်ထျန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဘာသဲလွန်စများလဲ….။"
အရာရှိကျန်းသည် မနေ့ကကဲ့သို့ အေးစက်သည့် ပုံစံမဟုတ်ဘဲ ဝမ်ရှောက်ထျန်းကို ညစာ စားဖို့ပင် ဖိတ်ခေါ်လိုက်သည်။ ဝမ်ရှောက်ထျန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့နှစ်ဦးသည် ရင်းနှီး သော ဆက်ဆံရေး မရှိခဲ့ပေမဲ့ ဖိတ်ခေါ်မှုကိုမူ ငြင်းပယ်၍ မရခဲ့ပေ။ နောက်တစ်နေ့တွင် တွေ့ဖို့ ရန်အတွက် သဘောတူလိုက်သည်။
နောက်တစ်နေ့၌ ဝမ်ရှောက်ထျန်းက နှိုးစက်သံကြောင့် နိုးလာသော်လည်း နည်းနည်းတော့ ဝေဝါးနေ စဲပင်။ ချိန်းထားသည်ကို သတိရဖို့ အချိန်ယူလိုက်ရပြီး မျက်နှာသစ်ကာ ချိန်းထားသောနေရာကို အမြန် သွားလိုက်သည်။
အရာရှိကျန်းက ဒီနေ့ ယူနီဖောင်း ဝတ်မထားဘဲ စကတ်တိုလေး ဝတ်ထားခဲ့သည်။ သူမ မတ်တပ်ရပ်ပြီး ဝမ်ရှောက်ထျန်းကို လက်ပြလိုက်သည်။ သူမ၏ သွယ်လျသည့် ခါးကြောင့် ရှိသမျှ အမျိုးသားများ အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။
ဝမ်ရှောင်းထျန်အတွက် အံ့သြစရာကောင်းသည်မှာ အရာရှိကျန်းက သူ့ကို ခွက်ချင်းတိုက်ကာ အရက် အနည်းငယ် သောက်ဖို့ အတင်းတိုက်တွန်းနေခြင်း ဖြစ်သည်။ မိမိ၏ အရက်ခံနိုင်ရည်ကို သိထားသည့် ဝမ်ရှောင်းထျန်က သောက်ရန် ငြင်းဆိုလိုက်သောအခါ၊ ရဲအရာရှိ ကျန်းသည် သူ့ဘာသာသူသာ အရက် တစ်ခွက်ကို ငှဲ့သောက်လိုက်သည်။
အရက်နည်းနည်း သောက်ပြီးနောက် သူတို့နှစ်ဦး ပိုရင်းနှီးလာခဲ့သည်။ အရာရှိကျန်းက ဝမ်ရှောက်ထျန်း ကို အိမ်အရောက်ပို့ ဆိုင်အကြောင်း စတင်၍ စကားပြောတော့သည်။ ဝမ်ရှောက်ထျန်းက အိမ်အရောက် ပို့ဆိုင်၏ အတွင်းရေး အကြောင်းအရာများကို ပို၍ နက်နက်နဲနဲ သိလိုသောကြောင့် တိကျမှု မရှိသည့် ဝေဝါးသော အဖြေမျိုးကိုသာ ပေးနိုင်ခဲ့သည်။
အရာရှိကျန်း၏ မျက်လုံးများက တောက်ပနေသည်။ သူမက ဝမ်ရှောက်ထျန်းကို လူသတ်သမားဟု သံသယရှိနေခဲ့သည်။ ပတ်ဝန်းကျင်က စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ ဝမ်ရှောက်ထျန်းသည် မကြာသေးမီက အိမ်အရောက်ပို့ လေးကြိမ် ပို့ခဲ့သည်ကို တွေ့ခဲ့ရသည်။
"ရှင်သိလား….၊ Friendshipအိမ်ရာဝန်းထဲက အဆောက်အအုံ သုံးခုမှာ မိသားစု လေးစု သေဆုံးခဲ့တာ။ အရမ်းထူးဆန်းတယ်နော်…။ ဒီရပ်ကွက်မှာ သရဲခြောက်နေတယ်လို့ ရှင်ထင်လား…။"
ဝမ်ရှောက်ထျန်းလည်း တုန်လှုပ်သွားပြီး ပါးစပ်ထဲက သိုးသားကို မျိုချလိုက်ကာ ဟန်ဆောင် ရယ်မော ရင်း ပြောလိုက်တယ်။
"မင်းက ပြည်သူ့ဝန်ထမ်းတစ်ဦးလေ၊ ဒီလို ရှေးရိုးစွဲ အယူသီးမှုတွေကို မယုံကြည်သင့်ဘူး…။"
အရာရှိကျန်းက ရယ်မောပြီး ပြောလိုက်သည်၊
"ကျွန်မက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ…။ ကျွန်မ သွားလေ့လာတုန်းက မိသားစုတစ်စုက သူတို့ ရပ်ကွက်မှာ သရဲခြောက်နေတယ်လို့ အဆက်မပြတ် ပြောနေတာကြောင့် ကျွန်မ လွှတ်ခနဲ ပြောလိုက် မိတာ….။"
ထိုစကားကို ကြားလိုက်သောအခါ ဝမ်ရှောက်ထျန်းက လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအိုကို သတိရမိ သော်လည်း ဘာမှတော့ ထပ်မပြောရဲတော့ပေ။ ဤကိစ္စက နည်းနည်း ထူးဆန်းနေတယ်လို့တော့ သူ ခံစားမိ နေသည်။
ဝမ်ရှောက်ထျန်း ဆက်တွေးနေတုန်းစဉ်မှာပဲ အရာရှိကျန်းက ရုတ်တရက် မေးလိုက်သည်။
"ရှင် သူတို့ကို ဘာလို့ သတ်လိုက်တာလဲ….။"
"ဘာ…။"
ဝမ်ရှောက်ထျန်းက လန့်သွားပြီး မော့ကြည့်လိုက်တော့ အရာရှိကျန်း၏ သံသယ အကြည့်ကို တွေ့လိုက် ရသည်။
အရာရှိကျန်းက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။
"ရယ်စရာ ပြောလိုက်တာပါ။ ရှင်က ဒီလောက် ငယ်ရွယ်တဲ့ ကောလိပ်ကျောင်းဆင်း တစ်ယောက်လေ ဘာလို့ အစားအသောက် လိုက်ပို့နေတာလဲ။ ဒီလိုကိစ္စမျိုးကို ရှင်မကြောက်ဘူးလား…။"
ဝမ်ရှောက်ထျန်းက အရာရှိကျန်း၏ စကားကို မယုံနိုင်ပေ။ သူ အခုမှ လူ့လောကထဲ ရောက်ခါစသာ ရှိသေးသော်လည်း လူမှုဆက်ဆံရေး၏ အေးစက်မှုနဲ့ လျစ်လျူရှုမှုကို များစွာ မြင်တွေ့ခဲ့ရပြီး လူများ၏ စိတ်ကို ဖတ်တတ်သူ တစ်ယောက်ပင်။ အရာရှိကျန်းက အတည်ပြောနေခြင်းဖြစ်ပြီး သူ့အား တကယ် သံသယ ရှိနေတယ်ဆိုသည်ကို သူ သိပေသည်။
ဝမ်ရှောက်ထျန်း၏ အဆက်မပြတ် ပြောင်းလဲနေသော မျက်နှာအမူအရာကို မြင်တော့ အရာရှိကျန်းက ဝမ်ရှောက်ထျန်းသည် လူသတ်မှုနဲ့ ခွဲထုတ်လို့မရတဲ့ ဆက်စပ်မှု ရှိသည်ဆိုတာကို ပို၍ ယုံကြည်သွားခဲ့ သည်။ ပထမ မိသားစု သုံးစု သေဆုံးမှုများက သဘာဝအတိုင်း သေဆုံးမှုတွေ ဖြစ်ခဲ့သော်လည်း အရာရှိကျန်း က ထိုဇာတ်လမ်းနောက်ကွယ်၌ နောက်ထပ် အကြောင်းအရာများ ရှိရမည်ဟု ခံစားမိ နေသည်။
ဆဋ္ဌမအာရုံက တခါတရံတွင် အလွန် အရေးပါပေသည်။ အရာရှိကျန်းသည် စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်တွင် အခြားသူများ မတွေ့နိုင်သော အရာများကို ရှာဖွေနိုင်သူ ဖြစ်ပေသည်။ သူမက မြို့တော် ၏ အရေးကြီးသည့် လူသတ်မှု အများအပြားကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပင်။
ထို့ကြောင့် အရာရှိကျန်းက သူ့ကိုယ်သူ ဂုဏ်ယူမှု လွန်ကဲပြီး သူများထက် သာလွန်သည်ဟု ယူဆသည်။ ဝမ်ရှောက်ထျန်းက လူသတ်ပြီးမှ ရဲကို အယောင်ပြ တိုင်ကြားသည်ဟု သူမ ယုံကြည်နေသည်။ အရာရှိ ကျန်းက ဝမ်ရှောက်ထျန်း၏ အကြံအစည်ကို သူမ နားလည်သွားပြီဟု ခံစားမိပြီး မသိစိတ်ကနေ ပြုံး လိုက်ကာ အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေသည်။
နောက်တစ်ဆင့်ကတော့ သက်သေ အထောက်အထား စုဆောင်းခြင်းပင်။ ဝမ်ရှောက်ထျန်းကို နောက်ဆုံး စစ်ဆေးမေးမြန်းစဉ်က အရာရှိကျန်းသည် ဝမ်ရှောက်ထျန်း၏ အိမ်လိပ်စာနှင့် သူ အလုပ်လုပ် သော အိမ်အရောက်ပို့ ဆိုင်၏ လိပ်စာကို မှတ်တမ်းတင်ထားပြီးသားပင်။ အရာရှိကျန်းက သက်သေ အထောက်အထား ရှာရန် အိမ်အရောက်ပို့ဆိုင်သို့ ကိုယ်တိုင် သွားရန် ဆုံးဖြတ်လိုက်သည်။
သူမက ရဲကားကို မောင်းမသွားပေ။ ယူနီဖောင်းအစား သပ်ရပ်တဲ့ အဝတ်အစားတစ်စုံကို ပြောင်းဝတ်ပြီး အိမ်အရောက်ပို့ဆိုင်ကို တိတ်တဆိတ် သွားလိုက်သည်။ ဝမ်ရှောက်ထျန်း အလုပ်လုပ်သော အိမ်အ ရောက်ပို့ဆိုင်က ရှာရသည်မှာ မလွယ်ကူလှပေ။ မြို့၏ နေ့ရာတိုင်းကို သိသည့် အရာရှိကျန်းတောင်မှ ရှာဖွေ ရသည်မှာ အနည်းငယ် အခက်အခဲ ရှိခဲ့သည်။
ရိုးရှင်းသည့် ဆိုင်မျက်နှာစာကို ကြည့်လိုက်ရာ ဖောက်သည် တစ်ယောက်မှ မရှိသောကြောင့် ဒါက ဝမ်ရှောက်ထျန်း သူကိုယ်တိုင် ဖန်တီးထားတဲ့ အသွင်ယူမှုတစ်ခုပဲဟု အရာရှိကျန်းက ထင်လိုက်သည်။
အရာရှိကျန်းသည် ဖြောင့်မတ်သည့် ကိုယ်ဟန်အနေအထားနှင့် အရပ်ရှည်သည့်အတွက် လျင်မြန်သော အရှိန်ဖြင့် ဆိုင်ထဲကို ဝင်လာလိုက်သည်။ အမျိုးသမီးများတွင် ရှိတတ်သည့် ရှက်ရွံ့မှုမျိုး လုံးဝမရှိဘဲ သူရဲကောင်း ဆန်ပြီး တက်ကြွသော အသွင်အပြင်က ပေါ်လွင်နေသည်။
စားသောက်ဆိုင် တံခါးက ပွင့်နေခဲ့သည်။ အရာရှိကျန်း ဝင်ဝင်ချင်းမှာပင် သွေးညှီနံ့ သဲ့သဲ့ကို ရလိုက် သည်။ စားသောက်ဆိုင်တစ်ခုမှာ သွေးညှီနံ့ရသည်က ပုံမှန်ပါပင်၊ ကြက်နဲ့ ဘဲများကို သတ်ပြီး ချက်ပြုတ် ရခြင်းကိုး။ သို့ပေမဲ့ အရာရှိကျန်းက ဒါဟာ လိမ်လည် ကြော်ငြာမှု ဖြစ်သည်လို့ ယုံကြည်နေသည်။ သူမ စိတ်ထဲကနေ "ဒါ မကောင်းတော့ဘူး" ဟု တွေးပြီး မီးဖိုချောင်ဘက်ကို ပြေးသွားလိုက်သည်။
ဝမ်ရှောက်ထျန်းက အလုပ်လာသော အချိန်နှင့် တိုက်ဆိုင်သွားပြီး မီးဖိုချောင် တံခါးလက်ကိုင်ပေါ်တွင် တင်ထားသော အရာရှိကျန်း၏ လက်ကို မြင်လိုက်ရသည်။ သူ ဘယ်ကနေ သတ္တိများ ရလာမှန်းမသိဘဲ ရှေ့ကို အပြေးအလွှား သွားပြီး အရာရှိကျန်းရဲ့ လမ်းကို ပိတ်ဆို့လိုက်သည်။
"စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထဲကို ဘယ်သူမှ ဝင်ခွင့်မပြုပါဘူး….။"
အရာရှိကျန်းက တံခါးအက်ကွဲကြောင်းထဲကနေ ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ပြီး အလျင်အမြန်နဲ့ ပြော လိုက်သည်။
"ရှင်က အပြစ်ရှိတာကို ကြောက်နေပြီး ရှင့်ရဲ့ မကောင်းမှုတွေ ပေါ်လာမှာကို စိုးရိမ်နေတာလို့ ထင်တယ်။ ဖယ်လိုက်စမ်းပါ…."
ပြီးတော့ လက်တစ်ဖက်ဖြင့် ဝမ်ရှောက်ထျန်း၏ ပခုံးကို အားကုန် ဖိချလိုက်ပြီး ခါးပတ်ထဲ ထိုးထားသော သေနတ်ကို နောက်လက်တစ်ဖက်နှင့် ထုတ်ကာ ဝမ်ရှောက်ထျန်းကို ချိန်ရွယ်ရင်း ပြောလိုက်သည်။
"ဖယ်လိုက်…၊ အစိုးရ အရာရှိရဲ့ တာဝန်ကို နှောင့်ယှက်ရင် နေရာမှာပဲ ပစ်သတ်လို့ရတယ်…။"
ဝမ်ရှောက်ထျန်း တစ်သက်မှာ ပထမဆုံးအကြိမ် တကယ့်သေနတ်ကို မြင်ဖူးခြင်းဖြစ်ပြီး သူ အရမ်း ကြောက်လန့်သွားသဖြင့် သူ့ခြေထောက်တွေ အားပျော့သွားသည်။ သူမကို တားဆီးဖို့ ဘာမှ မလုပ်ရဲ တော့ဘဲ အရာရှိကျန်းက သူ့အား သတိထားပြီး လက်ထိတ်ခတ်လိုက်လေသည်။
သူ အရာရှိကျန်းကို ဝင်မသွားအောင် တားဆီးရခြင်း အကြောင်းရင်းက အစ်ကိုလုံက မီးဖိုချောင်ထဲကို ဘယ်သူမှ ဝင်ခွင့်မပြုဘူးဟု အရင်က ပြောဖူးခြင်းကြောင့်ပင်၊
*မီးဖိုချောင်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိရမယ်၊ အဲ့ဒီလျှို့ဝှက်ချက်တွေက သူ့အသက်နဲ့ သက်ဆိုင်နေရင် ကော…*
ဝမ်ရှောက်ထျန်းသည် သူ့အား လူသတ်သမားအဖြစ် သဘောထားပြီး အပြစ်ရှိသည်လို့ စွပ်စွဲခံရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။
အရာရှိကျန်းက တံခါးကို တွန်းဖွင့်လိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော ကျောက်ဝမ်လုံကို ချက်ချင်း မြင်လိုက်ရသည်။ သူ့အား ဓားနဲ့ ဆယ်ချက်ကျော် ထိုးထားလေသည်။ ထိုးချက်တွေက အသက်အန္တရာယ် ရှိသော ကိုယ်အင်္ဂါတွေကို တစ်ချက်မှ မထိဘဲ ဒဏ်ရာတွေက အဓိကအားဖြင့် ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်တစ်ဝိုက်မှာ စုစည်းနေသည်။
ကျောက်ဝမ်လုံက မသေသေးပေ၊ သို့ပေမဲ့ သွေးထွက်လွန်မှုကြောင့် သူ့နှုတ်ခမ်းများက လုံးဝ ဖြူဖျော့ ပြီး သွေးမရှိတော့ပေ။ သူ့ခန္ဓာကိုယ်ရှိ အပေါက်များက သွေးများ ဆက်လက် စီးဆင်းနေစဲပင်။ ကျောက်ဝမ်လုံ၏ မျက်လုံးများက တဖျပ်ဖျပ် ပွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေပေမဲ့ သူ့မျက်နှာမှာ နာကျင်မှု ရှိပုံမရပေ။
ဝမ်ရှောက်ထျန်း ဝင်လာသည်ကို မြင်တော့ ကျောက်ဝမ်လုံက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် ပြုံးလိုက်ကာ သူ့ကို အနားလာဖို့ လက်ဟန်ပြလိုက်တယ်။ ဝမ်ရှောက်ထျန်းက လန့်သွားပေ မဲ့ အမြန် ရှေ့ကို တက်သွားသည်။
ကျောက်ဝမ်လုံက သူ၏ နောက်ဆုံး အားအင်လေးနဲ့ ဝမ်ရှောက်ထျန်း၏ အဝတ်အစားတွေကို ဆုပ်ကိုင် ပြီး ပြုံးလျက် ပြောလိုက်သည်။
"ရှောက်ထျန်း…၊ အခု မင်း အလှည့်ပဲ။ အခုကစပြီး မင်းက အိမ်အရောက်ပို့ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ပြီ….။"
ထိုသို့ပြောပြီးနောက် ကျောက်ဝမ်လုံ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ တက်လာပြီး၊ ပါးစပ်ကို အကျယ်ကြီး ဟ၍ ရေပြတ်လပ်နေသော ငါးတစ်ကောင်ပမာ လေကို မောဟိုက်စွာ ရှူသွင်းနေသည်။ သို့သော် လည်း သူ၏ မျက်နှာတွင်မူ စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်များ ပေါ်နေသည်။
ဝမ်ရှောက်ထျန်းက မျက်လုံးအပြူးသားနဲ့ ဘာမှ တုံ့ပြန်နိုင်ခြင်း မရှိပေ။ သူ မြင်တွေ့လိုက်ရသည့် အခြင်း အရာကြောင့် အရမ်းကို ကြောက်လန့်သွားခဲ့သည်။
*ဘာတွေ ဖြစ်နေတာလဲ။ ကျောက်ဝမ်လုံ ဘယ်လို သေသွားတာလဲ။ သူ မသေခင် ပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုတာလဲ။*
အရာရှိကျန်းက ဝမ်ရှောက်ထျန်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ကျောက်ဝမ်လုံ၏ မသေဆုံးမီ အပြုအမူက ဤအမှုကို ပိုပြီး ရှုပ်ထွေးသွားစေခဲ့သည်။
အရာရှိကျန်းက သူ၏ စကားပြောစက်ကို ထုတ်ပြီး ပြောလိုက်သည်။
"ဟဲလို၊ အကူအညီ လိုအပ်ပါတယ်…။"
နှစ်မိနစ်အကြာတွင် ကျောက်ဝမ်လုံ၏ အလောင်းကို ကားထဲ ထည့်လိုက်ပြီး အခင်းဖြစ်ပွားရာနေရာက တစ်ခုတည်းသော ရုပ်ပိုင်းဆိုင်ရာ သက်သေဖြစ်သော ဓားမြှောင်ကို ဖိုင်အိတ်ထဲ ထည့်ပြီး သက်သေခံဖို့ ယူသွားသည်။
ဝမ်ရှောက်ထျန်းအား ရဲစခန်းကို ထပ်ပြီး ခေါ်ဆောင်သွားခဲ့သည်။ ဝမ်ရှောက်ထျန်းက အရင်က သို့မဟုတ် ယနေ့ လူသတ်မှုနဲ့ ဆက်စပ်မှု ရှိသည်ဆိုခြင်းကို သက်သေပြဖို့ ဘာသက်သေမှ မရှိသည့် အတွက် သူ့အား ထိန်းသိမ်းထား၍ မရပေ။ ထို့အစား စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းဖို့ စစ်ဆေး မေးမြန်းခန်းထဲ၌ ထားခဲ့သည်။
ရလဒ်တွေက လူတိုင်းကို တုန်လှုပ်စေခဲ့တယ်- [ဓားပေါ်မှ လက်ဗွေရာတွေ အားလုံးဟာ ကျောက်ဝမ်လုံ ၏ လက်ဗွေရာများ ဖြစ်သည်၊ ကျောက်ဝမ်လုံက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်း ဖြစ်သည်…]
ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရင်း ဆယ်ချက်ကျော် ထိုးမှာလဲ။ ပြီးတော့ သေစေနိုင်တဲ့ နေရာကို တစ်ချက်မှ မထိခဲ့ဘူး။ သူတို့ သေချင်တာလား၊ မသေချင်ဘူးလား။ သို့ပေမဲ့ သိပ္ပံနည်းကျ သက်သေ အထောက်အထားက ထိုနေရာမှာ ရှိနေသည့်အတွက် ရဲများက ဤအမှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် ပိတ်လိုက်ရလေသည်။ အရာရှိကျန်းက ဝမ်ရှောက်ထျန်းကို အလွန် သံသယရှိသော်လည်း သက်သေ အထောက်အထား မရှိသောကြောင့် သူ့အား လွှတ်ပေးလိုက်ရသည်။
အရာရှိကျန်းက လောလောဆယ် အမှုကိစ္စများ များလွန်းသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ က လင်လင်ရဲ့ အဆောက်အအုံကို အကြိမ်များစွာ သွားရောက်ခဲ့သော်လည်း မည်သည့်သဲလွန်စမှ မတွေ့ခဲ့ရပေ။
အောက်ထပ် စူပါမားကတ်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ ထိုညက ဝမ်ရှောက်ထျန်း ကလွဲပြီး မည်သူမှ အဆောက်အအုံထဲသို့ မဝင်ခဲ့ဘူးဆိုတာ သက်သေပြခဲ့ပြီး အခြားနေထိုင်သူတွေ အားလုံးမှာလည်း သက်သေခံချက်တွေ ရှိခဲ့သည်။ ဝမ်ရှောက်ထျန်းကသာ သံသယဖြစ်ဖွယ် အရှိဆုံး ဖြစ်နေသည်။ ကျောက်ဝမ်လုံ၏ ရှင်းပြလို့မရသော သေဆုံးမှုနဲ့ ပေါင်းစပ်လိုက်တော့ အရာရှိကျန်းက ဝမ်ရှောက်ထျန်း၏ နည်းလမ်းတွေက ထက်မြက်တယ်ဟု ပိုပြီး ခံစားမိလာသည်။
ဝမ်ရှောက်ထျန်းသည် ရဲစခန်းကနေ ထွက်လာသောအခါ သူ့တွင် သွားစရာနေရာ မရှိဘူးဟု ခံစား လိုက်ရသည်။ အစ်ကိုလုံ ဘာကြောင့် ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှန်း သူ မသိပေ။ မသေခင်မှာ အစ်ကိုလုံက သူ့အား အနာဂတ်မှာ အိမ်အရောက်ပို့ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်လိမ့်မည်ဟု ပြောခဲ့ ပေမဲ့ ဝမ်ရှောက်ထျန်းက အိမ်အရောက်ပို့ဆိုင်အကြောင်းကို ဘာမှ မသိဘဲ ကြောက်စိတ်တွေနဲ့ ပြည့်နှက် နေခဲ့သည်။
ဝမ်ရှောက်ထျန်းသည် လမ်းပေါ်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေမိသည်။ ကျောက်ဝမ်လုံ မသေ သေးရင် သူ အခုချိန် အလုပ်မှာ ရှိနေသင့်သည်။ လမ်းပေါ်က လူတွေကို ကြည့်လိုက်တော့ သူ မှီခိုအား ထားနိုင်တဲ့ လူတစ်ယောက်မှ မရှိဘူးဆိုသည်ကို ဝမ်ရှောက်ထျန်း သဘောပေါက်လိုက်သည်။
သို့ပေမဲ့ သူ လက်မှတ်ထိုးထားတဲ့ စာချုပ်က ဘယ်မှာလဲ။ သူ အိမ်အရောက်ပို့ဆိုင်ကို မသွားဘူးဆိုရင် ကျောက်ဝမ်လုံလို ဖြစ်သွားမှာလား။ ဝမ်ရှောက်ထျန်း သူ့အသက်နှင့် အလောင်းအစား မလုပ်ရဲပေ။
ထိုအချိန်၌ အရာရှိကျန်းသည် မော်တော်ဆိုင်ကယ်နှင့် သူ့အား ကျော်တက်ပြီး အိမ်အရောက်ပို့ဆိုင်ဘက် ကို အရှိန်မြှင့် မောင်းသွားသည်ကို တွေ့လိုက်ရသည်။ အရာရှိကျန်းက အိမ်အရောက်ပို့ဆိုင်ကို စုံစမ်းနေ ခြင်းအား လက်မလျှော့သေးဘူးဆိုသည်ကို ဝမ်ရှောက်ထျန်း သိလိုက်သည်။
*အကောင်းဆုံးပဲ…၊ ငါတို့ရဲ့ ရည်မှန်းချက်တွေက တူညီနေပြီ…။*
ဝမ်ရှောက်ထျန်းလည်း အိမ်အရောက်ပို့ဆိုင် ရှိသည့်နေရာကို ပြေးသွားလိုက်သည်။ သူ ရောက်သော အခါ အရာရှိကျန်းက သူ၏ မော်တော်ဆိုင်ကယ်ပေါ် တက်ပြီး ထွက်သွားရန် ပြင်နေတုန်းပင်။ ဝမ်ရှောက်ထျန်းက အလွန် ရဲတင်းသည့်အတွက် စကားတစ်ခွန်းမှ မပြောဘဲ နောက်ထိုင်ခုံပေါ် ခုန်တက် လိုက်ပြီး အရာရှိကျန်းက ဘယ်လိုပင် မနှစ်မြို့စရာ စကားတွေ ပြောပြော ဆင်းမပေးခဲ့ပေ။
ဝမ်ရှောက်ထျန်းကို ရဲစခန်းကို ခေါ်သွားဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပေ။ အရာရှိကျန်းက ဝမ်ရှောက်ထျန်း၏ ထွက်ဆိုချက်ကို ယူနေစဉ်၌ ဝမ်ရှောက်ထျန်း၏ အတိတ်ဘဝ အတွေ့အကြုံတွေကို သိလိုက်ရသည်။ ဤကဲ့သို့ အခြေအနေမျိုးကို ကြားသောအခါ သူမ နည်းနည်း ဝမ်းနည်းသွားမိသည်။
သို့ပေမဲ့ အရာရှိကျန်းက ဝမ်ရှောက်ထျန်းကို အလွယ်တကူ စိတ်မချရဲသေးပေ။ ဝမ်ရှောက်ထျန်း သူ့ဘေး မှာ ကပ်နေသည်က ကောင်းပေသည်ဟု သူမ တွေးလိုက်သည်၊ သို့မှသာ သူ့အား မျက်ခြည်မပြတ် စောင့် ကြည့်နိုင်မှာကိုး။ ဝမ်ရှောက်ထျန်း၏ အသွင်ယူမှုက အပြစ်အနာအဆာ ကင်းစင်နေမှာ မဟုတ်ဘဲ တစ်ချိန်ချိန်မှာတော့ အမှားလုပ်မိမှာပဲဟု သူမ ယုံကြည်ပေသည်။