နွားမျက်ရည်
Vol. 3 Ch. 22
ဝမ်ရှောက်ထျန်းသည် သူ့တနေ့တာ၏ ပထမဆုံး အစားအစာကို ရဲစခန်းမှာ စားခဲ့ရသည်။ သူ ဤကဲ့သို့ သော ဆာလောင်မှုမျိုး မခဲ့စားရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ နောက်ဆုံး ခံစား ခဲ့ရသည်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်ထုတ်ခံရစဉ်ကဖြစ်သည်။
ရဲစခန်းတွင် အမျိုးသမီး အရာရှိ တစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ အရာရှိကျန်း ဖြစ်သည်။ ကျန်သော ရဲအရာရှိများ ကတော့ ဝမ်ရှောက်ထျန်းအပေါ် အလွန်အမင်း ရန်လိုပုံရပေသည်။ ဝမ်ရှောက်ထျန်းက မသိချင်ယောင် ဆောင်နေသော်လည်း ထိုလူများက သူ့အား မနာလို ဖြစ်နေကြသည်ကို သူ သိပေသည်။ ဝမ်ရှောက်ထျန်း ရဲစခန်းကို ပထမဆုံးအကြိမ် ရောက်လာစဉ်ကတည်းကပင် ထိုအမျိုးသားများက အရာရှိကျန်းကို သဘောကျနေကြသည်ဆိုခြင်းကို သူ ရိပ်မိပေသည်။
ဝမ်ရှောက်ထျန်းက ဟန်ပါပါနှင့် သီချင်းလေး တစ်ပုဒ်ကို ညည်းရင်း စားနေလိုက်တယ်။ အရာရှိကျန်းက သူ့နောက်ကျောကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ယဉ်ယဉ်ကျေးကျေး နေစမ်းပါ၊ မဟုတ်ရင် ဒီကနေ ထွက်သွားလို့ရပြီ…။"
အရာရှိကျန်းက လွန်စွာ အလုပ်လုပ်သူ ဖြစ်သည်။ နောက်တစ်နေ့ မနက်မှာပဲ အိပ်ချင်မူးတူး ဖြစ်နေသေး သော ဝမ်ရှောက်ထျန်းကို ဆွဲခေါပြီး ကျောက်ဝမ်လုံ၏ ဇာတိရွာကို ခေါ်သွားခဲ့သည်။
အရာရှိကျန်းသည် ရဲယူနီဖောင်း မဝတ်ထားသလို ရဲကားနဲ့လည်း မလာခဲ့ပေ။ ထိုအစား သာမန် အဝတ် အစားများကိုသာ ဝတ်ဆင်ထားပြီး သူမ၏ အချိုးအစားပြေပြစ်သော ခန္ဓာကိုယ်မှာ ပေါ်လွင်နေသည်။ ဝမ်ရှောက်ထျန်းက လမ်းတစ်လျှောက်တွင် သူမကို ခိုးခိုးကြည့်နေမိသည်။
ကျောက်ဝမ်လုံ၏ ဇာတိရွာသည် အလွန် ဝေးလံခေါင်သီပြီး တောင်ကြားတခုထဲ၌ ရှိသည်။ ထိုနေရာသို့ သွားရာလမ်းမှာ လုံးဝ လမ်းဖောက်လုပ်ထားခြင်း မရှိသေးပေ။ မော်တော်ဆိုင်ကယ်တစီး မောင်းနှင် သွားသည့် နေရာတိုင်းတွင် ဖုန်မှုန့်များ ဖြန့်ကျဲကျန်ရစ်ခဲ့သည်။ ကြမ်းတမ်းသော လမ်းကြောင့် ဝမ်ရှောက်ထျန်း ၏ ဗိုက်ထဲမှာ လှုပ်ခတ်နေခဲ့သည်။
ရွာထဲ၌ လူခြေ သိပ်မရှိပေ၊ အများစုက အလုပ်လုပ်ဖို့ မြို့ကို ပြောင်းရွှေ့သွားကြပုံရသည်။ သူတို့နှစ်ဦးက သစ်သားတံခါးနဲ့ အခန်းသုံးခန်းပါ အိမ်တစ်အိမ်ရှေ့၌ ရပ်လိုက်တယ်။ အရာရှိကျန်း ဘယ်ကနေ အချက် အလက်များကို ရလာမှန်း မသိသော်လည်း ကျောက်ဝမ်လုံ၏ အိမ်နေရာဟောင်းကို တိတိကျကျ ရှာတွေ့ ခဲ့လေသည်။
ဝမ်ရှောက်ထျန်းက စိတ်အားထက်သန်စွာ ပြေးသွားပြီး တံခါးကို ခေါက်လိုက်သော်လည်း အချိန်တော် တော်ကြာ ခေါက်နေသည်အထိ မည်သူမှ ထွက်မလာခဲ့ပေ။ တံခါးသည် ပိတ်မထားသောကြောင့် သူတို့ နှစ်ဦး တွန်းဖွင့်ပြီး ဝင်လိုက်ကြသည်။ သူတို့သည် အိမ်ထဲမှ လမ်းလျှောက် ထွက်လာသည့် အဖွားအို တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအဖွားအိုသည် ခါးကုန်းနေပြီး၊ တုတ်ကောက်ကို အားပြုကာနေရပြီး ဖြည်းဖြည်းချင်း ချနဲ့နေသော ခြေလှမ်းများဖြင့် ရွေ့လျားနေသည်။ ဆယ်နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်က ဂရုတစိုက် ကူညီပေးနေခဲ့သည်။
အဘွားအို၏ မျက်နှာမှာ အရေးအကြောင်းတွေ ပြည့်နေပြီး သူမသည် ဘဝ၏ ကြမ်းတမ်းမှုများစွာကို ဖြတ်သန်းဖူးသော အဘွားအိုတစ်ယောက်ဆိုသည်မှာ မေးနေရန်ပင်မလိုပေ။ သူမသည် အလွန်ဂရုတစိုက်ရှိပြီး၊ တစ်ခါတစ်ရံတွင် ကျန်လက်တစ်ဖက်ဖြင့် ခါးအောက်ပိုင်းကို ပွတ်သပ်ရင်း ချောင်းအနည်းငယ် ဆိုးလိုက်သေးသည်။
"မင်းတို့ ဘယ်သူတွေလဲ။ ငါ့အိမ်မှာ ဘာလုပ်နေကြတာလဲ"
ဟုအဘွားအိုက မေးလိုက်သည်။ သူမ၏ မျက်လုံးများက သံသယတွေနဲ့ ပြည့်နေပြီး အသက်ရှူသံက မောဟိုက်နေသည်။
"ကျွန်တော်က ကျောက်ဝမ်လုံရဲ့ သူငယ်ချင်းပါ။ ကျွန်တော်တို့ ဒီကို..."
ဝမ်ရှောက်ထျန်း စကားမဆုံးခင်မှာပင် မိန်းကလေးငယ်က ဘေးနားက တံမြက်စည်းကြမ်းကို ကောက် ယူပြီး ဝမ်ရှောက်ထျန်းကို ဆိုးဆိုးရွားရွား ရိုက်နှက်ကာ အော်ဟစ်မောင်းထုတ်တော့သည်။
"ထွက်သွား…၊ ထွက်သွား…"
လူကြီးရော၊ လူငယ်ပါ အားလုံး ရှိနေသောကြောင့် ဝမ်ရှောက်ထျန်းက ခေါင်းကို လက်ဖြင့် ကာပြီး ပြေး ထွက်လာရုံသာ တတ်နိုင်ခဲ့သည်။ အရာရှိကျန်းက ဤသည်ကို မြင်သောအခါ ချက်ချင်းပင် သူမ၏ ရဲဝန်ထမ်း ကဒ်ပြားကို ထုတ်ပြီး ပြောလိုက်သည်။
"ကျွန်မက ရဲအရာရှိပါ။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပေးပါ…"
မိန်းကလေးငယ်ကမူ ခက်ထန်နေတုန်းပင်၊ သို့ပေမဲ့ အဘွားအိုက သူမကို တားလိုက်ပြီး စိတ်မပါ့တပါ ဖြင့် အိမ်ထဲကို ဖိတ်ခေါ်လိုက်လေသည်။
ထိုအဘွားအိုက ကျောက်ဝမ်လုံရဲ့ မိခင်ပင် ဖြစ်လေသည်။ သူမရဲ့ ပြောပြချက်များအရ ကျောက်ဝမ်လုံ ၏ ဖခင်သည် အစောပိုင်းကပင် ဆုံးသွားခဲ့သည်။ မိသားစု၌ တစ်ဦးတည်းသော အမျိုးသားဖြစ်သည့် ကျောက်ဝမ်လုံက ရည်မှန်းချက် မရှိဘဲ ငယ်စဉ်ကတည်းက စာ သိပ်မတော်ပေ။ မူလတန်း မပြီးခင်မှာ တာအိုဘုန်းကြီးတစ်ပါးနောက်ကို လိုက်ပြီး မှော်ပညာများကို သင်ယူခဲ့လေသည်။
ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အရွယ်ရောက်သည်အထိပင် သူ့မိခင်ထံမှ ပိုက်ဆံ တောင်းဖို့ ပြန်လာတုန်းပင်။ အစပိုင်းမှာတော့ သူ့မိခင်က သားကို သနားပြီး စိုက်ပျိုးရေးကနေ ရသော ပိုက်ဆံများကို ပေးခဲ့လေ သည်။ သို့ပေမဲ့ ကျောက်ဝမ်လုံက ပို၍ ဆိုးသွမ်းလာပြီး သူ၏မိခင်က ပိုက်ဆံပေးရသည်မှာ မိခင်ဖြစ်သူ ၏ အလုပ်ပဲဟု ထင်လာခဲ့သည်။
တစ်ခါက သူ၏မိခင်က တကယ် ပိုက်ဆံ မပေးနိုင်တော့သောအခါ ကျောက်ဝမ်လုံက အရက်မူးပြီး သူ၏ မိခင်ကို ထိုးကြိတ်ခဲ့လေသည်။ အဘွားအိုက စိတ်ကို ခိုင်မာအောင် လုပ်ပြီး သူ့အား ပိုက်ဆံ မပေးတော့ ပေ။ ထို့ကြောင့် ကျောက်ဝမ်လုံက ဆွေမျိုးများထံမှ လိမ်လည် လှည့်ဖြားပြီး ပိုက်ဆံရှာတော့သည်။
အဘွားအိုနှင့် ရင်းနှီးသော အိမ်နီးချင်းတစ်ဦးက ကျောက်ဝမ်လုံက အရမ်းငယ်ပြီး ရင့်ကျက်မှု မရှိသေး ဘူး၊ သူ အိမ်ထောင်ပြုပြီး ကလေးယူရင် ပိုကောင်းလာလိမ့်မယ်ဟု ပြောခဲ့သည်။
အဖွားအိုသည် အသက်ကြီးသည့်အခါ ကျောက်ဝမ်လုံကို အားကိုးအားထားပြု၍ သူမ၏ ဘိုးဘွားဘဝ ကို စောင့်ရှောက်စေလိုသည်။ နောက်ဆုံးအချိန်တွင်လည်း သင်္ဂြိုဟ်ပေးမည့်သူအဖြစ် မျှော်လင့်ထား သဖြင့်၊ သူ့အား ကောင်းမွန်သော လမ်းကြောင်းသို့ ပြောင်းလဲသွားစေရန် ရိုးသားစွာ မျှော်လင့်မိသည်။
ထို့ကြောင့်ပင် တစ်စုံတစ်ယောက်အား အကူအညီတောင်းပြီး အိမ်နီးချင်းရွာမှ လှပပြီး အလုပ်ကြိုးစား သော မိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့လေသည်။ မိန်းကလေးကတော့ ကျောက်ဝမ်လုံရဲ့ မိသားစု က အလွန်ဆင်းရဲသည်ဟု ထင်သည့်အတွက် စိတ်မချမ်းသာခဲ့ပေ။ သို့ပေမဲ့ ကျောက်ဝမ်လုံက မိန်းကလေး လှသည်ကို မြင်သောအခါ ချိုသာသော စကားလုံးများနှင့် လှည့်ဖြားပြီး အိမ်ကို ခေါ်လာခဲ့ သည်။
ကျောက်ဝမ်လုံသည် နေထွက်သည်ကနေ နေဝင်သည်အထိ လယ်ကွင်းထဲတွင် ကြိုးစား အလုပ်လုပ်ပြီး အချိန်အတော်ကြာ ပျော်ရွှင်ခဲ့သည်။ အဘွားအိုသည် ဘဝက ရှင်သန်နေပြီး ချွေးမ၏ ဗိုက်က တစ်နေ့ တခြား ပူလာသည်ကို မြင်သောအခါ အလွန် ကျေနပ်နေမိသည်။
မကြာခင်မှာပင် ကျောက်ဝမ်လုံက ရုတ်တရက် သူ၏ စစ်မှန်သည့် သဘောသဘာဝကို ထုတ်ဖော်ပြလာ ခဲ့သည်။ မိသားစု၏ စုဆောင်းငွေ အားလုံးကို ယူပြီး ကလေး မွေးဖွားပြီးနောက် မီးနေခန်းကပင် မထွက် ရသေးသော ဇနီးနှင့် သမီးကို စွန့်ပစ်ပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ဖိအားများကို မခံနိုင်သည့် ချွေးမဖြစ်သူသည်လည်း မကြာခင်မှာပင် ကလေးကို စွန့်ပစ်ပြီး မိဘအိမ်ကို ပြန်ပြေးသွားခဲ့လေသည်။ နောက်ပိုင်း၌ သူမကလည်း မြို့မှာရှိသော သူဌေးအဘိုးကြီးတစ်ဦးနှင့်ထပ်မံ ၍ လက်ထပ်ခဲ့သည်ဟု ပြန်ကြားသိရသည်။
အရာရှိကျန်းသည် ထိုကိစ္စများပေါ်၌ စိတ်ဝင်စားပုံ မရပေ။ သူမ သိချင်သည်က အိမ်အရောက်ပို့ဆိုင်၏ လျှို့ဝှက်ချက်ပင်။ သို့ပေမဲ့ အဘွားအိုကတော့ ကျောက်ဝမ်လုံ နောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲဆိုသည်ကို ဘာကိုမှ မသိပေ၊ ကျောက်ဝမ်လုံ မြို့ကို ထွက်ပြေးသွားသည်ကိုပင် မသိပေ။ နောက်ဆုံးမှာတော့ သူတို့ နှစ်ဦး လက်ဗလာနဲ့သာ ပြန်လာခဲ့ကြရလေသည်။
အိမ်အရောက်ပို့ဆိုင်သို့ ပြန်ရောက်သောအခါ ဝမ်ရှောက်ထျန်းသည် တံခါးဝတွင် ထိုင်နေသော အသက် ( ၄၀) ဝန်းကျင် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူက စားဖိုမှူးအသစ် ဖြစ်သည်ဟုသူ့ကိုသူ မိတ်ဆက်သည်။ ထိုသူသည် အရပ်(၆ )ပေနီးပါးကျော် မြင့်ပြီး ငယ်ရွယ်သောသူ မဟုတ်ပေမဲ့ ကြံ့ခိုင်ပြီး ကြွက်သားတွေနဲ့ ပြည့်နေသည်။ မျက်လုံးများက တောက်ပပြီး စူးရှသော အကြည့်မျိုး ရှိသည်။
ဝမ်ရှောက်ထျန်းသည် ထိုသူက သာမန်လူ မဟုတ်ဘူးဆိုသည်ကို သိလိုက်သည်။ ဒဏ္ဍာရီအရ စားဖိုမှူး များဆိုသည်မှာ ခေါင်းကြီးကြီး လည်ပင်းတုတ်တုတ် ဖြစ်လေ့ရှိသည်ဟု ဆိုကြသည်။ ဝမ်ရှောက်ထျန်း က ဤစားသောက်ဆိုင်၏ ပိုင်ရှင်အဖြစ် ခန့်အပ်ခြင်း ခံရသော်လည်း ဘာတွေ ဖြစ်နေလဲဆိုသည်ကို လုံးဝ မသိသေးပေ။
လျှို့ဝှက်ဆန်းကြယ်သော စာချုပ်တစ်ခုက သူ့ကို ချည်နှောင်ထားသော သံကြိုး ဖြစ်လာခဲ့ပြီး ကျောက်ဝမ်လုံ၏ ရုတ်တရက် သေဆုံးမှုက အရာအားလုံးကို လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်စေခဲ့သည်။
ဝမ်ရှောက်ထျန်းသည် အိမ်အရောက်ပို့ဆိုင်၏ နောက်ကွယ်တွင် သူဌေးတစ်ဦး ရှိရမည်ဟု ယုံကြည် ပေသည်။ စားဖိုမှူးကို သူ့အား စောင့်ကြည့်ရန် စေလွှတ်လိုက်ခြင်းပင်။ သို့ပေမဲ့ ဝမ်ရှောက်ထျန်းက သူ့ဆီကနေ အချက်အလက်တွေ ရဖို့ ဘယ်လိုပင် ကြိုးစားပါစေ၊ စားဖိုမှူးက ဘာမှ မသိပေ။ စကား တစ်ခွန်းတောင် မပြောသည့် ထိုလူကြောင့် စိတ်မရှည်သော ဝမ်ရှောက်ထျန်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
စားဖိုမှူး ယွမ်ဟောင်သည် အိမ်အရောက်ပို့ဆိုင်၏ စည်းကမ်းတွေကို ကောင်းကောင်း သိပုံရပေသည်။ သူက ညနေ ခြောက်နာရီအတိတွင် အချိန်တိကျစွာ စတင် ရောင်းချပြီး ပို့ဆောင်ရမည့် လိပ်စာကို ဝမ်ရှောက်ထျန်း ဆီ စာတိုနဲ့ ပို့ပေးလေသည်။
ဝမ်ရှောက်ထျန်းသည် ထိုသူကို ရုံးချုပ်က စေလွှတ်လိုက်ခြင်းဟု ပို၍ ယုံကြည်သွားသည်။ အစ်ကိုလုံက မသေဆုံးမီ ဝမ်ရှောက်ထျန်းကို သူဌေးအဖြစ် လွှဲပြောင်းယူဖို့ တောင်းဆိုခဲ့သော်လည်း ဝမ်ရှောက်ထျန်း ကတော့ သူဌေးတစ်ဦးလို လုံးဝ မခံစားရဘဲ နေပူပူ၊ လေပူပူထဲတွင် အစားအသောက်များ ဆက်ပို့နေ ဆဲပင်ဖြစ်သည်။
အရာရှိကျန်းသည် ရုတ်တရက် ညွှန်ကြားရေးမှူးဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။ လင်လင် ပျောက်ဆုံးသွားခြင်းပင်။ နောက်ဆုံးအကြိမ် ကယ်ဆယ်ပြီးနောက် လင်လင်အား မိဘမဲ့ဂေဟာတွင် ထားခဲ့သည်။
အရာရှိကျန်း၏ ပထမဆုံး အတွေးက ဝမ်ရှောက်ထျန်းပင် ဖြစ်သည်။ တကယ်တော့ ဤသည်က စမ်းသပ်မှုတစ်ခုပင်။ ဝမ်ရှောက်ထျန်းသည် အစားအသောက် ပို့ရန် သွားနေသော လမ်းမှာ ရှိနေခဲ့သည်။ ဝမ်ရှောက်ထျန်းသည် လင်လင်၏ ကိစ္စနှင့် ဘယ်လိုမှ မပတ်သက်နိုင်ဘူးဟု ယုံကြည်ချက်ကြောင့် ဖုန်းကို ပြတ်ပြတ်သားသား ချလိုက်သည်။
သို့ပေမဲ့ ဖုန်းချလိုက်သည်နှင့် လမ်းဖြတ်ကူးနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။ ဝမ်ရှောက်ထျန်းက သူမကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိလိုက်သည်။ ထူးဆန်းသည်က တောင်နဲ့ မြောက်လမ်းက ကားများ ရှုပ်ထွေးနေပေမဲ့ လင်လင်က လုံးဝ သတိမထားမိပုံမရပေ။
သူမက အရှေ့ဘက်ကနေ လမ်းလျှောက်လာနေခြင်းပင်။ ဝမ်ရှောက်ထျန်းက အရိပ်ထဲမှာ ကားတွေ အများကြီး အရှိန်ပြင်းပြင်း မောင်းသွားသည်ကို တွေ့လိုက်ရပေမဲ့ လင်လင်က အနောက်ဘက် လမ်းပေါ် မှာ ဘာအန္တရာယ်မှ မရှိဘဲ ရပ်နေခဲ့သည်။ ဝမ်ရှောက်ထျန်းခနတော့ ကြောင်သွားသော်လည်း သူ ခုနက မြင်လိုက်ရသည်က လုံးဝ သေချာသည်။ အကြောင်းမှာ သူ မျက်တောင်ပင် တစ်ချက် မခတ်ခဲ့သော ကြောင့်ပင်။
ဝမ်ရှောက်ထျန်းက အချက်တစ်ခုကို အတည်ပြုလိုက်တယ်-
"လင်လင်၊ မင်း ဘယ်လို သေခဲ့တာလဲ…။"
လင်လင်၏ မျက်လုံးများက အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်ပြီး
"သေသွားတာလား…၊ ကျွန်မ အိမ်ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်..."
ဝမ်ရှောက်ထျန်းက အရာရှိကျန်းကို ဖုန်းမြန်မြန် ခေါ်လိုက်သည်။ မမျှော်လင့်ဘဲ အရာရှိကျန်းက ဒီတစ်ခါ ရဲကားနဲ့ပင် ရောက်လာခဲ့သည်။ ဝမ်ရှောက်ထျန်းက ကားရပ်သည်ကို မြင်တော့ နွေးနွေးထွေးထွေး နှုတ်ဆက်ရန် သွားလိုက်တယ်။ ရဲအရာရှိ အဖွဲ့တစ်ဖွဲ့ ကားထဲကနေ ဆင်းလာခဲ့ပြီး အော်ပြောလိုက်သည်။
"မလှုပ်နဲ့….၊ လက်မြှောက်…။"
ဤသည်ကို မြင်လိုက်တော့ ဝမ်ရှောက်ထျန်း အနည်းငယ် ကြောင်သွားခဲ့သည်။ သူ အလိုအလျောက် မြေပေါ် ဒူးထောက်ပြီး လက်မြှောက်လိုက်သည်။ အရာရှိကျန်းက လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။
"ရှင့်ရဲ့ လှုပ်ရှားမှုတွေက တော်တော်လေးကို ပါးနပ်တာပဲ ။ ရှင်အရင်က အဖမ်းခံဖူးတယ် မဟုတ် လား….။"
ဤ မြင်ကွင်းက လမ်းသွားလမ်းလာ အများအပြားကို ဆွဲဆောင်ခဲ့ပြီး ဝမ်ရှောက်ထျန်းအကြောင်းကို လက်ညှိုးထိုး ပြောဆိုနေခဲ့ကြသည်။ အဘိုးအိုတစ်ဦးကပင် ခေါင်းခါပြီး ပြောနေခဲ့သည်။
"ရဲတွေက စိတ်မနှံ့သူတွေကိုတောင် ဖမ်းရမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ခုနကပဲ အဲ့ဒီ လူငယ်လေး သူ့ဘာသာသူ အချိန်အကြာကြီး စကားပြောနေတာကို ငါ တွေ့လိုက်တယ်၊ တစ်ယောက် ယောက် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောနေတာ။ သူက လုံးဝ ကျန်းမာတဲ့ လူငယ်လေး လိုပဲ၊ ဒါပေမဲ့ စိတ်မနှံ့ဘူး ဖြစ်နေတာပဲ….။"
သူ့ရဲ့ မြေးလေးက ကလေးသံလေးနဲ့ ပြောလိုက်သည်။
"အစ်ကိုကြီးက အစ်မကြီးနဲ့ စကားပြောနေတာ….။"
"အဓိပ္ပာယ်မရှိတာ မပြောနဲ့….။"
အဘိုးအိုက အရမ်း ကြောက်လန့်သွားပြီး မြေးဖြစ်သူ၏ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး အလျင်အမြန် ထွက်သွားလေသည်။
အရာရှိကျန်းက ထိုမြင်ကွင်းကို မြင်လိုက်သည်။ ရဲစခန်းကို ပြန်ရောက်ပြီးနောက်၌ သူမက လူတိုင်းကို ထွက်သွားခိုင်းပြီး ဝမ်ရှောက်ထျန်းနှင့် သီးသန့် စကားပြောခဲ့၏။
သူ၏ အပြစ်ကင်းစင်မှုကို စိုးရိမ်သောကြောင့် ဝမ်ရှောက်ထျန်းက အဖြစ်အပျက် အားလုံးကို အသေး စိတ် ပြန်ပြောပြခဲ့သော်လည်း အရာရှိကျန်းက သဘာဝလွန် သို့မဟုတ် အယူသီးသော အရာတွေကို လုံးဝ အယုံကြည်မရှိခဲ့ပေ။
ဝမ်ရှောက်ထျန်းက လုံးဝ အံ့အားသင့်သွားမိသည်။ ပြတင်းပေါက် အပြင်ဘက်က ပန်းခြံဘေးမှာ ထိုင်နေ သော လင်လင်ကို သူ တွေ့လိုက်သည်။ လူတစ်ယောက် ဖြတ်သွားလျင်တောင် လင်လင်အား လုံးဝပင် လျစ်လျူရှု ထားခဲ့ကြသည်။
"နွားမျက်ရည် လိမ်းရင် တစ္ဆေတွေကို မြင်နိုင်တယ်လို့ ကြားဖူးတယ်..."
ဝမ်ရှောက်ထျန်းက ဒီနည်းလမ်းကို တစ်နေရာကနေ သင်ယူခဲ့ခြင်းပင်၊ သို့ပေမဲ့ သူ လုံးဝ ယုံကြည်ခြင်း တော့ မရှိလှပေ။
အရာရှိကျန်းက သူ့ကို အာရုံစိုက် ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဒီတစ်ကြိမ်တော့ ရှင့်ကို ယုံကြည့်မယ်….။"
သူတို့ နောက်တစ်နေ့အထိ စောင့်စရာ မလိုဘဲ အရာရှိကျန်းက ဝမ်ရှောက်ထျန်းကို သားသတ်ရုံတစ်ခုဆီ ခေါ်သွားခဲ့သည်။ ပိုင်ရှင်က သူတို့နှစ်ဦး နွားမျက်ရည် ရှာနေသည်ဆိုတာကို ကြားသောအခါ အလွန် စပ်စု ချင်သွားသည်။
ဝမ်ရှောက်ထျန်းက ရည်ရွယ်ချက်ကို ထစ်ထစ်ငေ့ါငေ့ါ ပြောပြလိုက်သောအခါ သူဌေးက သက်ပြင်းချပြီး
"တကယ်တော့ ဒါက အသုံးဝင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိပါတယ်။ မင်း မသိဘူး၊ နွားတွေက လူ့သဘောကို နားလည်တဲ့ ကြီးမားတဲ့ တိရစ္ဆာန်တွေပဲ…..။"
သူတို့ သားသတ်ရုံထဲသို့ လျှောက်သွားရင်း ပိုင်ရှင်က သူ့အတိတ်အကြောင်းကို ပြန်ပြောပြခဲ့သည်-
"ကျွန်တော့် အဖေရဲ့ မိသားစုက ဆင်းရဲတယ်။ သူက အစောပိုင်နှစ်တွေတုန်းက ဒီသက်သောင့်သက်သာ ရှိတဲ့ အလုပ်ဖြစ်တဲ့ သတ်သမား အလုပ်သင်အလုပ် ရဖို့အတွက် အသနားခံ တောင်းပန်ခဲ့ရတယ်။ သူ အနှစ်နှစ်ဆယ်လောက် လုပ်ခဲ့တယ်။”
"ဒါပေမဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်တာက အန္တရာယ် ရှိတယ်။ ကျွန်တော် ရှစ်နှစ်သားတုန်းက အဖေက အရက်မူးပြီး ကျောက်တုံးပေါ် လဲကျသွားတယ်။ ကံမကောင်းချင်တော့လည်း တစ်ယောက်ယောက်က ကျောက်တုံးကို ရိုက်ခွဲထားတာ၊ ဓားလို ထက်နေတယ်။ သူ့လည်ပင်းကို တစ်ခါတည်း ဖြတ်လိုက်တာ... တိရစ္ဆာန်တွေ သတ်သလိုပဲပေါ့…..။"
ဝမ်ရှောက်ထျန်းနဲ့ အရာရှိကျန်း သက်ပြင်းချမိလိုက်ကြသည်။ အရာရှိကျန်းက မျက်မှောင်ကြုတ်ပြီး သူဌေးကို ဘာကြောင့် ဒီလုပ်ငန်းကို ဆက်လုပ်နေတာလဲဟု မေးလိုက်သည်။
သူဌေးက သက်ပြင်းချပြီး ပြောလိုက်သည်၊
"ဒါက ဝမ်းရေးအတွက်ပါ။ ဒါ့အပြင် လူတွေ အသား မစားရင် ဘယ်လို အသက်ရှင်နိုင်မလဲ။ ကျွန်တော် မသတ်ရင် တခြားသူက သတ်မှာပဲ။ ကျွန်တော့်လက်ထဲမှာ သေဆုံးတဲ့နွားတွေက မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှု မရှိဘဲ သေဆုံးသွားကြလိမ့်မယ်….။"
နွားမျက်ရည် ရဖို့ရန် မခက်ခဲလှပေ။ ပိုင်ရှင်က နွားနားမှာ ထိုင်ပြီး ဓားသွေးရင်း ကျမ်းစာတွေ ရွတ်နေ ခဲ့လေသည်။
နွားအိုကြီး မျက်ရည်ကျတာကို မြင်တော့ ဝမ်ရှောက်ထျန်းက သူပြင်ဆင်ထားသော ပုလင်းငယ်လေးထဲ ကို အမြန် ခံယူလိုက်သည်။
"လာ…၊ ဒါတွေက နွေးနေတုန်းမှာ အထိရောက်ဆုံးပဲ….။"
ကျန်တာတွေကိုတော့ အရေးပေါ်အတွက် ဖြစ်တယ်ဟု သူ ထပ်ပြောလိုက်သည်။
အရာရှိကျန်း မြင်နိုင်ရန်အတွက် ဝမ်ရှောက်ထျန်းက သူ့အား အိမ်အရောက်ပို့ဆိုင်ကိုပင် ပြန်ခေါ်သွားခဲ့ သည်။
*ယင်စွမ်းအင် ပိုများတဲ့ နေရာက တစ္ဆေတွေကို မြင်နိုင်ဖို့ အခွင့်အရေး ပိုများတယ်…။*
ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် အိမ်အရောက်ပို့ဆိုင်သည် ယင်စွမ်းအင် အများဆုံးနေရာသာဖြစ်သည်။
ဝမ်ရှောက်ထျန်းက သေချာ မှာထားလိုက်သည်-
"မင်း တံခါးနောက်မှာ ပုန်းနေပါ။ မင်းမှာ ယန်စွမ်းအင် အများကြီး ရှိတယ်။ မင်းက လင်လင်ကို ထပ်ပြီး ကြောက်လန့် ထွက်ပြေးသွားအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ….။"
ထူးဆန်းသည်ဟု ထင်ရပေမဲ့ ဒါက အမှန်ပင်။ ဝမ်ရှောက်ထျန်းသည် အမျိုးသား ဖြစ်ပေမဲ့ တစ္ဆေတွေနဲ့ မကြာခဏ ထိတွေ့ရခြင်းကြောင့် အရာရှိကျန်းထက် ယင်စွမ်းအင် ပိုများလေသည်။ အရာရှိကျန်းက တည်ငြိမ်ပြီး စိတ်ဓာတ်ခိုင်မာသော ဝမ်ရှောက်ထျန်းကို လေးစားသော အကြည့်အသစ်နဲ့ ကြည့်မိလိုက် သည်။
လင်လင်ကတော့ မှင်တက်နေတုန်းပင်။ ဝမ်ရှောက်ထျန်းနှင့် အရာရှိကျန်းက သူမနောက်ကို တိတ်တ ဆိတ် လိုက်သွားခဲ့ရာ မြို့ပြင်ရှိ သုဿန်တစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။ ဤအချိန်၌ လင်လင်သည် ရုတ်တရက် ကဗ္ဗည်းကျောက်တိုင် မရှိသော ခေါင်းတလားထဲကို ခုန်ဆင်းသွားသည်ကို သူတို့ မြင်လိုက် ကြရသည်။
ဝမ်ရှောက်ထျန်း သတ္တိကို မွေးပြီး ခေါင်းတလားကို ဖွင့်ကြည့်လိုက်သည်။
လင်လင်သည် ခေါင်းတလားအထဲတွင် ကွေးကွေးလေး အိပ်နေသည်ပင် ….။