← Chapters

အမှန်တရားကို ဖော်ထုတ်ခြင်း (၂)

Vol. 3 Ch. 24

အမှန်တရားကို ဖော်ထုတ်ခြင်း (၂)

Vol. 3 Ch. 24

နောက်တစ်နေ့မှာတော့ အရာရှိကျန်းလည်း ရလဒ်များကို ရရှိခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သံသယ ဖြစ်စရာ လုံးဝမရှိတော့ပေ။ သို့ပေမဲ့ အရာရှိကျန်းက သာမန်အသိနှင့် ခန့်မှန်း၍ မရဘူးဆိုသည်ကို နားလည်သောကြောင့် စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့သည်။

အဘွားအိုက များသောအားဖြင့် ရပ်ကွက်ရင်ပြင်တွင် သူ၏ ခွေးကို လမ်းလျှောက်ခေါ်ရင်းနှင့် သက်ကြီး ရွယ်အို အုပ်စုတစ်စုနှင့် စကားစမြည်ပြောရခြင်းကို သဘောကျလေသည်။ တစ်ညနေမှာတော့ သူမ သည် စကားပြောရင်း အလွန်စိတ်အားထက်သန်နေသောကြောင့် သူမ၏ခွေးကို မထိန်းနိုင်ဘဲ ခွေးက ဂိုဝ်ဒီကို ကိုက်လိုက်လေသည်။

ထိုအဘွားအိုက သာမန်လူမဟုတ်ပေ။ လူအများစုသည် အသက်ကြီးလာသောသောအခါ အိမ်မွေး ခွေးလေးတစ်ကောင်ကို မွေးကြသော်လည်း သူမကတော့ တိဘက် မတ်စတီးဖ်ခွေးကြီးတစ်ကောင်ကို မွေးထားခဲ့လေ၏။ ထိုဒီခွေးကြီးသည် မတ်တပ်ရပ်လျင် နှစ်မီတာနီးပါးခန့် အမြင့်ရှိပြီး တော်တော်လေး ကြောက်စရာ ကောင်းလှသည်။

သာမန် ခွေးပိုင်ရှင်ဆိုလျင် ခွေးကိုက်ပြီးသည့်နောက် တောင်းပန်ပြီး လျော်ကြေးပေးရန် ကိစ္စကို ဖြေရှင်း ကြမည်ပင်။ သို့ပေမဲ့ ထိုအဘွားအိုက လျော်ကြေးပေးရန် ငြင်းဆိုရုံတင်မကဘဲ ဂိုဝ်ဒီအား နှုတ်ဖြင့်လည်း စော်ကားခဲ့ပြီး ဤမျှလောက် ငယ်ငယ်ရွယ်ရွယ်နှင့် မျက်နှာပြောင်တိုက်တယ်ဟုပင် ပြောဆိုခဲ့လေသည်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေမှာတော့ ဂိုဝ်ဒီသည် အရူးမတစ်ယောက်လို အဘွားအိုကို ဆွဲဖြဲဖို့ ကြိုးစားနေသည်ကို တွေ့ခဲ့ရသည်။

အရာရှိကျန်းက သံသယဝင်သွားသောကြောင့် စုံစမ်းရန် သွားခဲ့သည်။ ထိုအခါ တွေ့ရှိခဲ့သည်က ထို အဘွားအိုသည် ဂိုဝ်ဒီအား လိမ်လည်စွပ်စွဲခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ချကာ မထဘဲ ဂိုဝ်ဒီ၏ မိသားစု ဆီမှ ငွေနှစ်ထောင် တောင်းယူခဲ့ခြင်း ဖြစ်သည်။

ငွေနှစ်ထောင်ဆိုသည်မှာ တခြားသူများအတွက်တော့ များပြားသောငွေပမာဏ မဟုတ်သော်လည်း ချို့တဲ့စွာ နေထိုင်ရသော ဂိုဝ်ဒီ၏ မိသားစုအတွက်မှာတော့ မိသားစု၏ တစ်လစာ စားစရိတ်ပင် ဖြစ် လေသည်။

ဤသက်သေများက လီရွှယ်၏ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။ ထိုလူများသည် ဂိုဝ်ဒီ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် မကောင်းဆိုးဝါးတွေ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ သေချာ နေပေသည်။ ရှေးလူကြီးများ ပြောသလိုပါပင် [ကောင်းတာလုပ်ရင် ကောင်းကျိုး၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်] ဆိုသကဲ့သို့ ဂိုဝ်ဒီအား ထိခိုက်နစ်နာအောင် လုပ်ခဲ့သူအားလုံးသည် သူတို့၏ အပြစ် ဒဏ်ကို ခံယူခဲ့ကြရလေပြီ။

လူသတ်သမားကို ရှာတွေ့ပြီးသည့်နောက် အရာရှိကျန်းက သက်ပြင်းချလိုက်နိုင်သော်လည်း လီရွှယ် ကတော့ လုံးဝ ပျော်ရွှင်သည့်ပုံမရဘဲ မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားမရ ဖြစ်နေပုံရသည်။

ဝမ်ရှောက်ထျန်းလည်း မျက်မှောင်ကြုတ်နေသည်။ ဒီကိစ္စက အိမ်အရောက်ပို့ဆိုင်နဲ့ ဘာဆိုင်လို့လဲ။ သူကသေဆုံးခဲ့တဲ့ မိသားစုတွေကို အစားအစာ ပို့ပေးခဲ့ဖူးပြီး အစ်ကိုလုံ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလဲဆိုသည်ကို သူခုထိ နားမလည်နိုင်သေးချေ။

လီရွှယ်က ရှေ့တိုးလာပြီး ဝမ်ရှောက်ထျန်းကို မေးငေါ့ပြလိုက်သည်။

"ဘာဖြစ်လို့လဲ…။"

ဝမ်ရှောက်ထျန်းက အနည်းငယ် နားမလည်သလို မေးလိုက်သည်။

လီရွှယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဘာတွေဖြစ်နေလဲဆိုတာ ရှင်မသိချင်ဘူးလား….။"

ဝမ်ရှောက်ထျန်း မဖြေနိုင်ခင်မှာ လီရွှယ်က ဆက်ပြီး ပြောလိုက်သည်။

"ရှင့်ကို ဂိုဝ်ဒီ သရဲဆီ ခေါ်သွားမယ်….။"

ဝမ်ရှောက်ထျန်း မငြင်းခဲ့ပေ။ ဂိုဝ်ဒီတွင် အနာဂတ်ကောင်းတစ်ခု ရှိခဲ့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးခဲ့ရသည်။ သို့ပေမဲ့ ဤသည်က လူသတ်မှုများ စတင်ဖို့အထိ အကြောင်းမရှိပေ။ ရိုးရိုးသားသား ပြောရလျင် သူက အရမ်း စူးစမ်းချင်နေသည်။ သရဲများက ဤမျှလောက်အလွယ်တကူ သတ်ဖြတ်နိုင် မည်ဆိုပါက ဤလောကကြီးတွင် ရှုပ်ထွေးပွေလီသွားမှာ အမှန်ပင်ဖြစ်သည်။

ထို့အပြင် ဝမ်ရှောက်ထျန်းသည် လီရွှယ်၏ မာနကြီးသည့် ပုံစံကိုလည်း ကျင့်သားရနေခဲ့လေပြီ။ ဤကဲ့ သို့ မာနကြီးသော အမျိုးသမီးများကို သူက အဘယ်ကဲ့သို့ ငြင်းဆန်ရဲပါမည်နည်း။ ပြီးခဲ့သော နှစ်ရက် တာ အတွင်း အရာရှိကျန်းနှင့် ဆက်ဆံခဲ့ရခြင်းကနေ သူ နားလည်နိုင်ခဲ့သည်။

သူမတို့သည် ရည်မှန်းချက်ကြီးသူ၊ ကိုယ်ပိုင်အမြင်ရှိသူနှင့် ယုံကြည်ချက်ရှိသူများ ဖြစ်ကြသည်။ သူတို့ သည် ကိုယ်ပိုင် အတွေးအမြင်နဲ့ ထိုးထွင်းဉာဏ် မရှိသူတွေကို အသုံးမကျဘူးလို့ ယူဆကြပြီး စိတ်ရင်း အမှန်နှင့်ပင် မထီမဲ့မြင် ပြုကြသည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းလည်း၊

*ပိုကြိုးစားရမယ်။ လီရွှယ်က သူ့ကို အထင်သေးတာမျိုး မဖြစ်စေရဘူး။ သူသွားချင်တဲ့အချိန် သွားလို့ ရတာပဲ၊ ဘာကိုကြောက်စရာလိုလဲ…။*

လီရွှယ်က လမ်းလျှောက်ရင်း ဝမ်ရှောက်ထျန်းအား ပြောပြခဲ့သည်။

"ဂိုဝ်ဒီရဲ့ အငြိုးကြီးတဲ့ဝိညာဉ်က စုပြုံနေတဲ့ အငြိုးအတေးကနေ မွေးဖွားလာတာ။ အငြိုးအတေးက လုံလောက်စွာ ပြင်းထန်ပြီး စွဲလမ်းမှုက လုံလောက်စွာ နက်ရှိုင်းနေရင် အငြိုးကြီးတဲ့ သရဲဖြစ်လာလိမ့် မယ်…။"

" အငြိုးကြီးတဲ့ သရဲတွေမှာ လက်စားချေလိုစိတ် အလွန် ပြင်းထန်ပြီး အဲဒီလို သရဲတွေဟာ နည်းလမ်း မျိုးစုံနဲ့ သူတို့ရဲ့ လက်စားချေမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်"

ဝမ်ရှောက်ထျန်းလည်း နားထောင်ရင်းပင် ဆံပင်မွှေးများ ထောင်လာခဲ့သည်။ အသက်ရှင်စဉ်က ဤမျ ယဉ်ကျေးသိမ်မွေ့ပြီး လှပသော ကောင်မလေးတစ်ယောက်သည် သေဆုံးပြီးနောက် အငြိုးကြီးသော သရဲဖြစ်လာမည်ဟု သူ တစ်ခါမှ မထင်ခဲ့မိချေ။ လူတစ်ယောက်၏ ရင်ထဲမှ အငြိုးအတေးဆိုသည်က တကယ်ကိုပင် ကြောက်စရာ ကောင်းလှသည်။

လီရွှယ်က

"အငြိုးအတေး ကြီးလွန်းတဲ့ သရဲတွေကို ကိုင်တွယ်ဖို့ အရမ်းခက်ခဲတယ်…။ ဒါပေမဲ့ ကျွန်မ ကြုံဖူးတဲ့ အငြိုးအတေးအကြီးဆုံး သရဲတွေတောင် စွမ်းရည် ကန့်သတ်ချက် ရှိကြပြီးတော့ အချိန်တိုအတွင်း လူအများကြီးကို သတ်နိုင်မှာ မဟုတ်ဘူး။ ဂိုဝ်ဒီရဲ့ ဝိညာဉ်က စွမ်းအားကြီးနေတာပဲ ဖြစ်ဖြစ်၊ တခြားသော အကြောင်းရင်းတွေ ရှိနေတာပဲဖြစ်ဖြစ်၊ မတည်ငြိမ်တဲ့ အချက်တွေ ရှိနေတာကိုတော့ ကျွန်မ ခွင့်မပြု နိုင်ဘူး….။"

ဟုပြောလေသည်။

ဝမ်ရှောက်ထျန်းက ကြောင်အပြီး မျက်နှာမဲ့ကာ ပြုံးပြလိုက်ပြီး မေးလိုက်သည်၊

"အစ်မကြီးရေ၊ နေ့ခင်းကြောင်တောင်ကြီး ကျွန်တော်တို့ သရဲတွေကို ဘယ်မှာ သွားရှာရမှာလဲ…။"

"ဟွန့်…။"

လီရွှယ်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူမ၏ လှပသည့် မျက်လုံးများနှင့် ဝမ်ရှောက်ထျန်းကို မျက်စောင်းထိုးလိုက်သည်။ သူမသည် မိမိကိုယ်တိုင် ရှင်းပြရန် စိတ်မစောဘဲ ဝမ်ရှောက်ထျန်းကို အေးစက်စက်နဲ့ လျစ်လျူရှုကာ ကြည့်နေခဲ့သည်။

လီရွှယ်က တကယ်ကို လှပသူတစ်ယောက်ပင်။ သူမ၏ မျက်နှာအသွင်အပြင်က ထင်ရှားပြတ်သားပြီး ကျော့ရှင်းလေသည်။ တစ်စုံတစ်ယောက်၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သောအခါ ကြက်သီး မွေးညှင်းများ ထသွားစေသည်။ နောက်ဆုံးမှာတော့ ဝမ်ရှောက်ထျန်းသည် လက်လျှော့ပြီး အရှုံးပေး လိုက်ရ၏။

သူတို့နှစ်ယောက်သည် ဂိုဝ်ဒီ ယာဉ်တိုက်မှုဖြစ်ခဲ့သော နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာသည် လမ်းဆုံတစ်ခုတွင် ဖြစ်သည်။ ကောင်းကင်က သံတုံးကြီးတစ်တုံးလို မှိုင်းညို့ပြီး အေးစက်နေခဲ့သည်။ လေထုက မှိန်ဖျော့ပြီး မှုန်ဝါးဝါး သံမီးခိုးရောင် ဖြစ်နေသည်။ နေမင်းကြီးသည် ဒီလောက် တောက်ပခဲ့ပြီး မှ ဘာလို့ မဲမှောင်နေသော တိမ်များဖြင့် ပြည့်လာရ လဲဆိုသည်ကို ဝမ်ရှောက်ထျန်း အံ့ဩနေမိသည်။

လီရွှယ်က သူမ၏ အိတ်ထဲမှ ခေတ်ဟောင်း သံလိုက်အိမ်မြှောင်လို ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက သံလိုက်အိမ်မြှောင်မှန်း ဝမ်ရှောက်ထျန်း သိသော်လည်း ဘာကြောင့်မှန်းမသိပဲ အဆက် မပြတ် တုန်ခါနေသောကြောင့် သံချေးတက်နေသောကြောင့် ဖြစ်မယ်ဟု သူ တွေးလိုက်သည်။

"ကျွန်မ မှန်တယ်။ ဒီနေရာမှာ ယင်စွမ်းအင်က အရမ်းကြီးစိုးနေတယ်။ အငြိုးကြီးတဲ့ သရဲတစ်ကောင် ရှိနေတာ သေချာတယ်….။ သေသေချာချာ ကြည့်လိုက်၊ ဂိုဝ်ဒီရဲ့ သရဲက ဒီအနီးအနားမှာ ရှိနေသင့် တယ်…။"

ထို့နောက် လီရွှယ်သည် သူမ၏ အိတ်ထဲမှ မန္တန်စာရွက်နှစ်ရွက်ကို ထုတ်လိုက်သည်။ စာရွက်တစ်ရွက်စီ တွင် ရှေးဟောင်းစာလုံးများနှင့် (ပုန်းကွယ်)ဟူသော စာလုံးကို ရေးထားလေသည်။ လီရွှယ်က ဝမ်ရှောက်ထျန်း ကို တစ်ရွက်ပေးပြီး

"ရှင့်ရဲ့ ခေါင်းနောက်ဘက်မှာ ကပ်ထားလိုက်..။ မကောင်းဆိုးဝါးက ရှင့်ကို မမြင်ရဘူးဆိုရင် သူ့ရဲ့ မှော်အစွမ်းက အားမကောင်းသေးဘူးဆိုတာ သက်သေပြတယ်။ သူ့ကို တိတ်တဆိတ် ကူညီပေးနေတဲ့ အင်အားစုတစ်ခု ရှိနေတာ သေချာတယ်။ သူ့နောက်ကို လိုက်သွားရုံနဲ့ ဘယ်သူလဲဆိုတာ ရှင်သေချာ ပေါက် သိလာလိမ့်မယ်…..။"

ဟုပြောလိုက်သည်။

ဝမ်ရှောက်ထျန်းသည် အငြိုးကြီးသော သရဲတွေအပေါ် သိပ်စိတ်မဝင်စားချေ။ သူ့ကို အာရုံအစိုက်ဆုံးက လီရွှယ်ရဲ့ မန္တန်စာရွက်ပင် ဖြစ်၏။ အရေးပါသော အချိန်များတွင် အသက်ကယ်နိုင်သည့် တန်ဖိုးရှိလှ သော ပစ္စည်းတစ်ခုပင်။ သူ ထိုအရာကို ဘယ်လိုအသုံးပြုရမလဲဆိုသည်ကို လီရွှယ်ကို သေချာပေါက် မေးရပေမည်။

အနီးအနားမှာ အငြိုးကြီးသော သရဲတွေ ရှိနေသည်ကို သိနေသည့်အတွက် ဝမ်ရှောက်ထျန်းသည် တုန်တုန်ယင်ယင်နှင့် လျှောက်သွားနေခဲ့သည်။ ဤနေရာသည် မြို့လယ်ခေါင်တွင် အစည်ကားဆုံးနေရာ ဖြစ်သင့်သော်လည်း ဝမ်ရှောက်ထျန်းက ဤနေရာကို တစ်ခါမှ မလာဖူးသလို ခံစားနေရသည်။

လမ်းဘေးတွင် မြင့်မားသော မန်ကျည်းပင်ကြီးများ ရှိသော်လည်း ထူးဆန်းစွာနှင့်ပင် အနီးအနားတွင် လမ်းမီးတိုင်များ မရှိပေ။ ဝမ်ရှောက်ထျန်း၏ စူးစမ်းလိုစိတ်က အနိုင်ယူသွားခြင်းကြောင့် လမ်းမီးတိုင် များကို ရှာရန် လမ်းဘေးမှ ကျောက်ပြားများကို လျှောက်ကြည့်လိုက်သည်။

လီရွှယ်က ဝမ်ရှောက်ထျန်း၏ ပုခုံးကို ရိုက်ပြီး ပြောလိုက်သည်။

"ရှင်ဘာလုပ်နေတာလဲ…။"

ဝမ်ရှောက်ထျန်း ရုတ်တရက် လန့်သွားပြီး လီရွှယ်ဖြစ်နေသည်ကို မြင်တော့ ရင်ဘတ်ကို ပုတ်လိုက်ပြီး ဝံ့ကြွားစွာပြောလိုက်သည်၊

"ဒီနေရာမှာ တစ်ခုခု မှားနေတယ်လို့ မင်းမထင်ဘူးလား….၊ ဘာလို့ လမ်းမီးတိုင်တွေ မရှိရတာလဲ….။"

လီရွှယ်က ကောင်းကင်ကို မော့ကြည့်ပြီး စဉ်းစားဟန်နှင့် ပြောလိုက်သည်။

"ဟိုမှာ ကြည့်လိုက်၊ လမ်းမီးတိုင်တွေ ရှေ့မှာ ရှိနေတယ်…။"

ထိုစကားကို ကြားသောအခါ ဝမ်ရှောက်ထျန်းက အံ့ဩစွာ လှမ်းကြည့်လိုက်သည်။ အစက ဗလာဖြစ်နေ သော လမ်းဘေးကျောက်ပြားမှာ လှပပြီး ခမ်းနားသော ဖန်မီးအိမ်များနှင့် အလှဆင်ထားသည်ကို တွေ့ လိုက်သည်။

"ဟာ….၊ အစ်မ၊ ကျွန်တော့်ကို မခြောက်ပါနဲ့။ ကျွန်တော်က ကောလိပ်ကျောင်းဆင်း တစ်ယောက်ပါ။ ဒီအရာက ပုံမှန်မဟုတ်ဘူးဗျ…."

ဝမ်ရှောက်ထျန်းက ဖန်မီးအိမ်ကို လက်ညှိုးထိုးပြီး အံ့အားသင့်စွာ အော်ပြောလိုက်သည်။

သို့ပေမဲ့ သူ ခြေဆောင့်နေသော ခဏလေးအတွင်းမှာပင် ခေတ်မီစက်မှုလုပ်ငန်းခေတ်၏ လေထုနှင့် ပြည့်နှက်နေသော လမ်းက ရုတ်တရက် ရှေးဟောင်း ကျောက်ပြားလမ်းအဖြစ် ပြောင်းလဲသွားပြီး နှစ်ဖက်စလုံးမှ ဖန်မီးအိမ်များက မီးစုန်းမီးတောက်များကဲ့သို့ မှိန်ဖျော့သော အလင်းရောင်ကိုသာ ထုတ် လွှတ်နေသည်။

"ဒါက အာရုံထွေပြားပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…။"

ဟုလီရွှယ်က သံလိုက်အိမ်မြှောင်ကို ကိုင်ထားရင်း ဝမ်ရှောက်ထျန်းကို ပြန်ဖြေလိုက်သည်။

ဝမ်ရှောက်ထျန်းက အံ့အားသင့်စွာနဲ့

"ထင်ယောင်ထင်မှားဖြစ်တာလား…၊ အမလေးဗျာ…..။ ဒါက အရမ်းကို ထူးဆန်းတာပဲ..။ ကျွန်တော့်လို သာမန်လူတစ်ယောက် ဒီထဲဝင်လာရင် အန္တရာယ်ကင်းပါ့မလား…"

ဟူ၍အော်လိုက်တယ်။

ထိုစကားကို ကြားတော့ လီရွှယ်က မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်သလို အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီးနောက် သူ့ကို စိတ်ချစေရန် ပြောလိုက်သည်။

"ဒီနေရာက ယင်နယ်မြေနဲ့ ယန်နယ်မြေ ကြားက နေရာလွတ်တစ်ခု ဖြစ်တယ်။ လူရော၊ သရဲပါ ဝင်ရောက်နိုင်တယ်။ ဒါကြောင့် စိတ်မပူပါနဲ့….။"

အေးစက်တဲ့ လေတိုက်ခတ်မှုတစ်ခုက သူမ၏ ဘေမှ တိုက်ခတ်သွားခြင်းကြောင့် သံလိုက်အိမ်မြှောင် ကပို၍ ပြင်းထန်စွာ လှုပ်ခါသွားသည်။ လက်တံက ဆက်တိုက် လည်နေပြီး ရပ်တန့်မည့် အရိပ်အယောင် မပြချေ။ လီရွှယ်က တီးတိုးရေရွတ်လိုက်သည်။

"ထူးဆန်းလိုက်တာ၊ ဘာလို့ နေရာအတိအကျ ရှာလို့မရတာလဲ…။"

"ဝမ်ရှောက်ထျန်း၊ လူခွဲပြီး ရှာကြည့်ရအောင်။ ရှင်တွေ့ရင် ကျွန်မကို ချက်ချင်း ပြောရမယ်။ မှတ်ထား၊ ဖုန်းမခေါ်နဲ့။ ဒီနယ်မြေမှာ ဖုန်းလိုင်းမရှိဘူး။ ရှင့်လည်ပင်းကဆွဲထားတဲ့ အဖြူရောင်ကျောက်ကို သုံးပြီး ပြောလိုက်….။ "

လီရွှယ်မရှိတော့ အကာအကွယ် မရှိတော့သဖြင့် ဝမ်ရှောက်ထျန်းက လမ်းကြောင်းတစ်ခုအတိုင်း မဝင်ချင်ဝင်ချင်နှင့်လျှောက်သွားနေပြီး ခြေတစ်လှမ်း လှမ်းပြီးတိုင်း နောက်လှည့်ကြည့်နေမိသည်။ ဤနေရာက တကယ်ကိုပင် ဆိတ်ငြိမ်သော နေရာတစ်ခုလို ခံစားရသည်။ လမ်းပေါ်တွင် ကားတစ်စီးမှ မရှိဘဲ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ ဝမ်ရှောက်ထျန်း၏ ခြေထောက်များက လမ်းလျှောက်တာများ သောကြောင့် နာကျင်နေပေသော်လည်း သရဲတစ်ကောင်မှ မတွေ့သေးပေ။

ရုတ်တရက် သူ၏အရှေ့ မီတာငါးဆယ်လောက်အကွာတွင် လေဆင်နှာမောင်းငယ်လေးကဲ့သို့ လေပွေ တစ်ခု ပေါ်လာသည်။ ခုနစ်မီတာ၊ ရှစ်မီတာလောက် မြင့်လေ၏။ လေပွေက မှောင်မဲနေပြီး ရှုပ်ပွနေသော အရာ များစွာကို လေထဲ လွှင့်တင်နေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ရှောက်ထျန်းက ရှေ့မှာ ရှိနေသည်မှာ မကောင်းသောအရာမှန်း ချက်ချင်းသိလိုက်သည်။

သူက သရဲကို ရှာဖို့ လာခဲ့ပေမဲ့ သူ၏အရှေ့မှ မြင်ကွင်းကို မြင်လိုက်သောအခါ သူ တကယ်ကိုပင် ကြောက်သွားခဲ့သည်။ သူ လှည့်ထွက်သွားဖို့ လုပ်သော်လည်း နောက်လှည့်လိုက်သောအခါ မျက်နှာ တစ်ခုနှင့် ဆုံလိုက်ရသည်။ ဝမ်ရှောက်ထျန်း အလွန်ထိတ်လန့်ပြီး ထွက်ပြေးခဲ့သည်။ ထိုမျက်နှာက ဝမ်ရှောက်ထျန်းအား မမြင်ရသလိုမျိုး ရှေ့ကို တောင့်တောင့်ကြီး ဆက်လျှောက်သွားနေသည်။

လီရွှယ်ရဲ့ မန္တန်စာရွက်က အလုပ်ဖြစ်သွားပြီဆိုသည်ကို ဝမ်ရှောက်ထျန်း သိလိုက်သည်။ သူ ရပ်လိုက်ပြီး ရင်ဘတ်ကို ဖိလိုက်ကာ အသက်ဝဝရှူသွင်းလိုက်သည်။ ဝမ်ရှောက်ထျန်းသည် ခုနက အရာဝတ္ထုကို ပြန်သတိရလိုက်သည်။ ထိုအရာက အလွန်မည်းနက်နေပြီး လည်ပင်းသေးသေး၊ ကြီးမားသော ခေါင်း၊ ကြီးမားသော မျက်လုံးဝိုင်းကြီးနှင့် ပါးစပ်ကြီးတစ်ခု ရှိလေသည်။ အခုမှ စဉ်းစားကြည့်တော့ ဂြိုလ်သား နှင့် အတော်လေးတူနေသည်။

"ခုနက အရာက ငါတို့ရှာနေတဲ့ အငြိုးကြီးတဲ့ သရဲများလား….။"

ဝမ်ရှောက်ထျန်း တီးတိုးပြောလိုက်သည်။

သူက သေဆုံးပြီးသူတွေ သရဲဖြစ်သောအခါ အသက်ရှင်စဉ်ကအတိုင်းပင် ပုံပန်းသဏ္ဌာန်က တူမည်ဟု အမြဲတွေးထင်ခဲ့သည်ဖြစ်ပြီး ခုနကထိတော့ လှပသော ကောင်မလေးတစ်ယောက်၏ ပုံရိပ်ကိုသာ စဉ်းစား နေခဲ့ခြင်းပင်။

"ထားလိုက်တော့၊ လီရွှယ်ကို မြန်မြန် ပြောပြရမယ်။"

ဝမ်ရှောက်ထျန်း၏ လက်က သူ၏ လည်ပင်းမှာရှိသည့် အဖြူရောင်ကျောက်ကို ထိလိုက်သည့် အချိန်မှာ ပင် လီရွှယ်က ချက်ချင်းရောက်လာခဲ့သည်။

ရုတ်တရက် ပေါ်လာသော လီရွှယ်ကို ဝမ်ရှောက်ထျန်းက မျက်လုံးပြူးကြီးနှင့် ကြည့်နေပြီး မယုံနိုင် အောင် ဖြစ်နေသည်။

လီရွှယ်က အလွန် စိုးရိမ်ပူပန်နေပြီး "ဘယ်မှာလဲ…." ဟု ထပ်ခါတလဲလဲ မေးနေခဲ့သည်။

ဝမ်ရှောက်ထျန်းက သူ့ရှေ့မှ မပျောက်သေးသည့် လေပွေ ဝဲဂယက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက် သည်။

"ခေါင်းကြီးကြီးနဲ့ သရဲတစ်ကောင် ပေါ်လာတယ်။ အဲဒီ လေပွေထဲကို ဝင်သွားတယ်ထင်တယ်….။"

လီရွှယ်က လေပွေ၏ မျက်နှာပေါ်က အံ့အားသင့်ဖွယ် အသွင်အပြင်ကို မြင်တော့ ချက်ချင်း ပင် ဝမ်ရှောက်ထျန်းကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။

"မြန်မြန်၊ နောက်ကျရင် ကျွန်မတို့ ဝင်လို့ရတော့မှာ မဟုတ်ဘူး…။"

သူတို့နှစ်ဦးသား လေဆင်နှာမောင်း၏ အလယ်ဗဟိုဆီသို့ ပြေးသွားခဲ့သည်။ ဝမ်ရှောက်ထျန်း၏ စိတ်ထဲ တွင် ဘာမှမရှိဘဲ လုံးဝ လွတ်နေခဲ့ပြီး ဘာတွေဖြစ်နေလဲဆိုသည်ကို သတိထားမိသည့်အချိန်တွင် သူတို့ လေပွေထဲကို ရောက်နှင့်နေခဲ့လေပြီ။

ဝမ်ရှောက်ထျန်း၏ စိတ်ကူးထဲမှ အာရုံထင်ယောင်ထင်မှားမှုက ကြီးကျယ်ခမ်းနားပြီး ကြွယ်ဝချမ်းသာ ရမည်။ ရုပ်ရှင်တွေထဲက ရှေးဟောင်းရဲတိုက်များ၊ စံအိမ်များကဲ့သို့ မဟုတ်လျင်တောင် ခမ်းနားထည်ဝါ နေရပေမည်။

သို့ပေမဲ့ အတွင်းထဲသို့ ရောက်သွားသည့်အခါ ဝမ်ရှောက်ထျန်းသည် ပျက်စီးယိုယွင်းနေသော ရွာလေး တစ်ရွာကို မြင်လိုက်ရသည်။ ပတ်ပတ်လည်တွင် မြူခိုးများ အလွှာလိုက် ဝန်းရံနေသည်သာ မရှိပါက သာမန် ကျေးလက်ရွာတစ်ရွာနှင့် သိပ်မကွာခြားလှပေ။

သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသေးသည်၊ သူတို့၏ နောက်ဘက်မှ လေချွန်သံတစ်ခုကို ကြားလိုက်ရသည်။ ကလေးတစ်ယောက်၏ လေချွန်သံက အဝေးကလာသလိုလို၊ ရှင်းလင်းပြတ်သား သလိုလို ဖြစ်နေသောကြောင့် ဝမ်ရှောက်ထျန်း ထိတ်လန့်သွားခဲ့သည်။

လီရွှယ်က သေသေချာချာ နားထောင်ပြီး

"မကြောက်ပါနဲ့။ အဲဒါ လေချွန်သရဲတစ်ကောင်ပါ။ တချို့ကလေးတွေရဲ့ ဝိညာဉ်ဖြစ်တယ်။ သူ့မှာက ထူးခြားတဲ့ စွမ်းရည်တွေ မရှိဘူး။ သူ့ပိုင်ရှင်ကို လေချွန်သံနဲ့ ဆွဲဆောင်ပြီး ပစ္စည်းတွေ ခိုးယူတယ်လို့ ဆိုကြတယ်။ လေချွန်သံကို သွားမရှာရင် ဘာမှမဖြစ်ပါဘူး"

ဟုပြောလိုက်သည်။

သူတို့နှစ်ယောက် ရှေ့ဆက်လျှောက်လာပြီး ခဏအကြာတွင် လေချွန်သံက ပျောက်ကွယ်သွား ခဲ့သည်။ ရုတ်တရက် ဝမ်ရှောက်ထျန်းက သူ့ရှေ့က မြေပြင်ကို လက်ညှိုးထိုးပြီး တုန်ယင်နေသာအသံဖြင့် ပြောလိုက်သည်။

"လီရွှယ်၊ ကြည့်ပါအုန်း….။"

All Chapters