ရှက်စရာအတိဖြစ်သော
Vol. 3 Ch. 26
မြေပြင်ပေါ်တွင် ကုန်းကုန်းကွကွဖြင့် ဝပ်နေသည့် ဝမ်ရှောက်ထျန်း၏ မျက်လုံးများက တောက်ပနေ သည်။ ကြောက်မက်ဖွယ် ယက္ခမိစ္ဆာသည် လီရွှယ်အား အရှုံးပေးလိုက်ရသည်ကို သူ သတိပြုမိလိုက် သည်။ ဆိုလိုသည်မှာ လီရွှယ်တွင် တစ်စုံတစ်ခုသော အဖိုးတန်ပစ္စည်းမျိုး ရှိရမည် ဖြစ်သည်။ သူ အလွန် မနာလိုဖြစ်မိသည်။ တခြားသူများတွင် ထိုသို့သော ရတနာများ ရှိနေသော်လည်း သူကမူ အရိပ်ထဲတွင် ပုန်းနေရပြီး အပြစ်ပေးခံရမည်ကို ကြောက်နေရသည်။
"မကောင်းတော့ဘူး…။"
အနက်ရောင်ဝတ်စုံနှင့်လူက အော်လိုက်သည်။
ဝဲနေသော ထူးဆန်းသောအခြားသရဲတစ်ကောင်သည် မမြင်နိုင်သည့် အရာတစ်ခုခုက တိုက်ခိုက်လိုက် သည့် အလား ကျယ်လောင်သော အော်သံကို ထုတ်လွှတ်လိုက်သည်။
အန္တရာယ်ကို အဆက်မပြတ် သတိပေးနေသော်လည်း အေးဆေးတည်ငြိမ်နေခဲ့သည့် အနက်ရောင်ဝတ်စုံ နှင့်လူ၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားသည်။
"ယက္ခမိစ္ဆာက မင်းအတွက်ပဲ။ ငါ ချက်ချင်း ပြန်လာခဲ့မယ်…။"
ထိုသို့ ပြောပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူသည် မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်သော အရှိန်ဖြင့် ထူထပ်သော မြူခိုးများထဲသို့ ပျောက်ကွယ်သွားသည်။
ဝမ်ရှောက်ထျန်း၏ ရင်ထဲတွင် တဒုတ်ဒုတ်ခုန်သွားသည်။
[ဤလူသည် ယုံကြည်စိတ်ချရသူ မဟုတ်ပါလား…။ အဘယ်ကြောင့် သူ တိုက်ပွဲကို တစ်ဝက်တစ်ပျက် စွန့်ခွါသွားရတာလဲ…။]
ကံကောင်းစွာဖြင့် လီရွှယ်သည် စိတ်ကို တည်ငြိမ်စွာ ထားနိုင်ဆဲဖြစ်သည်။ ဒေါက်ဖိနပ် စီးထားသော် လည်း သူမသည် မယုံနိင်ဖွယ်ကောင်းလောက်အောင် လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားသည်။ သူမ၏ ဂျင်းဘောင်းဘီ၊ ရှည်လျားပြီး လှပသော ခြေတံတို့သည် ယက္ခမိစ္ဆာကို ပြင်းထန်ပြီး အေးစက်သော လေနှင့် ရိုက်ခတ်လိုက်ရာ ထိုအရှိန်သည် ဝမ်ရှောက်ထျန်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်တက်သွား စေသည်။
အမှန်စင်စစ်၊ အမျိုးသမီးတစ်ဦးသည် လှပလေလေ၊ အန္တရာယ်ပိုများလေဖြစ်သည်။
သို့သော် လီရွှယ်၏ စွမ်းရည်များသည် ဝမ်ရှောက်ထျန်းအား မျှော်လင့်ချက် ပေးခဲ့သည်။ သူသည် အလှ ဆင်မီးချောင်းတစ်ခုကို ဆုပ်ကိုင်ကာ သူမကို အားပေးရင်း ထိုရုပ်ဆိုးသော သတ္တဝါကို အမြန်ဆုံး အနိုင် ယူစေချင်နေသည်။
"လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး၊ ဖြစ်ပါစေ…။"
ဟူ၍ လီရွှယ်က အော်ဟစ်လိုက်ရာ သူမ၏ လက်ထဲမှ အဝါရောင် အဆောင်စာရွက်သည် မီးမပါဘဲ လောင်ကျွမ်းသွားပြီး ယက္ခမိစ္ဆာကို မိုးကြိုးများက ဝါးမြိုသွားသည်။
ယက္ခမိစ္ဆာသည် နားကွဲလုနီးပါး အော်ဟစ်လိုက်ရာ ၎င်း၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးဆိုးကြီး ဖြစ်လာ သည်။ အလွန်ရုပ်ဆိုးနေပြီးသားဖြစ်ရာ ပို၍ စက်ဆုပ်ဖွယ်ကောင်းလာသော်လည်း ဝမ်ရှောက်ထျန်းကမူ မတုန်လှုပ်ပေ။
သူသည် အိမ်အရောက်ပို့ဆိုင်တွင် နေသရွေ့ ပတ်ပတ်လည်တွင် ပုန်းအောင်းနေသော အန္တရာယ်များ ဝိုင်းနေလိမ့်မည်ကို သိသည်။ ရှင်သန်မှု စွမ်းရည်အချို့ကို သင်ယူရန်မှာ အမှန်တကယ် ဦးစားပေး ကိစ္စ သာဖြစ်သည်။
ဝမ်ရှောက်ထျန်းသည် မနာလိုစိတ်ဖြင့် ကြည့်နေသည်။ လီရွှယ်တွင် အဖိုးတန်ပစ္စည်း အမျိုးမျိုး ရှိ နေသည်။ အသက်ကယ်နိုင်သော အဖိုးတန် ရတနာများပင်။
"ကလပ် ကလပ်..."
လီရွှယ်က သူမ၏ ဂိမ်းတွင် အာရုံစိုက်နေချိန်၊ ဝမ်ရှောက်ထျန်းက စိတ်ဝင်တစား ကြည့်နေစဉ်၊ သူ၏ နောက်ဘက်မှ အသံ သဲ့သဲ့ တစ်သံ ထွက်ပေါ်လာပြီး ပို၍ နီးကပ်လာသည်။
အစပိုင်းတွင် ဝမ်ရှောက်ထျန်း သတိမထားမိသော်လည်း ကြည့်နေရင်းနှင့် သူ၏ ကျောရိုးတစ်လျှောက် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် မလှုပ်ရှားနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့မျက်နှာရှေ့တွင် ထူထဲသောဆံပင်များကို မြင်လိုက်ရသည်။
ချောမွေ့သော၊ အနက်ရောင် ဆံပင်သည် သူ၏ နှာခေါင်းနှင့် တစ်ပေသာ ကွာဝေးသည်။ ဝမ်ရှောက်ထျန်း သည် ဆံပင်နံ့ကို ရှင်းရှင်းလင်းလင်း ရနိုင်သည် ပုပ်သိုးနေသောအနံ့သည် ပြင်းထန်လှသည် ။ ဤအနံ့က သူသည် စိတ်ကူးယဉ် ဆုံတွေ့မှုတစ်ခု မဟုတ်ဘဲ အန္တရာယ်ထဲတွင် ရှိနေကြောင်း အတည်ပြုပေးလိုက် သည်။
ဝမ်ရှောက်ထျန်း၏ ရင်ထဲ ထိတ်လန့်သွားသည်။ အခြားသူများ လရောင်အောက်တွင် ရိုမန်းတစ် အချစ် ဇာတ်လမ်းများကို တွေ့ကြုံရချိန်တွင် သူကမူ လက်စားချေသော သရဲတစ်ကောင်က သူ၏ အသက်ကို တောင်းဆိုနေသည်ကို မြင်နေရသည်။ သူ များများစားစား မမြင်ခဲ့ဖူးပါက မြေပြင်ပေါ် ဒူးထောက်ကာ ထိုသရဲမက "အောင်နိုင်သူ" သီချင်း သီဆိုနေလိမ့်မည်။
"လီရွှယ်... မင်း နောက်ထပ်ဘယ်လောက်ကြာကြာ တိုက်ခိုက်နေဦးမှာလဲ….။"
ဝမ်ရှောက်ထျန်းက တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
"ရက္ခမိစ္ဆာက အလွန် တိုက်ခိုက်ရခက်တယ်၊ ရှင်လာကူပေးမှရမယ်…။"
လီရွှယ်၏ စကားကို ကြားသောအခါ ဝမ်ရှောက်ထျန်းသည် ကျိန်စာများ ထောင်ချီ၍ သူ၏ စိတ်ထဲတွင် ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏ အစွမ်းထက်သော နတ်ဘုရားမသည် အတုအယောင် ဖြစ်ပြီး ကြာကြာ တိုက်ခိုက်နိုင်သူ မဟုတ်ပါလား။ ပြီးတော့ သူမက သူ့လို သာမန်လူတစ်ယောက်ကို အလျင်အမြန် ကူညီရန် လိုချင်နေသည်။
"ဟာကွာ….၊ ငါ လုပ်နိုင်ရင် မင်းကို မေးစရာ မလိုဘူး၊ ဒီဘက်မှာ နောက်တစ်ကောင် ရှိသေးတယ်ဟ…။"
မြေပြင်ပေါ် ကုန်းကုန်းကွကွဖြင့် ထိုင်နေသည့် ဝမ်ရှောက်ထျန်းသည် လှုပ်ရှားရဲခြင်း မရှိဘဲ အော်လိုက် သည်။
သူသည် လုံးဝ ကာကွယ်မှုမဲ့နေကြောင်း သိလိုက်ပြီး၊
[ရန်သူ မလှုပ်ရှားလျှင် ငါ မလှုပ်ရှား၊ မဟုတ်ရင် ငါ့အသက်အတွက် ပြေးမယ်]
ဟူသော မူကိုသာ ထိန်းသိမ်းထားနိုင်ပေသည်။
"ငါ့ကို ကူညီပါဦး၊ ငါ့ခေါင်းကို ရှာမတွေ့ဘူး…။"
ဝမ်ရှောက်ထျန်း၏ နားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော၊ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ် လာသည်။ သူ၏ ရှေ့တွင် စိမ်းစိုသော ဆံပင်များ ရှိနေသည်။ သူ၏ နောက်တွင် မည်သည့် သရဲသတ္တဝါ ပုန်းအောင်းနေသနည်း။ သူ မသိပါ။ ပြီးတော့ ဘယ်ဘက်နားမှ သူ၏ နားထဲသို့ လေအေးများ တစ်ချက် တစ်ချက်မှုတ်သွင်း နေတာကဘာကြီးလဲ..။
ဝမ်ရှောက်ထျန်းသည် သူ၏ ကြောက်ရွံ့မှုကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ သူသည် သရဲများစွာ ကို မြင်ဖူးသော်လည်း ဤတစ်ကောင်က ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ရင်တုန်စရာ ကောင်းလာသည်။ သူ၏ နှလုံးသားက လက်မခံနိုင်တော့…..။
ကြောက်လန့်တကြားဖြင့် ဝမ်ရှောက်ထျန်းသည် မျောက်တစ်ကောင်ကဲ့သို့ ခုန်ထွက်လာပြီး လေထဲသို့ မြင့်မားစွာ ခုန်တက်ကာ အသက်လု ထွက်ပြေးပြီး လီရွှယ်၏ နောက်တွင် ပုန်းရန် ကြိုးစားလိုက်သည်။ သို့သော် သူသည် ယက္ခမိစ္ဆာကြောင့် လီရွှယ်သည် နောက်သို့ အသည်းသန်ဆုတ်ရင်း ခုခံနေရသည်ကို တွေ့လိုက်ရသည်။
အခြားသူများထံမှ အကူအညီ တောင်းခံခြင်းသည် ယုံကြည်စိတ်ချရမှု မရှိ။ သူသည် ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကယ်တော်မူကြပါ…။"
ဝမ်ရှောက်ထျန်းသည် လက်များ ဆန့်တန်းကာ အော်ဟစ်ပြေးလွှားနေသည်။ သူ ခုန်လိုက်သည့် အရှိန် ကြောင့် ဖြစ်စေ၊ ဆံပင်ရှည် သရဲက သူ့ကို တမင် လန့်အောင်လုပ်ရန် ကြိုးစားနေခြင်းကြောင့် ဖြစ်စေ၊ ဝမ်ရှောက်ထျန်းသည် အနက်ရောင် ဆံပင်၏နောက်မှ မျက်နှာကို တစ်ချက် မြင်လိုက်ရသည်။
သူ၏ မျက်နှာသည် သွေးများ ဗရပွဖြစ်နေပြီး တစ်စုံတစ်ယောက်က သူ့အရေခွံကို ခွာချထားသလို ဖြစ်နေသည်။ ပိုဆိုးသည်မှာ သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် တခြားစီဖြစ်နေပြီး ဦးခေါင်းက လေထဲ တွင် တွဲလောင်းကျနေကာ ခန္ဓာကိုယ်က ၎င်းကို ဆက်လက် ရှာဖွေနေခြင်း ဖြစ်သည်။ သူ၏ ရဲစွမ်း သတ္တိကို ဂုဏ်ယူနေသည့် ဝမ်ရှောက်ထျန်းပင် ထိတ်လန့်သွားပြီး သူ၏ ခြေထောက်များ တုန်ယင်လာ သည်။
ယခု သူလုပ်နိုင်သည်မှာ ပြေးရန်သာ….။
ဝမ်ရှောက်ထျန်းသည် လေကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်။
"မပြေးနဲ့…။ ဝမ်ရှောက်ထျန်း… ရပ်လိုက်။"
မိစ္ဆာ၏ တိုက်ခိုက်မှုကို အနီးကပ် ရှောင်တိမ်းလိုက်ရသော လီရွှယ်သည် ဝမ်ရှောက်ထျန်းအား ပြတ်သား စွာ သတိပေးလိုက်သည်။
သူ၏ နာမည်သည် တိတ်ဆိတ်မှုကို ဖြတ်၍ ထွက်ပေါ်လာသည်ကို ကြားသောအခါ ဝမ်ရှောက်ထျန်းက စိတ်ထဲမှ တွေးလိုက်သည်။
*ငါတော့ သွားပြီထင်ပါတယ်…*
ဘယ်သူက သူ့ကို သတိပေးခဲ့သည်ကို သူ မှတ်မိခြင်း မရှိသော်လည်း ထိုသတိပေးချက်သည် သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသည် - [မိစ္ဆာဝိညာဉ်များကို သူ၏ နာမည်ကို မသိစေရ။]
"ဝမ်ရှောက်ထျန်း၊ ငါ့ကို ကြည့်ပါ…"
"ဝမ်ရှောက်ထျန်း၊ ငါ့ မျက်လုံးတွေ ရှာပေးပါ…"
ရှုပ်ထွေးနေသော အသံများသည် သူ၏ နားထဲသို့ ဝင်လာသည့် နတ်ဆိုးများ၏ သီဆိုသံများလို ဖြစ်နေ သည်။ ဝမ်ရှောက်ထျန်း ထိတ်လန့်သွားသည်။ သူသည် လမ်း၏ ဘေးနှစ်ဖက်မှ လူများစွာက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သို့တည်းမဟုတ် လူများမဟုတ်၊ သရဲများသာ။
သာမန် သရဲများသည် သေလောက်အောင် ဖြူဖျော့နေသော်လည်း ဤကြောက်မက်ဖွယ် သရဲများသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိပြီး နီမြန်းသော အသားအရေများ ရှိကြသည်။ ၎င်းတို့သည် ဝမ်ရှောက်ထျန်း ကို အရသာရှိသော အစားအစာတစ်ခုကဲ့သို့ စိုက်ကြည့်နေကြသည်။ အချို့၏ အသားများသည် ပုပ်ပွနေ ပြီး ခြောက်သွေ့သော အရိုးများသာ ကျန်ရှိသည်။
ဤသရဲများ တုတ်ခိုင်ကျန်းမာစေရန် သူတို့သည် လူမည်မျှကို စားသုံးရမည်နည်း။
ဝမ်ရှောက်ထျန်းကို ပို၍ စိုးရိမ်စေသည်မှာ လီရွှယ်ကို စိုက်ကြည့်နေခဲ့သော သရဲများအားလုံးသည် ယခု သူ့ဘက်သို့ လှည့်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက ထူးဆန်းသော အပြုံးများကို ထုတ်ဖော်နေ ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ပုံပန်းသဏ္ဌာန် လုံးဝမပျက်ဘဲ ဝမ်ရှောက်ထျန်းကို လက်ယပ် ခေါ်နေကြသည်။
ဝမ်ရှောက်ထျန်းသည် ကျောထဲမှ စိမ့်ခနဲ ခံစားလိုက်ရပြီး၊ ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေ ရသကဲ့သို့ ခံစားလိုက်ရသည်။
ရုတ်တရက် ဝမ်ရှောက်ထျန်းသည် သူ၏ ခြေထောက်သည် တစ်စုံတစ်ခုအား တက်နင်းမိလိုက်သလို ခံစားလိုက်ရပြီး ချော်လဲကာ မျက်နှာနှင့် လဲကျသွားသည်။ သူ ရုန်းကန်၍ ထရပ်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သောအခါ လမ်းဘေးမှ သူ့ဆီသို့ ထူးဆန်းသော သတ္တဝါတစ်ကောင် တွားသွား၍ လာနေသည်ကို မြင်လိုက်ရသည်။
ထိုသတ္တဝါတွင် လက်ငါးချောင်း သို့မဟုတ် ခြောက်ချောင်း နှင့် ခြေထောက် လေးချောင်း သို့မဟုတ် ငါးချောင်း၊ လူမျက်နှာ ရှိပြီး ၎င်း၏ လက်နှင့် ခြေထောက်များသည် တစ်ခုနှင့်တစ်ခု ဆက်နေသည်။ ဝမ်ရှောက်ထျန်းသည် ချုပ်ရိုးဒဏ်ရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုမိစ္ဆာသည် ပင့်ကူ တစ်ကောင်လို မြေပြင်ပေါ်တွင် တွားသွားနေပြီး မြေလမ်းပေါ်တွင် ၎င်း၏ကိုယ်မှ အနံ့ဆိုးထွက်သော အရည်များက လမ်းပေါ်တွင် စွန်းထင်ကျန်ရစ်ခဲ့သည်။
ဝမ်ရှောက်ထျန်း အန်ထွက်လုနီးပါး ဖြစ်သွားသည်။
"အား….။"
ဝမ်ရှောက်ထျန်း လှဲကျရာမှ ထရပ်နေစဉ် သူ၏ နောက်ဘက်မှ လီရွှယ်၏ အော်သံကို ကြားလိုက်ရ သည်။
သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ လီရွှယ်သည် ယက္ခမိစ္ဆာက ကိုက်ပေါက်ပစ်လိုက်၍ မြေပြင် ပေါ် ပြင်းထန် စွာ ကျရောက်နေသည်ကို မြင်လိုက်ရသည်။ လမ်း၏ ဘေးနှစ်ဖက်ရှိ မိစ္ဆာများသည် လီရွှယ်အား ဝိုင်းရံကာ ရှေ့သို့ ပြေးလာကြသည်။
*ဒုက္ခပဲ…။*
*ဒါ အခြေအနေ မကောင်းဘူး*
ဝမ်ရှောက်ထျန်း စိတ်ထဲမှ တွေးလိုက်သည်။
လီရွှယ်သည် သူ၏ တစ်ဦးတည်းသော အားကိုးရသူ ဖြစ်သည်။ ယခု သူမ ကျသွားပြီဖြစ်ရာ သူအခု အသက်ရှင်နိုင်ဦးမှာလား…။
အလိုအလျောက်ပင် ဝမ်ရှောက်ထျန်း ထွက်ပြေးချင်ခဲ့သည်။
သူသည် ကြိုးစားပြီး ထရပ်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် တုံ့ဆိုင်းသွားသည်။ လီရွှယ်သည် သူ့အား ကယ်တင်ခဲ့သူဖြစ်ပြီး ယခု သူမသည် အန္တရာယ်နှင့်ကြုံနေလေပြီ။
သူသည် ယောက်ျားတစ်ယောက် ဖြစ်နေပြီး မိန်းကလေးတစ်ဦးကို စွန့်ပစ်ခဲ့ကာ သူ၏ အသက် ရှင်သန်ရန် အတွက်နှင့် ထွက်ပြေးနိုင်ပါမည်လား….။