မင်းအတွက် နေရာမရှိဘူး
Vol. 3 Ch. 32
"အဘွားကြီး၊ သူများကိစ္စ ဝင်မပါနဲ့…။"
ယာဉ်မောင်းသည် လေသံမာမာဖြင့် ပြောပြီး နောက်ကြည့်မှန်မှတစ်ဆင့် ထိုင်ခုံပေါ်ရှိ ဝမ်ရှောက်ထျန်း ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ကြေးခေါင်းလောင်းများကဲ့သို့ ကြီးမားနေပြီး လောဘဖြင့် ပြည့်နေသည်။
ဝမ်ရှောက်ထျန်းသည် ယာဉ်မောင်း၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း ဟောင်ထျန်းထျန်းကမူ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ သူမသည် ဝမ်ရှောက်ထျန်း၏ လက်မောင်းကို ဆွဲကာ၊ စကားသံ တိုးတိုး ဖြင့် ပြောလိုက်သည်။
"ရှောက်ထျန်းအစ်ကို..."
"မကြောက်ပါနဲ့"။
ထိုမိန်းကလေးငယ်၏ ကြောက်လန့်နေသော လေသံကို ကြားလိုက်ရသည့်အခါ ဝမ်ရှောက်ထျန်းသည် အဘွားကြီးတစ်ဦးနှင့် စကားများနေ၍ မဖြစ်ကြောင်း ခံစားလိုက်ရသည်။ ကလေးမက ဘယ်လောက် တောင် ကြောက်နေပြီလဲမသိပေ။
သက်ကြီးရွယ်အိုများကို ရိုသေလေးစားခြင်းနှင့် ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းသည် ကောင်းသော စာရိတ္တများ ဖြစ်သည်။ သူသည်လည်း တစ်နေကုန် ပင်ပန်းလာ၍ အနားယူချင်ရုံသာ။
ဝမ်ရှောက်ထျန်းသည် ရိုးသားပြီး ကြင်နာတတ်သော လူတစ်ဦး ဖြစ်သည်။ သူသည် လမ်းပေါ်ရှိ အဘွား ကြီးများကို လမ်းဖြတ်ကူးရန် ကူညီပေးလေ့ရှိသော်လည်း၊ မြေပြင်ပေါ် လဲကျနေသော အဘိုးကြီးများ ကိုမူ မည်သူကမျှ ကူညီရဲခြင်း မရှိ။
ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ဤကိစ္စတွင်ဝင်ပါသော အဘွားကြီးကို စိတ်မဆိုးဘဲ၊ သူမကို ကြင်နာ စွာ ပြောလိုက်သည်။
"ယာဉ်မောင်းအစ်ကိုကြီး ၊ စိတ်မပူပါနဲ့၊ ကျွန်တော် အဘွားကို သေချာရှင်းပြလိုက်ပါ့မယ်…။"
"မင်း ဆင်းမှာလား မဆင်းဘူးလား"
ဟု အဘွားကြီးက ခြိမ်းခြောက်သည့်လေသံဖြင့် မေးလိုက်သည်။
ဝမ်ရှောက်ထျန်းသည် ပြုံးရယ်ကာ
"အဘွား၊ ကြည့်ပါဦး၊ ဒီမှာ ဘယ်သူမှ မထိုင်ဘူး။ တစ်ယောက်ယောက် ထိုင်မယ်ဆိုရင် ကျွန်တော် သေချာပေါက် နေရာဖယ်ပေးမှာပါ။ တစ်နေကုန် ပင်ပန်းလာခဲ့တာမို့လို့ ခဏလောက် ထိုင်ပါရစေဦး နော်…."။
ကောင်းမှုကံသည် အကျိုးမပေးခဲ့ပေ။
အဘွားကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တစ်ခုခု ပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း၊ ကားထဲရှိ လူတိုင်းက သူမကို မနှစ်မြို့သော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူမသည် ပါးစပ်ကို ထပ်မံဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။
ဝမ်ရှောက်ထျန်းသည် မျက်နှာ ဖြူဖျော့ပြီး ဒေါသကြောင့် နှုတ်ခမ်းများ မီးခိုးရောင်ပြောင်းနေသော အဘွားကြီးကို ကြည့်ကာ သက်ပြင်းချမိသည်။ ဤအဘွားကြီးသည် အဘယ်ကြောင့် ဤမျှ ဒေါသကြီးရ သနည်း။ သူမကို ဒေါသထွက်လွန်း၍ သေစေမည်ကို သူ စိုးရိမ်မိနေသည်။ ဝမ်ရှောက်ထျန်းသည် ထိုင်ခုံ မှ ခုန်ထလိုက်သည်။
ဘတ်စ်ကားသည် လမ်းတစ်လျှောက်တွင် ယိမ်းထိုးနေသည်။ ဝမ်ရှောက်ထျန်းသည် ထိုင်ခုံမှ ခုန်ထလိုက် သည့် အချိန်တွင် ခြေချော်ပြီး လဲကျသွားကာ သူ့မျက်နှာသည် ရဲရဲနီသွားသည်။ သူသည် ရှက်ကိုးရှက် ကန်း အခြေအနေဖြင့် မတ်တပ်ပြန်ထရပ်လိုက်သည်။
သို့သော် သူသည် သူ့လက်များကို ထောက်၍ ထရပ်နေစဉ်တွင် တစ်ခုခု မှားနေသည်ကို ရုတ်တရက် သတိပြုမိသည်- ထိုင်ခုံများပေါ်တွင် ထိုင်နေသော လူများသည် မြေပြင်ကို အဘယ်ကြောင့် မထိဘဲ ရှိနေရသနည်း။
တစ်ယောက်စ နှစ်ယောက်စ ဆိုလျှင် နားလည်နိုင်သော်လည်း လူတိုင်းသည် ထိုအတိုင်းပင် ဖြစ်နေပြီး၊ ခြေဖျားထောက်၍ ရပ်နေကြသည်။ အချို့လူများတွင် ခြေချောင်းပင် မပါရှိပေ….။
ဝမ်ရှောက်ထျန်းသည် ထိတ်လန့်တကြား သူ့လျှာကို ကိုက်လိုက်သည်။ သူ့ပါးစပ်ထဲမှ သွေးအရသာက သူ့ကို အသိပြန်ဝင်လာစေသည်။ သူသည် မျက်လုံးကို တင်းတင်းမှိတ်လိုက်ပြီး မယုံကြည်နိုင်ဘဲ ပြန်ဖွင့် ကြည့်လိုက်သည်။ သူသည် လုံးဝ အမြင်မမှားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ကားထဲမှ လူများ အားလုံး သည် လူသားများ မဟုတ်ကြပေ…။
"သေပါပြီကွာ…"။
ဝမ်ရှောက်ထျန်းသည် ကျယ်လောင်စွာ ဆဲဆိုမိသည်။ သူ၏ ကံကြမ္မာသည် တကယ်ပင် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူသည် အန္တရာယ်တစ်ခုမှ လွတ်မြောက်ခဲ့ပြီး နောက်ထပ် အန္တရာယ်တစ်ခုသို့ ကျရောက်ခဲ့ရ လေသည်။ ဤဘတ်စ်ကားပေါ်ရှိ သရဲများအားလုံး ကံကြမ္မာဆိုးများနှင့် ကြုံတွေ့ရမည်လား။
"အစ်ကိုရှောက်ထျန်း၊ ဘာဖြစ်တာလဲ…။"
ဟု ဟောင်ထျန်းထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။
ထိုမိန်းကလေး၏ ချိုသာသောအသံသည် ဝမ်ရှောက်ထျန်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည် နိုးကြား လာစေသည်။ သူသည် မယုံနိုင်လောက်အောင် ကံဆိုးပြီး အမြဲတမ်း ကံမကောင်းမှုများနှင့် ကြုံတွေ့ နေရသည်ကို သိသောကြောင့် နာကျင်မှု ခံစားလိုက်ရသည်။ ယခု သူသည် ဟောင်ထျန်းထျန်းကိုပါ ဤ ပြဿနာထဲသို့ ဆွဲသွင်းမိခဲ့သည်။ ဤအပြစ်ကင်းသော မိန်းကလေးကို ထိုနေရာမှ ထွက်သွားနိုင်ရန် သူ တစ်ခုခု လုပ်ရမည်…။
"ဘာမှ မဖြစ်ပါဘူး၊ အဆင်ပြေပါတယ်…။"
ဝမ်ရှောက်ထျန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်အေးအေးထားကာ မတ်တပ်ရပ်လိုက်သည်။ ကားပေါ်ပါလာသည့် ခရီးသည်များ လူသားမဟုတ်ကြောင်း သူ သိရှိသွားသည်ကို ပြသရဲခြင်း မရှိပေ။
ဝမ်ရှောက်ထျန်းသည် ထိုင်ခုံများရှေ့တွင် ရပ်ကာ လက်ရန်းကို ဆုပ်ကိုင်ထားပြီး ဟောင်ထျန်းထျန်းကို ဆွဲထုတ်လိုက်ကာ ဟောင်ထျန်းထျန်း၏ လက်ဖဝါးပေါ်တွင် "သရဲ" ဟူသော စာလုံးကို တိတ်တဆိတ် ရေးလိုက်သည်။
သို့သော် ထိုမိန်းကလေးငယ်သည် သူမ၏ အခြေအနေ မည်မျှ အန္တရာယ်ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိဘဲ၊ သူမ၏ ကြီးမား၍ ဝိုင်းစက်နေသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ရှုပ်ထွေး သောအမူအရာဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် ဝမ်ရှောက်ထျန်းသည် ရှေ့တွင် ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်တစ်ခုကို မှုန်ဝါးစွာ မြင် လိုက်ရသည်။ ထိုမှတ်တိုင်တွင် လူနှစ်ဦးသည် မျက်နှာသေဖြင့် ဘတ်စ်ကားကို စောင့်ဆိုင်းနေကြသည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှောက်ထျန်း၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်- ကားတစ်စီးလုံး သရဲများနှင့် ပြည့်နေသည်။ သူ့အတွက် နေရာမရှိ ဟု အဘွားကြီး၏ မှတ်ချက်သည် သတိပေးချက် ဖြစ်နေမည်လား။
ဝမ်ရှောက်ထျန်းသည် သူ့ရှေ့ရှိ အဘွားကြီးကို အမှတ်မထင် ကြည့်လိုက်ပြီး သူမသည် ပို၍ ရင်းနှီးနေပုံ ရသည်ဟု ခံစားလိုက်ရသည်။ သူမသည် သူ ဆယ့်ငါးနှစ်သားအရွယ်က ဆီးနှင်းများထဲတွင် လမ်းဆုံ လမ်းခွ၌ သူ ကူညီပေးခဲ့သော အဘွားကြီး မဟုတ်ပါလား။
လူတိုင်းက လမ်းဆုံရှိ ကင်မရာများ ပျက်နေသည်၊ ထိုနေရာတွင် လဲကျနေသော အဘွားကြီးသည် ငွေညှစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု သူ့ကို သတိပေးခဲ့ကြသည်။
ဝမ်ရှောက်ထျန်းသည် တုံ့ဆိုင်းနေသည်။ သူသည် ငယ်စဉ်ကတည်းက ပိုက်ဆံမရှိဘဲ နေခဲ့ရသည်။(၁၅) နှစ်သားအရွယ်တွင် သူသည် နေ့စဉ် ဆာလောင်နေပြီး သူ့အိတ်ကပ်ထဲတွင် ယွမ်နှစ်ဆယ်သာ ရှိသည်။ ထိုပိုက်ဆံသည် တစ်လစာ ထမင်းစားစရိတ် ဖြစ်သည်။ သူသည် တစ်နေ့လျှင် ပေါင်မုန့်နှစ်လုံး စားရပြီး ဗိုက်မပြည့်ပေ။ ထပ်မံ ငွေညှစ်ခံရပါက သူ အစာငတ်သေဆုံးရလိမ့်မည်။
သို့သော် ဆီးနှင်းများထဲတွင် လဲကျနေပြီး မျက်နှာသည် ပြာနှမ်းနေသော အဘွားကြီးကို မြင်သောအခါ ဝမ်ရှောက်ထျန်းသည် ဤကဲ့သို့ ဆက်လက်ဖြစ်နေ၍ မဖြစ်ကြောင်း သိလိုက်သည်။ သူသည် သွားများ ကို စေ့ပြီး ခြေထောက်ကို နင်းလိုက်သည်။ သူ၏ ကျောင်းဝတ်စုံနှင့် ဂွမ်းထည့်ထားသော အင်္ကျီကို ချွတ် ကာ မြေပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် ဒူးထောက်ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
"အဘွား၊ ကျွန်တော်က ဆင်းရဲတဲ့ ကျောင်းသားပါ။ ကျွန်တော့်အိတ်ကပ်ထဲမှာ ယွမ်နှစ်ဆယ်ပဲ ရှိပါ တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လိမ်ညာဖို့ မကြိုးစားပါနဲ့နော်…။"
နောက်ပိုင်းတွင် အဘွားကြီးကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီး သူမကို ထပ်မံ မတွေ့တော့ပေ။
မကြာမီတွင် သူသည် ပညာသင်ဆုတစ်ခု ရရှိခဲ့သည်။ ချမ်းသာသော မိသားစုမှ ကျောင်းသားများ အတွက် အားကစားဖိနပ်တစ်ရံ၏ တန်ဖိုးသာ ရှိသော်လည်း၊ ၎င်းသည် သူ့ကို ရက်အနည်းငယ်ခြားတိုင်း အသားစားခွင့် ရရှိစေခဲ့သည်။
"အဘွား၊ အဲ့ဒါ အဘွားလား…။"
ဟု ဝမ်ရှောက်ထျန်းသည် သိပ်မပြောရဲဘဲ မေးခွန်းတစ်ခုသာ မေးလိုက်သည်။
သူမ၏ နဂါးခေါင်းပါသော တောင်ဝှေးကို မှီနေသော အဘွားကြီးသည် ပြန်မဖြေဘဲ ဝမ်ရှောက်ထျန်းကို စောင်းငဲ့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
"ဒီလောက်ငယ်တဲ့ အရွယ်မှာ ဒီထိုင်ခုံမှာ ထိုင်ပြီး ဘာလုပ်နေတာလဲ။ ထွက်သွား…။"
ဘတ်စ်ကားသည် ယိမ်းထိုးသွားပြီး ဘတ်စ်ကားမှတ်တိုင်တွင် ရပ်တန့်သွားသည်။ ဘတ်စ်ကားကို စောင့် ဆိုင်းနေသော လူနှစ်ဦးသည် ခြေလှမ်းများ လေးလံ နှေးကွေးစွာဖြင့် ဘတ်စ်ကားပေါ်သို့ တက်လာကြ သည်။ အဆစ်များ ပြဿနာရှိနေသကဲ့သို့ ဖြစ်သည်။
ဝမ်ရှောက်ထျန်းသည် တွန့်ဆုတ်မနေဘဲ ကားတံခါးဖွင့်သည့် အခွင့်အရေးကို ယူကာ ဟောင်ထျန်းထျန်း ကို ဆွဲခေါ်ပြီး သူမနှင့်အတူ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သို့သော် သူသည် သူမကို ဆွဲထုတ်၍ မရနိုင်ကြောင်း တွေ့လိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဟောင်ထျန်းထျန်းသည် အဘွားကြီး၏ ဆွဲထားခြင်းကို ခံနေရသည်။
"အဘွားလား…။"
ဟု ဝမ်ရှောက်ထျန်းက မေးလိုက်ပြီး ရုတ်တရက် သူ့နဖူးကို ရိုက်လိုက်သည်။ ဤအဘွားသည် သူတို့ နှင့်အတူ လိုက်လာချင်ပါသလား။ အဘွား၏ အထူးသတိပေးချက်ကို ကျေးဇူးတင်သောအားဖြင့် ဝမ်ရှောက်ထျန်းသည် သတ္တိကို မွေးကာ သစ်သားခြောက်ကဲ့သို့ အေးစက်နေသော အဘွား၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ဝမ်ရှောက်ထျန်းသည် အလွန်အမင်း ကြောက်လန့်သွားပြီး တုန်လှုပ်သွားသည်။
အဘွားကြီးက စကားပြောလိုက်သည်။
"ထွက်သွား….။ မင်း ထွက်သွားလို့ရတယ်၊ ဒါပေမဲ့ သူ မသွားရဘူး…။"
"ပြဿနာမရှာပါနဲ့ အဘွားရယ်…။"
ဝမ်ရှောက်ထျန်းသည် အလွန်အမင်း စိုးရိမ်နေသည်။ ကားထဲရှိ သရဲများ အားလုံး တိုက်ခိုက်လာမည်ကို သူ စိုးရိမ်နေသည်။ ယခုသည် အချိန်နှင့်အပြေးပြိုင်ရမည့် အချိန်ဖြစ်ပြီး သရဲများ တုံ့ပြန်မှု မပြုမီ သူ ထွက်ပြေးရန် လိုအပ်သည်။
သို့သော် အဘွားကြီးသည် အတော်လေး ခေါင်းမာနေပြီး ဝမ်ရှောက်ထျန်းတွင် ရွေးချယ်စရာ မရှိပေ။ သူသည် ဘတ်စ်ကားမှတ်တိုင်ကို ကြည့်လိုက်ပြီး သရဲနှစ်ကောင်သည် ကားပေါ်သို့ ရောက်နေပြီကို မြင်လိုက်ရသည်။ ယာဉ်မောင်းသည် နောက်ကြည့်မှန်မှတစ်ဆင့် အေးစက်၍ အဆိပ်သင့်နေသော မျက်လုံးများဖြင့် သူတို့အား ကြည့်နေသည်။
"ဖြစ်ချင်ရာဖြစ်ကွာ…။"
ဝမ်ရှောက်ထျန်းသည် အဘွားကြီး၏ ကြိမ်လုံးကို ဖမ်းဆုပ်ပြီး လွှင့်ပစ်လိုက်သည်။ အဘွားကြီး ခေတ္တမျှ ထိတ်လန့်သွားသည့် အခွင့်အရေးကိုယူကာ ဟောင်ထျန်းထျန်းကို ဆွဲခေါ်ပြီး ကားတံခါးဆီသို့ အလျင် အမြန် ပြေးသွားသည်။
ယာဉ်မောင်းသည် သူတို့ ဆင်းသွားခြင်းကို လုံးဝ မလိုချင်ပေ။ သူသည် တံခါးများပိတ်ရန် ခလုတ်ကို နှိပ်လိုက်စဉ်တွင် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ပြေး….။"
ဟု ဝမ်ရှောက်ထျန်းသည် အော်ဟစ်လိုက်ပြီး ဟောင်ထျန်းထျန်းကို အားကုန်သုံး၍ တွန်းထုတ်လိုက် သည်။
ဟောင်ထျန်းထျန်းသည် ကားပေါ်မှ ချောချောမွေ့မွေ့ ဆင်းသွားနိုင်ခဲ့သော်လည်း ဝမ်ရှောက်ထျန်းသည် နောက်ကျသွားသည်။ သူသည် ကားတံခါးတွင် ပိတ်မိသွားပြီး သူ၏ မျက်နှာသည် ရှုံ့မဲ့သွားသည်။
ဝမ်ရှောက်ထျန်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ သူသည် သူ့ကိုယ်သူ လူပျိုစင်စစ် ဖြစ်နေသေး သည်ကို ရုတ်တရက် သတိရသွားသည်။ ထို့ကြောင့် သူ၏လျှာကို ကိုက်လိုက်ပြီး ယာဉ်မောင်းအား တံတွေးဖြင့်ထွေးလိုက်ရာ သွေးများ ရောနှောနေသော တံတွေးများသည် ယာဉ်မောင်း၏ မျက်နှာပေါ်သို့ စင်သွားသည်။
'ရှဲ..' ကနဲဟူသော အသံနှင့်အတူ ဆီပူထဲသို့ ရေတစ်စက် ကျသွားသကဲ့သို့ ဖြစ်သွားသည်။