ချက်ချင်း ပျောက်ကွယ်ခြင်း
Vol. 4 Ch. 34
ဧကရာဇ်ငါးပါးဒင်္ဂါးများကို ကိုင်ထားရင်း ဝမ်ရှောက်ထျန်းသည် ယုံကြည်မှုများ တိုးပွားလာသည် ကို ခံစားလိုက်ရသည်။
ဤဒင်္ဂါးငါးပြားကို အနီရောင်ချည်ကြိုးဖြင့် သီထားပြီး လူပေါင်းထောင်ချီ၏ လက်ထဲမှ ဖြတ်သန်းလာခဲ့ ကာ ရာပေါင်းများစွာသောအိမ်ထောင်စုများ၏ ကောင်းသောစွမ်းအင်များကို စုဆောင်းထားသည်။ ၎င်း တို့သည် မကောင်းဆိုးဝါးနှင့် သရဲတစ္ဆေများကို ကာကွယ်ခြင်း၊ မကောင်းသော လွှမ်းမိုးမှုများကို ဖယ်ရှား ခြင်း၊ လူဆိုးများ ရန်မှ အကာအကွယ်ပေးခြင်းနှင့် ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးနိုင်သောကြောင့် အသက်ကယ် အဆောင်ပစ္စည်းတစ်ခုဟု ယူဆ၍ရနိုင်သည်။
ဧကရာဇ်ငါးပါးဒင်္ဂါးများကို လက်ထဲတွင် ကိုင်ထားခြင်းဖြင့် ဝမ်ရှောက်ထျန်း၏ ယုံကြည်မှုသည် အမြင့် ဆုံးသို့ ရောက်ရှိသွားသည်။ ထိုဒင်္ဂါးများသည် ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ စွမ်းအင်များကို စုဆောင်းထားသည့်အပြင် မိသားစုအားလုံးကြား လည်ပတ်နေသော စည်းစိမ်ဥစ္စာများကိုပါ စုဆောင်း ထားသည့်အတွက် စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်နေလေပြီ။
ပို၍ အရေးကြီးသည်မှာ ၎င်းဒင်္ဂါးများသည် ဧကရာဇ်မင်းတစ်ပါး၏ ဘုန်းတန်ခိုးနှင့် နိုင်ငံတော်၏ နတ်ဘုရား စွမ်းအင်ကိုပါ ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဘုရင့်အာဏာသည် ဘုရား သခင်၏ အမိန့်တော်အရ ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးရှိ နတ်ဘုရားများနှင့် နန်းဓလေ့အတိုင်း ဆက်သွယ်နိုင်ခဲ့သည်။
ဧကရာဇ်ငါးပါးဒင်္ဂါးများသည် ဧကရာဇ်တစ်ပါး၏ ဩဇာအာဏာနှင့် တရုတ်ပြည်၏ နတ်ဝိညာဉ်ကို ထင်ဟပ်စေသည်။ သူ့ရှေ့မှ မိစ္ဆာကလေးလောက်ကို ပြောနေစရာပင်မလို။ ယခုချိန် သူ့အား သရဲရွာ ထဲသို့ ပြန်ပစ်ချလိုက်လျှင်ပင် သူ လုံးဝ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။
"ဒီကို လာလိုက်စမ်းပါ…။"
ဝမ်ရှောက်ထျန်းသည် မြေပြင်ပေါ်ရှိ သရဲမအား သူ့လက်ချောင်းဖြင့် မာန်မာနကြီးစွာ ခေါ်လိုက်ပြီး၊ သူ၏ မျက်နှာသည် ပျော်ရွှင်ဝင့်ကြွားမှုဖြင့် ပြည့်နေသည်။
ဧကရာဇ်ငါးပါးဒင်္ဂါးများသည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် အလင်းအနည်းငယ်ကို ထုတ် လွှတ်နေလေသည်။ အကယ်၍ ကျွမ်းကျင်သူတစ်ဦးသာ ဤနေရာတွင် ရှိနေပါက ဝမ်ရှောက်ထျန်း၏ လက်ထဲမှ ဧကရာဇ်ငါးပါးဒင်္ဂါးများသည် ထူးခြားပြီး ရှေးပဝေသဏီကတည်းက မွန်မြတ်သူများက မကောင်းဆိုးဝါးများကို နှိမ်နင်းရန် အသုံးပြုခဲ့သည့် ရတနာဖြစ်ကြောင်း သေချာပေါက် သိရှိမည်ပင် ဖြစ်သည်။
'ဝါးးးး။'
ထိုသရဲမသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏ ချွန်ထက်သော လက်သည်းများသည် ကွန်ကရစ်လမ်း ပေါ်တွင် နက်ရှိုင်းသော အမှတ်အသားများကို ချန်ထားခဲ့သည်။
ဝမ်ရှောက်ထျန်းသည် တုန်လှုပ်မိသည်။ ဤသရဲမသည် ရာစုနှစ်များစွာကြာအောင် လက်သည်းမညှပ်ဘဲ နေခဲ့သည်လား။ ဝုလ်ဗရင်း ၏ သရဲဗားရှင်းလား။ သူမ၏ လက်သည်းများကို ဝှေ့ယမ်းလိုက်ပါက သူ သည် အရေပြားများပြဲပြီး အရိုးများ ပေါ်ထွက်လာမည် မဟုတ်လား။
ကွန်ကရစ်လမ်းပေါ်ရှိ တစ်ဆယ်စင်တီမီတာခန့် ရှည်လျားနက်ရှိုင်းသော လက်သည်းရာများကို ကြည့် နေရင်း ဝမ်ရှောက်ထျန်း သည် သူ၏ အရိုးများပင် ဤလက်သည်းဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု တွေးလိုက်မိသည်။
ဤအရာက ဝမ်ရှောက်ထျန်းကို ကြောက်လန့်စေသည်။ ထိုသရဲမ၏ ကြောက်မက်ဖွယ် ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူ၏လက်ထဲရှိ ဧကရာဇ်ငါးပါးဒင်္ဂါးများကို သူမ မကြောက်ရွံ့ခြင်းလား။ သို့မဟုတ် သူသည် သာမန်လူတစ်ဦးသာဖြစ်၍ ထိုကဲ့သို့သော စိတ်ဝိညာဉ်ပစ္စည်းကို အသုံးမပြုနိုင်ခြင်း ကြောင့် များလား။
"ဂါး….၊ ငါနဲ့အတူ အိမ်လိုက်ခဲ့၊ မင်းကို တစ်ပိုင်းချင်းစီ ဝါးစားပစ်မယ်…။"
ထိုသရဲမ၏ အသံသည် သံချေးတက်နေသော လွှစက်ဖြင့် သစ်သားကို ခွဲနေသည့်အသံကဲ့သို့ ဖြစ်နေပြီး၊ စကားလုံးတိုင်းသည် ထူးဆန်း၍ ရည်ရွယ်ချက်ရှိသော လေသံဖြင့် ပြောဆိုနေသည်က ကျောရိုးတစ် လျှောက် အေးစိမ့်စေပြီး ကြားရသူကို တုန်လှုပ်ခြောက်ခြားစေသည်။
ဝမ်ရှောက်ထျန်းသည် တောက်ပနေသော ဧကရာဇ်ငါးပါးဒင်္ဂါးများကို မပိုင်ဆိုင်ထားပါက သူသည် ခြေထောက်များ အားပျော့ပြီး မြေပေါ်တွင် ဒူးထောက်လဲကျသွားလောက်အောင် ကြောက်လန့်နေ ပေလိမ့်မည်။
သွားရည်ကျနေသော ထိုမိန်းမသရဲသည် ဝမ်ရှောက်ထျန်းကို လွှတ်ပေးချင်ပုံ မရပေ။ ဤစားသောက် ပွဲသည် သူမ မမြင်ဖူး မကြားဖူးသော အရာတစ်ခု ဖြစ်သည်။ ဤလူကို စားနိုင်ပါက သူမသည် မြောင်းထဲ ရှိ ကြွက်တစ်ကောင်ကဲ့သို့ ထပ်မံ ပုန်းအောင်းနေစရာ မလိုတော့ပေ။
"ဟီး..ဟီး…ဟီး…၊အစ်ကိုရှောက်ထျန်း ကျွန်မနဲ့ ဆော့ပါလား…။"
ဤအသံကို ကြားလိုက်ရသည့်အခါ ဝမ်ရှောက်ထျန်းသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ကြောက်ရွံ့မှုဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် သူ၏လက်ထဲမှ ဧကရာဇ်ငါးပါးဒင်္ဂါးများသည် သူ့အား သတ္တိရှိစေခဲ့၏။
သူ မကြောက်ရွံ့သည် မဟုတ်။ သို့သော် ဤအချိန်တွင် ကြောက်ရွံ့နေခြင်းက အကျိုးရှိမည် မဟုတ်ပေ။
ဝမ်ရှောက်ထျန်း ကလေးဘဝကတည်းက သူ့ဇာတိမြို့မှ အသက်ကြီးသူများ ပြောပြသော ထူးဆန်းသည့် ပုံပြင်များကို မကြာခဏ ကြားခဲ့ရသည်။ သူတို့ပြောသည်မှာ သရဲနှင့် မိစ္ဆာများကို မကြောက်ရွံ့ရ။ မိမိ၏ ကြောက်ရွံ့ မှုကို ပြသလိုက်သည်နှင့် ယန်စွမ်းအင် ဆုံးရှုံးသွားပြီး သရဲနှင့် မိစ္ဆာများသည် ထိုအားနည်း သော ယန်စွမ်းအင်ကို အခွင့်ကောင်းယူကာ ဝင်ပူးနိုင်သည်။
သရဲများသည် ဆိုးသွမ်းသောသူများကို ကြောက်ရွံ့သည်ဟု ဆိုသည်။ လူတစ်ဦးသည် ပိုမို အစွမ်းထက် လေ၊ သရဲနှင့် မိစ္ဆာများသည် သူတို့ထံ ချဉ်းကပ်ရန် အခွင့်အရေးနည်းလေ ဖြစ်သည်။ ရှေးခေတ်က ကွပ်မျက်သူများ ကဲ့သို့ပင်။
"လာစမ်း…၊ သတ္တိရှိရင် ဒီကိုလာလိုက်စမ်း…။"
ဝမ်ရှောက်ထျန်းသည် ဤသရဲမသည် လုံးဝ ရှေ့သို့ တိုးမလာရဲကြောင်း သဘောပေါက်လိုက်သည်။ မြေပြင်ကို ခြစ်နေရုံဖြင့် ဘာအကျိုုးရှိမည်နည်း။ သူမသည် ဧကရာဇ်ငါးပါးဒင်္ဂါးများ၏ စွမ်းအားကို ကြောက်ရွံ့နေခြင်း ဖြစ်မည်။
သို့သော် ဝမ်ရှောက်ထျန်းသည် အံ့အားသင့်သွားသည်။ ထိုသရဲမသည် တကယ်ပင် သူ့ဆီသို့ ပြေးလာ ခဲ့သည်။
ဝမ်ရှောက်ထျန်း အသက်ရှူရပ်မတတ်ဖြစ်သွားပြီး ဧကရာဇ်ငါးပါးဒင်္ဂါးများကို သူ့ရှေ့တွင် အမြန်ကိုင် ထားလိုက်သည်။ သရဲမသည် နောက်ခြေထောက်ဖြင့် မြေပြင်ကို တွန်းကန်၍ လေထဲသို့ ခုန်တက်လာ သည်။ ဧကရာဇ်ငါးပါးဒင်္ဂါးများကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်စံမရှိ ဖြူဖွေးနေသော မျက်လုံး များတွင် ကြောက်ရွံ့မှုက ရုတ်ချည်း ပေါ်လာခဲ့သည်။
ဤအရာကို မြင်သော် ဝမ်ရှောက်ထျန်း ပျော်ရွှင်သွားသည်။ ဧကရာဇ်ငါးပါးဒင်္ဂါးများကို ကိုင်ထားရင်း သူကပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်း ကြောက်နေပြီ မဟုတ်လား။ ထွက်သွား… အခု ထွက်သွားရင် ငါ မင်းကို လွှတ်ပေးကောင်း လွှတ် ပေးမယ်….။"
သရဲမသည် ဧကရာဇ်ငါးပါးဒင်္ဂါးများ၏ စွမ်းအားကို ကြောက်ရွံ့နေသော်လည်း ဝမ်ရှောက်ထျန်းသည် ထိုဒင်္ဂါးများကို အသုံးချနိုင်သည့် စွမ်းရည် လုံးဝမရှိကြောင်း ကောင်းကောင်းသိသည်။
သို့သော် သရဲမသည် လုံးဝ နောက်မဆုတ်ဘဲ သူမ၏ မျက်လုံးများက ပိုမို တောက်ပလာသည်။
ဝမ်ရှောက်ထျန်း ရုတ်တရက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သူ၏ စိတ်ထဲတွင် အတွေး တစ်ခု လျှပ်တစ်ပြက် ဝင်လာသည်- [ထိုသရဲမသည် မိန်းကလေးငယ်အဖြစ် ဟန်ဆောင်ပြီး သူ့ကို လှည့်စားသောအခါ သူမ၏ မိဘများနှင့် တွေ့ဆုံရန် သူ့ကို အိမ်ခေါ်သွားမည်ဟု အမြဲပြောနေခဲ့သည်။
ဒါဆိုရင်…...လား။]
သရဲတစ်ကောင်ထက် ပိုရှိနေတာလား။ ဒါမှမဟုတ် သူတို့က မိသားစုလိုက်လား။
"ဟစ်…။"
ဝမ်ရှောက်ထျန်း ရုတ်တရက် ကျောရိုးတစ်လျှောက် အေးခဲသွားသည်။ သူသည် ရုတ်တရက် ထိုင်ချလိုက်ပြီး လှိမ့်လိုက်ရာ သူ့နောက်ကွယ်မှ သရဲပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို အချိန်မီ မြင်လိုက်ရသည်။
"သေစမ်း…။"
တကယ် တစ်ကောင်တည်း မဟုတ်ဘူးပဲ ။
ဝမ်ရှောက်ထျန်းသည် ရေခဲလိုဏ်ဂူထဲ ကျသွားသလို ခံစားလိုက်ရသည်။ သူ မနိုင်တော့သဖြင့် သရဲမကို ကြောက်ရွံ့ဟန်ဆောင်ကာ မောင်းထုတ်ရန်သာ တတ်နိုင်တော့သည်။ မိသားစုလိုက် ရောက်လာပါက သူ့ ကိုယ်ခန္ဓာသေးသေးလေးနှင့် မနိုင်တော့ပေ။
"ငါ့နားကိုထပ်တိုးမလာနဲ့နော်…။ ငါက လုံဟူတောင်ရဲ့ (၈၈) ဆက်မြောက် မျိုးဆက်ပဲ၊ ငါ့လက်ထဲက ဧကရာဇ်ငါးပါးဒင်္ဂါးကို မြင်လား။ ဒါက ဂိုဏ်းခေါင်းဆောင်ရဲ့ တံဆိပ်ပဲ။ ငါ့ကို သာမန်လူလို့ မထင်နဲ့။ မကြာသေးခင်ကမှ သရဲတွေ သောင်းကျန်းနေတယ်လို့ ကြားလို့ မင်းတို့ကို လာဖမ်းတာ…။"
ဝမ်ရှောက်ထျန်းသည် မြေပြင်မှနေ၍ အကောင်းဆုံးနှင့် အခန့်ညားဆုံး ပုံစံဖြင့် မတ်တပ်ရပ်ရန် အစွမ်း ကုန် ကြိုးစားခဲ့သည်။ သူသည် ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ မတ်မတ်ရပ်ပြီး ရဲရင့်သော ဟန်ပန် ကို ပြသလိုက်သည်။
သူ့ကို တိုက်ခိုက်လာသော သရဲပုံရိပ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး လူပုံသဏ္ဍာန်ရှိသော်လည်း မီးလောင်ထား၍ မည်သူမည်ဝါမှန်းမသိနိုင်သော အမည်းရောင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား သည်။
"မင်းတို့ မိသားစု ဘယ်လောက် ဆိုးဆိုးဝါးဝါး သေခဲ့ရလဲဆိုတာ ငါ မြင်ပါတယ်၊ ဒါကြောင့် ဒီနေ့တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ ငါ့တပည့်တွေ မကြာခင် ရောက်လာတော့မှာ၊ မင်းတို့ အသက်ရှင်ဖို့ ဘာလို့ မပြေးကြသေးတာလဲ….။"
ဟု ဝမ်ရှောက်ထျန်းသည် လည်ပင်းကို ဆန့်တန်းကာ သူ့ဘဝတွင် အကောင်းဆုံး သရုပ်ဆောင်မှုကို ပြုလုပ်ရင်း ပြောလိုက်သည်။
သရဲမသည် တုံ့ဆိုင်းသွားသည်။ ဧကရာဇ်ငါးပါးဒင်္ဂါးများသည် စိတ်ဝိညာဉ်အလင်းရောင်ကို ထုတ်လွှတ် နေပြီး၊ သူ့ရှေ့မှ လူသားသည်လည်း ပိုမို တောက်ပနေသည်။ သူမသည် အမှန်တကယ် ပြဿနာရှာမိ ခြင်း ဖြစ်ိနုင်သည်။
သို့သော် ဤလူသားသည် သူ၏ ကိုယ်ပိုင်စွမ်းရည်များကို မသိနားမလည်သည့်အပြင် ၎င်းတို့ကို မည်သို့ အသုံးချရမည်ကိုလည်း မသိပုံရသည်။ ဤအခွင့်အရေးကိုယူ၍ သူ့ကို မစားသောက်ပါက နောက်ထပ် အခွင့်အရေး ရနိုင်မည် မဟုတ်တော့ပေ။
ရုတ်တရက် ခြေသံများ ဆက်တိုက် ချဉ်းကပ်လာသည်။ ထိုငြိမ်သက်ပြီး အားကောင်းသော ခြေသံများ သည် ဝမ်ရှောက်ထျန်းအား ပျော်ရွှင်မှုများဖြင့် ပြည့်စေသည်။
*တစ်ယောက်ယောက် ရောက်လာပြီ၊ ဒီလို ဘုရားသခင် စွန့်ပစ်ထားသော နေရာကို နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီ။*
ခြေသံများကို ကြားလိုက်ရသောအခါ ထိုရန်လိုသော သရဲနှစ်ကောင်သည် တုန်လှုပ်ခြောက်ခြားကာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာကြသည်။ ဤသရဲနှစ်ကောင်သည် ထိုခြေသံပိုင်ရှင်ကို အလွန်ကြောက်ရွံ့ နေပုံရသည်။
ဝမ်ရှောက်ထျန်းသည် အတွင်းစိတ်တွင် စိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာ နေခဲ့ ပြီး အသံလာရာသို့ မျက်လုံးထောင့်ဖြင့် ကြည့်လိုက်သည်။
ရုတ်တရက် သူသည် မျှော်လင့်ချက် ရောက်လာပြီဟု ခံစားလိုက်ရသည်။ ရောက်လာသူသည် မိန်ပေါ်ထောင်းပင် ဖြစ်သည်။
"သူရဲကောင်း၊ ကျွန်တော့်ကို ကယ်ပါဦး….။"
ဟု ဝမ်ရှောက်ထျန်းသည် မိန်ပေါ်ထောင်းအား စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြသည်။ သူသည် ဤလူ၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။ ယက္ခသရဲများကိုပင် နှိမ်နင်းနိုင်သူဖြစ်ရာ သရဲငယ်နှစ်ကောင်သည် ဘာမျှမဟုတ်ပေ။
မိန်ပေါ်ထောင်းသည် ဖြည်းဖြည်းချင်း လျှောက်လာပြီး ညာဘက်လက်ဖြင့် ခါးမှ ဓားရှည်ကို ဖြည်းညှင်း စွာ ဆွဲထုတ်လိုက်သည်။ အမည်မသိ အညစ်အကြေးများ စွန်းထင်းနေသော ဓားရှည်သည် မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်လိုက်ရာ၊ ထိုရန်လိုသော သရဲနှစ်ကောင်သည် ချက်ချင်းဆိုသလို ပြာမှုန့် ဖြစ်သွားခဲ့သည်။
"မိုက်လိုက်တာ အစ်ကိုကြီးရာ….။"
ဟု ဝမ်ရှောက်ထျန်းသည် လက်မထောင်ပြလိုက်သည်။ ထိုမြင်ကွင်းသည် အလွန်မိုက်သည်။ သူ့အား ခြေထောက်တွေ တုန်ယင်စေခဲ့သော ရန်လိုသော သရဲများသည် မိန်ပေါ်ထောင်း၏ ဓါးချက် တစ်ချက် တည်းကိုပင် မခံနိုင်ခဲ့ပေ…။
မိန်ပေါ်ထောင်းသည် ဝမ်ရှောက်ထျန်းကို အရေးမပါသလို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်သည် ဧကရာဇ်ငါးပါးဒင်္ဂါးများဆီသို့ ရုတ်တရက် ရောက်သွားသည်။ အချိန်အတော်ကြာမှ သူက မေးလိုက် သည်။
"မင်း ဒါတွေကို ဘယ်ကရခဲ့တာလဲ…။"