← Chapters

ငါစိတ်မရှည်တော့ဘူး

Vol. 4 Ch. 36

ငါစိတ်မရှည်တော့ဘူး

Vol. 4 Ch. 36

"တီ...တီ…တီ…"

တကားဟွန်းသံများ အဆက်မပြတ် ထွက်ပေါ်လာရာ လမ်းမကြီးအလယ်တွင် စကူတာကို အရှိန်ပြင်း ပြင်း မောင်းနေသော ဝမ်ရှောက်ထျန်းသည် ဘေးသို့ တိမ်းရှောင်ပေးရတော့သည်။ ဇိမ်ခံကားတစ်စီးပြီး တစ်စီး သူ့ဘေးမှ ကျော်ဖြတ်၍မောင်းသွားသည်ကို ကြည့်နေရသည်။

ထိုဇိမ်ခံကားအမည်အချို့ကို ဝမ်ရှောက်ထျန်းနှင့် ရင်းနှီးပြီး အချို့မှာမူ ကြားတောင်မကြားဘူးပေ။ ကား အစီးရေ များပြားလွန်းသဖြင့် သူ့မျက်လုံးများပင် ပြာလုနီးပါး ဖြစ်သွားသည်။ သူမှတ်မိလိုက်သော ဇိမ်ခံ ကားများထဲမှ မည်သည့်ကားမျှ တစ်သန်းအောက် တန်ဖိုးရှိသည် မဟုတ်ပေ။ သူသည် တစ်သက်လုံး အပြင်စာပို့နေသော်လည်း ထိုကားများထဲမှ ကားတစ်စီး၏ ကားဘီးတစ်လုံးကိုတောင် မဝယ်နိုင်လောက် ပေ။

ဝမ်ရှောက်ထျန်းသည် အားကျစိတ်ဖြင့် လျှာသပ်လိုက်သည်။ အားမကျဘဲ မနေနိုင်။ ယောက်ျားတိုင်း ကားကို နှစ်သက်ပြီး ဇိမ်ခံကားဆိုလျှင် ပို၍ပင် နှစ်သက်ကြသည်။

သို့သော် ဝမ်ရှောက်ထျန်းသည် သူ့ကိုယ်သူ ကောင်းစွာ သိသည်။ ဤကားများကို ဝယ်ယူရန် မတတ်နိုင် သလို၊ မတော်တဆ ဝင်တိုက်မိ၍ အစင်းရာပင် ထင်သွားခဲ့လျှင်ပင် လျော်ကြေးကိုပင် ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ထိုဇိမ်ခံကားများအတွက် ကျယ်ဝန်းသော လမ်းမကြီးကို ချက်ချင်း ရှောင်ဖယ်ပေးလိုက်သည်။

ဇိမ်ခံကား ဆယ်စီးကျော် မောင်းနှင်သွားပြီးနောက် ဝမ်ရှောက်ထျန်းသည် နောက်ဆုံးတွင် မောင်းနှင်ရန် အခွင့်အရေးရသည်နှင့် အရှိန်ပြင်းစွာ မောင်းနှင်ပြီး မီးသဂြိုလ်စက်ဆီသို့ သွားခဲ့သည်။

တောင်ဘက်မြို့ မီးသဂြိုလ်စက်သည် မြို့တစ်ခုလုံးတွင် အထင်ရှားဆုံးနှင့် အကြီးဆုံး ဖြစ်သည်။ ဝမ်ရှောက်ထျန်း သည် မီးသဂြိုလ်စက်၏ ဂိတ်တံခါးသို့ ရောက်ရှိသောအခါ ဝင်ပေါက်တွင် ဇိမ်ခံကား များစွာ ရပ်ထားသည်ကို တွေ့ရပြီး ထိုထဲတွင် လီရွှယ်စီးလာသော ကားလည်း ပါဝင်သည်။

ဝမ်ရှောက်ထျန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လမ်းဘေးတွင် ရပ်ထားသော တက္ကစီတစ်စီး ကို မြင်လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် လမ်းလျှောက်သွားကာ စကားစပြောလိုက်သည်။

"အစ်ကို၊ မီးခြစ်ငှားပေးလို့ရမလားခင်ဗျာ…။"

ဝမ်ရှောက်ထျန်းသည် ပုံမှန်ဆိုလျှင် မသောက်ရဲသော စီးကရက်ကို ထုတ်ကာ တက္ကစီဒရိုင်ဘာအား တစ်လိပ်ပေးပြီး သူ၏ပါးစပ်တွင် တစ်လိပ် ထည့်လိုက်သည်။

ယောက်ျားများအတွက် ခင်မင်ရင်းနှီးမှု တည်ဆောက်ရန်မှာ ဤမျှ ရိုးရှင်းသည်။ တစ်ယောက်တစ်လိပ် ဆေးလိပ်ဖွာလိုက်သည်နှင့် ခင်မင်မှုသည် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ဝမ်ရှောက်ထျန်းသည် ဆေးလိပ် ဖွာရင်း မေးလိုက်သည်။

"ဒီနေ့ မီးသဂြိုလ်စက်မှာ ဘယ်သူ့နာရေးရှိလို့လဲ။ ဇိမ်ခံကားတွေ ဘာလို့ ဒီလောက်များနေတာလဲ…။"

ထိုတက္ကစီဒရိုင်ဘာသည်လည်း အတင်းအဖျင်း ကြိုက်သူတစ်ဦး ဖြစ်သည်။ သူသည် လက်ညှိုးဖြင့် လက်ပြကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ဆုံးသွားတယ်လို့ ကြားတယ်။ မနက်က ဆုံးတာကို ညဘက်ကြီးလာ သဂြိုလ်တာ….။"

"အိုး... ကျွန်တော်တို့ဆီမှာ အလောင်းကို ခုနစ်ရက်ထားပြီးမှ သဂြိုလ်ရတာ မဟုတ်ဘူးလား။ ဘာလို့ တစ်ရက်တောင် မပြည့်ခင် သဂြိုလ်လိုက်ရတာလဲ။ သားသမီးတွေအတွက် ကံမကောင်းတာပဲ…။"

ဟု ဝမ်ရှောက်ထျန်းသည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

တက္ကစီဒရိုင်ဘာသည် ထူးဆန်းစွာ ခေါင်းခါလိုက်သည်။

"ငါ မင်းကို ပြောပြတာ၊ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့။ ငါ့မိန်းမက မီးသဂြိုလ်စက်မှာ အလုပ်လုပ်တာ။ အခု ဆုံးသွားတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးရဲ့ ကိစ္စမှာ မူမမှန်တာတွေ ရှိတယ်လို့ ကြားတယ်….။"

ဝမ်ရှောက်ထျန်းသည် ချက်ချင်း စိတ်ဝင်စားသွားသည်။ အဖြစ်အပျက်ကို သိရှိရန်အတွက် စီးကရက် တစ်လိပ် ထပ်ပေးကာ မေးမြန်းလိုက်သည်။

"အစ်ကိုက တကယ်ပဲ သတင်းတွေ စုံတာပဲ။ ဘာတွေဖြစ်နေလဲ ပြောပြပါဦး။ ဒီလောက် ခြိမ့်ခြိမ့်သဲသဲ ရောက်လာတာကို ကြည့်ရင် အရေးကြီးတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ အစ်ကို့ ဇနီးကို အခက်တွေ့မှာစိုးလို့ ဘယ်သူဆိုတာ မပြောဘဲ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စကိုပဲ ပြောပြပါလား…။"

ဝမ်ရှောက်ထျန်း၏ နှုတ်လုံမှုကို မြင်သောအခါ တက္ကစီဒရိုင်ဘာသည် သူ့ရည်ရွယ်ချက်ကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ အတင်းအဖျင်းများ ပြောဆိုတော့သည်။

"အစ်ကိုက ရိုးသားတဲ့သူဆိုတော့ အမှန်အတိုင်း ပြောပြမယ်။ အဲဒီ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးက ကြောက် မက်ဖွယ် သေဆုံးခဲ့တာ။ အမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်ပေါ်မှာ သေဆုံးခဲ့တာလို့ ကြားတယ်။ သူဆုံးတော့ မျက်လုံးပွင့်လျက်ကြီးတဲ့….။ သူ့ကို ခေါင်းတလားထဲ ထည့်လိုက်တာနဲ့ ပြဿနာတွေ အများကြီး စတော့ တာပဲတဲ့…."။

တက္ကစီဒရိုင်ဘာသည်လည်း အခြားနေရာမှ ကြားရုံသာ ဖြစ်သောကြောင့် သူ့အား ဘာမှ ထပ်မမေးနိုင် တော့ပေ။ ဝမ်ရှောက်ထျန်းသည် အချိန်ကိုကြည့်လိုက်ရာ အပြင်စာပို့ရမည့် သတ်မှတ်ချိန်ရောက်ရန် ဆယ်မိနစ်သာ ကျန်တော့ကြောင်း သိလိုက်ရသည်။ သူသည် နောက်ထပ် မေးခွန်းများ မမေးရဲတော့ဘဲ ဒရိုင်ဘာကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ဤမေးခွန်းများကို မေးမြန်းရင်း အချိန်ကုန်ခံခဲ့ရခြင်းမှာ အပြင်စာ ပို့ဆောင်ရမည့်နေရာသည် မီးသဂြိုလ် စက်ရှိ ရေခဲတိုက်သို့ ဖြစ်သောကြောင့်ပင်။

ဝမ်ရှောက်ထျန်းသည် လျှပ်စစ်စကူတာကို မီးပွင့်လုနီးပါး အားကုန် နင်းလိုက်ရာ ဘီးများသည် ပုံရိပ် ယောင်များ ထင်ကျန်ရစ်သည်အထိ လျင်မြန်စွာ လည်ပတ်နေသည်။ သတ်မှတ်ချိန်မတိုင်မီ ငါးမိနစ် အလိုတွင် သူသည် လုံခြုံစွာ ရောက်ရှိခဲ့သည်။

"မင်္ဂလာပါ၊ အပြင်စာ လာပို့တာပါ…။"

လူများနှင့် ပြည့်နှက်နေသော ရေခဲတိုက်ကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်း လုံးဝ အံ့အားသင့် သွားသည်။ သူသည် အပြင်စာပို့ခဲ့သည်မှာ ကြာပြီဖြစ်ပြီး အမြဲတမ်းလိုလို မှောင်မိုက်ပြီး ကြောက်မက် ဖွယ်ကောင်းသော နေရာများသာ ဖြစ်ခဲ့သော်လည်း ဤမျှ လူများပြားစွာ မြင်ရသည်မှာ ပထမဆုံးပင် ဖြစ်လေသည်။

လူများပြားသည့် နေရာတိုင်းတွင် ယန်စွမ်းအင် များပြားပြီး သရဲနှင့် မိစ္ဆာများသည်ပင် ပြဿနာရှာရန် ထွက်မလာရဲကြပေ။ ဝမ်ရှောက်ထျန်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ လူများစွာရှိနေ သဖြင့် မည်သည့်ပြဿနာမှ မရှိလောက်ပေ။

ထို့ကြောင့် သူသည် အနက်ရောင်အိတ်ကို ပျော်ရွှင်စွာ မြှောက်ကိုင်ကာ အသံကို မြှင့်၍ လူတိုင်းအား

"ဒီအပြင်စာ ဘယ်သူ မှာထားတာပါလဲခင်ဗျာ…။"

ဟု အသံကိုမြှင့်၍ မေးလိုက်သည်။

ရေခဲတိုက်တွင် လူနှစ်ဆယ်ကျော် ရှိပြီး အားလုံးသည် တူညီ ဝတ်စုံများ ဝတ်ဆင်ထားကြကာ မျက်နှာ များတွင် ဝမ်းနည်းပူဆွေးသည့် အမူအရာများ ရှိနေကြသည်။ သူတို့သည် နံရံပေါ်ရှိ အဖြူ အမည်း ဓာတ်ပုံများကို နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းမှုဖြင့် ကြည့်နေကြသည်။ ဝမ်ရှောက်ထျန်း၏ အသံကို ကြားလိုက်ရပြီးနောက် သူတို့အားလုံး လှည့်ကြည့်လိုက်ကြသည်။

ဤလူများသည် ဝင်ပေါက်မှ ဇိမ်ခံကားများ၏ ပိုင်ရှင်များ ဖြစ်ကြလိမ့်မည်ဟု ဝမ်ရှောက်ထျန်း ခန့်မှန်း လိုက်သည်။ တစ်သန်းကျော် တန်ဖိုးရှိသော ဇိမ်ခံကားကို မောင်းနှင်နိုင်သူတိုင်းသည် သာမန်လူ မဟုတ် သည်မှာ သေချာသည်။ သေဆုံးသူသည် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး လာရောက်ကြသူများမှာလည်း ဂုဏ်သရည်ရှိသူများ ဖြစ်ကြလိမ့်မည်။ ဤဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများက သူ့အား ကြည့်နေသော ကြောင့် ဝမ်ရှောက်ထျန်း၏ အမူအရာမှာ အတော်လေးပင် မလုံမလဲ ဖြစ်နေမိသည်။

သို့သော် တဖြည်းဖြည်းနှင့် သူ တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လာသည်။ ဤလူများက သူ့အား ကြည့်သည့်ပုံစံသည် အံ့ဩမှု၊ မယုံကြည်နိုင်မှုနှင့် သနားဂရုဏာ အနည်းငယ်တို့ ပါဝင်သော ရှုပ်ထွေးသည့် အကြည့်များနှင့် ကြည့်နေကျခြင်းပင်။ ထိုကဲ့သို့သော ရှုပ်ထွေးသည့် ခံစားချက်များသည် ဝမ်ရှောက်ထျန်းကို မသက်မသာ ဖြစ်စေပြီး မသိနိုင်သော လျှို့ဝှက်ချက် တစ်ခုခု ပါဝင်နေသည်ဟု သူ ခံစားလိုက်ရသည်။

"အဟမ်း…၊ ဒီအပြင်စာကို လက်ခံထားပေးလို့ ရမလားခင်ဗျာ….။"

ဟု ဝမ်ရှောက်ထျန်းသည် သူ၏အသံကို ထပ်မံ မြှင့်၍မေးလိုက်သည်။

သို့သော် ထိုနေရာတွင် ရှိသူ မည်သူမျှ သူ့အား လာရောက် ပြောဆိုခြင်း မရှိဘဲ သူ့အား စူးစိုက်ကြည့်နေ ကြသည်။ ဤအရာက ဝမ်ရှောက်ထျန်းကို အလွန် စိတ်မသက်မသာ ဖြစ်စေသဖြင့် သူသည် ခြောက်ကပ် စွာ ရယ်မောလိုက်သည်။

"ကျွန်တော် နေရာမှား ပို့မိတာ ဖြစ်နိုင်တယ်။ မီးသဂြိုလ်စက် ဝန်ထမ်းတွေ မှာထားတာထင်တယ်။ အပြင်စာကို ဒီမှာပဲ ထားခဲ့လိုက်ပါတော့မယ်….။"

မည်သို့ပင်ဆိုစေကာမူ သူသည် သူ့ပန်းတိုင်သို့ ပို့ဆောင်ပြီးပြီ။ တစ်စုံတစ်ယောက်က လက်ခံသည် ဖြစ်စေ၊ မခံသည်ဖြစ်စေ သူ့အမှား မဟုတ်ပေ။ ဝမ်ရှောက်ထျန်း၏ အကောင်းဆုံး မဟာဗျူဟာသည် ထွက်ပြေးရန်သာ။ ယခု ထွက်မသွားလျှင် ဘယ်တော့မှ ထွက်မသွားနိုင်တော့မည်မဟုတ်ပေ။

ဝမ်ရှောက်ထျန်း လှည့်ထွက်သွားစဉ် အဘွားအိုတစ်ဦး၏ အသံက ထွက်ပေါ်လာခဲ့သည်။

"စောင့်ပါဦး၊ လူငယ်လေး၊ ခဏလေး စောင့်ပါဦး…။"

ဝမ်ရှောက်ထျန်းသည် မကောင်းသော ခံစားချက်ကို ရလိုက်သဖြင့် မကြားချင်ယောင်ဆောင်ကာ အမြန် ထွက်သွားချင်သော်လည်း အနက်ရောင် ဝတ်စုံဝတ်ထားသော ကိုယ်ရံတော်နှစ်ဦးက သူ့အား တားစီး လိုက်သည်။ ဤကိုယ်ရံတော်နှစ်ဦးသည် ခန့်ညားထွားကြိုင်းပြီး တစ်ဦးချင်းစီမှာ (၁.၉) မီတာကျော် အရပ်ရှိကြသည်။ ဝမ်ရှောက်ထျန်းသည် သူတို့အား မနိုင်ကြောင်း တွေးကြည့်ရုံနှင့် သိလိုက်သည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ရပ်တန့်၍ အကူအညီမဲ့စွာ လှည့်ကြည့်လိုက်သောအခါ တန်ဝတ်စုံ ဝတ်ထားသော အဘွားအိုတစ်ဦးသည် လီရွှယ်၏ အကူအညီဖြင့် ဖြည်းညှင်းစွာ လျှောက်ထွက်လာ သည်ကို တွေ့လိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် လီရွှယ်နှင့် တွေ့ဆုံ တိုင်း ကောင်းကျိုး မရှိခဲ့ဟု ဝမ်ရှောက်ထျန်း အမြဲခံစား နေရသည်။ ပထမဆုံးအနေဖြင့် သူသည် အမည်မသိ နည်းလမ်းဖြင့် ငရဲပြည်ဟု ခေါ်သော လမ်းသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် လီရွှယ်သည် သူ့အား လှည့်ဖြားကာ အသက်သေလုနီးပါး ဖြစ်စေသည့် အဆောင်လက်ဖွဲ့တစ်ခု ဖန်တီးခိုင်းခဲ့သည်။

ကံကောင်းစွာဖြင့် သူ အသက်ရှင်ခဲ့သည်။ မဟုတ်ပါက ထိုလူသူကင်းမဲ့ပြီး သရဲခြောက်သော နေရာတွင် သူ တကယ်သေဆုံးခဲ့ပြီး ခန္ဓာကိုယ်၏ ခြေရာလက်ရာပင် ကျန်ခဲ့မည် မဟုတ်ပေ။ သူ့ကို ရှာတွေ့သည့် အချိန်လောက်တွင် သူသည် အရိုးအပိုင်းအစများသာ ဖြစ်နေလောက်ပေပြီ။

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် လီရွှယ်ကို မြင်လိုက်ရသည့်အချိန်၌ သူ့တွင် အန္တရာယ်ကြီးစွာ ကျရောက်နေပြီဟု ခံစားလိုက်ရသည်။

"အဘွား၊ ဘာများ ဖြစ်လို့လဲမသိဘူး…."

ဟု ဝမ်ရှောက်ထျန်းသည် စိတ်ပျက်အားငယ်စွာ မေးလိုက်သည်။

"လူငယ်၊ အပြင်စာပို့တဲ့သူတွေဟာ တာဝန်ယူရမယ်။ အစားအသောက်ကို သူ့ပိုင်ရှင်ဆီ အရောက် ပို့ပေးရမယ်"။

ထို့နောက် အဘွားအိုသည် တစ်နေရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"သွားပါ…။ သူတို့ စိတ်မရှည်တော့ဘူး…။"

စိတ်မရှည်တော့ဘူးတဲ့လား။

ထိုစကားကို ကြားလိုက်သောအခါ ဝမ်ရှောက်ထျန်း၏ နှလုံးသားသည် လှပ်ကနဲ ဖြစ်သွားပြီး မကောင်း သော ခံစားချက်ကို ရလိုက်သည်။

"နောက်ထပ် ခြေလှမ်းအနည်းငယ်လောက်ပဲ လိုတာတော့ မဟုတ်ဘူးလား။ ဒီနေရာမှာပဲ ထားခဲ့လိုက်လို့ မရဘူးလား...။"

ဝမ်ရှောက်ထျန်းသည် လုံးဝ ဝင်မသွားချင်ပေ။ ထိုမှောင်မိုက်သော တံခါးပေါက်သည် သူ့သားကောင်ကို စားသုံးရန် အသင့်ရှိနေသော သားရဲ တစ်ကောင်နှင့်တူနေသည်မဟုတ်ပါလား။

All Chapters