← Chapters

ပြတင်းပေါက်ကို ပိတ်ခိုင်းခြင်း

Vol. 4 Ch. 37

ပြတင်းပေါက်ကို ပိတ်ခိုင်းခြင်း

Vol. 4 Ch. 37

အဘွားအိုသည် ကြင်နာပြီး နူးညံ့သော မျက်နှာထားရှိလေသည်။ ရွှေချည်၊ ငွေချည်များဖြင့် နဂါးနှင့် ဖီးနစ်ငှက်ရုပ်များ ထိုးထားသည့် တန်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ပုံစံကိုကြည့်ရသည်မှာ အလွန် ချမ်းသာကြွယ်ဝသည့်ပုံရပြီး အပြင်စာပို့သူတစ်ဦးကို ဒုက္ခပေးမည့်သူမျိုးနှင့် မတူပေ။

ကံမကောင်းစွာဖြင့် ဤအရာများသည် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ခဲ့သည်။ ဝမ်ရှောက်ထျန်း မည်မျှပင် တောင်းပန်သော်လည်း အဘွားအိုသည် အနည်းငယ်မျှပင် ဂရုမထားခဲ့ချေ၊ ဝမ်ရှောက်ထျန်း သည် ယနေ့ အပြင်စာ မပို့ပါက သူသည် ကြီးလေးသော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့တော့မည့်သူ ကဲ့သို့ ဖြစ်နေသည်။

"ရှင် မြန်မြန်သွားပို့လိုက်တာ ပိုကောင်းမယ်….။"

လီရွှယ်က ဝမ်ရှောက်ထျန်းကို သူစိမ်းတစ်ဦးကဲ့သို့ပင် အေးစက်စွာဖြင့် ကြည့်လျက် ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းသည် အတော်လေးကို စိတ်ဆင်းရဲနေခဲ့ပြီး လီရွှယ်ကို ပြစ်တင်ပြောဆိုလိုသည့် စိတ်အား မနည်း ထိန်းချုပ်လိုက်သည်။ ဤအမျိုးသမီးသည် အလွန် စိတ်ဓာတ်ခက်ထန်လှသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အတော်ကြာ သိကျွမ်းခဲ့ပြီး သူငယ်ချင်းများဟု ယူဆ၍ရနိုင် သော်လည်း သူမသည် သူ့အား ဒုက္ခရောက်စေခဲ့သည့်အတွက် နောင်တရသည့် အရိပ်အယောင်ပင် မပြခဲ့ပေ။ ယခုမူ သူမသည် စိတ်ပျက်အားငယ်မှု၏ အနက်ရှိုင်းဆုံးနေရာသို့ သူ့အား တွန်းပို့နေပြန်သည်။

သူသည် တောင်ဘက်မြို့ မီးသဂြိုလ်စက်သို့ တစ်ခါမျှ မသွားဖူးသော်လည်း ကမ္ဘာပေါ်ရှိ မီးသဂြိုလ်စက် အားလုံးသည် အလားတူ အဆောက်အအုံပုံစံ ရှိသည်။ ရေခဲတိုက်ကို အခန်းနှစ်ခန်း ပိုင်းခြားထားသည်- တစ်ခန်းမှာ ဧည့်သည်များ လာရောက် ဂါရဝပြုရန်ဖြစ်ပြီး အခြားတစ်ခန်းမှာ ရင်ခွဲရုံဖြစ်သည်။

အဘွားအို လက်ညှိုးထိုးပြသည့် တံခါးငယ်သည် ရင်ခွဲရုံ ရှိရာသို့ ဦးတည် နေခြင်းပင်။ မည်သည့် သက်ရှိလူသားက ရင်ခွဲရုံမှ အပြင်စာမှာယူပြီး သေသူများ ၏ရှေ့တွင် စားသောက်နိုင်မည်နည်း။

ဤသို့တွေးကြည့်လျှင် လုံးဝ ယုတ္တိမရှိတော့သည် မဟုတ်ပါလား။ သို့သော် ဤကာလအတွင်း ဖြစ်ပျက် ခဲ့သည့် မည်သည့်အရာမျှ ယုတ္တိမရှိခဲ့ပေ။

"ကောင်းပြီ…၊ ကျွန်တော် သွားပို့လိုက်ပါ့မယ်…။"

သူ အချိန်ဖြုန်းနေ၍ မဖြစ်တော့ပေ။ အပြင်စာ အတည်ပြုရန် သတ်မှတ်ချိန်မတိုင်မီ တစ်မိနစ်သာ ကျန်တော့သည်။ အချိန်မီ အစားအသောက် မပို့ဆောင်ပါက မည်သို့ဖြစ်မည်ကို ဝမ်ရှောက်ထျန်း မခံစားချင်တော့ပေ။

သူ့အား ကြည့်နေကြသော မျက်လုံးများစွာ၏ အောက်တွင် ဝမ်ရှောက်ထျန်းသည် မှောင်မိုက်သော တံခါးငယ်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။ ခြေလှမ်းတိုင်းတွင် သူ၏ နှလုံးသားသည် အနည်းငယ် ပို၍ ပို၍ မွန်းကျပ်လာခဲ့သည်။

ဤအနက်ရောင်ဝတ်စုံနှင့် အနက်ရောင်စကတ်များ ဝတ်ဆင်ထားသည့် ဤအမျိုးသား၊ အမျိုးသမီးများ သည် လေးစားဖွယ်ရာ ပုံပေါက်သော်လည်း သူတို့အားလုံးသည် စိတ်ဓာတ်ခက်ထန်ပြီး သစ္စာမဲ့သူများ ဖြစ်သည်။ သူတို့သည် လူများပြားခြင်းကို အသုံးချကာ သူ့အား ထိုအခန်းအတွင်းသို့ ဝင်ရန် တွန်းအား ပေးနေကြသည်။

ထို့အပြင် ထိုလူများ၏ ကြည့်နေသော အကြည့်များက အလွန် ထူးဆန်းနေပြီး ဝမ်ရှောက်ထျန်း၏ ကျောရိုးတစ် လျှောက်ကို အေးစိမ့်သွားစေသည်။

မီတာအနည်းငယ်သာ ရှိသောတိုတောင်းသော အကွာအဝေးပင်ဖြစ်သော်လည်း ဝမ်ရှောက်ထျန်းသည် တစ်ဝက်ပွင့်နေသော တံခါးကို ကြည့်နေရင်းမှ ရင်ဘတ်ထဲတွင် မွန်းကျပ်မှုကို ခံစားလိုက်ရသည်။ အတွင်းဘက်တွင် မီးအလင်းရောင်မရှိဘဲ မှောင်မည်းနေပြီး မည်သို့ပင်ကြည့်ကြည့် ကြောက်မက် ဖွယ်ကောင်းနေသည်။

"ဟေး…၊ ဒီအခန်းက မီးတွေ ပျက်နေတာလား…။"

ဟု ဝမ်ရှောက်ထျန်းသည် လှည့်၍ အခြားသူများကို မေးလိုက်သည်။

ခေါင်းပေါ်ရှိ တောက်ပနေသော မီးသီးများသည် တောက်ပသော အလင်းရောင်ကို ပေးနေပြီး ဧည့်သည် များက သူ့အား ခံစားချက်မရှိသော မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။ ထိုအလင်းရောင်အောက် တွင်မြင်ရသော သူတို့၏ မျက်နှာများသည် ဖျော့တော့ပြီး ဖုတ်ကောင်များကဲ့သို့ အလားပင်။

"မီးက ပျက်နေတယ်၊ ​​သတိထားပါ…။"

အဘွားအို၏ နူးညံ့သောအသံက ထွက်ပေါ်လာခဲ့သည်။

ဤသည်က ဝမ်ရှောက်ထျန်းကို နှစ်သိမ့်မှု မပေးနိုင်ဘဲ ပို၍ပင် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

အချိန်ကုန်လွန်လာပြီ ဖြစ်သဖြင့် ဝမ်ရှောက်ထျန်းသည် သွားများကို တင်းတင်းစေ့ပြီး အတွင်းသို့ ဝင်ရန် သာ တတ်နိုင်တော့သည်။ ခြေလှမ်းတိုင်းတွင် သူ၏ နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ သူ၏ နှလုံးသားပေါ် တွင် လူငယ်တစ်ဦးက ကခုန်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

'ကျွီ….။'

သူအခန်းထဲသို့ ရောက်သည်နှင့် တံခါးက ရုတ်တရက် ပိတ်သွားခဲ့သည်။

ဝမ်ရှောက်ထျန်းသည် ကြောက်လန့်တကြား ထခုန်လိုက်ပြီး အိတ်ကပ်ထဲမှ ဓာတ်မီးကို ချက်ချင်း ထုတ် လိုက်သည်။ သူသည် ကြုံတွေ့ခဲ့ရသော အရာများမှ သင်ခန်းစာယူခဲ့ပြီးဖြစ်ရာ သရဲနှင့် မိစ္ဆာများသည် မှောင်မိုက်သော ပတ်ဝန်းကျင်တွင် အလွယ်တကူ ပုန်းအောင်းနိုင်ကြောင်း သိသည်။

လူသားများ၏ မျက်စိသည် မှိန်ဖျော့ပြီး မရှင်းလင်းပေ။ ရှေ့မှအရာကို မြင်သော်လည်း နောက်ကွယ်မှ အရာကို မမြင်နိုင်၊ အလင်းကို မြင်သော်လည်း အမှောင်ကို မမြင်နိုင်ပေ။

အကယ်၍ ဘာကိုမှ မမြင်နိုင်ပါက ကြောက်ရွံ့မှုကို ခံစားရမည်။ ကြောက်ရွံ့သောအခါ ဒေါသတွေက ပျောက်ကွယ်သွားလိမ့်မယ် ထိုအခါ အရာများစွာက ထိုအားနည်းချက်ကို အခွင့်ကောင်းယူပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် စွမ်းဆောင်ရည်မြင့်မားပြီး မီတာ(၄,၀၀၀) အထိ တိုက်ရိုက်အလင်း ပေးနိုင်သော ပါဝါမြင့် ဓာတ်မီးကို တကူးတကရှာ၍ ဝယ်ယူခဲ့သည်။ ကြော်ငြာတွင် လိမ်ညာမှုများ ပါဝင် နိုင်သော်လည်း သူသည် ၎င်းကို ဝယ်ယူရန်အတွက် နှစ်ရက်စာ ခေါက်ဆွဲခြောက်ဖိုးနှင့် ညီမျှသော ငွေကို မျက်စိစုံမှိတ်၍ သုံးစွဲခဲ့သည်။

ပါဝါမြင့် ဓာတ်မီးကို ဖွင့်လိုက်သောအခါ တောက်ပသော အဖြူရောင် အလင်းတန်းက ထွက်ပေါ်လာပြီး ဝမ်ရှောက်ထျန်းအား စိတ်သက်သာရာ ရစေခဲ့သည်။ သူဟာ ကိုယ့်အသက်ကိုယ်တောင် မကယ်တင်နိုင် သော အခြေအနေမျိုးနှင့် ဘာမှမသိနားမလည်ခဲ့သော လူသစ်တစ်ယောက် မဟုတ်တော့ပေ။

သူ့တွင် ဧကရာဇ်ငါးပါးဒင်္ဂါးများ အကာအကွယ် ရှိသည်။သရဲနှင့် တွေ့သောအခါ ကြောက်လန့်တကြား ဖြစ်လိမ့်မည်ဟု မထင်တော့ပေ။

'ကလပ်…၊ ကလပ်…'။

ထိုအချိန်တွင် တိတ်ဆိတ်သော အခန်းထဲတွင် ထူးဆန်းသောအသံ နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ သည်။ ဝမ်ရှောက်ထျန်းသည် ချက်ချင်း သတိထားလိုက်ပြီး အသံလာရာသို့ ဓာတ်မီးကို သတိထား၍ ထိုးကြည့်လိုက်ရာ အခန်းအလယ်တွင်ရှိနေသော ခေါင်းတလားတခုကို တွေ့လိုက်ရသည်။

ဝမ်ရှောက်ထျန်းသည် အပြင်စာအိတ်ကို ထိုနေရာတွင်ပင် ပစ်ချခဲ့ပြီး ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်လာသည်။

"အပြင်စာ ဘယ်သူ မှာထားတာပါလဲခင်ဗျာ…။ ကျေးဇူးပြုပြီး လာယူပေးပါ….။"

ဝမ်ရှောက်ထျန်းသည် ရဲရင့်စွာ အော်ခေါ်လိုက်သော်လည်း သူ၏အသံသည် တိတ်ဆိတ်သော နေရာတွင် ပဲ့တင်သံသာ ဖြစ်နေခဲ့သည်။

'ကလပ်….။'

ဝမ်ရှောက်ထျန်းသည် ခေါင်းတလားအတွင်းမှ ထူးဆန်းသောအသံ နောက်တစ်ခုကို ထပ်မံ ကြားလိုက် ရသည်။ သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အပြင်စာမှာယူသူသည် ခေါင်းတလားထဲမှ ပုဂ္ဂိုလ်ပင်ဖြစ်ရ မည်ဟု သဘောပေါက်လိုက်သည်။

ဤသို့တွေးမိသဖြင့် ဝမ်ရှောက်ထျန်းသည် အံများကိုကြိတ်ကာ သတ္တိမွေးပြီး ခေါင်းတလားဆီသို့ လျှောက်သွားလိုက်ကာ အပြင်စာထုပ်ကို ခေါင်းတလားအဖုံးပေါ်တွင် တင်လိုက်သည်။

"ခင်ဗျားရဲ့ အပြင်စာ ရောက်ပါပြီ…။"

ဟု ဝမ်ရှောက်ထျန်းသည် လေသံမာမာဖြင့် ပြတ်သားစွာ ပြောလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။

သူသည် ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးသည်၊ အပြင်စာထုပ်က ယိုဖိတ်သွားသည်။ တစိမ့်စိမ့်ကျသံ သည် ခေါင်းတလားပေါ်မှ ထွက်ပေါ်လာသည်။ ဝမ်ရှောက်ထျန်းသည် အမှတ်မထင် လှည့်ကြည့်လိုက်ရာ အပြင်စာမှာ ပူပြင်းသော ခေါက်ဆွဲဟင်းရည်ဖြစ်ပြီး အရည်များ အားလုံး ယိုဖိတ်ကုန်သည်။ တစ်ဝက် သည် ခေါင်းတလားအတွင်းသို့ ကျသွားပြီး ကျန်တစ်ဝက်သည် မြေပြင်ပေါ်တွင် ဖိတ်ကျနေသည်။

"မဟုတ်ဘူး...ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူး။ ကျွန်တော် သေချာ လုံခြုံအောင် တင်ထားခဲ့တာ…။"

ဝမ်ရှောက်ထျန်း မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့သည်။ အပြင်စာကို မည်သူမျှ မယူရသေးဘဲ ယိုဖိတ်သွား သည်။ ခေါင်းတလားအတွင်းသို့ပင် ယိုဖိတ်သွားသေးသည်။ ဤသည်မှာ လုံးဝကို အဓိပ္ပာယ်မရှိပေ။

'ဒေါက်…၊ ဒေါက်…။'

တောင်ဝှေးဖြင့် မြေပြင်ကို ရိုက်ခတ်သံသည် ဝမ်ရှောက်ထျန်းကို အသံလာရာသို့ ချက်ချင်း ကြည့်စေပြီး တန်ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

"ခေါက်ဆွဲပြုတ်တွေ ဖိတ်ကုန်ပြီ…။"

ထိုကြောက်မက်ဖွယ် အဘိုးအိုသည် ဝမ်ရှောက်ထျန်းကို ကြည့်နေခဲ့သည်လားတော့ မသိပေ။ သူ၏ အကြည့်သည် ခေါင်းတလားပေါ်တွင်သာ စူးစိုက်ကြည့်နေပြီး ဖိတ်ကျသွားသော ခေါက်ဆွဲကို အလွန် နှမြောနေပုံရသော်လည်း သူ၏ လေသံသည် အလွန် တည်ငြိမ်အေးစက်နေသည်။

ဝမ်ရှောက်ထျန်း အသက်ကိုပြင်းပြင်း ရှူလိုက်သည်။

"ဒါ တကယ်ကို ကျွန်တော့်အပြစ် မဟုတ်ပါဘူး။ ကျွန်တော် ခုနက သေချာ လုံခြုံအောင် ထားခဲ့တာ…။"

ထိုအချိန်တွင် ရုတ်တရက် အေးစိမ့်သော လေပြင်းတစ်ချက်က တိုက်ခတ်လာပြီး ပြတင်းပေါက်ဟောင်း များသည် တုန်ခါသွားကာ လိုက်ကာများသည်လည်း လေနှင့်အတူ ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။

ဝမ်ရှောက်ထျန်းသည် မျက်လုံးထောင့်ဖြင့် ကြည့်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်တွင် လူပုံသဏ္ဌာန် တစ်ခု လှုပ်ရှားမှုကို တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွား သည်။ ပြတင်းပေါက်ကို ထပ်ကြည့်လိုက်ရာ မှန်ပြတင်းပေါက်ပေါ်တွင် အပေါ်မှ အောက်သို့ တွဲလောင်း ကျနေသော အမည်းရောင် ဆံပင်များကို မြင်လိုက်ရသည်။

ဖြတ်ခနဲ မြင်လိုက်ရသော်လည်း ဤအရာက ဝမ်ရှောက်ထျန်း၏ ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွား စေသည်။ ထို တောက်ပြောင်သော အနက်ရောင်ဆံပင်ကို သူရင်းရင်းနှီးနှီး မြင်ဘူးနေသည်။

*ဒါ…. ငါ ငရဲလမ်းမှာ တွေ့ခဲ့တဲ့ သရဲမ မဟုတ်ဘူးလား…..။*

သူ့ကို တမင်တကာ ခြောက်လှန့်ခဲ့သော သရဲမသည် နောက်ဆုံးတွင် သူ့အား အန္တရာယ် မပြုခဲ့ပေ။ သူမ က သူ့နောက်ကို လိုက်လာခြင်းများလား။

"လေတိုက်လာပြီ ပြတင်းပေါက်ကို သွားပိတ်လိုက်….။"

ထိုကြောက်မက်ဖွယ် အဘိုးအိုက သာမန်လူတစ်ဦးကဲ့သို့ အလွန်တည်ငြိမ်စွာဖြင့် စိတ်အေးလက်အေး ပင်ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ အပြင်မှာ သရဲမရှိနေသည်။ သူ့ကို ပြတင်းပေါက် ပိတ်ခိုင်းခြင်းသည် တစ်စုံတစ်ခုတော့ မှားယွင်းနေခြင်း ဖြစ်သည်။

"ကျွန်တော်က အပြင်စာပို့တဲ့သူ သက်သက်ပါ။ ပြတင်းပေါက် ပြဿနာက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ထင်ပါတယ်။ အဘိုး ကိုယ့်ဘာသာ ပိတ်လို့ရပါတယ်။ ကျွန်တော် သွားတော့မယ်"။

ထိုသို့ပြောပြီးနောက် ဝမ်ရှောက်ထျန်းသည် တံခါးဆီသို့ အလျင်အမြန် ပြေးသွားသော်လည်း သူ မဖွင့်နိုင် ကြောင်း တွေ့လိုက်ရသည်။ ထိုပါးလွှာသော သစ်သားတံခါးသည် အလွန်လေးလံနေခဲ့ပြီး သူ မည်မျှပင် ကြိုးစားတွန်းဖွင့်ပါသော်လည်း မပွင့်ပေ။

"ဘုရားရေ၊ ဘာဖြစ်နေတာလဲ…။"

"ပြတင်းပေါက်ကို သွားပိတ်လိုက်….။"

ထိုကြောက်မက်ဖွယ် အဘိုးအို၏ အသံသည် သူ့နောကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။

ဝမ်ရှောက်ထျန်း တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားသည်။ တောင်ဝှေးအကူညီနဲ့ လမ်းလျှောက် နေရသော အဘိုးအိုတစ်ယောက်သည် အဘယ်နည်းဖြင့် သူ၏ အနောက်နားသို့ ဤမျှ မြန်ဆန်စွာ ရောက်လာခဲ့ပါသနည်း။

All Chapters