လိမ္မာပါးနပ်စွာ ထွက်ပြေးခြင်း
Vol. 4 Ch. 38
ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် သန်းပေါင်းများစွာသော အယ်လ်ပါကားများ (သိုးကုလားအုတ်) နင်းချေ ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရသည်။
"သောက်ကျိုးနဲ….၊ ပြတင်းပေါက် ပိတ်လိုက်တဲ့…။"
"ဆရာ…၊ အပြင်မှာ တစ်ခုခု ရှိနေတယ်ခင်ဗျ။ ကျွန်တော်က အမြဲတမ်း လူကြောက်တစ်ယောက်ပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို မခြောက်ပါနဲ့ခင်ဗျာ…။ ကျွန်တော့်မျက်နှာကို ကြည့်ပါဦး၊ ဘယ်လောက်တောင် ငယ်ရွယ်သေးလဲဆိုတာ…။”
“ကျေးဇူးပြုပြီး လွှတ်ပေးပါ….။ ကျွန်တော်တို့ကြားမှာ ရှေးကလဲ ရန်ငြိုးမရှိပါဘူး၊ မကြာသေးမီကမှ ဖြစ်ခဲ့တဲ့ ပဋိပက္ခမျိုးလည်း မရှိပါဘူး။ ဘာလို့ ကျွန်တော့်ကို ဒီလိုမျိုး အခက်တွေ့အောင် လုပ်နေရတာ ပါလဲခင်ဗျာ…။"
စကားပုံတစ်ခုလိုပင် [ရယ်ပြနေတဲ့ မျက်နှာကို မရိုက်သင့်] ဆိုသကဲ့သို့ပင် ဝမ်ရှောက်ထျန်းသည် ဤ ထူးဆန်းသော အဘိုးအိုနှင့် ဆက်ဆံရေး ပျက်ပြားအောင် မလုပ်ချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထို အဘိုးအိုသည် လူလား၊ သရဲလားဆိုသည်ကို သူ သေချာ မသိနိုင်သေးသောကြောင့်ပင်။
သူသည် သရဲများနှင့် ပြဿနာမတက်ချင်သလို၊ လူများကိုလည်း မစော်ကားလိုပါ။
'ကလပ်… ကလပ်…။'
ထိုဟောင်းနွမ်းနေသော ပြတင်းပေါက်သည် လေထဲတွင် ဘယ်ညာ ယိမ်းထိုးနေပြီး နားဝင်ဆိုးလှသော အသံကို ပြုလုပ်နေခဲ့သည်။ ဝမ်ရှောက်ထျန်းသည် သူ့ဦးခါင်းတခုလုံး ကျဉ်တက်သွားသည်ကို ခံစား လိုက်ရပြီး ထိုအသံကြောင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသည်။
ပြတင်းပေါက်အပေါ်တွင် ဇောက်ထိုးကြီး တွဲလောင်းကျနေသော သရဲသည် ဘာကိုလုပ်ချင်သည်ဖြစ်စေ ပြတင်းပေါက်ကို ထိုသို့ လှုပ်ခါနေသည်မှာ နည်းနည်းတော့ တရားလွန်ပေသည်။ အဘယ်ကြောင့်ဆို သော် တောင်ဘက်မြို့ မီးသဂြိုလ်စက်သည် ဝေးလံသော အရပ်များမှ လူသေများနှင့် လူအများအပြား ဝင်ထွက်သွားလာသောကြောင့် နာမည်ကြီးသည်။ အကယ်၍ ပြတင်းပေါက် ကျိုးပဲ့ပျက်စီးသွားပါက လေဒဏ်၊ မိုးဒဏ်မှ မည်သို့ ကာကွယ်ပေးနိုင်တော့မည်နည်း။
ဝမ်ရှောက်ထျန်းသည် မလိုအပ်ဘဲ စိုးရိမ်နေခြင်း မဟုတ်။ သူသည် ကြောက်လန့်နေပြီး အပြင်ဘက်မှ သရဲများအပေါ် စိတ်ကို အာရုံစိုက်ခြင်းဖြင့်သာ သူ၏ ကြောက်ရွံ့မှုကို လျော့ပါးစေနိုင်၍ဖြစ်သည်။
"ပြတင်းပေါက်ကို သွားပိတ်လိုက်…။"
ထိုကြောက်မက်ဖွယ်ကောင်းသော အဘိုးအိုသည် ဝမ်ရှောက်ထျန်းကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ခြောက်သွေ့သော နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားနေပြီး၊ ကြမ်းတမ်းသော အသံကို ထုတ်လွှတ်လိုက် ရာ ဗလာနတ္တိဖြစ်နေသော ရင်ခွဲရုံထဲတွင် ထိုအသံသည် အချိန်အတော်ကြာ ပဲ့တင် ထပ်နေလေသည်။
"သွားနှင့်ပါ၊ ကျွန်တော် လဲသွားပါ့မယ်၊ ဟုတ်ပြီလား…။"
ဝမ်ရှောက်ထျန်းသည် စကားဖြင့် သဘောတူလိုက်သော်လည်း ပြတင်းပေါက်ကို ပိတ်ရန် လုံးဝ ရည်ရွယ် ချက်မရှိပေ။ ယခု တံခါးသည် သော့ခတ်ထားပြီး ပြတင်းပေါက်သာ ကျန်ရှိသည်။ ၎င်းကို ပိတ်လိုက်ပါက အိုးထဲတွင် လိပ်ကို ပိတ်မိစေသကဲ့သို့ ပင်ဖြစ်သွားပေမည်။
ထိုလိပ်ကလည်း သူသာပင် ဖြစ်သည်။
ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ထိုကြောက်မက်ဖွယ် အဘိုးအိုကို အလွန် ဖားယားသော ပုံစံဖြင့် သွားများကိုဖြီးပြီး ပြုံးပြလျက်
"အဘိုး၊ အပြင်မှာ သရဲရှိနေပုံရတယ်ဆိုတာ အဘိုးလည်း မြင်တာပဲ။ သူက ကျွန်တော့်ကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်က လူငယ် အရွယ်ပဲ ရှိသေးတာ သေသွားရင် နှမြောစရာပါ…။"
ထိုထူးဆန်းသော အဘိုးအိုသည် မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ဝမ်ရှောက်ထျန်းသည် မသက်မသာ တံတွေးမျိုချလိုက်ပြီး ထပ်မံ ကြိုးစားကြည့်လိုက်သည်။
"ကျွန်တော့်ကို သရဲက စားလိုက်ရင်တော့ ဒါက ကျွန်တော့် ကံကြမ္မာပဲ။ ဒါပေမဲ့ ကျွန်တော် သေသွားရင် တောင် အဘိုးလည်း မလွတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက် အတူတူ သွားရအောင်လား။ အံတွေကြိတ် ခြေထောက်တွေ ဆောင့်ပြီး သရဲကို လန့်သွားအောင် လုပ်လို့ရနိုင်ပါတယ်…။"
ထိုကြောက်မက်ဖွယ် အဘိုးအိုသည် ဝမ်ရှောက်ထျန်းကို ခဏတာ စိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
ဝမ်ရှောက်ထျန်း အလွန်ဝမ်းသာသွားသည်။ သူသည် အဘိုးအို၏ လက်မောင်းကို မဆွဲရဲဘဲ၊ အဘိုးအို၏ လက်ဖျံကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ အဘိုးအိုနှင့်အတူ ပြတင်းပေါက်ဆီသို့ လျှောက်သွား သည်။
လှပသော ပုံစံများ ထိုးထားသည့် တန်ဝတ်စုံသည် ထူးခြားသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ ထိတွေ့ လိုက်သောအခါ ပိုးသားကဲ့သို့ အေးမြချောမွေ့သော ခံစားမှုကို ပေးလေသည်။ ဝမ်ရှောက်ထျန်းသည် တောသားတစ်ဦး ဖြစ်သော်လည်း ဤအရာသည် အလွန် တန်ဖိုးရှိကြောင်း သူ သိပေသည်။
အပြင်ဘက်ရှိ ဇိမ်ခံကားများနှင့် ဝမ်းနည်းပူဆွေးရန် ရောက်လာသော ပိုင်ရှင်များကို ထည့်သွင်းစဉ်းစား ကြည့်ပါက၊ ဤအဘိုးအိုသည် ခေါင်းတလားထဲတွင် လဲလျောင်းနေသော အရေးကြီးပုဂ္ဂိုလ် ဖြစ်နိုင်ခြေ အများဆုံးရှိသည်ဟု ဝမ်ရှောက်ထျန်း တွက်ဆလိုက်သည်။
ဝမ်ရှောက်ထျန်းသည် တုန်ယင်ဟန် ဆောင်နေပါသော်လည်း သူသည် တကယ်ကို ကြောက်လန့်နေသည် ။ သူ သရဲများကို ဘယ်နှစ်ခါပဲ မြင်ဖူးသည်ဖြစ်စေ၊ သူတို့သည် အမြဲလိုပင် ကြောက်စရာကောင်းနေ ဆဲပင်။ ဤအရာများသည် ပုံသဏ္ဍာန်မရှိဘဲ ကြောက်မက်ဖွယ်ကောင်းလှသည်။
ပြတင်းပေါက်နှင့် တစ်လှမ်းအကွာတွင် ရပ်နေစဉ် ဝမ်ရှောက်ထျန်းသည် ပြတင်းပေါက်ဘောင်ပေါ်မှ လွင့်မျောနေသော ဆံပင်များမှ ထွက်လာသည့် ငါးညှီနံ့ကို ရှင်းရှင်းလင်းလင်း အနံ့ ရလိုက်သည်။
"ဟင်း…ဟင်း...။"
တစ်နေရာမှ အားနည်းသော ရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံ ကြားရပြီး တစ်ခါတစ်ရံ ပျောက်ကွယ်သွားကာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ဝမ်ရှောက်ထျန်းသည် နားထင်ကြောများ တင်းမာစွာ တံတွေးမျိုချလိုက်သည်။ ပြတင်းပေါက်ပေါ်တွင် ပြောင်းပြန် တွဲလောင်းကျနေသော သရဲမသည် ထိုအဘိုးကြီးသရဲနှင့် အတူရှိနေမည်ကို သူ စိုးရိမ်နေခဲ့ သော်လည်း အလောင်းစားတခု လုပ်ရတော့မည်။
ရုတ်တရက် ဝမ်ရှောက်ထျန်းသည် အော်ဟစ်လိုက်ပြီး အဘိုးကြီးသရဲ ခေတ္တမျှ ကြောင်တောင်နေစဉ် အခွင့်ကောင်းယူကာ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သူ့ကျောကို အားကုန် တွန်းလိုက်သည်။
ပြတင်းပေါက်ဘောင်ပေါ်တွင် တွဲလောင်းကျနေသော ဆံပင်ရှည်များသည် ရုတ်တရက် အောက်သို့ ကျဆင်းသွားပြီး အဘိုးအိုသရဲပေါ်သို့ ကျရောက်သွားခဲ့သည်။
ဤအခြေအနေကို မြင်သော် ဝမ်ရှောက်ထျန်း အလွန်ဝမ်းမြောက်သွားခဲ့သည်။ ဤနှစ်ဦးသည် ပူးပေါင်း ကြံစည်နေခြင်း မဟုတ်ကြောင်း သက်သေပြလိုက်သည်ပင်။ ခွေးချင်း ကိုက်ခြင်းနှင့် သရဲချင်း တိုက်ခိုက် ခြင်းသည် တူပေသည်။ သူ လျင်မြန်စွာ ထွက်ပြေးရတော့မည်။
သူသည် ပြတင်းပေါက်ဘောင်ကို အမြန် ဆွဲကိုင်ကာ ခုန်ထွက်လိုက်သည်။ နောက်သို့ လှည့်ကြည့်ရန် မရဲ ဘဲ အပြင်ဘက်သို့ ငါးမိနစ် ခြောက်မိနစ်နီးပါးလောက် ဆက်တိုက် ပြေးနေခဲ့မိသည်။
"စောင့်ပါအုန်း..."
အမျိုးသမီးတစ်ဦး၏ အသံသည် သူ့နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှောက်ထျန်း ဒူးပေါ် လက် ထောက်ကာ ကိုယ်ကိုကိုင်း၍ အသက် ကိုပြင်းပြင်း ရှူသွင်းနေခဲ့သည်။ သူသည် ညဘက်တွင် နောက်သို့ လှည့်မကြည့်သင့်ကြောင်း သိသော်လည်း ဆက်ပြေးရန်မှာ အလွန်ပင်ပန်းနေပြီ ဖြစ်သည်။ သူ၏ နောက် ကွယ်တွင် ရှိနေသည်မှာ သရဲဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူရင်ဆိုင်ရတော့မည်။
ဝမ်ရှောက်ထျန်းသည် အင်္ကျီလည်ပင်းအတွင်းသို့ လက်ထည့်လိုက်သည်။ မနေ့ညက အိမ်ပြန်ရောက်ပြီး နောက် သူ ပင်ပန်းနွမ်းနယ်နေသော်လည်း အနီရောင်ကြိုးဖြင့် ဧကရာဇ်ငါးပါးဒင်္ဂါးများကို လည်ပင်းတွင် ဆွဲထားခဲ့သည်။
ဤသည်မှာ အသက်ကယ် ရတနာဖြစ်သည်။ သူအရာအားလုံးကို ဆုံးရှုံးခံနိုင်သော်လည်း ဧကရာဇ်ငါးပါး ဒင်္ဂါးများကို ဆုံးရှုံးမနိုင်ပေ။
သူ့လည်ပင်းတွင် ဆွဲထားသော ဧကရာဇ်ငါးပါးဒင်္ဂါးများသည် အနွေးဓါတ်တချို့ကို ထုတ်လွှတ်နေပြီး ဝမ်ရှောက်ထျန်းအား ပတ်ဝန်းကျင်မှ အမှောင်ထုနှင့် အအေးဒဏ်ကို တွန်းလှန်ရန် သတ္တိကို ပေးစွမ်း နေသည်။
*မှောင်မည်းနေပါလား…။*
*ဘုရားရေ! ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေတယ်….။*
ဝမ်ရှောက်ထျန်းသည် သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီး ဘာကိုမှ မမြင်ရကြောင်း သတိ ပြုမိလိုက်သည်။ ဤနေရာကို လာသောလမ်းတွင် ကောင်းကင်၌ လမင်းကြီး ထွန်းလင်းနေသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ မနက်ဖြန်တွင် လပြည့်ဝန်းပွဲတော် ဖြစ်ပြီး လသည် ထိုနေ့တွင် အလွန်ကြီးမားစွာ ထွန်းလင်းသည်။ ဤမျှ မှောင်မိုက်နေစရာ အကြောင်းမရှိပေ။
သို့ပေမဲ့ သူ ပြတင်းပေါက်မှ ခုန်ထွက်လာခဲ့သည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီး ဝမ်ရှောက်ထျန်းသည် ဘာကိုမှ မမြင်ရပေ။ လူတစ်ဦးသည် ပတ်ဝန်းကျင်ကို မမြင်နိုင်သောအခါ လုံးဝ လုံခြုံမှုမရှိဟု ခံစားရသည်။ ထို့အပြင် သူ၏ ပါဝါမြင့် ဓာတ်မီး ကို ရင်ခွဲရုံအခန်းထဲမှာ ချန်ထားခဲ့မိခြင်းက ပို၍ ဆိုးလွန်းစေခဲ့သည်။
"ဝမ်ရှောက်ထျန်း၊ ခဏစောင့်ဦး…။"
ဒီတစ်ကြိမ်မှာတော့ နောက်ကွယ်က အသံက ပိုရှင်းလင်းလာပြီး သူ့နာမည်ကိုပင် ခေါ်လိုက်ရာ ဝမ်ရှောက်ထျန်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ဝမ်ရှောက်ထျန်းသည် စိတ်ကိုချက်ခြင်း ပြင်ဆင်ထားလိုက်သည်။ မိန်ပေါ်ထောင်းက သရဲများသည် သေဆုံးသူများ ချန်ထားခဲ့သော ရန်ငြိုးစွမ်းအင်မျှသာ ဖြစ်ကြောင်း ပြောခဲ့ဘူးသည်။ ၎င်းတို့သည် စုစည်း နေပြီး ပျောက်ကွယ်မသွားပေ။ ရန်ငြိုး ပိုအားကောင်းလေ၊ စွမ်းအား ပိုကြီးလေ ဖြစ်သည်။ သို့သော် မည် သည့်အရာမျှ အချိန်၏ စီးဆင်းမှုကို ရှောင်လွှဲ၍ မရနိုင်ပေ။
ရန်ငြိုးအကြီးဆုံး သရဲများသည်ပင် အချိန်ကြာလာသည်နှင့်အမျှ အားနည်းလာပြီး နောက်ဆုံးတွင် လောကကြီးထဲ ပျောက်ကွယ်သွားပေလိမ့်မည်။ အချိန်၏ တိုက်စားမှုကို တွန်းလှန်ရန်အတွက် သရဲများ သည် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားကြသည်။
သရဲများ၏ စွမ်းအားသည် သင့၏ကြောက်ရွံ့မှုကို အသုံးချခြင်း၌ တည်ရှိသည်။ သင် ပိုကြောက်ရွံ့လေ၊ သင် ပိုအားနည်းလေ ဖြစ်ပြီး၊ သရဲက ပိုအားကောင်းလာလေ ဖြစ်သည်။
လောကကြီးသည် ယင်နှင့် ယန် ဟူ၍ ပိုင်းခြားထားပြီး လူသားနှင့် သရဲတို့ ရှိသော်လည်း အားလုံး အဆင် ပြေနေသည်။ လူသားများသည် ကမ္ဘာကြီးကို အုပ်စိုးသည်။ အဘယ်ကြောင့်ဆိုသော် လူ့စွမ်းအားသည် အသန်မာဆုံး ဖြစ်သောကြောင့်ပင်။ သင် မကြောက်ရွံ့သရွေ့ သရဲများသည် သင့်ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်။
"ဝမ်ရှောက်ထျန်း၊ ဘယ်သွားမလို့လဲ။ ကျွန်မကို ခေါ်သွားလို့ မရဘူးလား။ ကျွန်မ ရှင်နဲ့အတူ နေချင် တယ်...။"
မိန်းကလေးငယ်၏ ချိုသာသောအသံသည် ပိုမို နီးကပ်လာပြီး ချွဲနွဲ့ကာ ချစ်ခင်စဖွယ် ပြောနေသည်။
ညဉ့်နက်ပိုင်းတွင် မိန်းကလေး၏ အသံသည် ချိုသာနွေးထွေး၍ ရင်းနှီးပွင့်လင်း၏ ။ လမင်း သည် မိုးမခပင်များအထက် ထွက်ပေါ်လာသောအခါ ညမှောင်ရီအလွန်တွင် လူတို့သည် ဆုံတွေ့ကြသည်ဟု ဆိုကြ၏။ လေထန်သော မှောင်မိုက်ညဉ့်၌ကား လူသူမရှိသောအခါ ရင်းနှီးနွေးထွေးသည့် အမှုကိစ္စ တို့ကို ပြုလုပ်နိုင်ကြပေသည်။
သို့သော် ဝမ်ရှောက်ထျန်းသည် လုံးဝ ပျော်ရွှင်မနေပါ။ သူသည် သီလစောင့်ထိန်းသော လူငယ်တစ်ဦး ဖြစ်ပြီး လူပျိုဘဝ မပျက်သေးသူပင်။
ထို့အပြင် ယခုအချိန်သည် လုံးဝ မှောင်မည်းနေပြီး အေးစက်သော လေသည် ရံဖန်ရံခါ တိုက်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသဖြင့် ခြေဖဝါးမှ ခေါင်းထိပ်အထိ အေးစိမ့်နေလေသည်။
"ဝမ်ရှောက်ထျန်း၊ ကျွန်မကို ဘာလို့ စကားပြန်မပြောတာလဲ…"။
"သောက်ကျိုးနဲ…။"
ဝမ်ရှောက်ထျန်းသည် မခံစားနိုင်တော့ဘဲ လှည့်၍ ပြေးလိုက်သော်လည်း သူ၏ ခံနိုင်ရည်အားသည် ငါးမိနစ်ခန့် ပြေးပြီးနောက် ဆက်ပြေးနိုင်ရန် အင်အားမရှိတော့ပေ။