သရဲများနှင့်တွေ့ဆုံခြင်း
Vol. 4 Ch. 40
ဝမ်ရှောက်ထျန်းသည် သူ့ရှေ့မှ မိန်းကလေးကို လေးစားစွာ ကြည့်လိုက်သည်။ အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးသော်လည်း ဤမျှလောက် သတ္တိရှိသည်က သူ့အတွက် အံ့ဩစရာတစ်ခုပင်။ သူမက မီးသဂြိုလ်စက် အလောင်းပြင်ဆင်သူ အဖြစ် လုပ်ကိုင်နေသူတစ်ဦးပင်ဖြစ်နေသည်။
"အံ့မခန်းပဲ…။"
ဝမ်ရှောက်ထျန်း လက်မထောင်၍ မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ဒီလောက် ညဉ့်နက်တဲ့အချိန်မှာ အလောင်းတွေနဲ့ တူတူရှိနေရတာ မကြောက်ဘူးလား….။"
သူသာ အလောင်းပုံအလယ်တွင် ရှိနေရမည်ဆိုပါက အကြောက်လွန်ပြီး အသက်မသေလျင်တောင်မှ စိတ်ကျရောဂါ စွဲလာနိုင်ပေသည်။ ထို့အပြင် တောင်ဘက်မြို့ မီးသဂြိုလ်စက်နှင့် ကိုက် (၅၀၀) လောက် သာဝေးသောနေရာတွင် ကြီးမားသုသာန်ကြီးတစ်ခုလည်း ရှိနေသေးသည်။
ချင်ရှီးရှီးသည် ဝမ်ရှောက်ထျန်းကို မျက်လုံးပင့်ပြကာ ပေါက်စီကို တစ်ကိုက်ချင်း စားနေသည်။
"ဘာကြောက်စရာရှိလို့လဲ…။ လူတစ်ယောက် သေတာက မီးအိမ်တစ်ခု မီးငြိမ်းသွားတာနဲ့ အတူတူပဲ။ သေသွားပြီဆိုရင် အားလုံး ပြီးသွားပြီ။ မီးဖိုထဲ ပစ်ထည့်ပြီး ပြာဖြစ်အောင် မီးရှို့လိုက်ရုံပဲ။ ဘာကို ကြောက်စရာ ရှိလို့လဲ….။"
"မင်း ဒီလောကမှာ သရဲတွေ ရှိနေတယ်လို့ မထင်ဘူးလား…။"
ဝမ်ရှောက်ထျန်းက စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်သည်။
"ကျွန်မက သရဲဆိုတာကို လုံးဝ မယုံဘူး။ ကျွန်မ မီးသဂြိုလ်စက်မှာ အလုပ်လုပ်နေတာ (၂) နှစ်ရှိပြီ။ ဘာသရဲမှ မမြင်ဖူးသလို ထူးဆန်းတာတွေလည်း တစ်ခါမှ မကြုံဖူးဘူး….။"
ဤအခြေနေသို့ ရောက်နေသည်ကိုပင် ချင်ရှီးရှီးက သူမ၏ သရဲ မယုံကြည်မှု ခံယူချက်ကို တောင့်ခံ ထားနိုင်သေးသည်ကို ဝမ်ရှောက်ထျန်း စိတ်ရင်းအမှန်နှင့် လေးစားမိလေသည်။
"ညီမလေး၊ မင်းရဲ့ ခံယူချက်က ကောင်းပေမဲ့၊ ခုနက ရင်ခွဲရုံမှာ ဖြစ်ခဲ့တာတွေကိုကော မင်းဘယ်လို ရှင်းပြမလဲ၊ ပြီးတော့ အခု ငါတို့ ဒီသရဲပတ်လမ်းကြီးထဲ ပိတ်မိနေတာကိုရော ဘယ်လို ရှင်းပြမလဲ…။”
ဝမ်ရှောက်ထျန်းက ချင်ရှီးရှီး၏ ခံယူချက်ကို ပြောင်းလဲပေးရန် လိုအပ်သည်ဟု ခံစားမိလေသည်။
ဤမိန်းကလေး၏ ခံယူချက်များသည် ကြောက်စရာကောင်းပေသည်။ သရဲများ ဝိုင်းနေသော်လည်း သူမသည် ကြောက်ရွံ့ရန် စိတ်ကူး လုံးဝရှိမနေခဲ့ပေ။ အငြိုးကြီးသော သရဲနှင့်များ တွေ့လိုက်မည်ဆိုပါက အသက်ပင် ဆုံးရှုံးသွားနိုင်လေသည်။
"ရှင် ခုနက လမ်းမှားသွားတာ ဖြစ်နိုင်တယ်။ အခု ဖြစ်နေတာကတော့ သံလိုက်စက်ကွင်းမှာ ပြဿနာရှိ လို့ ဖြစ်လိမ့်မယ်…။"
ချင်ရှီးရှီးသည် ပေါက်စီကို စားရင်း သံလိုက်စက်ကွင်းက လူတစ်ယောက်၏ ဆုံးဖြတ်ချက်အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ဆိုခြင်းကို ဝမ်ရှောက်ထျန်းအား ရှင်းပြလိုက်သည်။
ဝမ်ရှောက်ထျန်းက ကူကယ်ရာမဲ့စွာဖြင့်
"မင်း မရှိဘူးလို့ ထင်ရင်လည်း မရှိဘူးပေါ့။ ငါ အပြင်စာ ပို့ခဲ့တာတော့ အမှန်ပဲ အပြင်စာက ကြမ်းပြင် ပေါ် ဖိတ်ကျသွားပေမဲ့ အဲဒါ ငါ့အပြစ်တော့မဟုတ်ဘူး။ အခု မင်း ငါ့ပေါက်စီ စားလိုက်ပြီဆိုတော့ ငါတို့ အကြွေးကျေပြီ….။"
"ရှင် နောက်နေတာလား…။ရှင် ကိုက်ထားတဲ့ စုတ်ပြတ်သတ်နေတဲ့ ပေါက်စီတစ်လုံးနဲ့ အကြွေးကျေပြီလို့ ထင်နေတာလား….။ကျွန်မ ဒီနေ့ လစာထုတ်ထားလို့ အသားခေါက်ဆွဲကို ပိုက်ဆံပေးပြီး ဝယ်စားခဲ့တာ။ စုတ်ပြတ်သတ်နေတဲ့ ပေါက်စီက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ….။"
ချင်ရှီးရှီးက သဘောမတူပေ။
သူမက ဒီရက်တွေမှာ ကြိုးစားလုပ်ဆောင်ခဲ့ရသည်ကို ဆုချရန်အတွက် ပိုက်ဆံ ယွမ်ငါးဆယ်ကို အလွန်နှမြောစွာ သုံးစွဲပြီး အသားများများ၊ ခေါက်ဆွဲများများ ပါသော အမဲသားခေါက်ဆွဲ ပန်းကန်ကြီး တစ်လုံး မှာယူခဲ့ခြင်းပင်။ ပေါက်စီတစ်လုံးတည်းနဲ့ ဘယ်လိုလုပ် ကြေအေးနိုင်ပါမည်လဲ။
"ဒါဆို မင်း ဘာလိုချင်တာလဲ….။ ငါ့မှာ ပိုက်ဆံတော့ မရှိဘူး ။ငါ့အသက်ကိုလည်း မပေးနိုင်ဘူး..။"
ဝမ်ရှောက်ထျန်းသည် အရှက်မရှိစွာ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် လမ်းလျှောက်လာရင်း လျော်ကြေးကိစ္စကို ငြင်းခုံလာခဲ့ကြသည်။ သို့သော် တဖြည်း ဖြည်း ချင်ရှီးရှီး၏ အသံက တိုးလာပြီး သူမ၏ ခြေလှမ်းများက နှေးကွေးလာသည်။
"ဟိုလေ… ဝမ်ရှောက်ထျန်း၊ ဒီလောကမှာ သရဲတွေ တကယ်ပဲ ရှိတာလား…။"
ဝမ်ရှောက်ထျန်းက ချင်ရှီးရှီးကို လှည့်ကြည့်ပြီး
"မင်း မယုံဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ယုံရင် ရှိတယ်၊ မယုံရင် မရှိဘူး….။"
"ကျွန်မက သင်္ချာမှာ အမြဲတော်ပြီး မှတ်ဉာဏ်လည်း အတော်လေးကောင်းတယ်။ ကျွန်မတို့ လမ်း လျှောက်နေတာ ဆယ့်ခြောက်မိနစ် ရှိပြီ။ ဒီလောက်ကြာချိန်က မီးသဂြိုလ်စက်ကို တစ်ပတ်ပတ်လို့ တောင် လုံလောက်တယ်။ ကျွန်မတို့ ဘယ်အဆောက်အဦးကိုမှ မတွေ့ရသေးတာတော့ မဖြစ်သင့် ဘူး….။"
ချင်ရှီးရှီးသည် သူမ၏ လက်ကောက်ဝတ်က နာရီကို ကြည့်လိုက်သည်။ဤသည်က သူမ အလုပ်စဝင်ပြီး ပထမဆုံး လစာထုတ်စဉ်က ပိုက်ဆံအများပြားသုံးပြီး မိမိဘာသာ ဝယ်ခဲ့သော လက်ဆောင်တစ်ခု ဖြစ် သည်။ ယွမ် ထောင်ပေါင်းများစွာ တန်ဖိုးရှိသော ထိုနာရီမှာ လုပ်ဆောင်ချက်တွေ အလွန်ကောင်းမွန် ပေသည် ။ ဤနေရာမှာ သံလိုက်စက်ကွင်း ပြဿနာရှိနေပါက သူမ၏ နာရီက ကောင်းကောင်း အလုပ် လုပ်မည် မဟုတ်ပေ။
ဝမ်ရှောက်ထျန်း ကျွတ်စုပ်သံတချက်ကို ပြုလိုက်သည်။
“မင်း အဓိပ္ပာယ်မရှိတာတွေ တွေးနေတာကို ရပ်လိုက်တာ ပိုကောင်းမယ်။ ကိုယ့်ဘာသာကိုယ် ကြောက်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်….။"
ချင်ရှီးရှီးက ကမ္ဘာပေါ်မှာ သရဲမရှိဘူးဟု ခိုင်မာစွာ ယုံကြည်နေသည်က ပို၍ကောင်းတယ်ဟုပင် သူ ထင်လိုက်သည်။ မည်သို့ပင်ဆိုစေ ချင်ရှီးရှီးက မီးသဂြိုလ်စက်မှာ အလုပ် ဆက်လုပ်ရဦးမည်ပင်။ သူမ သာ အမြဲတမ်း ထိတ်လန့်ပြီး စိုးရိမ်ပူပန်နေရင် အလုပ်ပြုတ်သွားနိုင်သည် မဟုတ်ပါလား။
ထို့အပြင် ချင်ရှီးရှီးသည် မီးသဂြိုလ်စက်တွင် မည်သည့်ပြဿနာမရှိဘဲ နှစ်နှစ်ကြာအောင် အလုပ် လုပ်နိုင်ခဲ့သည်က ကမ္ဘာပေါ်မှာ သရဲမရှိဘူးဟူသော သူမ၏ ခိုင်မာသောယုံကြည်ချက် ကြောင့်ပင်ဖြစ် သည်။
"မဟုတ်ဘူး၊ ကျွန်မက အမှန်တရားကိုပဲ သိချင်တာ…။"
ချင်ရှီးရှီး၏ အမူအရာက လေးနက်နေသည်။
ဝမ်ရှောက်ထျန်း ခေါင်းကိုက်လာသလို ခံစားရပြီး သူ တစ်ခုခုများ အမှားလုပ်ခဲ့မိလားလို့ ထင်မိသည်။ သူ ချင်ရှီးရှီး၏ မေးခွန်းကို မဖြေဘဲ၊
"စိတ်မပူပါနဲ့။ ငါတို့ လမ်းမှားလာတာ ဖြစ်နိုင်ပါတယ်။ ငါတို့ ဒီတိုင်း ဆက်ရှာနေရင် ထွက်ပေါက်ကို သေချာပေါက် တွေ့မှာပါ….။" ဟု ရေရွတ်လိုက်သည်။
ချင်ရှီးရှီး လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူမ၏ အားကောင်းသော ဓာတ်မီးဖြင့် ပတ်ပတ်လည် သို့ ထိုးကြည့်လိုက်ရာ သစ်ပင်တွေသာ ရှိနေပြီး မည်သည့် အဆောက်အအုံမှ ရှိမနေသည်မှာ သေချာ သွားသည်။ သူမ၏ ပို၍စိတ်ဓါတ်ကျသွားခဲ့သည်။
ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီး၏ လက်ထဲတွင်ကိုင်ထားသော ဓာတ်မီးကို ကြည့်လိုက်ပြီး ရင်းနှီးနေ သလို ခံစားနေရသည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
"ဒီ အားကောင်းတဲ့ ဓာတ်မီးကို ဘယ်က ဝယ်ထားတာလဲ….။"
"ကျွန်မ ဝယ်ထားတာမဟုတ်ဘူး။ ရှင့်ကို ရှာဖို့ အပြင်ထွက်လာတုန်းက လမ်းပေါ်ကနေ ကောက်ရခဲ့တာ၊ ကျွန်မလဲ စဉ်းစားမနေဘဲ ယူလာခဲ့လိုက်တာ….။"
ချင်ရှီးရှီးက သူမလက်ထဲက ဓာတ်မီးကို ကြည့်လိုက်ပြီး ဝမ်ရှောက်ထျန်းကို ကြည့်လိုက်ရာ ရုတ်တရက် သူမ၏ မျက်လုံးများ ပြူးကျယ်လာပြီး ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
"ရှင်...ရှင့်ဟာတော့ မဟုတ်လောက်ပါဘူးနော်..."
သာမန်အားဖြင့် စကားပြောကောင်းသော ထိုမိန်းကလေးသည် စကားမပြောနိုင်တော့ဘဲ စိုးရိမ်တကြီး ဖြစ်ကာ စကားလုံးများပင် ထစ်နေခဲ့သည်။
ဝမ်ရှောက်ထျန်းလည်း မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
"မင်း ထင်တာ မှန်လောက်တယ်။ ဒီ အားကောင်းတဲ့ ဓာတ်မီးက ငါ့ဟာ ဖြစ်နိုင်တယ်။ ငါ ရင်ခွဲရုံကနေ ထွက်ပြေးလာတုန်းက မြေကြီးပေါ် ချထားခဲ့တာ ကောက်ဖို့တောင် အချိန်မရခဲ့ဘူး…။"
"မဖြစ်နိုင်... မဖြစ်နိုင်ဘူး….။"
ချင်ရှီးရှီး ခြေထောက်များပင် အားမရှိတော့သလိုပင်ခံစားနေရသည်။
သူမသည် ငယ်စဉ်ကတည်းက လွန်စွာ သတ္တိကောင်းသူဖြစ်သည်။ တခြားမိန်းကလေးများ ညဘက် ကိုယ်ပိုင်ကျူရှင်ကနေ အိမ်ပြန်ရန် မိဘများ လာကြိုဖို့ လိုအပ်နေချိန်၌ သူမ ကတော့ ကျောပိုးအိတ် တလုံးနှင့် လမ်းသွယ်လေးများထဲ လွတ်လပ်စွာ လျှောက်သွားခဲ့ပြီး မှောင်မည်းနေသော နေရာများ၌ ခွေးလေခွေးလွင့်၊ ကြောင်လေကြောင်လွင့်များနှင့် တွေ့လျင်တောင် မကြောက်ခဲ့ပေ။သို့ပေမဲ့ အခုတော့ သူမ၏ သွားများ အပေါ်အောက် တချပ်ချပ် တိုက်နေသည်အထိကို ကြောက်လန့်နေပေ၏။
"ဓာတ်မီးကို ကြည့်ပါဦး၊ အဲဒီမှာ အမှန်ခြစ်ပုံစံ ခြစ်ရာတစ်ခုများ ရှိနေလား"
သူ မတော်တဆ ခြစ်မိခဲ့ခြင်းပင်။
ချင်ရှီးရှီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးမှေးကာ ဓာတ်မီးကို အာရုံစိုက် ကြည့်လိုက်သည်။ အမှန်ပင် ခြစ်ရာတစ်ခုကို တွေ့လိုက်ရသည်။ သူမ အသက်ရှူမှားသွားပြီး
"ရှင်... ရှင် ခုနက ရင်ခွဲရုံထဲမှာ တကယ်ပဲ ရှိခဲ့တာလား….။ရှင်က ကျွန်မကို အပြင်စာဖိုး ပြန်လျော်ပေး ရမှာ ကြောက်လို့ လှည့်စားပြီး ကြောက်အောင် လုပ်နေတာ မဟုတ်ဘူးလား…။"
"ငါက အဲ့ဒီလိုမျိုး ပုံစံပေါက်နေလား….။ ငါ ဆင်းရဲရင်တောင်မှ ယွမ်ဆယ်ဂဏန်းလောက် တန်ဖိုးရှိတဲ့ ကိစ္စတစ်ခုအတွက်တော့ မိန်းကလေးတစ်ယောက်ကို ကြောက်အောင် မလုပ်ပါဘူး။ ငါ ခုနက ရင်ခွဲရုံ ထဲမှာ ခေါင်းတလားတစ်ခုကို တကယ် တွေ့ခဲ့တာ…။"
ဝမ်ရှောက်ထျန်းက ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလုနီးပါး ပြောလိုက်သည်။
"အဲဒါ မဖြစ်နိုင်ဘူး။ ရင်ခွဲရုံထဲမှာ ဘာခေါင်းတလားမှ မရှိဘူး။ မနေ့က ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူ နှစ်ဆယ်ကျော် သေဆုံးသွားတယ်။ အားလုံး ရင်ခွဲရုံထဲမှာ ရှိနေတာ။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေ အတွက် ကျွန်မအလောင်းတွေကို ပြင်ဆင်ဖို့ အချိန်ပို ဆင်းနေတာ…။"
ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် ဤအလောင်းနှစ်ဆယ်ကျော်ကို ကိုင်တွယ်ရသည်မှာ အလွန် ခက်ခဲပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်မှာလည်း ရုတ်တရက် အစာအိမ်နဲ့ အူလမ်းကြောင်းရောင်သည့်ရောဂါ ဖြစ်ပြီး ဆေးရုံတက်လိုက်သဖြင့် သူမ နားချိန်မရှိဘဲ နာရီနှစ်ဆယ်ကျော် အလုပ်လုပ်နေရခြင်း ဖြစ်သည်။
"မင်း ဘယ်နှယောက်ရှိတယ်လို့ ပြောလိုက်တာလဲ…။"
ဝမ်ရှောက်ထျန်း၏ စိတ်ထဲ မကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာသည်။
ချင်ရှီးရှီး ခဏစဉ်းစားပြီး ပြောလိုက်သည်။
"အလောင်း နှစ်ဆယ့်တစ်လောင်း….။"
ဝမ်ရှောက်ထျန်းကျောရိုးတစ်လျှောက် အေးစက်သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာ ခဲ့သည်။
"ငါ... ငါ ခုနက တူညီဝတ်စုံဝတ်ထားတဲ့ လူနှစ်ဆယ်ကျော် ဂါရဝပြုနေတာကို မြင်ခဲ့ရတယ် ပြီးတော့ နံရံပေါ်မှာ ပုံတူပန်းချီကားတစ်ချပ် ချိတ်ထားတယ်၊ အဲဒီပေါ်မှာ...။"
ဝမ်ရှောက်ထျန်းသည် နံရံပေါ်ရှိ ပုံတူပန်းချီကားသည် ဘယ်လိုပုံလဲဆိုတာ ရုတ်တရက် မမှတ်မိတော့ ပေ။ သူ၏ မှတ်ဉာဏ်က ထူထပ်သောမြူများထဲ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပြီး ဘယ်လောက်ပင် ကြိုးစား၍ စဉ်းစားပါသော်လည်း ဘယ်လိုမှ မမှတ်မိတော့ချေ။
"ငါ မှတ်မိနေတယ်။ အခမ်းအနားမှာ အဝါရောင် တန်ဝတ်စုံဝတ်ဆင်ထားတဲ့ အဘွားအိုတစ်ယောက် ရှိ တယ်။ ရွှေချည်၊ ငွေချည်တွေနဲ့ နဂါးနဲ့ ဖီးနစ်ငှက်ပုံ ပန်းထိုးတွေ ပါတယ်…။"
ဝမ်ရှောက်ထျန်းက အတိအကျ ပြောလိုက်သည်။
ဤအချက်ကိုတော့ သူ သေသေချာချာပင် မှတ်မိနေခဲ့သည်ပင်။