အသက်ကယ်အစားအစာ
Vol. 4 Ch. 41
ဝမ်ရှောက်ထျန်းက ပြောလေလေ ချင်ရှီးရှီးမှာ ပိုကြောက်လာလေဖြစ်ပြီး သူမ၏မျက်နှာသည်လည်း ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေပြီ ဖြစ်နေသည်။
"အဲ့ဒီဝတ်စုံက ထူးဆန်းနေတယ်လို့ ရှင် မထင်ဘူးလား….။"
ချင်ရှီးရှီး၏မေးခွန်းကို ကြားသောအခါ ဝမ်ရှောက်ထျန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
"ကျွန်တော်တော့ လုံးဝ မထူးဆန်းဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ အရမ်းကို စျေးကြီးတဲ့ပုံပဲ။ ပိုက်ဆံရှိတဲ့သူမှ ဝတ်နိုင်တာမျိုးပေါ့။"
ချင်ရှီးရှီး၏ နှုတ်ခမ်းများမှာ တုန်ယင်နေခဲ့သည်။
"ရှင်ပြောနေတဲ့ ဝတ်စုံက ကျွန်မအတွက်တော့ ရင်းနှီးနေတယ်။ ဒီနေ့မွန်းလွဲပိုင်းကပဲ သူမကို ကျွန်မ ကိုယ်တိုင် ဝတ်ပေးခဲ့တာ။ နဂါးပုံ၊ ဖီးနစ်ပုံတွေကို ရွှေချည်၊ ငွေချည်တွေနဲ့ ထိုးထားတာလေ ဘာလို့လဲ ဆိုတော့ အဲဒါက အသုဘဝတ်စုံမို့လို့ပဲ….။"
ထိုစကားကိုကြားသောအခါ ဝမ်ရှောက်ထျန်း တုန်လှုပ်သွားသည်။ လေအေးတစ်ချက် ဖြတ်တိုက်သွား ပြီး ကြောက်မက်ဖွယ်ကောင်းသော လေထုက သူ့ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေခဲ့သည်။
"ရှင်ဒီနေ့ အဲ့လိုနေရာက လွတ်မြောက်လာတာဆိုတော့ ရှင်က ကျွမ်းကျင်ပညာရှင် တစ်ယောက် ဟုတ်တယ်မလား…။"
ချင်ရှီးရှီး၏မျက်လုံးများတွင် မျှော်လင့်ချက်အပြည့်ပင်။ ယခင်က သူမသည် သရဲ၊တစ္ဆေများကို လုံးဝ မယုံကြည်ခဲ့သော်လည်း ယခုမူ မယုံကြည်၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဘွားကြီး ဝတ်ဆင်ထားသည့် တန်ဝတ်စုံသည် သူမ ကိုယ်တိုင် ထိုနေ့မွန်းလွဲပိုင်းက ဝတ်ပေးခဲ့သော ဝတ်စုံဖြစ်နေ သောကြောင့်ပင်။
အသုဘဝတ်စုံနှင့်ပတ်သက်၍ စည်းကမ်းများ ရှိသည်။
"အဲန်" ဟုခေါ်သော အသုဘဝတ်စုံတွင် များစွာသောအရာများ ပါဝင်သည်- အလွှာတစ်ထပ်၊ အတွင်းခံပါ သောဝတ်စုံ၊ ဂွမ်းထည့်ထားသောဝတ်စုံ၊ ဂွမ်းထည့်ထားသောရုံပိုး၊ ဂွမ်းထည့်ထားသောဂျာကင်၊ ဘက်စုံ သုံးဦးထုပ်မဲနှင့် အသုဘဖိနပ်များဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ခုကိုမျှ ချန်လှပ်ထား၍မရပေ။
ခန္ဓာကိုယ်နှင့် အနီးဆုံးဝတ်ရသော အဝတ်အစားမှာ အများအားဖြင့် အဖြူရောင်ရှပ်အင်္ကျီနှင့် အတွင်းခံ များဖြစ်သည်။ အသုဘဝတ်စုံကို စနစ်တကျ ပြင်ဆင်ပုံမှာ ဝတ်စုံ၏ အစွန်းနှစ်ဖက်လုံးတွင် ဂွမ်းထည့် ထားရန်ဖြစ်သည်။ ဂွမ်းထည့်ထားသော ဂျာကင်အင်္ကျီနှင့် ဂွမ်းထည့်ထားသော ဘောင်းဘီ။ ဂွမ်း (棉) ဟူသော စကားလုံးသည် အိပ်စက်ခြင်း (眠) နှင့် အသံထွက်တူပြီး ငြိမ်းချမ်းစွာဖြင့် အနားယူခြင်းကို ကိုယ်စားပြုသည်။
ပိုးထည်ကို အသုဘဝတ်စုံများအတွက် အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အသံထွက် သည် "မျိုုးဆက် ပြတ်တောက်ခြင်း" (断子) နှင့် ဆင်တူသောကြောင့်ဖြစ်သည်။ အချို့မိသားစု များက ပိုးထည်ကို အသုံးပြုပါက မျိုးဆက်ပြတ်ခြင်း ကံကြမ္မာကို ရရှိစေသည်ဟု ယုံကြည်ကြသည်။ သားမွှေးနှင့် သိုးမွှေးအဝတ်အစားများကိုလည်း တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သားမွှေး သည် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်နေပြီး "သားမွှေးဝတ်ဆင်ပါက တိရစ္ဆာန်ဖြစ်သွားမည်" ဟူ သော စကားပုံက သေဆုံးသူသည် နောက်ဘဝတွင် သားရဲတိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားမည်ကို ရည်ညွှန်းသောကြောင့်ဖြစ်သည်။
ချင်ရှီးရှီးသည် သရဲ၊တစ္ဆေများကို မယုံကြည်သော်လည်း သူမ၏အလုပ်ကိုမူ အလွန်ချစ်မြတ်နိုးသည်။ အလောင်းပြင်သူတစ်ဦးအနေဖြင့် သူမသည် များစွာ မြင်တွေ့လေ့လာခဲ့ဖူးလေသည်။
ယနေ့မွန်းလွဲပိုင်းက သူမ အဘွားကြီးကို ဝတ်ဆင်ပေးခဲ့သော အသုဘဝတ်စုံမှာ အတော်လေး ထူးခြား သည်။ချင်ရှီးရှီး အထူးဂရုပြု၍ စစ်ဆေးကြည့်ရာ ထိုဝတ်စုံပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းသည် ဖဲသား ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
လူတိုင်းက ပိုးထည်နှင့် ဖဲသားအကြောင်း ပြောဆိုကြသော်လည်း ၎င်းတို့သည် တကယ်တမ်းတွင်တော့ မတူညီကြပေ။ ပိုးထည်သည် အများအားဖြင့် ရိုးရိုးယက်ကွက် သို့မဟုတ် အမျိုးမျိုးသော ယက်ကွက် များ ရှိသော်လည်း ဖဲသားသည် အများအားဖြင့် ဖဲယက်ကွက်ကိုသာ အသုံးပြုသည်။
ပထမတွင် ချင်ရှီးရှီးသည် သူမ မှားယွင်းသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် အဘွားကြီး၏ အသုဘဝတ်စုံ ကို လဲပေးသောအခါ၌ သူမသည် ရည်ရွယ်ချက်ရှိရှိ နှစ်ကြိမ် သုံးကြိမ်ခန့် ထိတွေ့ကြည့်ခဲ့လေသည်။ ပိုးထည်သည် လျှော်ချည်နှင့် ဖောက်ချည်များ ယှက်နေသော အထည်ကို ကျစ်ကျစ်လျစ်လျစ်ဖြင့် ယက်ထား သော်လည်း ဖဲသားသည် ချောမွေ့ပြီး တောက်ပြောင်ပေသည်။
ချင်ရှီးရှီးသည် ပထမတော့ သိပ်အလေးနက်မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အချို့မိသားစုများ သည် ရိုးရာဓလေ့ကို တန်ဖိုးထားသော်လည်း အချို့မိသားစုများက ထိုကဲ့သို့သော တားမြစ်ချက်များစွာ မရှိသောကြောင့်ဖြစ်သည်။ ဈေးကွက်တွင် ရောင်းချသော အသုဘဝတ်စုံ အများစုသည် ပိုးထည်နှင့် ဖဲသားပေါင်းစပ်ထားသောကြောင့် သူမ သတိမထားမိဘဲ မှားယွင်းဝယ်ယူမိခြင်း ဖြစ်နိုင်သည်။
သို့သော် ထို့နောက်တွင် ချင်ရှီးရှီးသည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလာခဲ့သည်။
ဟန်လူမျိုးတို့၏ ရိုးရာဓလေ့အရ အသုဘဝတ်စုံ အရေအတွက်သည် ပုံမှန်အားဖြင့် မဂဏန်းများ ဖြစ်သော ငါးထည်၊ ခုနစ်ထည် သို့မဟုတ် ကိုးထည်၊ သို့မဟုတ် လည်ပင်းငါးခု၊ ခါးသုံးခု ဖြစ်ရသည်။ ဆင်းရဲသော မိသားစုများက အရေအတွက် ပြည့်မီစေရန် အင်္ကျီတစ်ထည်တည်းမှာပင် လည်ပင်းပေါက် များစွာကို အသုံးပြုလေ့ရှိသော်လည်း၊ ယခုအခါ အခြေအနေများ ပိုကောင်းလာသောကြောင့် မိသားစု အများစုသည် အပြည့်အစုံ စုဆောင်းနိုင်ကြသည်။
အသုဘဝတ်စုံနှင့် ပတ်သက်၍ အကြီးမားဆုံး တားမြစ်ချက်မှာ စုံဂဏန်း မဖြစ်စေရန်ဖြစ်သည်။ ကံဆိုး ခြင်းများသည် တစ်ခုတည်း မလာတတ်ဟူသော စကားအတိုင်းပင်။
အသုဘဖိနပ်များသည် ချင်ရှီးရှီးအတွက် ပို၍ပင် အံ့ဩစရာ ဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် ရိုးရာ အသုဘဖိနပ်များသည် "လက်ဖက်ခြောက်ကြာပန်းအပြာ" သို့မဟုတ် "နတ်ဘုရားတံတား ကြာပန်း" ဖိနပ်များကဲ့သို့ ကြာပန်းပုံစံများဖြစ်ပြီး ခြေထောက်တစ်ဖက်စီတွင် ကြာပန်းတစ်ပွင့်စီ ပန်းထိုးထား သည်။ ၎င်းတို့သည် ကြာပန်းပေါ် နင်းပြီး အလင်းရောင်ရရှိခြင်းကို ကိုယ်စားပြုသောကြောင့် ကြာပန်း ပုံစံများ ထည့်သွင်းထားသော အဝတ်စ ကြာဖိနပ်များ ဖြစ်ရမည်။
သို့သော် ဤအဘွားကြီး၏ အသုဘဖိနပ်များမှာ အပြင်ဘက်တွင် ကြာပန်းများ ရှိသော်လည်း အတွင်း ဘက်တွင်မူ ခွေးသားရေ ဖြစ်နေသည်။
တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်ပြီးနောက် ချင်ရှီးရှီးသည် စီစဉ်သူကို ချက်ချင်း ဖုန်းခေါ် ခဲ့သော်လည်း စီစဉ်သူမှာ ရှင်းရှင်းလင်းလင်း မပြောဘဲ သူမအား ကြားမဝင်ရန်နှင့် သူမ၏ အလုပ်ကိုသာ လုပ်ရန် ဆူပူကြိမ်းမောင်းခဲ့သည်။
ချင်ရှီးရှီး၏ စကားများကို ကြားပြီးနောက် ဝမ်ရှောက်ထျန်းလည်း တစ်ခုခု မသင်္ကာစရာ ရှိနေသည်မှာ သေချာသွားခဲ့သည်။
"သွားရအောင်..။ဒီလို ဟိုမယောက်ဒီမယောက်လူက ဒီမှာဒီလောက် မောက်မာနေတာကို ငါ မယုံဘူး..။"
ချင်ရှီးရှီးသည် ကြောက်ရွံ့မှုထက် ဒေါသကပိုထွက်နေသဖြင့် သွားများကို တင်းတင်းကြိတ်လိုက်သည်။
အကယ်၍များ အဘွားကြီးသည် အသုဘဝတ်စုံကြောင့် တကယ်ပင် တစ္ဆေဖြစ်သွားပါက သူမသည် သွယ်ဝိုက်သောအားဖြင့် အပြစ်ရှိသူဟု မှတ်ယူ၍ရနိုင်သည်။
"ဟေး…၊ ညီမလေး ဒေါသမထွက်ပါနဲ့ဦး။ စဉ်းစားကြည့်လေ အဲ့ဒီအရာတွေက လူတွေမှ မဟုတ်တာ…။”
ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးအား သူမ၏ စိတ်လှုပ်ရှားမှုကြောင့် အသက်အန္တရာယ် မဖြစ်စေရန် လျင်မြန်စွာ ထိန်းချုပ်ထားလိုက်သည်။
"မရဘူး၊ ကျွန်မ ဒါမျိုးတော့ သည်းမခံနိုင်ဘူး….။"
ပိုအရေးကြီးသည်က သူမရုံးခန်းမှာ သရဲတွေရှိနေတာကို သိထားပြီး အခြေအနေကို လုံးဝမဖြေရှင်းဘဲ ဘယ်လိုများ ညဥ့်နက်တဲ့အထိ အချိန်ပို ဆင်းနိုင်ပါတော့မည်လဲ။
ဝမ်ရှောက်ထျန်းသည် သက်ပြင်းချလိုက်သည်။
"သရဲတွေ…၊ အဲဒါတွေက တကယ့်သရဲတွေပဲ မင်း လွယ်လွယ်ကူကူနဲ့ ထိန်းချုပ်လို့ရတဲ့ သာမန်လူသား ကောင်လေးတွေ မဟုတ်ဘူး။ မင်းက သာမန်လူတစ်ယောက်ပဲ၊ သရဲတွေနဲ့ ဘယ်လို တိုက်ခိုက်နိုင်မလဲ။ မင်း… အလုပ်ထွက်လိုက်တာ ပိုကောင်းမယ်ထင်တယ်…။"
ချင်ရှီးရှီးသည် အံကိုကြိတ်လိုက်သည်။ သူမသည် လုံးဝ အလုပ်ထွက်ရန် မလိုလားပေ။ အလောင်း ပြင်ဆင်သူအဖြစ် အလုပ်လုပ်ခြင်းက ထူးဆန်းသောအကြည့်များကို အမြဲခံရစေသော်လည်း လစာမှာ ငြင်းမရအောင် မြင့်မားသည်- အခြေခံလစာ တစ်လလျှင် ယွမ် (၇,၀၀၀) အပြင် ကော်မရှင်နှင့် အချိန်ပို လုပ်ခများ၊ တစ်ခါတစ်ရံ သေဆုံးသူ၏ မိသားစုထံမှ စေတနာကြေးများပါ ရသောကြောင့် တစ်လ လျှင် ယွမ် (၂၀,၀၀၀) ကျော် ရရှိလေသည်။
အကယ်၍ သူမ အလုပ်ထွက်ခဲ့လျှင် သူမရဲ့ ကြောင်လေးက နေ့တိုင်း အသားစားရတော့မည် မဟုတ် သလို အိပ်ခန်းနှစ်ခန်းပါသော သူမတို့၏ တိုက်ခန်းကိုလည်း ဆက်ငှားနိုင်တော့မည် မဟုတ်ပေ။ ထို့ နောက် ရေတွက်လို့မရသော CV Form များကို ထပ်ပို့ရပြီး အပြိုင်အဆိုင်များသောရုံးလုပ်ငန်းများ နှင့် ဘဝကို ဖြတ်သန်းရတော့မည်ပင်။
ထိုအရာအားလုံးကို စဉ်းစားပြီးနောက် ချင်ရှီးရှီးသည် အလုပ်မထွက်နိုင်ကြောင်း သေချာသွားသည်။ ထို့ကြောင့် သူမ၏အကြည့်ကို ဝမ်ရှောက်ထျန်းဆီသို့ ပြောင်းလိုက်သည်။
"ကျွန်မက မတော်ဘူးဆိုပေမဲ့ ရှင်က တော်တယ်လေ….။"
ဤ ပစ္စည်းပို့သမား သည် ထူးခြားပုံရသည်။ သရဲများအကြောင်း ပြောသောအခါ သူသည် လုံးဝကို တည်ငြိမ်နေခဲ့ပြီး ဤသည်က သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုခြင်းကို ဖော်ပြနေပေသည်။
ဝမ်ရှောက်ထျန်းက ခေါင်းကို ချက်ချင်းပင် ခါယမ်းလိုက်သည်။
"မရဘူး၊ မရဘူး၊ ကျွန်တော် မလုပ်နိုင်ဘူး….။"
ချင်ရှီးရှီးသည် သူမ၏ ဝိုင်းစက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ဒေါသတကြီး ပြန်ပြော လိုက်သည်။
"ယောက်ျားတစ်ယောက်က မလုပ်နိုင်ဘူးလို့ မပြောရဘူး….။"
"မင်းက..."
ဝမ်ရှောက်ထျန်းသည် သူ၏ နှုတ်ခမ်းကို ကွေးလိုက်သည်။ ချင်ရှီးရှီးသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးပြီး ပါးဖောင်းဖောင်းနှင့် မျက်နှာက သူမကို အထက်တန်းကျောင်းသူတစ်ဦးကဲ့သို့ ဖြစ်စေသည်။ သူမ၏ သွယ်ဝိုက်သော စကားလုံးများက သူ့ကို အံ့အားသင့်စေခဲ့သည်။
"ကျွန်မ ထင်တာကတော့ ရှင်က လျှို့ဝှက်စွာနေတဲ့ ဆရာတစ်ဦး ဖြစ်ရမယ်။ ပစ္စည်းပို့သမားအဖြစ်နဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားတာ။ ဒီမီးသဂြိုလ်စက်မှာ သရဲရှိတယ်ဆိုတာ ရှင်သိလို့ တမင်သက်သက် လာခဲ့တာမဟုတ်လား…။ မဟုတ်ရင် ကျွန်မ ရှင်နဲ့ ဘာလို့ မတွေ့ရတာလဲ…။"
ဝမ်ရှောက်ထျန်းသည် အကူအညီမဲ့မှုအပြည့်။ သူမ ဒီလိုမျိုး ကြုံတွေ့ချင်တာလား..။သရဲတွေ့တာက ထီပေါက်တာနဲ့ မတူညီပေ။
"မင်း ရုပ်ရှင်တွေ ကြည့်တာများနေပြီ။ ငါက တကယ့်ပဲ ပစ္စည်းပို့ပေးတဲ့သူပါ။ ငါ့ကိုကြည့်ပါဦး ငါ့မှာ သံလိုက်အိမ်မြှောင်၊ ယတြာစာရွက်၊ ဝက်မြီးလှဲ၊ ဒါမှမဟုတ် မှင်ခွက်တောင် မရှိဘူး။ ငါ့ရဲ့ ဓာတ်မီးကို တောင် ကြောက်လို့ ပျောက်သွားခဲ့တာ။ ငါက လျို့ဝှက်စွာနေတဲ့ ဆရာတစ်ဦးလို့ မင်းထင်နေတာလား။"
ဝမ်ရှောက်ထျန်း၏ မျက်နှာသည် ခါးသောဖရုံသီးကို စားမိသည်ထက် ပို၍ပင် ရုပ်ဆိုးနေသည်။ သူ ဖြစ်နိုင်သမျှ အမြန်ဆုံး ဒီနေရမှ ထွက်သွားချင်နေသည်။
"ရှင်က အရမ်းရိုးသားလွန်းတာလား။ ကျွန်မ ဒီ အပြင်စာအတွက် ယွမ်ငါးဆယ် ပေးခဲ့တာ။ ရှင် ဒီလိုပဲ ထွက်သွားလို့ရမယ် မထင်နဲ့…။"
ချင်ရှီးရှီးသည် သူမ၏ မေးစေ့ကို မော့လိုက်ပြီး "ရှင်နဲ့ ကပ်ပါနေမှာ၊ ရှင် ဘာလုပ်နိုင်လဲ" ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝမ်ရှောက်ထျန်း သူ့အိတ်ကပ်ထဲမှ တွန့်ကြေနေသော ယွမ်ငါးဆယ်တန် ပိုက်ဆံတစ်ရွက်ကို ဆွဲထုတ် လိုက်သည်။
"ဒါ ငါ့ရဲ့ ဒီတစ်ပတ်အတွက် ထမင်းစားစရိတ်ပဲ၊ အကုန်လုံး မင်းယူလိုက်…။"
သူ ရင်ကွဲနာကျခဲ့ရပြီ။ ယွမ်ငါးဆယ်နဲ့ တစ်ပတ်စာ ပေါက်စီများနှင့် မုန်ညင်းချဉ် နှစ်ထုပ် ဝယ်၍ရသည်။ အခုတော့ အကုန်လုံး ချင်ရှီးရှီးကို ပေးလိုက်ရလေပြီ။ ဒီလတော့ သူ အစာငတ်ခံရတော့မည်ပင်။
ချင်ရှီးရှီးက ပိုက်ဆံကို မယူခဲ့ပေ။
"မရဘူး၊ အဲဒါက အမဲသားခေါက်ဆွဲသက်သက် မဟုတ်ဘူး၊ ကျွန်မ နာရီနှစ်ဆယ် အစာငတ်ခံပြီးမှ စားရ တဲ့ အသက်ကယ် အစားအစာ ဖြစ်တယ်။ ယွမ်ငါးဆယ်နဲ့တော့ မလုံလောက်ဘူး အနည်းဆုံး ယွမ်ငါးရာ ပေးရမယ်….။"
သူမ နောက်ဆုံးတော့ သဘောပေါက်သွားသည်- ဝမ်ရှောက်ထျန်းသည် ပိုက်ဆံမရှိသော ဆင်းရဲသား တစ်ယောက်သာ ဖြစ်လေသည်။