ရေစက်ကျသံ
Vol. 4 Ch. 42
ဝမ်ရှောက်ထျန်းသည် မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ဒုက္ခကြီးတစ်ခုထဲ ရောက်အောင် လုပ်လိုက်မိလေပြီ။
"မင်း အသေခံဖို့ မကြိုးစားတာ ပိုကောင်းမယ်လို့ ငါ အကြံပေးချင်တယ်။ ငါတို့ အခု ဒီသရဲပတ်လမ်း ထဲကတောင် မထွက်နိုင်သေးဘူး။ အကယ်၍ ငါတို့ အဲ့ဒီသရဲတွေနဲ့ ထိပ်တိုက်တွေ့ရင် ငါက အလကား သက်သက် သူတို့အတွက်အစာ ဖြစ်သွားလိမ့်မယ်။ အသက်ရှင်နေတာက ပိုမကောင်းဘူးလား…။"
ချင်ရှီးရှီး သက်ပြင်းချလိုက်သည်။
"ကျွန်မ ပြန်သွားချင်တယ်လို့ ရှင် ထင်နေတာလား။ ဒါပေမဲ့ 'လူသည် စည်းစိမ်ကြောင့်သေ၍ ငှက်သည် အစာကြောင့်သေ၏' ဆိုတဲ့ စကားကို ရှင် မကြားဖူးဘူးလား။ ကျွန်မမှာ ထောက်ပံ့စရာ အသက်ကြီး နေပြီဖြစ်တဲ့ မိဘတွေနဲ့ ကလေးငယ်တွေ ရှိတယ်။ ဒီအလုပ်ကို ဆုံးရှုံးသွားရင် ကျွန်မ မိသားစုတစ်ခုလုံး ငတ်သေကုန်လိမ့်မယ်….။"
ပြောနေရင်းပင် ချင်ရှီးရှီးသည် မျက်ရည်များကို သုတ်နေလေသည်။ မျက်လုံးများ နီရဲနေပြီး ဝမ်ရှောက်ထျန်းကို သနားစဖွယ် ကြည့်နေသည်။
"ရှင်က အရည်အချင်းရှိမှန်း ကျွန်မ သိတယ်။ မဟုတ်ရင် သရဲတွေရဲ့ လက်ကနေ ထွက်ပြေးလာနိုင်မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါနော်….။"
"ငါ မကူညီချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့မှာ အဲဒီလိုအစွမ်းမျိုးတကယ် မရှိဘူး။"
ဝမ်ရှောက်ထျန်းသည် သူ့၏ အကြီးမားဆုံးအားသာချက်မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်ခြင်း ဖြစ်သည်ဟု ခံစားရသည်။
သရဲနှစ်ဆယ်ကျော်နှင့်ဆိုလျှင် တံခါးဝရောက်သည်နှင့် ဒူးထောက်သွားရမည်ဟု သူ ခန့်မှန်းထားသည်။ သူ၏ အသားများသည် ခွဲဝေစားဖို့ လုံလောက်မည်ပင် မဟုတ်ပေ။
"ကျွန်မ သိပြီ….။"
ချင်ရှီးရှီးက သူမ နဖူးကို ရိုက်လိုက်သည်။
"ကျွန်မတို့ရဲ့ စီစဉ်သူက အမြဲတမ်း နည်းနည်း ထူးဆန်းနေတာ။ ရှင့်မှာ 'ပစ္စည်းကိရိယာတွေ' မရှိဘူးလို့ မပြောခဲ့ဘူးလား။ သူ့ရုံးခန်းအပြင်ဘက်မှာ ဗာကွာသံလိုက်အိမ်မြှောင် တစ်ခု ချိတ်ထားတယ်…။"
ဝမ်ရှောက်ထျန်း နှုတ်ခမ်းကို မဲ့လိုက်သည်။
"ငါထင်တာတော့ လမ်းဘေးဆိုင်ကနေ ဝယ်ထားတာ ဖြစ်ပါလိမ့်မယ်ကွာ။ အကယ်လို့ မင်း တကယ်ပဲ အဲဒါကို ရတနာတခုလို သဘောထားရင် ငါတို့နှစ်ယောက်လုံး ရင်ခွဲရုံထဲမှာ သေရလိမ့်မယ်…။"
ချင်ရှီးရှီး ဘယ်လိုပင် စည်းရုံးရန် ကြိုးစားပါသော်လည်း ဝမ်ရှောက်ထျန်းကတော့ အခိုင်အမာ ငြင်းဆန် နေခဲ့သည်။ သူ သေတွင်းထဲကိုတော့ ဝင်မည်မဟုတ်ပေ။
သို့သော် နောက်တစ်ခဏတွင် ဝမ်ရှောက်ထျန်းသည် ကိုယ့်စကားကိုယ် ဆန့်ကျင်လိုက်သည်။
သူတို့နှစ်ဦးသည် အချိန်အကြာကြီး လမ်းလျှောက်နေခဲ့ပြီး လေကသစ်ရွက်များကြား တဝှီးဝှီး တိုက်ခတ် နေသည်။ သူတို့၏ ဓာတ်မီးရောင်သည်လည်း တဖြည်းဖြည်းမှိန်လာလေပြီ။
ချင်ရှီးရှီးက ဓာတ်မီးကို အားပြင်းပြင်းနှင့် ပုတ်လိုက်ပေမယ့် အလင်းရောင် မှိန်လာခြင်းကိုတော့ ရပ်တန့် ၍မရခဲ့ပေ။ သူမ စိုးရိမ်ပြီး ဒေါသလည်းထွက်နေသည်။
"ရှင် ဘယ်လို အမှိုက်တွေ ဝယ်လာတာလဲ။ ဓာတ်မီးကအားကုန်တော့မယ်….။"
"မဖြစ်နိုင်ဘူး….။ ဒါက ထိပ်တန်း (၃၉၀,၀၀၀) ဝပ် စွမ်းဆောင်ရည်မြင့် ဓာတ်မီး၊ မီတာ (၄,၀၀၀) ကို တိုက်ရိုက်လင်းနိုင်ပြီး အထူးတပ်ဖွဲ့အဆင့် အကွာအဝေးထိ ရနိုင်တဲ့ ဓာတ်မီးပဲ….။"
ဝမ်ရှောက်ထျန်း မျက်လုံးပြူးသွားသည်။
"ကြော်ငြာတွေက လူ့စိတ်ကို သတ်တယ်ဆိုတာ ရှင်သိလား…။ ဒီပစ္စည်းက သိသိသာသာ လိမ်ပြီး ကြော်ငြာထားတာပဲ။ (၃၉၀,၀၀၀) ဝပ်ရှိတဲ့ ဓာတ်မီးက နာရီဝက်အတွင်း ပါဝါကုန်မတဲ့လား…။"
ချင်ရှီးရှီး ဒေါသတကြီး အံကိုကြိတ်လိုက်သည်။
ဓာတ်မီးက နှစ်ချက်ခန့်တောက်ပြီး လုံးဝ မှောင်ကျသွားသည်။
နှစ်ဦးသား အသင့်မဖြစ်လိုက်ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်သွား၏။ ဝမ်ရှောက်ထျန်း ငိုချင်သလို ဖြစ်လာခဲ့ပြီး အပူချိန်ကလည်း အေးစက်နေသည်။
" မှောင်မဲနေတာပဲ…။ သရဲတွေများ ရှိနေတာလား….။"
ချင်ရှီးရှီးက သူ၏ဘေးနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်မခြောက်ပါနဲ့..။ လူတွေ အချင်းချင်း ကြောက်အောင်လုပ်တာက အသက်သေ စေနိုင်တယ်…။"
ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးနှင့် လူကွဲသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ ထိုမိန်းကလေး၏ နူးညံ့သော လက်က သူ့နှလုံးသားကို လှုပ်ခတ်စေခဲ့ပြီး သူ မညှစ်ကြည့်ဘဲ မနေနိုင်တော့ပေ။ ထိုအခါ ချင်ရှီးရှီး၏ လက်သည်းများက သူ့အား ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်သည်။
"ရှင် ကျွန်မကို အသားယူတယ်ပေါ့…။"
"အဟမ်း..အဟမ်း…။ မဟုတ်ပါဘူး ငါက သရဲကို ကိုင်ထားတာ မဟုတ်ဘဲ လူကို ကိုင်ထားမှန်း သေချာ အောင် လုပ်တာပါ။"
ဝမ်ရှောက်ထျန်း ရှက်လွန်းသဖြင့် သေချင်သွားသည်။ ကံကောင်းသည်က ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေခြင်းကြောင့်သာ ချင်ရှီးရှီး သူ့အား မမြင်နိုင်ခြင်းပင်။
ထိုစဉ်မှာပင် အလင်းရောင်တစ်ခုက ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာသည်။
"ဟာ…၊ ရှေ့မှာ တံခါးတစ်ခု ရှိတယ်…။"
ချင်ရှီးရှီး မျက်နှာက အံ့ဩမှုဖြင့် လင်းလက်သွားပြီး အလိုအလျောက် ထိုတံခါးဆီ ပြေးသွားချင်ခဲ့သည်။
လူသားများသည် သဘာဝအားဖြင့် အလင်းရောင်ကို စွဲဆောင်ပြီး အမှောင်ကို ကြောက်သည်။ လုံးဝ မှောင်မဲနေသော အချိန်တွင် အလင်းရောင်ကို တစ်ချက်မြင်လိုက်ရုံဖြင့် လိပ်ပြာ မီးကို ပျံသန်းသလိုပင် ထိုအလင်းဆီသို့ အလိုအလျောက် အလျင်စလို ပြေးသွားတတ်သည်။
ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးကို အမြန်ဆွဲထားလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဟိုဘက်ကို မသွားနဲ့။ ဒါ ထူးဆန်းနေတယ်လို့ မင်း မထင်ဘူးလား။ ငါတို့ သရဲတံတိုင်းနဲ့ တွေ့နေရတာ။ ကြည့်စမ်း ကောင်းကင်မှာ လမရှိဘူး။ အဲ့ဒီရှေ့က တံခါးက ထောင်ချောက် ဖြစ်နိုင်တယ်….။"
ဝမ်ရှောက်ထျန်း၏ ကျိုးကြောင်းဆင်ခြင်မှုကို ကြားသောအခါ ချင်ရှီးရှီး တုန်လှုပ်သွားသည်။ အစော ပိုင်းက ဒေါသကြောင့် သတ္တိရှိခဲ့ပြီး သရဲများနှင့် ရင်ဆိုင်ရန် အတင်းအကျပ် တောင်းဆိုခဲ့သော်လည်း အမှန်တကယ် ထူးဆန်းသောအရာတစ်ခုနှင့် တွေ့လာရသောအခါ သူမ ကြောက်ရွံ့သွားမိသည်။
"သွားရအောင်၊ ဆန့်ကျင်ဘက် လမ်းကြောင်းကနေ သွားရအောင်….။"
ဝမ်ရှောက်ထျန်းက ချင်ရှီးရှီးနားနား ကပ်၍ တိုးတိုးလေး ပြောလိုက်ပြီးနောက် နှစ်ဦးသား တခြားတစ် ဖက်သို့ တိတ်တိတ်ဆိတ်ဆိတ် ခြေဖျားထောက်၍ လျှောက်သွားကြသည်။ ကျယ်လောင်သောအသံ တစ်ခုက အမှောင်ထဲရှိ အရာတစ်ခုကို အနှောင့်အယှက် ဖြစ်စေမှာကို စိုးရိမ်နေကြခြင်းပင်။
သူတို့ သုံးမိနစ်မှ ငါးမိနစ်ခန့် လျှောက်ပြီးသောအခါ၊
"အာ့.."
ချင်ရှီးရှီး ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သူမ ပါးစပ်ကို အလန့်တကြား ပိတ်လိုက်ပြီး တခြား လက်တဖက်ဖြင့် ဝမ်ရှောက်ထျန်းကို စိတ်ပူစွာ လှုပ်ရမ်း၍ ကြည့်ပေးရန် တိုက်တွန်းလိုက်သည်။
ပတ်ဝန်းကျင်ကို လေ့လာနေသော ဝမ်ရှောက်ထျန်းသည် အသံကြားသည်နှင့် ချက်ချင်း လှည့်ကြည့်ရာ တံခါးက သူတို့ရှေ့တွင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တစ်ဝက်ခန့်ပွင့်နေသော တံခါးမှ အလင်းရောင် တစ်စွန်းတစ်စ ထွက်ပေါ်နေပြီး အမှောင်ထဲတွင် ဆွဲဆောင်မှုရှိနေသည်။
ဝမ်ရှောက်ထျန်း သူ၏ အံသွားများမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤအရာသည် သူတို့ကို အတွင်း သို့ ဝင်လာရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
"ဝင်ကြစို့။ သူတို့ ဘယ်လို လှည့်ကွက်တွေ လုပ်နေလဲဆိုတာ ငါ သိချင်တယ်….။"
ဝမ်ရှောက်ထျန်း စိတ်မရှည်စွာ ပြောလိုက်သည်။ သူသည် သရဲများကို ကြောက်သော်လည်း စိတ်လိုက် မာန်ပါ ဖြစ်တတ်သော ယောကျ်ားတစ်ယောက်ပင်။
ဤအရာက သူ့အား ထင်ထင်ရှားရှား စိန်ခေါ်နေခြင်း ဖြစ်သည်။
ထို့ပြင် ဝမ်ရှောက်ထျန်း သိလေသည်။ သူတို့တွင် ရွေးချယ်စရာ မရှိပေ။ ထိုတံခါးကမှ မဝင်ပါက အပြင် သို့ ထွက်နိုင်တော့မည် မဟုတ်ပေ။ သူတို့ ဒီဝင်္ကပါကြီးထဲ ပိတ်မိနေပေလိမ့်မည်။
"ကျွန်မ...ကျွန်မတို့ တကယ် ဝင်ရတော့မှာလား။"
ထိုအချိန်တွင် ချင်ရှီးရှီးသည် အလွန်ကြောက်ရွံ့နေပြီဖြစ်သည်။ သူမ၏ မျက်နှာသည် သေမတတ် ဖြူဖျော့နေပြီး ပုံမှန် နီထွေးနေသော နှုတ်ခမ်းများမှာလည်း ပြာနှမ်းနေကာ ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။
"ဝင်လေ ဘာလို့ မဝင်ရမှာလဲ။ သရဲတွေက မကောင်းတဲ့သူတွေကို ကြောက်တယ်။ မင်း မကြောက် သရွေ့ သရဲတွေက မင်းကို ထိလို့မရဘူး…။"
ပို၍ ကြောက်တတ်သော ချင်ရှီးရှီး ရှိနေသောကြောင့် ဝမ်ရှောက်ထျန်းသည် ယောကျ်ားတစ်ယောက် အနေဖြင့် အလွန်အမင်း ကြောက်ရွံ့နေ၍ မဖြစ်ဟု ခံစားရသည်။ ထို့ကြောင့် သူ ချင်ရှီးရှီးကို ပြောလိုက် သည်။
"မင်း အပြင်မှာ အရင်စောင့်နေလိုက် ငါ အထဲကို ဝင်ပြီး အခြေအနေကို ကြည့်လိုက်မယ်…။"
ဤတံခါးက ထောင်ချောက် ဖြစ်နေသည်မှာ ထင်ရှားပေသည်။ နှစ်ဦးသား အတူတူ ဝင်သွားလျင် နှစ်ယောက်စလုံး သေဆုံးနိုင်ချေ ရှိသည်။
ချင်ရှီးရှီးက ချက်ချင်း ခေါင်းခါလိုက်သည်။
"မဖြစ်ဘူး၊ ရှင် ရုပ်ရှင်တွေ မကြည့်ဖူးဘူးလား။ ဒီလို အချိန်မျိုးမှာ ခွဲထွက်ပြီးမနေရဘူး မဟုတ်ရင် တစ်ယောက်ချင်းစီ အနိုင်ယူခံရလိမ့်မယ်။ ကျွန်မ ရှင်နဲ့အတူ နေမယ်….။"
အဓိက က သူမ ကြောက်နေခြင်းပင်...
"ဒါဆို ငါ့နား ကပ်နေ။ ဘာပဲမြင်မြင် မအော်လိုက်နဲ့….။"
ဝမ်ရှောက်ထျန်းက လေးနက်စွာ သတိပေးလိုက်သည်။
သူ တကယ်တမ်း သူ့ကိုယ်သူ အနည်းငယ်တော့ ယုံကြည်မှု ရှိသည်။ ဧကရာဇ်ငါးပါးဒင်္ဂါးလက်ထဲရှိလျှင် မကောင်းဆိုးဝါးများ ရှောင်ရှားလိမ့်မည်။ သို့သော် သူသည် သဘောတရားကို တစ်ဝက်တစ်ပျက်သာ နားလည်ထားပြီး ချင်ရှီးရှီးက ဝန်ထုပ်ဝန်ပိုး ဖြစ်နေသောကြောင့် အခွင့်အလမ်းက သူ့ဘက်မှာ မရှိပေ။
သို့သော် ချင်ရှီးရှီးကို စွန့်ပစ်၍မရသောကြောင့် နှစ်ဦးသား ရှေ့သို့ ဆက်သွားလိုက်ကြသည်။
ဝမ်ရှောက်ထျန်း တံခါးကို တွန်းဖွင့်လိုက်သည်။ အဝါရောင် မှိန်ဖျော့သော အလင်းရောင်သည် ပိုမို အားကောင်းလာသည်။ ခဏတာ ချိန်ညှိပြီးနောက် နှစ်ဦးသား ဝင်လိုက်ကြရာ အစီအရီရှိနေသော အလောင်းများ ကို တွေ့လိုက်ရသည်။
"ဒါ...ဒါက ရင်ခွဲရုံပဲ။"
ချင်ရှီးရှီးသည် ဤနေရာသည် သူမ၏ အလုပ်ခွင်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ မကြာသေးမီက သူမ သည် ဤနေရာတွင် အလောင်းများကို မိတ်ကပ်လိမ်းပေးနေခဲ့ရသေးသည်မဟုတ်ပါလား။
အသုဘဝတ်စုံများ ဝတ်ဆင်ပြီး မိတ်ကပ်ပြင်ဆင်ထားသော အလောင်းများသည် အဖြူရောင် အဝတ်စ များဖြင့် ဖုံးအုပ်ကာ လှည်းများပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေကြပြီး မီးသဂြိုလ်စက်သို့ ပို့ဆောင် ရန် စောင့်ဆိုင်းနေကြသည်။
"ဘာမှ ထူးထူးခြားခြား မရှိဘူးနဲ့ တူတယ်…။"
အသက်မဲ့သော အလောင်းများကို ကြည့်ကာ ချင်ရှီးရှီး အနည်းငယ် သက်ပြင်းချလိုက်သည်။ တကယ် တမ်းပင် သရဲမရှိတာ ဖြစ်နိုင်၏။ ဝမ်ရှောက်ထျန်းက ရည်ရွယ်ချက်ရှိရှိ သူမကို ကြောက်အောင် လုပ်နေ ခြင်းပင် ဖြစ်ပေလိမ့်မည်။
"ရှူး….။ စကားမပြောနဲ့။ အသံတစ်ခုခု မကြားမိဘူးလား…။"
ဝမ်ရှောက်ထျန်းက သူ့လက်ညှိုးကို နှုတ်ခမ်းမှာ တင်ကာ ချင်ရှီးရှီးကို တိတ်ဆိတ်ရန် အချက်ပြလိုက် သည်။
ချင်ရှီးရှီး လည်ပင်းကိုဆန့်၍ နားစွင့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ရေစက်ကျသံလိုပဲ….။"
နှစ်ဦးသား ရေစက်ကျသံနောက်ကို လိုက်သွားပြီး နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ သဲလွန်စတစ်ခု တွေ့လိုက်ရသည်- အလောင်းတစ်ခု၏အောက်မှ သွေးအိုင်ကြီးတစ်ခုပင်။
"အာ့.."
ချင်ရှီးရှီး အသက်ရှူမှားသွားပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။
ဤအလောင်းများသည် ပေါက်ကွဲမှု သို့မဟုတ် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ဒဏ်ရာများ မရှိသောကြောင့် သွေးထွက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။