သဲလွန်စမကျန် ပျောက်ဆုံးသွားခြင်း
Vol. 4 Ch. 43
ဝမ်ရှောက်ထျန်း၏ နောက်ကျောဘက်မှစ၍ စိမ့်ခနဲ အေးသွားသည်။
သူရော ချင်ရှီးရှီးပါ အလွန်တရာ အံ့အားသင့်သွားမိကြသည်။ အနီရောင်တောက်ပသော သွေးအိုင်ကြီး တစ်ခုသည် စူးရှပြင်းထန်သော အနံ့ဆိုးများနှင့်အတူ အလောင်းဆီမှ တစိမ့်စိမ့် စီးကျနေသည်။
ချင်ရှီးရှီးမှာ ရုပ်အလောင်းပြင်သူဖြစ်သည့်တိုင် လုံးဝ ရွံရှာသွားမိသည်။ သူမ၏ ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်ခြင်းမရှိလျှင် အန်ထွက်နေမိလောက်သည်။ ဝမ်ရှောက်ထျန်းသည် သူမ၏ကျောကိုပုတ်ရန် အလျင်အမြန် ပြေးသွားလိုက်သည်။ မိန်းကလေးများသည် နူးညံ့သိမ်မွေ့တတ်သူများဖြစ်ရာ ချင်ရှီးရှီး မှာမူ မီးသဂြိုလ်စက်တွင် အလုပ်လုပ်ရဲသည်ကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။ သို့သော် ဤကဲ့ သို့သော ထိတ်လန့်ဖွယ်ရာနှင့် သွေးထွက်သံယို မြင်ကွင်းမျိုးသည် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး အတွက်ပင် ခံနိုင်ရည်မရှိလောက်ပေ။
ချင်ရှီးရှီး လက်ကာပြလိုက်သည်။ သူမ အဆင်ပြေသည်။ သူမသည် အရာခပ်သိမ်းကို မြင်နေကျဖြစ် သည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသောသူများ၏ ရုပ်အလောင်းများသည် ဤထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သွေးများမြင်မကောင်းအောင်ရှိနေပါသော်လည်း သူမသည် ထိုအလောင်း များကို တည်ငြိမ်စွာ ပြင်ဆင်နိုင်ခဲ့ဘူးသည်။
ထိုအချိန်များတွင် သူမသည် သရဲဆိုသည်ကို လုံးဝပင် အယုံကြည်မရှိသကဲ့သို့ ကြောက်ရွံ့ခြင်းလည်း မရှိခဲ့ပေ။ သေဆုံးခြင်းသည် အရာအားလုံး၏ အဆုံးသတ်ဖြစ်ပြီး မီးတောက်တစ်ချက်တည်းဖြင့် ပြာကျ သွားနိုင်သည်ဟု သူမ ယုံကြည်ခဲ့သည်။ ကြောက်စရာကောင်းခြင်း ရုပ်ဆိုးအကျည်းတန်ခြင်း နေရာမှ ခုန်ထလာခြင်းတို့သည် လုံးဝမဖြစ်နိုင်ဟု ထင်ခဲ့မိသည်။သို့သော် ယခုအခါ ချင်ရှီးရှီးသည် အသွေး အသားထဲမှ ကြောက်ရွံ့နေပြီး ဤရုပ်အလောင်းများ အမှန်တကယ် ပြန်လည် အသက်ဝင်လာမည်လား ဆိုသည်ကို မသေချာနိုင်တော့ပေ။
“ရှင်.. ကျွန်မ အခု အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့လကတောင် သူတို့က ကားနဲ့ကြိတ်မိပြီး နှစ်ပိုင်းပြတ် နေတဲ့ အလောင်းကို ယူလာပေးဖူးတယ်။ ကျွန်မ တကယ် မကြောက်ပါဘူး….။”
ဟု ချင်ရှီးရှီးက အသက်မပါစွာပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူမ အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲရှင်။ ဒီအလောင်းတွေကို မီးရှို့ထားတာတော့ သေချာတယ်။ အခုလို သွေးတွေ ထွက်နေစရာ အကြောင်းမရှိဘူး…။"
ချင်ရှီးရှီးသည် ကြောက်လန့်လွန်းသောကြောင့် တုန်ရီနေခဲ့သည်။
ဝမ်ရှောက်ထျန်းလည်း တစ်ခုခု မှားနေကြောင်း ခံစားမိသည်။ ဤအရာသည် နောက်ထပ် သရဲခြောက် သော ပုံစံတစ်ခု ဖြစ်နိုင်သည်ဟု သံသယဝင်လာသည်။ သူ ကြောက်နေပါသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးကို ခနခနကြုံခဲ့ဖူးပြီဖြစ်သည်။ ယအခု သူသည် သရဲထက် သူ၏ အသက်သေမည်ကို ပိုစိုးရိမ်နေမိသည်။
"ငါ ကြည့်လိုက်မယ်….။"
ဝမ်ရှောက်ထျန်းသည် သတ္တိကို မွေးလိုက်သည်။
ချင်ရှီးရှီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ မျက်နှာသွင်ပြင်များမှာ စိုးရိမ်ပူပန်မှုကြောင့် လုံးဝ ပုံပျက် ပန်းပျက်ပင်ဖြစ်နေသည်။ သူမ၏ ရုပ်ရည်ကြောင့်သာမဟုတ်လျှင် ဤအခြေအနေမျိုးတွင် ထိုမျက်နှာထားမျိုးက လူတစ်ဦးကို ကြောက်လန့်စေနိုင်ရန် လုံလောက်ပေသည်။
"ကျွန်မလည်း ရှင်နဲ့လိုက်မယ်….။"
ဝမ်ရှောက်ထျန်းကို တစ်ယောက်တည်း သွားခွင့်မပြုနိုင်ဟု ချင်ရှီးရှီး တွေးမိသည်။
ဝမ်ရှောက်ထျန်း သည် ချင်ရှီးရှီး၏ သစ္စာရှိမှုအပေါ် အလွန်ပင် ရင်ခုန်သွားမိသည်။
"ငါ့နောက်မှာပဲနေ၊ သတိထား…."
ဝမ်ရှောက်ထျန်းသည် သူ့တွင် ဧကရာဇ်ငါးပါးဒင်္ဂါးများ ပါလာသဖြင့် စိတ်ထဲတွင် အနည်းငယ် လုံခြုံ သည်ဟု ခံစားမိသည်။ ထိုဒင်္ဂါးပြားများသည် မကောင်းဆိုးဝါးများကို တားဆီးနိုင်သည်ဟု ဆိုသည်။ အကယ်၍ သူသာ စိတ်ဆိုးလာပါက ဆီးတစ်ချက် ပန်းလိုက်ရုံမျှဖြင့် မည်သည့်သရဲမဆို ဒုက္ခရောက် သွားနိုင်ပေသည်။
နှစ်ယောက်သား၏ ခြေလှမ်းများမှာ တရွေ့ရွေ့သာ သွားနေပါသော်လည်း ထိုအကွာဝေးမှာ ကျဉ်းလွန်း လှသဖြင့် အလောင်းရှိရာဆီသို့ ခဏချင်းမှာပင် ရောက်သွားခဲ့လေသည်။
ဝမ်ရှောက်ထျန်းသည် အံကိုကြိတ်ကာ လက်လှမ်း၍ အဖြူရောင်အဝတ်စကို ဂရုတစိုက် မလိုက်သည်။ ကံကောင်းစွာဖြင့် အဖြူရောင် အဝတ်စအောက်တွင် သူ မျှော်လင့်ထားသည့် ကြောက်မက်ဖွယ်ကောင်း သည့် သရဲမျက်နှာမျိုး မဟုတ်ဘဲ လေးဆယ်ကျော်အရွယ်ခန့်ရှိပြီး ကြင်နာ၍ နူးညံ့သော မျက်လုံးများ ဖြင့် ငြိမ်သက်နေသည့် ရုပ်အလောင်းကိုသာ တွေ့လိုက်ရသည်။
"ဒါ ကျွန်မ ပြင်ပေးထားတာ…။"
ဟု ချင်ရှီးရှီးက ရုတ်တရက် ပြောလိုက်သည်။ ဝမ်ရှောက်ထျန်း ခေါင်းညိတ်မိသည်။ ချင်ရှီးရှီး၏ အတတ်ပညာသည် ဤမျှ ကောင်းမွန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ မီးလောင်ထားသော အလောင်းကို ဤမျှ လှပသော ပုံရိပ်အဖြစ်သို့ ပြောင်းလဲနိုင်ပေသည်မှာ ချီးကျူးစရာပင်။
အလောင်းသည် သရဲအဖြစ်သို့ ပြောင်းလဲမသွားသော်လည်း ကြီးမားသော သွေးအိုင်သည်လည်း လေထဲမှ ပေါ်လာခြင်း မဟုတ်ပေ။ ဝမ်ရှောက်ထျန်းသည် အဖြူရောင်အဝတ်စကို အောက်သို့ဆက်၍ ဆွဲချလိုက်ရာ တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ယခင်က သပ်သပ်ရပ်ရပ် ဝတ်ဆင် ပေးထားသော တန်ဝတ်စုံတွင် ရင်ဘတ်နေရာ၌ ကြီးမားသော အပေါက်တစ်ပေါက် ပြဲနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ရှောက်ထျန်း လည်ပင်းကိုဆန့်ကာ အတွင်းကို လှမ်းကြည့်လိုက်သောအခါ အလောင်း၏ အတွင်း အင်္ဂါများ ပျောက်ကွယ်နေပြီး သွေးများထွက်ကာ စုတ်ပြဲနေသည့် အသားစများသာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ သို့သော် ဝမ်ရှောက်ထျန်း အနေဖြင့် နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ် စသည့် အင်္ဂါအစိတ်အပိုင်းများ လုံးဝ ပျောက်ဆုံးနေသည်ကတော့ သေချာပေသည်။
"ဟာကွာ…."
ဝမ်ရှောက်ထျန်းသည် မဆဲဘဲ မနေနိုင်တော့ပေ။
ချင်ရှီးရှီး နောက်သို့နှစ်လှမ်းမျှ ဆုတ်သွားပြီး ကြောက်လန့်မှုကြောင့် မျက်ရည်များပင် ဝဲလာသည်။
“ဒီ... ဒီအလောင်း ခုနကထိ အကောင်းတိုင်းရှိနေသေးတာ။ ဒါ ကျွန်မ ခုနကမှ ပြင်ထားပြီးတဲ့ အလောင်း ပဲ….။”
ဤအလောင်းသည် အလောင်း (၂၁) လောင်းတွင် အဆိုးဆုံး မီးလောင်ထားခြင်းဖြစ်သော်လည်း အပြစ်အနာအဆာမရှိကြောင်း သူမ လုံးဝသေချာသည်။ သူမသည် ဤ ကြည့်မကောင်းသည့် ခန္ဓာကိုယ် ကို စိတ်ကျေနပ်ဖွယ်ဖြစ်အောင် သုံးနာရီခန့်ကြာအောင် သေချာစွာ စေ့စေ့စပ်စပ် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှောက်ထျန်းသည် သူ၏ လက်ညှိုးကို ကိုက်လိုက်ရာ နာကျင်မှုကို သေသေချာချာ ခံစားလိုက်ရ သည်။ သူ၏ အလိုလိုသိမှုက မှားယွင်းနေမည်ကို စိုးရိမ်သောကြောင့် ဝမ်ရှောက်ထျန်းသည် လက်လှမ်း ကာ ချင်ရှီးရှီး၏ ခါးကို ခပ်ပြင်းပြင်း ဆွဲဆိတ်လိုက်သည်။ ကြောက်ရွံ့မှုကြောင့် ဖိစီးနေသော ချင်ရှီးရှီး သည် ဝမ်ရှောက်ထျန်း၏ ရုတ်တရက် ဆွဲဆိတ်မှုကြောင့် အလန့်တကြား ခုန်ထလိုက်သည်။ ဤသည်မှာ မျက်လှည့်မဟုတ်ဘဲ သူ၏ ရှေ့တွင် အတွင်းအင်္ဂါများ ပျောက်ဆုံးနေသော အလောင်းတစ်လောင်း အမှန်တကယ် ရှိနေသည်ကို အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။
*နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နဲ့ ကျောက်ကပ် ဒီ အင်္ဂါငါးခုဟာ အသက်စွမ်းအင်ကို သိုလှောင်တဲ့ လုပ်ဆောင်ချက် ရှိတယ်။ တချို့ သရဲပုံပြင်တွေမှာ မကောင်းဆိုးဝါးတွေဟာ ဒီအင်္ဂါ တွေကို စားဖို့ ပေါ်လာတတ်တယ်။ ဒါပေမဲ့ သည်းခြေ၊ အစာအိမ်၊ အူသိမ်၊ အူမကြီးနဲ့ ဆီးအိမ်တို့က ကျတော့ စွန့်ပစ်ပစ္စည်း ထုတ်ဖို့ပဲအလုပ်လုပ်တာ အဲ့ဒါတွေကို ခိုးသွားလို့ ဘာအသုံးဝင်မှာလဲ….။*
ဝမ်ရှောက်ထျန်းu သူသည် လုံးဝ အတွေ့အကြုံမရှိသူဖြစ်ပြီး သရဲနှင့် ဝိညာဉ်များအကြောင်း လုံးဝ မသိနားမလည်သေးကြောင်း သဘောပေါက်လိုက်သည်။
"ခဏစောင့်၊ ငါ စာအုပ်ဖတ်ကြည့်ဦးမယ်…။"
ကံကောင်းစွာဖြင့်ပင် သူ ပြင်ဆင်မှု မရှိခဲ့သည် မဟုတ်ပေ။ လီရွှယ်ပေးခဲ့သော စာအုပ်ကိုဖတ်ရန် အချိန်မရသေးသော်လည်း သူသည် စာအုပ်ကို ကိုယ်နှင့်မကွာ ထားရှိခဲ့သည်ပင်။ ဤထူးဆန်းပြီး စက်ဆုပ်ဖွယ်ကောင်းသော ရေခဲတိုက်ထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ထောင့် တစ်နေရာတွင် ရပ်နေကြပြီး သူတို့၏ရှေ့တွင် အတွင်းအင်္ဂါများ ထုတ်ယူခံထားရသည့် အလောင်းတခု နှင့် အိုင်ထွန်းနေသောသွေးများ ရှိနေသည်။
ဝမ်ရှောက်ထျန်းသည် သူ၏ ရှပ်အင်္ကျီ ကြယ်သီးများကို စတင်၍ ဖြုတ်လိုက်သည်။ လမ်းဘေးဆိုင်မှ နှစ်ထည်ကို (၂၅) ယွမ်ဖြင့် ဝယ်ထားသော ရှပ်အင်္ကျီသည် အရည်အသွေး ညံ့ဖျင်းပြီး သူ ပို၍ ထိတ်လန့် နေလေလေ ကြယ်သီးများကဖြုတ်မရလေလေ ဖြစ်နေခဲ့သည်။ သူ၏ အလျင်လိုမှုကြောင့် ကြယ်သီး နှစ်လုံးပင် ပြုတ်ထွက်သွားခဲ့သည်။
"ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ချင်ရှီးရှီးသည် ကြောက်လန့်တကြား ကိုယ့်ကိုယ်ကို လက်နှစ်ဖက်ဖြင့် ယှက်ထားလိုက်သည်။ ဤ သည်မှာ ဘယ်လိုအချိန်မျိုးလဲ။
*ဒီလို အချိန်မျိုးမှာ ဘာလုပ်ဖို့လဲ။ ဝမ်ရှောက်ထျန်းရဲ့ ခေါင်းထဲမှာ ဒီလိုနေရာမျိုးမှာမှ ဘယ်လို ညစ်ညမ်းတဲ့ အတွေးတွေ လည်ပတ်နေတာလဲ။ သူ့ရဲ့ စိတ်ဆန္ဒ တကယ်ကို ထူးဆန်းလှချည်လား…။*
ဝမ်ရှောက်ထျန်းသည် မျက်လုံးပြူးမတတ် ဖြစ်သွားပြီး မြေပြင်မှ ကြယ်သီးများကို မကျေမချမ်း ကောက်လိုက်သော်လည်း တစ်လုံးမှာ ဝေးဝေးသို့ လိမ့်သွားသည်။
"ဘာတွေ တွေးနေတာလဲ။ ငါ အချိန်တိုအတွင်း အလောတကြီး လေ့လာဖို့ ကြိုးစားနေတာ….။"
ဝမ်ရှောက်ထျန်းသည် ရှပ်အင်္ကျီကို မလိုက်ရာ အတွင်း၌ ရှေးဟောင်းစာအုပ်တစ်အုပ်ပါသော ချုပ်ထားသည့် အိတ်ကပ်ကို ဖွင့်ပြလိုက်သည်။
ထိုအခါမှ ချင်ရှီးရှီးသည် ဝမ်ရှောက်ထျန်းကို အထင်လွဲမိသွားကြောင်း သဘောပေါက်လိုက်သည်။ သူမ ၏ နှုတ်ခမ်းများမှာ ရှက်ရွံ့စွာ တုန်ခါသွားသည်။ ဒီလိုအချိန်မျိုးမှာ ဒီလိုအတွေးမျိုး တွေးမိဖို့အတွက် သူမ၏ အတွေးများက ဘယ်လောက်တောင် ရိုင်းစိုင်းနေရတာလဲ။
"အာ့... ဆောရီး၊ ကျွန်မ အထင်လွဲသွားတာ။ ဒါပေမဲ့ ဒါက ဘာလဲဟင်…။"
ဝမ်ရှောက်ထျန်း ပြန်ဖြေရန် အချိန်မရှိပေ။ သူသည် စာအုပ်ကို အလျင်အမြန် လှန်လိုက်သော်လည်း ထို့နောက် တုန့်ခနဲ ရပ်သွားသည်။ စာအုပ်သည် ခေတ်သုံး တရုတ်ဘာသာစကားဖြင့် ရေးထားခြင်း မဟုတ်သလို သာမန် စာလုံးများလည်း မဟုတ်ပေ။ ၎င်းသည် ပုံဆွဲထားသလိုဖြစ်နေပြီး သူ တစ်လုံးမှ နားမလည်ပေ။ ဝမ်ရှောက်ထျန်း၏ ကြက်သေသေနေသော မျက်နှာထားကို သတိထားမိသည့် ချင်ရှီးရှီး သည် အတွင်းသို့ လှမ်းကြည့်လိုက်သည်။
"ဒါ ချင်ဝမ် (ရှေးဟောင်းစာ) ပဲ။ ဒါ ဘယ်ကရတာလဲ။ ပုံတူကူးတာတောင် ပိုက်ဆံများကြီးတန်ဖိုး ရှိတယ်…။" ဟု ပြောလိုက်သည်။
"အခု ပိုက်ဆံက အရေးကြီးလား။ အရေးအကြီးဆုံးက ဘယ်လို ထွက်ပြေးရမလဲဆိုတာ ရှာဖွေဖို့ပဲ…။"
ဝမ်ရှောက်ထျန်းသည် စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။ သူသည် ငွေကြေးမလုံလောက်သူ ဖြစ် သည်။ လီရွှယ်ပေးခဲ့သော စာအုပ်သည် တန်ဖိုးရှိသည့်တိုင်အောင် သူ အသက်ရှင်နေဖို့ လိုအပ်သည်။ ချင်ရှီးရှီးသည် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ အလောင်းများသည် မည်သည့် ထူးဆန်းသော လှုပ်ရှားမှုမှ မပြသသေးသော်လည်း သူတို့ လုံးဝ ရွေ့လျားတော့မည် မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။
တစ်ခုခုကို အတည်ပြုရန် ဝမ်ရှောက်ထျန်းသည် အခြားအလောင်းတစ်လောင်းဆီသို့ လျှောက်သွားပြီး အဖြူရောင်အဝတ်စကို မလိုက်ရာ ၎င်းတွင်လည်း အတွင်းအင်္ဂါများ လုံးဝ ဗလာကျင်းဖြစ်နေပြီး ခြေလက်များနှင့် ဦးခေါင်းသာ ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ငါတို့တော့ ဒုက္ခရောက်ပြီထင်တယ်….။"
ဝမ်ရှောက်ထျန်းသည် မျက်ရည်ကျလုနီးနီး ဖြစ်သွားသည်။ ဤသည်မှာ အလွန် ထူးဆန်းလွန်းသည် အလောင်းများသည် အတွင်းပိုင်း လုံးဝ ထုတ်ယူ ဖယ်ရှားခြင်း ခံထားရသည်။
ဝမ်ရှောက်ထျန်း ကဲ့သို့ပင် ချင်ရှီးရှီးလည်း အခြားအလောင်းတခုဆီသို့ သွားခဲ့သည်။ အဖြူရောင် အဝတ်စကို မလိုက်ရာ ၎င်းမှာလည်း အမှန်တကယ်ပင် အတူတူပင် ဖြစ်နေသည်။ သို့သော် ထောင့်မှ အလောင်းနှင့် မတူသည်မှာ ဤအလောင်းနှစ်လောင်းသည် လုံးဝ သန့်ရှင်းနေသည်။ သူတို့၏ အတွင်း အင်္ဂါများ ဖယ်ရှားခံရသော်လည်း သွေးတစ်စက်မျှပင် စီးကျနေခြင်း မရှိပေ။
"သန့်ရှင်းပြီး ထိရောက်တဲ့ လှုပ်ရှားမှုတွေ သပ်ရပ်တဲ့ ဖြတ်တောက်မှုတွေ။ အပျော်တမ်းသမား တစ်ယောက်ကတော့ ဒါမျိုး လုပ်ဖို့ ခက်ခဲလိမ့်မယ်….။"
ဟု ချင်ရှီးရှီးက မျက်ခုံးများပင့်၍ မှတ်ချက်ပြုလိုက်သည်။