← Chapters

အားလုံးအံ့အားသင့်သွားကြခြင်း

Vol. 51 Ch. 703

အားလုံးအံ့အားသင့်သွားကြခြင်း

Vol. 51 Ch. 703

ဝူစစ်တပ်မှ အရှုံးနှင့် ရင်ဆိုင်ရကာ တပ်ဆုတ်ပြန်လာရသောကြောင့် ဝူအင်ပါယာ တစ်ခုလုံး အံ့အားသင့်နေကြရသည်။ မျှော်မှန်းထားသည်နှင့် တက်တက်စင်အောင် လွဲနေသောရလဒ်ကြောင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား မည်သူကမှ မယုံကြည်နိုင် ဖြစ်နေကြရသည်။

ဝူအင်ပါယာသည် ကန်းမင်တိုက်ကြီး တစ်ခုလုံး၏ ထိပ်ဆုံးတွင်ရှိသော အဆင့်မြင့် အင်ပါယာတစ်ခု ဖြစ်သည်။ ထို့အပြင် ဝူဘုရင်သည်လည်း စစ်မရှုံးဖူးသော ဘုရင်တစ်ပါး ဖြစ်လေသည်။

အရေးအကြီးဆုံးအချက်မှာ ယခုတစ်ခေါက် ၎င်းတို့၏ ရန်သူသည် အင်အားနည်းပါးသည့် ကြီးမြတ်သောဇူအင်ပါယာဖြစ်နေခြင်းပင်။ မည်သို့ပင် တွက်ချက်ခန့်မှန်းစေကာမူ ဝူအင်ပါယာမှ အလွယ်တကူ အနိုင်ရနိုင်မှန်း အလွန်သိသာနေသော စစ်ပွဲတစ်ခု ဖြစ်ပါသော်လည်း လျင်မြန်စွာ စစ်ရှုံးလာခဲ့ရလေသည်။

ထို့အပြင် ဝူဘုရင်မှာ ဆိုးရွာစွာ ထိခိုက်ပျက်စီးလာသေးသည်။

မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် ဝူအင်ပါယာ တစ်ခုလုံးမှာ အုတ်အုတ်ကြပ်ကြပ် ဖြစ်သွားကြရသည်။

အထူးသဖြင့် အတိတ်ကာလများ၌ ကြီးမြတ်သောဇူအင်ပါယာတွင် အရေးကြီးနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် ဝူအင်ပါယာ၌ ရာထူးကြီးကြီး ရထားကြပြီး ယခုအခါတွင် အလွန်စိုးရိမ်ပူပန်နေကြရပြီပင် ဖြစ်သည်။ ယင်းတို့အားလုံးသည် အတိတ်ကာလများ၌ ဝူဘုရင်နှင့်အတူ ပုန်ကန်မှုတွင်ပါဝင်ကာ ကြီးမြတ်သောဇူအင်ပါယာအပေါ် သစ္စာဖောက်ခဲ့ကြသည်။ ထိုသူများသည် ကြီးမြတ်သောဇူအင်ပါယာအပေါ် အနည်းငယ်မျှပင် မယုံကြည်ခဲ့ကြသော်လည်း ယခုအခါတွင် အိမ်ရှေ့မင်းသားဖြစ်သူမှ ငယ်ရွယ်သော အသက်အရွယ်၌ပင် နတ်ဘုံခန်းဝါအဆင့်ဖြင့် ထူးခြားဆန်းကြယ်စွာ ပြန်လည်ရောက်ရှိလာမှုကြောင့် အံ့အားသင့်ထိတ်လန့်ကုန်ရသည်။

အကယ်၍ ကြီးမြတ်သောဇူအင်ပါယာမှာ ဝူအင်ပါယာအား အနိုင်ယူလျက် ဆုံးရှုံးခဲ့ရသမျှများအား ပြန်လည်ရယူမည်ဆိုပါက ၎င်းတို့အားလုံးမှာလည်း သစ္စာဖောက်များအဖြစ် ရုံးတင်စစ်ဆေးခံရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကြီးမြတ်သောဇူအင်ပါယာ၏ တန်ပြန်တိုက်ခိုက်မှုသတင်းမှာ ဝူအင်ပါယာ၏ အ​ခြေအနေအား ရှုပ်ထွေးသွားစေလေသည်။

ဝူဘုရင်သာ ယခုအချိန်တွင် ရှေ့ထွက်လာမည်ဆိုပါက ဆူပူအုံကြွနေမှုများအား ထိန်းသိမ်းနိုင်လိမ့်မည် ဖြစ်ပါသော်လည်း သူသည် ပျောက်ခြင်းမလှ ပျောက်ဆုံးနေလျက်သာ ရှိသည်။ ထို့အတွက်ကြောင့် ဝူအင်ပါယာမှာလည်း ခေါင်းမရှိသောကျား အစွယ်မဲ့သော နဂါးတစ်ကောင်ကဲ့သို့ အ​ခြေအနေများ ယိမ်းယိုင်ကုန်ရတော့သည်။

ယင်းအ​ကြောင်းအရင်းများကြောင့်ပင် ကြီးမြတ်သောဇူအင်ပါယာမှာ ဝူအင်ပါယာ၏ ခံတပ်အား လွယ်ကူစွာ ဖြိုဖျက်နိုင်ခဲ့သည်။

လောင်ကျွမ်းမှု အငွေ့အသက်များနှင့် တိုက်ပွဲ၏ မီးတောက်မီးလျှံများမှာ ဝူအင်ပါယာအား ပြင်းထန်စွာ ဖျက်စီးဝါးမြိုနေလျက် ရှိလေသည်။

..........

ဝူအင်ပါယာ၏ ရှုံးနိမ့်မှုမှာ ကန်းမင်တိုက်ကြီး တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ လူတိုင်းအား အံ့အားသင့်သွားစေသည်။

၎င်းတို့အားလုံးမှာ ဝူဘုရင်သည် ကြီးမြတ်သောဇူအင်ပါယာမှ ငယ်ရွယ်သော အိမ်ရှေ့စံမင်းသားအား ရှုံးနိမ့်သွားရသည်ဟု သိရှိလိုက်ရသောအချိန်တွင် ပိုမိုအံ့သြထိတ်လန့်သွားကြရသည်။

ဝူဘုရင်သည် ကန်းမင်တိုက်ကြီး၏ ပြိုင်ဖက်ကင်း ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကန်းမင်တိုက်ကြီးအတွင်း အသန်မာဆုံးသူတစ်ဦးပင် ဖြစ်လာခဲ့လေသည်။

နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိထားပြီးဖြစ်သော ဝူဘုရင်မှာ နတ်ဘုံခန်းဝါအဆင့်သို့ စတင်ရောက်ရှိခါစဖြစ်သည့် ဇူယွမ်၏ အနိုင်ယူခြင်းအား ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ကန်းမင်တိုက်ကြီးအတွင်း ရှိနေသော ထိပ်သီးအင်ပါယာများအားလုံးသည် မေ့လျော့နေကြသော ကြီးမြတ်သောဇူအင်ပါယာအပေါ် တစ်ဖန်ပြန်လည် အာရုံစိုက်လာကြသည်။ ဤတိုက်ပွဲ အဆုံးသတ်သွားပြီးသည့်နောက်တွင် ကြီးမြတ်သောဇူအင်ပါယာမှာ အတိတ်ကာလများကဲ့သို့ ​ပြန်လည်ထွန်းတောက်လာတော့မည်ကို အားလုံးမှ ကြိုတင်သိရှိနေကြလေတော့သည်။

...........

ရှန်ဇူတိုက်ကြီးရှိ ကန်ရွှမ်းကလန်၌

ဒေါင်....ဒေါင်....

ခေါင်းလောင်းမြည်သံမှာ ကျယ်လောင်စွာ ထွက်ပေါ်နေလျက် ရှိသည်။

ဝူဘုရင်အား ဇူယွမ်မှ အနိုင်ရရှိသွားသည့် သတင်းမှာလည်း ကလန်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေလေသည်။

"စီနီယာအကိုတော် ဇူယွမ်က အရမ်းအံ့သြစရာကောင်းတာပဲ။"

"နတ်ဘုံခန်းဝါ ဗဟိုအဆင့်ရောက်နေတဲ့ ဝူဘုရင်ကို နိုင်သွားတာ ယုံတောင်မယုံနိုင်ဘူး။"

"ဇူယွမ်က တကယ်ကို ပြိုင်ဖက်ကင်းပဲ။"

"ဒီတစ်ခေါက် ဇူယွမ်ရဲ့အနိုင်ပွဲက အရမ်းကြောက်စရာကောင်းတယ်။ အနာဂတ်မှာ မြင့်မြတ်သောနန်းတော်က ဘယ်တပည့်က ငါတို့ကန်ရွှမ်းကလန်အပေါ် တင်တင်စီးစီး ဆက်ဆံရဲဦးမလဲ ကြည့်ရသေးတာပေါ့။"

"......."

ကန်ရွှမ်းကလန်မှ တပည့်များအားလုံးမှာ ဇူယွမ်၏အောင်ပွဲနှင့်ပက်သတ်၍ ဂုဏ်ယူနေကြရသည်။ ယခုကဲ့သို့ တိုက်ပွဲအောင်မြင်မှုမျိုးမှာ အလွန်တရာပင် ရှားပါးလှသည်။

တောင်ထွတ်တစ်ခုပေါ်၌

ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်၊ ယဲ့ကယ်နှင့် အခြားသော ရွေးချယ်ခံများမှာ ပျော်ရွှင်အောင်ပွဲခံနေကြသော တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် တစ်ဦးနှင့်တစ်ဦး အံ့အားသင့်စွာ ​အကြည့်ချင်းဖလှယ်လိုက်ကြသည်။

လီချင်းချန်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ငါတို့ထဲမှာ နတ်ဘုံခန်းဝါအဆင့်ကို ပထမဆုံး ရောက်တဲ့သူက ဇူယွမ်ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး။"

ယဲ့ကယ်မှ မေးဖျားအားပွတ်ကာ ပြောလိုက်သည်။ "နတ်ဘုံခန်းဝါအဆင့်ကို ရောက်ရောက်ချင်းမှာတင် ဝူဘုရင်ကို အနိုင်ရသွားတယ်ဆိုတော့ ဇူယွမ်ရဲ့ နတ်ဘုံခန်းဝါ နိဗ္ဗာန်က အနည်းဆုံး ရှစ်ခုရှိလောက်တယ်။"

အခြားသော ရွေးချယ်ခံများမှာ မည်သို့မျှ မှတ်ချက်မပြုကြပါသော်လည်း အမူအရာများ လေးနက်ခက်ထန်နေလျက် ရှိသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုသည် လွန်စွာရှားပါးသော ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

ချုချင်းမှာ သက်ပြင်းချလိုက်ပြီးနောက် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ​ပြောလိုက်သည်။ "ဇူယွမ်ရဲ့ ကျင့်ကြံရေး တိုးတက်မှုနှုန်းက ကြောက်စရာကြီး။ အဲ့ဒါက ငါတို့ကို တော်တော်ဖိအားဖြစ်စေတယ်။"

"အရင်တုန်းကဆိုရင် ငါတို့ဘာသာ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး ကျင့်ကြံအားထုတ်နေရုံပဲ။"

ချူချင်းမှာ နာကျင်နေဟန်ဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "ငါတို့ကန်ရွှမ်းကလန်ရဲ့ ပုံမှန်ကျင့်ကြံတဲ့ အခြေအနေတွေက ဒီကောင်စုတ်လေးကြောင့် ပျက်စီးတော့မယ် ထင်ပါတယ်ကွာ။"

လီချင်းချန်မှ ချူချင်းအား မျက်စောင်းထိုးကာ ပြောလိုက်သည်။ "ကလန်ခေါင်းဆောင်က နင့်ကိုအမြန်ဆုံး သီးသန့်ကျင့်ကြံဖို့ ပြောနေတယ်ဆို။ ပြီးတော့ နင်နတ်ဘုံခန်းဝါအဆင့်ကိုတက်လို့ နိဗ္ဗာန်ရှစ်ခု မဖွင့်နိုင်ဘူးဆိုရင် အပြင်ဖက်တောင်က နည်းပြဆရာအဖြစ်ပဲ ထားတော့မယ်လို့ကြားတယ်။"

ချုချင်းမှ သက်ပြင်းချကာ ညည်းတွားလိုက်သည်။ "အဲ့ဒါတွေအကုန် ဟိုကောင်စုတ်လေး ဇူယွမ်ကြောင့်ပဲ။"

လီချင်းချန်မှ စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ "ငါကတော့ ပိုကောင်းတယ်ထင်တာပဲ။ ကျင့်ကြံအားထုတ်တာကို ငါတို့ပိုပြီး ကြိုးစားသင့်တယ်လေ။ နင်က ဘာတွေအပျင်းကြီးနေတာလဲ။"

"ဇူယွမ်က ငါတို့အားလုံးနောက်မှ ကလန်ထဲရောက်ပြီး နတ်ဘုံခန်းဝါအဆင့်ကို တက်သွားပြီ။ ငါတို့မရောက်သေးဘူးဆိုရင် ရှက်စရာမကောင်းဘူးလား။"

အခြားသော ရွေးချယ်ခံများမှာလည်း လီချင်းချန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"ကြည့်ရတာ ငါတို့ပိုကြိုးစားဖို့ လိုနေသေးတဲ့ပုံပဲ။ ဒီနေ့ကစပြီး သီးသန့်ကျင့်ကြံကြတာပေါ့။"

ရွေးချယ်ခံများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် သက်ဆိုင်ရာတောင်ထွတ် အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြတော့သည်။ အဆုံးသတ်တွင် တောင်ထွတ်ပေါ်၌ ချူချင်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

"ကောင်စုတ်လေး....ငါတို့ကန်ရွှမ်းကလန်က ကျင့်ကြံခြင်းလမ်းစဉ်တွေကို မွှေနှောက်ပစ်တယ်။"

ချူချင်းမှာ သက်ပြင်းချလိုက်ပြီးနောက် အားအင်မရှိဟန်ဖြင့် ကူကယ်ရာမဲ့စွာ ကန်ရွှမ်းတောင်ထွတ်ဆီသို့ ပြန်သွားလိုက်ရသည်။

ဆွေးနွေးခြင်းခန်းမ၌

ကလန်ခေါင်းဆောင် ချင်းယန်မှာ ပြုံးရွှင်နေပြီး တောင်ထွတ်ဆရာသခင်များမှာ အံ့အားသင့်နေဟန် ရှိသည်။ ၎င်းတို့မှာ ကြီးမြတ်သောဇူအင်ပါယာနှင့် ဝူအင်ပါယာတို့၏ တိုက်ပွဲအခြေအနေအား သိရှိပြီးကြပြီး ဖြစ်သည်။

"ဇူယွမ်က တကယ်ကို ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ကလေးပဲ။" တောင်ထွတ်ဆရာသခင်များမှာ ကြားရသော သတင်းအပေါ် မယုံကြည်နိုင် ဖြစ်နေကြရသည်။

"ကြည့်ရတာ ငါတို့ကန်ရွှမ်းကလန်မှာ နဂါးတစ်ကောင် မွေးဖွားလာပြီနဲ့တူတယ်။" ကလန်ခေါင်းဆောင် ချင်းယန်မှ တောက်ပစွာ ​ပြောလိုက်သည်။

"အဖိုးကြီးရှန့်ယွမ် ဘယ်လိုဖြစ်နေလဲ သိချင်လိုက်တာ။" တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ အေးစက်စွာ ရယ်မောလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ရှန့်ယွမ်အား မုန်းတီးသော အမုန်းတရားများစွာ စီးဆင်းပျော်ဝင်နေလေသည်။

ကြီးမြတ်သောဇူအင်ပါယာနှင့် ဝူအင်ပါယာတို့၏ တိုက်ပွဲသည် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့အပေါ်တွင်လည်း သက်ရောက်မှု အနည်းငယ် ဖြစ်ပေါ်စေခဲ့သည်။

အဆုံးသတ်တွင်မူ ၎င်းတို့ကန်ရွှမ်းကလန်အနေဖြင့် ပြီးပြည့်စုံသော အောင်နိုင်ပွဲအား ရရှိနိုင်ခဲ့သည်။

ဤသတင်း ပျံ့နှံ့သွားသောအခါတွင် မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာမှာလည်း အနည်းနှင့်အများ ထိခိုက်ရလိမ့်မည် ဖြစ်သည်။

ကလန်ခေါင်းဆောင် ချင်းယန်မှ လေးနက်စွာ စကားဆိုလိုက်သည်။ "ငါကတော့ ရှန့်ယွမ်က တစ်ခုခုကို ကြံစည်နေတယ်လို့ ခံစားနေမိတယ်။"

ကလန်ခေါင်းဆောင် ချင်းယန်၏ မျက်ဝန်းများမှာ တိတ်ဆိတ်သော သန်းခေါင်ယံညကဲ့သို့ လေးနက်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ရှန့်ယွမ်သည် တစ်စုံတစ်ခုအပေါ် လျှို့ဝှက်စွာဖြင့် တိုက်ရိုက်ဦးတည်နေလျက်ရှိသည်ဟု ခံစားနေရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အခြားသော တောင်ထွတ်ဆရာသခင်များအားလုံးမှာ နန်းဆောင်သခင် ရှန့်ယွမ်၏ ကောက်ကျစ်စဉ်းလဲသော ဉာဏ်နီဉာဏ်နက်များအပေါ် အလွန်ပင် စိုးရိမ်လှသဖြင့် မျက်ဝန်းများ ပြူးကျယ်သွားကာ မေးမြန်းလိုက်ကြသည်။

"သူက ဘာတွေကြံစည်နေတာများလဲ။"

ကလန်ခေါင်းဆောင် ချင်းယန်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အခုလောလောဆယ်တော့ ငါလည်းမသိသေးဘူး။ ဒါပေမယ့် သူသာတကယ် တစ်ခုခု ကြံစည်နေတာဆိုရင် ကြီးမြတ်သောဇူအင်ပါယာနဲ့ ဝူအင်ပါယာတို့ စစ်ပွဲကလည်း ပြီးတော့မှာဆိုတော့ မကြာခင်ပဲ ပေါ်လာလိမ့်မယ်လို့ ငါယုံတယ်။"

"ငါတို့သူ့ကို ဒီတောအတွင်း သေချာစောင့်ကြည့်နေမှရမယ်။"

.......

မြင့်မြတ်သောနန်းတော်၌

မြူခိုးများ ထူထပ်နေသော တောင်စွန်းတစ်ခုပေါ်တွင်

နန်းဆောင်သခင် ရှန့်ယွမ်မှာ စကြာဝဠာ စတင်ဖြစ်တည်ခဲ့စဉ်ကတည်းက ပေါ်ပေါက်ခဲ့ဟန်တူသော သလင်းကျော​က်တစ်လုံးအား ကြည့်ရှုနေလျက် ရှိသည်။

"ဝူဟောင်ရော...ဝူဘုရင်ရောက တကယ် အသုံးမကျတဲ့ မိသားစုတွေပဲ။"

သူသည် ခေါင်းအားခါယမ်းလိုက်ပြီးနောက် ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ သူတို့က နယ်ရုပ်တွေ အများကြီးထဲက တစ်ခုပဲ။ သူတို့ရဲ့တာဝန်ကြေနေသမျှ ငါဘာမှဝင်ပါစရာ မလိုဘူး။"

သူသည် သလင်းကျောက်အားကြည့်လျက် ဆက်လက်စကားဆိုလိုက်သည်။ "ဒီအတိုင်းဆိုရင် နဂါးကောင်းချီး အချင်းချင်း ထိပ်တိုက်တွေ့ဖို့က သိပ်မလိုတော့ဘူးပဲ။"

"အဟက်...မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း...ကြမ္မာဖန်လာတော့လည်း ခင်ဗျားရဲ့ နောက်ဆုံးအတားအဆီးတွေ အကုန်လုံးက ကျုပ်လက်ထဲမှာ ကျိုးပျက်ရတော့မှာပေါ့။"

All Chapters