← Chapters

အနီရောင်အဝတ်စ

Vol. 51 Ch. 704

အနီရောင်အဝတ်စ

Vol. 51 Ch. 704

ဝှစ်.....

ဆူညံပွတ်လောရိုက်နေသော ဝူအင်ပါယာ၏ ကောင်းကင်ထက်တွင် လေတိုးသံများနှင့်အတူ အလင်းတန်းတစ်ခု ဖြာထွက်နေလျက် ရှိသည်။

ထိုအလင်းတန်းမှာ စိတ်ဝိဉာဉ်တစ်ခုဖြစ်ပြီး ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုမှ ဝန်းရံထားလျက် ရှိသည်။

၎င်းအလင်းတန်းမှာ ဝူဘုရင်ပင် ဖြစ်သည်။

သူသည် အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားနေလျက်ရှိပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်သည် လျင်မြန်လှသောအရှိန်ဖြင့် လိုက်လာနေသည်ကို ခံစားမိနေသောကြောင့် ဖြစ်သည်။

"တောက်....ဇူမိသားစုရဲ့ မျိုးမစစ်ကောင်ကတော့။"

ဝူဘုရင်၏ နှလုံးသားမှာ ဒေါသတရားများဖြင့် ဖုံးလွှမ်းနေရသည်။ သူသည် ကန်းမင်တိုက်ကြီးအတွင်း တားဆီးမရနိုင်သော ဂုဏ်သိက္ခာများကို နှစ်ပေါင်းများစွာ တည်ဆောက်ထားနိုင်ခဲ့သူ ဖြစ်ပါသော်လည်း ယခုအခါတွင် သနားစရာကောင်းသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ အရူးအမူး ထွက်ပြေးနေရသည်။

"အဲ့ကောင်စုတ်လေး ကလေးဘဝထဲက သတ်ပစ်ခဲ့ရမှာကွာ....တောက်။"

ဝူဘုရင်မှာ ဇူယွမ်အား မုန်းတီးလွန်းသောကြောင့် ထိုစကားများကိုသာ အထပ်ထပ်အခါခါ ရေရွတ်နေမိသည်။

သူသည် ဝူအင်ပါယာ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေများကို မြင်တွေ့နေရပါသော်လည်း မည်သို့မှ ရပ်တန့်ကာ အမိန့်မပေးရဲပဲ ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကြိမ်မျှ ရပ်တန့်လိုက်သည်နှင့် ဇူယွမ်မှာ သူ့အားဖမ်းမိသွားမည်ကိုစိုးရိမ်မိသောကြောင့် ဖြစ်သည်။

ထို့အပြင် ဝူအင်ပါယာအတွင်းရှိ မည်သူကမှလည်း နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဇူယွမ်အား တားဆီးနိုင်လိမ့်မည် ​မဟုတ်ပေ။

ထို့ကြောင့် ဝူဘုရင်မှာ ဝူအင်ပါယာသည် သူ့အားလိုအပ်နေကြောင်း သိရှိနေပါသော်လည်း မည်သို့မျှ မတက်နိုင်ပဲ ဆက်လက်ထွက်ပြေးနေရသည်။ အကယ်၍ ဇူယွမ်၏လက်ထဲတွင်သာ သူ၏ဘဝ အဆုံးသတ်သွားပါက ဝူအင်ပါယာ၏ အနာဂတ်မှာလည်း သေဆုံးသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။

"ကြည့်ရတာ ငါသူ့ကို မြို့တော်အထိ မျှားခေါ်သွားမှနဲ့တူတယ်။ အဲ့မှာဆို ငါပြင်ဆင်ထားတာတွေနဲ့ သူ့ကိုတားနိုင်လောက်တယ်။" ဝူဘုရင်မှာ လျင်မြန်စွာ တွေးတောလိုက်သည်။ ​ဝူအင်ပါယာ၏ မြို့တော်တွင် သူ၏ရုပ်ခန္ဓာအား ပြန်လည်ကောင်းမွန်စေနိုင်သော လျှို့ဝှက်ရတနာတစ်ခု ရှိလေသည်။ ထိုသို့ဆိုလျှင် သူသည် မြေပြင်အနေအထားအရ ဇူယွမ်အား လွယ်ကူစွာ အသာစီးရနိုင်ပြီ ဖြစ်သည်။

ဝူဘုရင်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် အနည်းငယ်မျှ တွေဝေခြင်းမရှိပဲ ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုမှ စွမ်းအင်များ ထွက်ပေါ်စေလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် မိုးကုပ်စက်ဝိုင်းအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ဝူဘုရင် ပျောက်ကွယ်သွားပြီး မကြာခင်မှာပင် ကောင်းကင်ထက်၌ ဇူယွမ်၏ပုံရိပ် ပေါ်ထွက်လာသည်။ သူသည် ဝူဘုရင် တိုးဝင်ပျောက်ကွယ်သွားရာအရပ်သို့ ကြည့်ရှုလိုက်ပြီးနောက် ရေရွတ်လိုက်သည်။

"အဟက်.....ဝူအင်ပါယာရဲ့ မြို့တော်ဆီ သွားနေတာပေါ့လေ။"

"ကြည့်ရတာ အခုအချိန်ထိ အရှုံးမပေးချင်သေးတဲ့ပုံပဲ။"

"စိတ်ဝင်စားဖို့ကောင်းသားပဲ။"

ဇူယွမ်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် အေးစက်ခက်ထန်နေလျက် ရှိသည်။ ယခုအချိန်သည် ဝူဘုရင်အား သတ်ဖြတ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများအားလုံးကို ကာကွယ်သည့်အနေဖြင့် ဝူဘုရင်အား သတ်ကိုသတ်ပစ်ရမည် ဖြစ်သည်။

ဝှစ်....

ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ဝူအင်ပါယာ မြို့တော်ဆီသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။

..........

ရက်အနည်းငယ်မျှ မရပ်မနား ပျံသန်းထွက်​ပြေးလာပြီးသည့်အဆုံးတွင် ဝူဘုရင်မှာ မြို့တော်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာ မြို့တော်၏ ကောင်းကင်ထက်တွင် ရပ်တန့်နေလျက် ရှိသည်။ ဝူအင်ပါယာ ရှုံးနိမ့်မှုသတင်းကြောင့် မြို့တော်မှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာထံသို့ စတင်စစ်ချီခဲ့စဉ်က ခမ်းနားကြီးကျယ်နေခဲ့သော မြို့တော်ကြီးအား ပြန်လည်တွေးတောမိသဖြင့် ယူကြုံးမရ ဖြစ်နေရသည်။ သူသည် ခွေးတစ်ကောင်ကဲ့သို့ စုတ်ပြတ်စွာ ထွက်ပြေးလာရလိမ့်မည်ဟု စိတ်ကူးထဲ၌ပင် တွေးမထားခဲ့ဖူးချေ။

"ဇူမိသားစုက မျိုးမစစ်ကောင်....မင်းပြန်ပြီးပေးဆပ်ရမယ်။"

ဝူဘုရင်၏အသံမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ဆက်လက်ပျံသန်းခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။ ရက်အနည်းငယ်မျှ မရပ်မနား ပျံသန်းခဲ့ပြီးနောက် သူ၏စိတ်ဝိဉာဉ်မှာ အလွန်ပင် ပါးလျနေပြီ ဖြစ်သည်။ ရုပ်ခန္ဓာ၏ အကာအကွယ်မရှိသည့် စိတ်ဝိဉာဉ်အဖြစ်သာ ဆက်သွားနေပါက ဝူဘုရင်မှာ မကြာသောကာလအတွင်း၌ပင် ဤကမ္ဘာလောကမှ ပျောက်ကွယ်သွားရပေလိမ့်မည်။

"ငါ့ရဲ့ရတနာတိုက်ထဲမှာ လျန့်ရုံလို့ခေါ်တဲ့ ခန္ဓာကိုပြန်ပြီး တည်ဆောက်နိုင်တဲ့ ရတနာတစ်မျိုး ရှိတယ်။ အခုချိန်က ဒီရတနာကိုသုံးဖို့ အ​ကောင်းဆုံးအချိန်ပဲ။" ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာ နန်းတော်အတွင်းရှိ ရတနာတိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။

​ရတနာတိုက်သည် အစောင့်များစွာဖြင့် လွန်စွာတင်းကြပ်ထားသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ဝူဘုရင်မှာ မည်သည့်အစောင့်ကိုမှ မမြင်မိသောကြောင့် အံ့အားသင့်သွားရသည်။ အစောင့်တွေများ ပုန်ကန်ကုန်ပြီလား....

ဝူဘုရင်မှာ တွေဝေစွာဖြင့် ရတနာတိုက်ရှေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ရတနာတိုက်တံခါးများ ယခင်ကကဲ့သို့ ကောင်းစွာရှိနေသည်ကို မြင်တွေ့ရသော အခါမှသာ ဝူဘုရင်မှာ သက်ပြင်းချနိုင်တော့သည်။ ရတနာတိုက်မှာ စက္ကောမ ယန္တရားအတက်ဖြင့် ပိတ်နှောင်ထားဆဲ ဖြစ်သည်။

ဝူဘုရင်မှာ အစောင့်များ မရှိတော့သည်ကို တွေးတောနေရန် အချိန်မရှိတော့သောကြောင့် လျှို့ဝှက်နည်းကို အသုံးပြု၍ ရတနာတိုက်အားဖွင့်ကာ အတွင်းသို့ ဝင်သွားလေတော့သည်။

သူသည် တလက်လက် တောက်ပနေသော ရတနာများအား အနည်းငယ်မျှပင် ဂရုမစိုက်ပဲ အတွင်းပိုင်းဆီသို့သာ တစိုက်မတ်မတ် ဝင်လာခဲ့သည်။ အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ဝူဘုရင်သည် ကျောက်စိမ်းစင်မြင့်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ပါသော်လည်း ယင်းစင်မြင့်ပေါ်တွင် မည်သည့်အရာဝတ္ထုမှ ရှိမနေသောကြောင့် တုန်လှုပ်ခြောက်ခြားသွားရသည်။ လျန့်ရုံရတနာမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေလေသည်။

"ဟာ.....ငါ့ရဲ့လျန့်ရုံရတနာ ဘယ်ရောက်သွားတာလဲ။"

ဝူဘုရင်မှာ အရူးတစ်ယောက်အလား ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

တစ်စုံတစ်ယောက်မှ သူ၏လျန့်ရုံရတနာအား ခိုးယူသွားခဲ့ပြီ ဖြစ်သည်။

"ဒါပေမယ့် လျန့်ရုံရတနာပေါ်မှာ ငါအမှတ်အသားတစ်ခု လုပ်ထားတယ်။ ငါ့ဆီက လွယ်လွယ်ခိုးလို့ရမယ် မထင်နဲ့။" ဝူဘုရင်မှာ အသက်ပြင်းပြင်း ရှူထုတ်လျက် စိတ်အားပြန်လည် တည်ငြိမ်စေလိုက်သည်။ နှလုံးသားထဲတွင်မူ သူ၏ရတနာအား ခိုးယူရဲသောသူကို အလွန်အမင်း သိချင်နေပြီပင် ဖြစ်သည်။

ဝူဘုရင်မှာ လျှို့ဝှက်ကျင့်စဉ်တစ်ခုအား ချက်ချင်းဆိုသလို အသက်သွင်းလိုက်ပြီးနောက် လျန့်ရုံရတနာ ရှိရာနေရာအား အာရုံခံလိုက်သည်။

အချိန်အတော်ကြာမြင့်သွားပြီးနောက် သူသည် နားမလည်နိုင်ဟန်ဖြင့် မျက်ဝန်းများကို ဖွင့်ဟလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူသည် လျန့်ရုံရတနာအား နန်းတော်အတွင်း၌ပင် အာရုံခံမိနေသောကြောင့် ဖြစ်သည်။

"ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ရတနာ ခိုးတဲ့သူကို လုံးဝခွင့်မလွှတ်နိုင်ဘူး။" ဝူဘုရင်မှာ ကြိမ်းဝါးလိုက်ပြီးနောက် လျန့်ရုံရတနာ ရှိရာနေရာသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

သူသည် နန်းတော်တလျှောက် ပျံသန်းနေပြီးနောက်တွင် လျန့်ရုံရတနာသည် နန်းတော်၏ အနောက်ဖက်အကျဆုံးအရပ်တွင် ရှိနေကြောင်း သိရှိလိုက်ရသည်။

ဝူဘုရင်မှာ အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားရသည်။

သူသည် လျန့်ရုံရတနာ ရှိရာနေရာသို့ ဆင်းသက်လိုက်သောအခါတွင် ကြီးကျယ်ခမ်းနားလှသည့် ခေါင်းတလားတစ်လုံးအား တွေ့ရှိလိုက်ရသည်။

ထိုခေါင်းတလားအား တွေ့ရှိလိုက်ရသောအခါတွင် ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။

ယင်းခေါင်းတလားသည် မိဖုရားဖြစ်သူ၏ ခေါင်းတလားပင် ဖြစ်သည်။

၎င်းခေါင်းတလား၏ အထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် အနီရောင် အဝတ်အစားများ ဆင်မြန်းထားသော ပုံရိပ်တစ်ခု ရှိနေလေသည်။ သူမသည် သေရည်အိုးတစ်ခုအားကိုင်လျက် မြေပြင်ပေါ်သို့ သေရည်များ လောင်းချနေသောကြောင့် လေထုအတွင်း သေရည်နံ့မှာ ပျံ့နှံ့နေလျက် ရှိသည်။

သေရည်များ ကုန်စင်အောင် လောင်းချပြီးသည့်နောက်တွင် ထိုမိန်းကလေးမှ တည်ငြိမ်သောအသံဖြင့် စကားဆိုလိုက်သည်။ "ခမည်းတော်...မယ်တော်ကို မြှုပ်နှံပြီးထဲက ဒီကိုလာတာ ဒါဒုတိယအကြိမ်မလား။"

သူမသည် ဝူဘုရင်ရှိရာသို့လှည့်လာသောကြောင့် လှပသောမျက်နှာလေးအား မြင်တွေ့လိုက်ရသည်။

နီရဲသော အဝတ်အစားများ ဆင်မြန်းထားသော မိန်းမငယ်လေးမှာ နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော အသားအရေနှင့် လွန်စွာလှပလွန်းလှသည်။ နတ်မိမယ်တစ်ပါးအလား ထင်မှတ်မှားရသော သူမ၏အလှတရားကြောင့် အထီးကျန်နေသော ခေါင်းတလားသည်ပင် တောက်ပနေသည့်အလား ဖြစ်နေပေသည်။

ထိုမိန်းမငယ်လေး၏ မျက်ဝန်းများမှာ ကြယ်ရောင်မစုံသော ညဉ့်နက်အလား လေးနက်နေလျက် ရှိသည်။

သူမသည် မိန်းကလေးတစ်ဦး ဖြစ်ပါသော်လည်း ဝူဘုရင်ထက်ပင် အရောင်အဝါ တောက်ပနေကာ ကောင်းကင်ဘုံမှ ဘုရင်မကဲ့သို့ ခန့်ထည်နေ၏။

ဝူဘုရင်မှာ အနည်းငယ်မျှ အံ့အားသင့်သွားပြီးနောက် စကားဆိုလိုက်သည်။ "ဝူယောင်....နင်ကဒီမှာ ဘာလုပ်နေတာလဲ။ ဟွမ်းယွမ်ထျန်းတန်မှာ ရှိနေရမှာ မဟုတ်ဘူးလား။"

မည်သို့ပင်ဆိုစေကာမူ ဝူဘုရင်မှာ ချက်ချင်းဆိုသလို ပျော်ရွှင်သွားရသည်။

"ကောင်းတယ်။ နင်ပြန်လာတာ အချိန်ကောင်းပဲ။ ဟိုမျိုးမစစ်ကောင် ဇူယွမ်ကို အမြန်သွားသတ်လာခဲ့။ အဲ့ဒါဆို ငါတို့ဝူအင်ပါယာအတွက် ဘာမှစိတ်ပူစရာ မရှိတော့ဘူး။"

သို့သော် ထိုမိန်းမငယ်လေးမှာ ဝူဘုရင်၏စကားကို မကြားသည့်အလား မလှုပ်မယက်ဖြင့်သာ ရှိနေလေသည်။ သူမသည် ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ဝူဘုရင်အား ကြည့်ရှုနေလျက် ရှိသည်။

ဝူဘုရင်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသောကြောင့် ဝူယောင်အားကြည့်ကာ ပြောလိုက်သည်။ "နင်ဘာဖြစ်နေတာလဲ။"

ဝူယောင်မှာ အလွန်ဝမ်းနည်းနာကျင်နေသော မျက်ဝန်းများဖြင့် ခေါင်းတလားအား ပွတ်သပ်လိုက်လေသည်။

ထို့နောက် အေးစက်တောင့်တင်းနေသောအသံဖြင့် စကားဆိုလိုက်သည်။ "ခမည်းတော်....မယ်တော်ဘယ်လိုဆုံးသွားရလဲဆိုတာ မှတ်မိသေးရဲ့လား။"

All Chapters