ဝူယောင် ၁
Vol. 51 Ch. 705
နှစ်ပေါင်းများစွာအကြာက…
ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာအား ပုန်ကန်လျက် အပျက်အစီးများစွာ ဖြစ်ပေါ်စေခဲ့သည်။
ကြီးမြတ်သောဇူအင်ပါယာ၏ ဘုရင်ဖြစ်သူ ဇူချင်မှာ ရှုံးနိမ့်မှုများစွာအား ဆက်တိုက်ဆိုသလို ခံစားခဲ့ရပြီးနောက် မြောက်ပိုင်းဒေသသို့ မဖြစ်မနေ ပြောင်းသွားခဲ့ရသည်။ ဤသို့ဖြင့် ကန်းမင်တိုက်ကြီးအား အုပ်စိုးထားခဲ့သော ကြီးမြတ်သောဇူအင်ပါယာကြီးမှာလည်း အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့ရလေသည်။ ထို့နောက် ဝူဘုရင်မှာ ဝူအင်ပါယာအား တည်ထောင်လျက် ကန်းမင်တိုက်ကြီး၏ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။
ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာမှ အိမ်ရှေ့စံဖြစ်သူ၏ မြင့်မြတ်သောနဂါးကောင်းချီးအား အတင်းအဓမ္မရယူကာ သုံးနှစ်ပဋိသန္ဓေတည်စေပြီးမှ မွေးဖွားလာခဲ့သော သူ၏အမွှာသားနှင့်သမီးထံ ခွဲဝေပေးခဲ့သည်။ ရလာဒ်အနေဖြင့် ဝူအင်ပါယာမှာ နဂါးနှင့်ဇာမဏီတို့၏ အကာအကွယ်ကောင်းချီးအား ရရှိလိုက်လေသည်။
ဝူအင်ပါယာမှာ ကန်းမင်တိုက်ကြီးအား စိတ်ထင်သလို စိုးမိုးနိုင်သည်အထိ အင်အားကြီးခဲ့ပြီး အနီးအနားနိုင်ငံများမှ ဘုရင်များကပင် နှစ်စဉ်လက်ဆောင်ပဏ္ဍာများ ဆက်သရသည်အထိ သြဇာရှိခဲ့သည်။
...........
ဝူအင်ပါယာနန်းတော်၏ အနောက်ဖက်ပန်းခြံ၌
ရှင်းလင်းနေသော ကွင်းပြင်တစ်ခုတွင် သန်မာတောင့်တင်းသော စစ်သည်အချို့မှာ အဝါရောင် အဝတ်အစားများအား ဆင်မြန်းထားသည့် လူငယ်လေးတစ်ဦးကို ဝန်းရံနေလျက် ရှိသည်။ ထိုငယ်ရွယ်သောကောင်လေးမှာ အလွန်ပင် လေးနက်တည်ကြည်လွန်းလှပြီး ဧကရာဇ်တစ်ဦးအဖြစ် မွေးဖွာလာသည်ဟုပင် ထင်မှတ်ရသည်။
စောင့်ကြပ်နေသော အခြံအရံများမှာ ထိုလူငယ်လေးအား ဂရုတစိုက်ဖြင့် ကြည့်ရှုနေကြသည်။ ထို့နောက် ယင်းလူငယ်လေးအား စတင်တိုက်ခိုက်ကြတော့သည်။
လူငယ်လေးမှာ ကျောချမ်းဖွယ်ရာ အပြုံးတစ်ခုကို နှုတ်ခမ်းထက်တွင် ဆင်မြန်းလိုက်သည်။
ဝုန်း....
ထိုလူငယ်လေးမှာ ပြင်းထန်သော စွမ်းအင်အပြည့်ဖြင့် တိုက်ခိုက်မှုများအားလုံးကို ကြမ်းတမ်းခက်ထန်စွာ တုံ့ပြန်လိုက်သည်။
ဒုန်း...ဒုန်း....
အစောင့်အကြပ်များမှာ အဆက်မပြတ် တိုက်ခိုက်ခံနေရပြီး မခံနိုင်တော့သည့်အဆုံးတွင် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ကြရသည်။
လူငယ်လေး၏ တိုက်ခိုက်မှုများမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသောကြောင့် မကြာမီမှာပင် အစောင့်အကြပ်များအားလုံး အဝေးသို့ လွင့်စင်သွားရကာ ပြန်၍မထနိုင်လောက်အောင် နာကျင်သွားကြရသည်။
တိုက်ပွဲရလဒ်မှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
"ဟားဟား.....တယ်ကောင်းသဟေ့။ တကယ်ကို ငါတို့ဝူအင်ပါယာရဲ့ နဂါးတစ်ကောင်ပဲ။" ကျယ်လောင်လှသော ချီးကျူးဂုဏ်ပြုသံတစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာရှိ အစောင့်အကြပ်များနှင့် နန်းတွင်းအစေခံများမှာ ဒူးထောက်ရက်သား ဖြစ်သွားကြသည်။
ထိုသို့ ချီးကျူးစကား ဆိုလိုက်သူမှာ သက်လတ်ပိုင်းအရွယ် ခန့်ထည်သောသူတစ်ယောက် ဖြစ်သည်။ သူ၏အသွင်အပြင်မှာ သြဇာညောင်းလွန်းလှပြီး အရှိန်အဝါများ ထွက်ပေါ်နေသည်ဟုပင် ထင်မှတ်ရသည်။ ၎င်း၏ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုသူမှာ ဝူအင်ပါယာ၏ ရေမြေ့သခင် ရှင်ဘုရင်ဖြစ်သူ ဝူဘုရင်ပင် ဖြစ်သည်။
ဝူအင်ပါယာ၏ နဂါးဟူသော လူငယ်လေးမှာမူ အိမ်ရှေ့မင်းသားဖြစ်သူ ဝူဟောင်ဖြစ်လေသည်။
ဝူဘုရင်၏ ဘေးတွင်ရှိနေသော အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသည့် အကြီးအကဲတစ်ဦးမှ ရယ်မောကာ ပြောလိုက်သည်။ "အိမ်ရှေ့မင်းသားလေးက တကယ်ကို ပါရမီရှိတာပဲ။ စပြီးကျင့်ကြံခဲ့တာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်ဆိုပေမယ့် စွမ်းအင်ဝင်ပေါက် ခုနစ်ခုတောင် ပွင့်နေပြီ။ ဒီလိုမျိုးဖြစ်စဉ်က တော်တော်ရှားတယ်။"
ဝူဘုရင်မှာ ကျေနပ်အားရစွာ ပြုံးရင်းဖြင့် ဝူဟောင်အား ကြည့်ရှုလိုက်သည်။ ထူးကဲသော နဂါးတစ်ကောင်ကဲ့သို့ သားတော်မျိုး ရှိနေသည့်အတွက် ဝူအင်ပါယာ၏ အနာဂတ်အား စိူးရိမ်ပူပန်စရာ မရှိတော့ပေ။
ထို့နောက် ဝူဘုရင်မှာ မျက်မှောင်ကျုံ့လျက် အခြားနေရာတစ်ခုသို့ ကြည့်ရှုလိုက်သည်။
လှပသော အဝတ်အစားများ ဆင်မြန်းထားသည့် မိန်းမငယ်လေးတစ်ဦးမှာ ပန်းခင်းကြားတွင်ထိုင်လျက် ဒဏ်ရာရနေသော ငှက်ငယ်လေးတစ်ကောင်အား ဂရုစိုက်ပေးနေလျက် ရှိသည်။
ထိုမိန်းမငယ်လေးမှာ အလွန်ငယ်ရွယ်လွန်းပါသော်လည်း ယင်းပေါက်စီလုံးလေးကဲ့သို့ သေးငယ်သော မျက်နှာလေးပေါ်တွင် နှိုင်းစံမမှီသော အလှတရားများ ရှိနေနှင့်ပြီ ဖြစ်သည်။ သူမ၏ ကျောက်စိမ်းဖြူရောင်အသားအရေမှာလည်း စိုပြေလှပလျက် ဖြာရီနေသော နေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေပေသည်။
ထိုမိန်းမငယ်လေးမှာ ဝူယောင်ဟုခေါ်တွင်ပြီး ဝူအင်ပါယာကြီး၏ မင်းသမီးငယ်လေး ဖြစ်သည်။
ဝူဘုရင်မှာ မျက်မှောင်ကျုံ့လျက် ဝူယောင်အား ကြည့်ရှုလိုက်သည်။ သူသည် ဝူယောင်အား ဝူဟောင်ကဲ့သို့ပင် မျှော်လင့်ချက်ကြီးစွာ ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဇူအင်ပါယာ၏ အိမ်ရှေ့မင်းသား ဇူယွမ်ထံမှ ရရှိလာသော ကောင်းချီးများကို ဝူဟောင်နှင့် ဝူယောင်ထံ ခွဲဝေပေးအပ်ခဲ့သောကြောင့် ဖြစ်သည်။
ဝူဟောင်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးများမှာ နှစ်အနည်းငယ် အတွင်း၌ပင် အပြည့်အဝ နိုးထလာခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်လျှောက်လှမ်းခဲ့သော အချိန်နှစ်နှစ်အတွင်း စွမ်းအင်ဝင်ပေါက် ခုနစ်ခုအား ရရှိထားခဲ့သည်။
တစ်ဖက်တွင်မူ ဝူယောင်မှာ မြင့်မြတ်သောနဂါးကောင်းချီးများ ရရှိထားပါသော်လည်း မည်သည့်လက္ခဏာမှ ပြသခြင်းမရှိပဲ ပုံမှန်လူများကဲ့သို့ပင် သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ နှေးကွေးနေခဲ့သည်။
ဝူယောင်၏ ကိုယ်ခန္ဓာအတွင်းမှ မြင့်မြတ်သောနဂါးကောင်းချီးများမှာ အနည်းငယ်မျှပင် နိုးထလာခြင်း မရှိပေ။
ထို့ကြောင့် ဝူယောင့်အပေါ် မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော ဝူဘုရင်မှာ လွန်စွာစိတ်ပျက်လာရသည်။
"ဝူယောင့်ရဲ့ခန္ဓာကိုယ်က နဂါးကောင်းချီးနဲ့ မကိုက်ညီလို့များလား။" ဝူဘုရင်မှာ လေးနက်စွာ တွေးတောနေလျက် ရှိသည်။
သူသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စကားဆိုလိုက်သည်။ "မနက်ဖြန်ဆိုရင် ဝူဟောင်နဲ့ ဝူယောင်တောင် ရှစ်နှစ်ပြည့်တော့မှာပဲ။"
"ရှီးလီကျင့်ကြံရေးစင်ကို အသင့်ပြင်ထားကြ။ မနက်ဖြန်ကြရင် ဝူယောင့်ခန္ဓာကိုယ်ထဲက နဂါးကောင်းချီး နိုးထရင်နိုးထလာမှာ။ အဲ့အချိန်ကြရင် သူမလည်း ဝူဟောင့်လိုပဲ ကျင့်ကြံလို့ရပြီ။ မနက်ဖြန်မှ မနိုးထလာရင် သူမကိုယ်ထဲက နဂါးကောင်းချီးတွေက တကယ်ကို သုံးစားမရလို့ပဲ။"
ဝူဘုရင်၏ အမူအရာမှာ အနည်းငယ် အေးစက်ခက်ထန်နေလျက် ရှိသည်။ "သူမက တကယ်သုံးစားမရဘူးဆိုရင် နဂါးကောင်းချီးတွေကို ဝူဟောင့်ဆီလွှဲပေးဖို့ နည်းလမ်းရှာရမယ်။"
"အဲ့အခါကြရင် ဝူဟောင်က နဂါးကောင်းချီး အပြည့်အဝရပြီးတော့ ငါတို့ဝူအင်ပါယာကြီးရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။"
ဝူဘုရင်၏ နောက်တွင်ရှိနေသော အကြီးအကဲမှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "အရှင်မင်းကြီး....မင်းသမီးငယ်လေးရဲ့ နဂါးကောင်းချီး ထုတ်ယူခံလိုက်ရင် သူမရဲ့ စိတ်ဝိဉာဉ်ဗဟိုချက်ကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်။ အဲ့အခါကြရင် သူမဘယ်တော့မှ ကျင့်ကြံရေးလမ်းကို လျှောက်လို့ရတော့မှာ မဟုတ်ဘူး။"
ဝူဘုရင်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "သူမ ဆက်ပြီးမကျင့်ကြံနိုင်တော့ရော ဘာဖြစ်မှာမို့လို့လဲ။ သူမက ဝူအင်ပါယာရဲ့ မင်းသမီး ဖြစ်နေဦးမှာပဲ။ ငါကလည်း သူမကို ခွဲခြားဆက်ဆံမှာမှ မဟုတ်တာ။ တော်ဝင်မိသားစုရဲ့ သမီးတော်အနေနဲ့ ငယ်ငယ်လေးထဲက သူမရဲ့တာဝန်ကို ကြေသင့်တယ်။"
အကြီးအကဲမှာ မည်သည့်စကားမှ မပြောတော့ပဲ သက်ပြင်းချလျက် ပန်းခင်းကြားထဲရှိနေသော မင်းသမီးငယ်လေးအား ကြည့်ရှုလိုက်သည်။ ဝူအင်ပါယာအတွင်း မင်းသမီးငယ်လေး၏ သနားကြင်နာမှုကို မသိသောသူ မရှိကြပေ။ သို့သော် တော်ဝင်မိသားစုအတွက်မူ သနားကြင်နာမှုဟူသည် မလိုအပ်သော အရာတစ်ခုသာ ဖြစ်နေခဲ့သည်။
မင်းသမီးငယ်လေး....နဂါးကောင်းချီးကို မနက်ဖြန် လှုပ်နိုးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်....
၎င်းတို့စကားစမြည် ပြောဆိုနေစဉ်မှာပင် ဝူယောင်မှာ ဒဏ်ရာရနေသော ငှက်ငယ်လေးအား ဂရုတစိုက်ဖြင့် မြှောက်တင်လိုက်သည်။
"အဟက်....ငှက်ကသေတော့မှာပဲဟာကို။ ဘာလို့ကယ်နေရမှာလဲ။ ငါကင်ပြီးစားလိုက်တာကမှ ပိုကောင်းဦးမယ်။" သို့သော် စကားသံတစ်ခုနှင့်အတူ ဝူယောင်၏ လက်အတွင်းမှ ငှက်ငယ်လေးအား လူတစ်ဦးမှ ကြမ်းတမ်းစွာ ဆွဲယူသွားသည်။
ဝူယောင်မှာ ထိတ်လန့်သွားရပြီးနောက် ငှက်ငယ်အေား ရင်ခွင်အတွင်းသို့ ပွေ့ထားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဝူယောင်မှာ အားသုံးခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားရသည်။ သူ လက်မောင်းလေးမှာ နီရဲသွားရသကဲ့သို့ မျက်ဝန်းလေးများတွင်လည်း မျက်ရည်ပုလဲဥလေးများ စီသွားရသည်။
"ဝူဟောင်...နင်...နင်။" သူမသည် ရှေ့တွင်ရှိနေသော ဝူဟောင်အား အော်ဟစ်လိုက်သည်။
ဝူဟောင်မှာ ရယ်မောလိုက်ပြီးနောက် ငှက်အားရယူရန် ပြင်လိုက်သည်။ "ဒါက ငှက်လေးတစ်ကောင်ပဲကို။ မြန်မြန် ငါ့ကိုပေးစမ်းပါ။"
သူ၏အသံမှာ ဒေါသထွက်လာဟန် ရှိသည်။ "ဒီလို နိမ့်ကျတဲ့ တိရစ္ဆာန်က မင်းရဲ့အကာအကွယ်ပေးမှုနဲ့ ထိုက်တန်လို့လား...ဟမ်။"
သူသည် ဝူယောင်၏ ရင်ခွင်အတွင်းမှ ငှက်အားကြည့်ကာ ပိုမိုဒေါသထွက်လာရပြီး သတ်ဖြတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာရသည်။
ထိုငှက်မှာ နိမ့်ကျသော တိရစ္ဆာန်တစ်ကောင်သာဖြစ်ပြီး သူမ၏ကြင်နာမှုများနှင့် အနည်းငယ်မျှပင် မထိုက်တန်ပေ။
သူမသည် သူ့ကိုပင် ဂရုစိုက်ကြင်နာခဲ့ဖူးခြင်း မရှိခဲ့....
ဝူဟောင်၏ နှလုံးသားမှာ မနာလိုမှုများဖြင့် ပြည့်ကြပ်လာရသည်။
ဝူယောင်မှာ ဝူဟောင်၏ ကြမ်းတမ်းစွာ ဆွဲယူမှုများထံမှ ငှက်ငယ်လေးအား ကာကွယ်ပေးနေပါသော်လည်း အားမတန်သောကြောင့် တဖြည်းဖြည်း ပိုမိုဝမ်းနည်းလာရသည်။ သူမ၏ မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်ဥလေးများမှာ စီးကျတော့မတက် ဖြစ်နေရသည်။
"ဝူဟောင်...."
သို့သော် ကံကောင်းထောက်မစွာဖြင့် မိန်းမတစ်ဦး၏ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
အားနည်းနေဟန်ရှိသော အမျိုးသမီးတစ်ဦးမှာ အစေခံများစွာ ခြံရံလျက် ပြေးလာပြီးနောက် ဝူဟောင်အားကြည့်ကာ ပြောလိုက်သည်။ "ဝူယောင့်ကို အနိုင်မကျင့်ရဘူးလေ...ဝူဟောင်ရဲ့။"
ဝူဟောင်မှာ စိတ်အလိုမကျဟန်ဖြင့် အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ "မယ်တော်..."
ဝူယောင်မှာ ထိုအမျိုးသမီး၏ သွယ်လျသော ခြေတံအားဖက်ထားလျက် ဝူဟောင်ထံမှပုန်းလိုက်သည်။ "မယ်တော်..."
ထိုအမျိုးသမီးမှာ ဝူအင်ပါယာ၏ ဧကရီဖြစ်သူ ဝူဟောင်နှင့် ဝူယောင်တို့၏ မယ်တော် ဖြစ်သည်။
ဧကရီမှာ ဝူယောင်အား ယုယစွာ ခေါင်းပုတ်ပေးလိုက်ပြီးနောက် ဝူဟောင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။ "ဝူယောင့်ကို အနိုင်မကျင့်ပါနဲ့လို့ မပြောထားဘူးလား။ မြန်မြန် ပြန်တောင်းပန်လိုက်။"
ဝူဟောင်မှာ ခေါင်းအားမော့လျက် အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်တော်က အနိုင်ကျင့်တာ မဟုတ်ဘူး။ သူမက အားနည်းနေတာ။"
"နင်..." ဧကရီ၏ မျက်ဝန်းများမှာ ဒေါသတရားများဖြင့် ပြည့်နှက်လာရသည်။
"ဟားဟား....ကလေးတွေ ဆော့တာဆော့ပါစေ။ အဲ့လောက်လည်း ဖြစ်မနေပါနဲ့။" ဝူဘုရင်မှာ ရယ်မောလျက် ၎င်းတို့ထံ လျှောက်လှမ်းလာသည်။
"မင်းကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်သင့်တယ်။ မင်းက နေမကောင်းတော့ ငါတို့အတူ အကြာကြီး လမ်းလျှောက်ထွက်လို့ မရသေးဘူးမလား။ မင်းအနားယူသင့်တယ်။"
ဧကရီမှာ ကူကယ်ရာမဲ့စွာဖြင့် ဝူဘူရင်အား ရယ်ပြလိုက်သည်။ သူမသည် ပဋိသန္ဓေအား သုံးနှစ်ခန့်ကြာအောင် ပြင်းထန်သော ဆေးဝါးများ သုံးစွဲခဲ့ရသောကြောင့် ကျန်းမာရေးမှာ အတော်ဆိုးရွားနေပြီ ဖြစ်သည်။
ဝူဘုရင်မှာ ဝူဟောင်အား ပုခုံးပုတ်လိုက်ပြီးနောက် ဧကရီနောက်တွင် ပုန်းနေသော ဝူယောင်အားကြည့်ကာ ခက်ထန်စွာ စကားဆိုလိုက်သည်။ "ဝူယောင်....မနက်ဖြန်ဆို နင်ရှစ်နှစ်ပြည့်ပြီနော်။ ငါရှီးလီကျင့်ကြံရေးစင်မြင့်ကို ပြင်ထားတယ်။ မနက်ဖြန်တော့ နင့်ကိုယ်ထဲမှာရှိတဲ့ နဂါးကောင်းချီးက နိုးကိုနိုးထလာရမယ်။ ကြားလား။"
သူ၏ခက်ထန်လှသော စကားသံကြောင့် ဝူယောင်မှာ တုန်လှုပ်ထိတ်လန့်သွားရသည်။
ဝူဘုရင်မှာမူ ဝူယောင်အား ထပ်၍ပင် မကြည့်တော့ပဲ ဝူဟောင်၏လက်အားဆွဲကာ အဝေးသို့ ထွက်သွားလေတော့သည်။
"အဟွတ်...အဟွတ်..."
ဧကရီမှာ ထွက်ခွာသွားသော ဝူဘုရင်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် ပြင်းထန်စွာ ခေါင်းဆိုးလိုက်သည်။
"မယ်တော်...အဆင်ပြေရဲ့လား။" ဝူယောင်မှာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
ဧကရီမှာ တောက်ပစွာပြုံးလိုက်ပြီးနောက် ထိုင်ချကာ ဝူယောင်၏မျက်နှာလေးအား ပုတ်လျက် သက်ပြင်းချကာ ပြောလိုက်သည်။ "ယောင်အာ....မနက်ဖြန် သမီးလေး နဂါးကောင်းချီးကို နှိုးနိုင်မှဖြစ်မယ်။ မဟုတ်ရင် အနာဂတ်မှာ မယ်တော်တို့ ဘယ်လိုလုပ်ကြမလဲ။"
သူမသည် ဝူဘုရင်အား အခြားသူများထက်ပို၍ နားလည်နိုင်သူ ဖြစ်သည့်အလျောက် ဝူဘုရင်သည် ဝူအင်ပါယာအတွက် မည်သည့်အရာမဆို လုပ်မည့်သူဖြစ်ကြောင်း ကောင်းစွာသိရှိထားသည်။
နှစ်ပေါင်းများစွာအကြာက ဝူဘုရင်မှာ အကြံကုန်ထုတ်လျက် ကြီးမြတ်သောဇူအင်ပါယာမှ အိမ်ရှေ့မင်းသားဖြစ်သူ၏ မြင့်မြတ်သောနဂါးကောင်းချီးများကို အတင်းအဓမ္မရယူကာ ဝူဟောင်နှင့် ဝူယောင့်ထံ ပေးအပ်ခဲ့သည်။ သို့သော်
ဝူယောင်မှာ ယနေ့အချိန်အထိ နဂါးကောင်းချီး နိုးထလာသည့် လက္ခဏာပြသခြင်း မရှိသေးပေ။
ဝူယောင်မှာ ဧကရီအားဖက်လျက် စကားဆိုလိုက်သည်။ "မပူပါနဲ့ မယ်တော်။ နောက်ဆို သမီးတော် ဝူဟောင် မမြင်အောင် ပုန်းနေပါ့မယ်။ ပြီးတော့ သမီးဆီမှာ မယ်တော်လည်း ရှိနေတာပဲမလား။"
ဧကရီမှာ ခါးသက်စွာ ပြုံးလိုက်ပြီးနောက် မျက်ရည်အဝဲသားဖြင့် ဝူယောင်အား ကြည့်ရှုကာ တွေးတောလိုက်သည်။ "သမီးတော်လေး အရွယ်ရောက်လာတာကို စောင့်ကြည့်ဖို့ မယ်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး ထင်ပါတယ်။"
ဧကရီမှ ဝူယောင်အားကြည့်ကာ ပြောလိုက်သည်။ "သမီးတော်လေး....နဂါးကောင်းချီးကို အမြန်ဆုံး နိုးထလာအောင် လုပ်ပါ့မယ်လို့ မယ်တော့်ကို ကတိပေးပါ။ ဒီလောကကြီးမှာ သမီးတော် ပိုင်ဆိုင်တဲ့ စွမ်းအင်ကပဲ သူများတွေ အနိုင်မကျင့်နိုင်အောင် ကာကွယ်ပေးနိုင်မှာ။"
ဝူယောင်မှာ အဆလးအနက်ထားနေသော ဧကရီ၏ မျက်ဝန်းများကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သမီးတော် နားလည်ပါပြီ..."
ဧကရီမှာ ကျေနပ်သွားဟန်ဖြင့် ဝူယောင်၏ခေါင်းလေးအား ပုတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ ဝူဘုရင် ထွက်ခွာသွားရာအရပ်သို့ ကြည့်ရှုလိုက်လေသည်။
အစောပိုင်း၌ ဝူဘုရင်ပြောသွားသော စကားများမှာ သူမအား ခေါင်းကိုက်ရစေသည်။
ငါတွေးနေတာတွေ မဟုတ်ပါစေနဲ့.....
..........
နောက်တစ်နေ့၌
ဝူအင်ပါယာ နန်းတော်အတွင်းရှိ ခန်းမဆောင်တစ်ခု၌
မူလအဆီအနှစ်များ ဆူပွက်ပြည့်နှက်နေသော အနီရောင်ရေကန်နှစ်ခု ရှိနေသည်။
ဝူဘုရင်မှာ ရေကန်နှစ်ခု၏ ရှေ့တွင်ရှိနေပြီး ဝူဟောင်နှင့်ဝူယောင်တို့လည်း အတူတကွ ရှိနေကြသည်။
ဝူဟောင်မှာ လောဘရိပ်များ တရိပ်ရိပ် တက်နေသော မျက်ဝန်းများဖြင့် ရေကန်အား ကြည့်ရှုနေလျက် ရှိသည်။
တစ်ဖက်တွင်မူ ဝူယောင်မှာ အနည်းငယ် ကြောက်ရွံ့နေဟန် ရှိလေသည်။
"ဝူဟောင်...ဝူယောင် အသင့်ပြင်ထားကြတော့။" ဝူဘုရင်မှ စကားဆိုလိုက်သည်။ "မူလအဆီအနှစ်တွေ အများကြီးသုံးပြီးတော့ ဒီရေကန်နှစ်ခုကို အလယ်အလတ်အဆင့်ရှိတဲ့ ရှီးလီကျင့်ကြံရေးစင်ဖြစ်အောင် ပြင်ဆင်ထားရတာ။"
"ဟုတ်ကဲ့...."
ဝူဟောင်မှာ စိတ်လှုပ်ရှားစွာဖြင့် ရေကန်အတွင်း ခုန်ဆင်းသွားကာ မူလအဆီအနှစ်များအား စုပ်ယူနေတော့သည်။
ဝူယောင်မှာမူ ဝူဘုရင်၏ နောက်တွင်ရှိနေသော ဧကရီအားကြည့်ကာ အနည်းငယ် တွေဝေနေသည်။
ဧကရီမှာ သက်ပြင်းချလိုက်ပြီးနောက် ဝူယောင်အားကြည့်ကာ ခေါင်းခါပြလိုက်သည်။
ဝူယောင်မှာ နှုတ်ခမ်းအစုံအား ဖိကိုက်လိုက်သည်နှင့်အတူ မျက်ရည်များလည်း ဝေ့ဝဲတက်လာရသည်။ ထို့နောက် အံကိုကြိတ်ကာ ရေကန်အတွင်း ခုန်ဆင်းသွားတော့သည်။ သူမ၏ ကျောက်စိမ်းရောင်ကဲ့သို့ ကြည်လင်နေသော အသားအရေမှာ ဆူပွက်နေသော ရေကန်ကြောင့် လောင်ကျွမ်းကုန်ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမမှာ နာကျင်မှုများအား တောင့်ခံလျက် ရေကန်အလယ်တွင် ထိုင်ချလိုက်သည်။
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။
ဝူဘုရင်မှာ ဝူဟောင်နှင့် ဝူယောင်အား အဆက်မပြတ် ကြည့်ရှုနေလေသည်။
ဝုန်း....
ဝူဟောင်ရှိရာနေရာမှ ကျယ်လောင်သော ပေါက်ကွဲသံ ပေါ်ထွက်လာသည်နှင့်အတူ တိတ်ဆိတ်မှုမှာ ပြိုကွဲသွားရသည်။ ဝူဟောင့်ထံမှ ပြင်းထန်သော စွမ်းအင်များလည်း ပေါ်ထွက်လာခဲ့သည်။
ဝူဟောင်မှာ ချက်ချင်းဆိုသလို အရပ်အနည်းငယ် ရှည်ထွက်လာရသည်။
"စွမ်းအင်ဝင်ပေါက်ရှစ်ခု..." ဝူဘုရင်မှာ အလွန်ပင် စိတ်ကျေနပ်သွားရသည်။ "ကောင်းတယ်၊ ကောင်းတယ်။ တကယ်ကို ဝူအင်ပါယာရဲ့ နဂါးတစ်ကောင်ပဲ။ နှစ်နှစ်အတွင်း စွမ်းအင်ဝင်ပေါက် ရှစ်ခုလုံး ပွင့်သွားပြီ...ဟားဟားဟား။"
ထို့နောက် ဝူဘုရင်မှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ဝူယောင်အား ကြည့်ရှုလိုက်သည်။ ဝူယောင်သည် ရေကန်အတွင်း ထိုင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပါသော်လည်း မည်သည့်ထူးခြားချက်မှ မရှိသေးပေ။
ဝူယောင်မှာ ရေကန်အတွင်းမှ မူလအဆီအနှစ်များကိုပင် စုပ်ယူနိုင်ခြင်း မရှိသေးချေ။
ဤသို့ဖြင့် အချိန်များစွာ ကြာမြင့်သွားပြီးနောက် ဆူပွက်နေသော ရေများလည်း တည်ငြိမ်သွားရပြီး မူလအဆီအနှစ်များလည်း ပျက်ပြယ်သွားရသည်။ အလွန်အေးစက်လာသောရေပြင်ကြောင့် ဝူယောင်မှာ တုန်ခါလာရသည်။
ဝူယောင်မှာ တုန်ခါနေသောအသံဖြင့် စကားဆိုလိုက်သည်။ "ခ...ခမည်းတော်...သမီးတော် ထွက်လာလို့ ရပြီလားဟင်။"
ဧကရီမှာ စိုရိမ်ပူပန်စွာဖြင့် ဝူဘုရင်အား ကြည့်ရှုလိုက်သည်။
ဝူဘုရင်မှာ အလွန်ပင် စိတ်ပျက်နေဟန်ဖြင့် မည်သည့်စကားမှ မဆိုတော့ပဲ တစ်ဖက်သို့လှည့်ကာ ထွက်သွားတော့သည်။
ဝူယောင်မှာ ကျရှုံးခဲ့ပြန်ပြီ ဖြစ်သည်။
ထွက်ခွာသွားသော ဝူဘုရင်အား ကြည့်ရှုနေရင်းဖြင့် ဝူယောင်၏ နှလုံးသားလေးမှာ ပိုမိုအေးစက်လာရသည်။
"ယောင်အာ....မြန်မြန်ထွက်လာခဲ့တော့။"
ဧကရီမှာ ထူထဲသော သဘက်တစ်ထည်အား ကိုင်ထားရင်းဖြင့် ဝူယောင်အား စကားဆိုလိုက်သည်။
ဝူယောင်မှာ ရေကန်အတွင်းမှ ထွက်လာပြီးနောက် သူမ၏ဆံနွယ်လေးများကို သုတ်ပေးနေသော မယ်တော်ဖြစ်သူအား ပြောလိုက်သည်။ "မယ်တော်...ခမည်းတော်က သမီးကို အရမ်းစိတ်ပျက်နေသလိုပဲ။"
ဧကရီမှ အားတင်းကာပြုံးလျက် ပြောလိုက်သည်။ "အရမ်းလျှောက်တွေးမနေပါနဲ့။ ခမည်းတော်က ယောင်အာလေးကို တစ်ခါမှ စိတ်မပျက်ဖူးပါဘူး။"
ဝူယောင်မှာ စိတ်ပျက်နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ခန်းမဆောင်၏ အပြင်ဖက်၌
ဝူဘုရင်မှာ အလွန်ပင် ဒေါသထွက်နေပြီး သူ၏နောက်တွင် အကြီးအကဲတစ်ဦး လိုက်ပါနေလျက် ရှိသည်။
ဝူဘုရင်မှာ အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စကားဆိုလိုက်သည်။ "ပြင်စရာရှိတာ ပြင်ထားလိုက်တော့။ ဒီညပဲ ငါတို့ဝူယောင့်ဆီက နဂါးကောင်းချီးကို ဝူဟောင့်ဆီ လွှဲပေးရမယ်။"
"ဝူယောင်က နဂါးကောင်းချီးကို နိုးထလာအောင် မလုပ်နိုင်မှတော့ သူမဆီမှာ ဆက်ထားနေရင် အလဟဿ ဖြစ်သွားမှာပဲ။"
အကြီးအကဲမှာ သက်ပြင်းချလျက် ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပါပြီ။"
……