ဝိညာဉ်သန္ဓေသားဖြစ်စဉ်၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း(၁)။
Vol. 28 Ch. 323
"အချိန်ကို ကြည့်ရတာ.. သူတို့ ဝိညာဉ်သန္ဓေသားဖွဲ့စည်းဖို့ နီးစပ်လောက်ပြီ.."
ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အကယ်၍၊ သူ၏ လက်တွဲဖော်များအားလုံး တစ်ပြိုင်နက်တည်း ဝိညာဉ်သန္ဓေသားဖွဲ့စည်းမည် ဆိုပါက၊ သူ ကူညီပေးရန် လိုအပ်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သူ ပိုင်ဆိုင်ထားသော မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်၊ ‘အိပ်မက်ဝိညာဉ်ကူ’နှင့် ‘မိုးကြိုးကပ်ဘေးကူ’တို့သည် ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း၏ အဓိက စိန်ခေါ်မှုကြီးနှစ်ခုအတွက် ကြီးမားသော အကူအညီများ ပေးနိုင်ပေသည်။
သူ၏ အကူအညီ မပါဝင်ခဲ့ပါက၊ သူမတို့၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းနိုင်ခြေ အောင်မြင်မှုနှုန်းသည် များစွာ လျော့ကျသွားနိုင်သည်။
ဤအတွေးဖြင့်၊ သူသည် အချက်အလက်ပြ မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ရွှေအမြုတေ အလယ်အလတ်အဆင့် (တိုးတက်မှု ၄၀%)၊ သက်တမ်း - ၇၅ (၇၂၀၀နှစ်) ]
[ ပင်ကိုပါရမီ - စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ် (၁%) ]
[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၉၀%) ]
[ အဆောင်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၂၀%) ]
[ အစီအရင်ပညာ - စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် (၅၀%) ]
[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အထွတ်အထိပ်အဆင့် (၁၀%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၉၅%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၈၀%) ]
[မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း ပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ ထိုးထွင်းသိမြင်သော နှလုံးသားမျက်လုံး၊ နှလုံးသားမျက်လုံး ဘာသာစကား ]
[ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - အသေးစားအောင်မြင်မှုအဆင့်၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်… ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အလယ်အလတ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'မိုးကြိုးကပ်ဘေးကူ’- အဆင့်သုံး အလယ်အလတ်အဆင့်။ ]
ငါးနှစ်တာကာလအတွင်း၊ သူ၏ ရွှေအမြုတေ အလယ်အလတ်အဆင့် တိုးတက်မှုသည် ၄၀%သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်အမြန်နှုန်း ဖြစ်သည်။
ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ပုံမှန်အားဖြင့် ဤမျှ လျင်မြန်စွာ မတိုးတက်နိုင်ပေ။
သို့သော်၊ ချူတျဲယီ၏ ကြီးမားသော ယင်အနှစ်သာရစွမ်းအားကို ရရှိပြီးနောက် အခြေအနေ ကွာခြားသွားသည်။
သူမ၏ ယင်အနှစ်သာရစွမ်းအားသည် ရွှေအမြုတေ အစောပိုင်းအဆင့်၏ ပိတ်ဆို့မှုကို ကျော်ဖြတ်စေရာတွင်သာ အထောက်အကူ ဖြစ်စေခဲ့သည် မဟုတ်ပေ။
၎င်းသည် ရွှေအမြုတေအတွင်း စွမ်းအား လျင်မြန်စွာ စုဆောင်းရာတွင်လည်း သူ့အား ကူညီပေးခဲ့သည်။
ထို့ကြောင့် ငါးနှစ်အတွင်း သူသည် ၄၀%တိုးတက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဤသန့်စင်သော ယင်အနှစ်သာရစွမ်းအား အကူအညီမပါဘဲ၊ သူ ဤမျှ လျင်မြန်စွာ တိုးတက်နိုင်မည် မဟုတ်သည်မှာ သေချာပေသည်။
"’မိုးကြိုးကပ်ဘေးကူ’လည်း နောက်ဆုံးတော့ အဆင့်သုံး အလယ်အလတ်အဆင့်ကို တိုးတက်လာပြီ…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်မိသည်။
အတွေးတစ်ချက်ဖြင့်၊ ခရမ်းရောင် လျှပ်စီးပုံစံတစ်ခု သူ၏ လက်ကောက်ဝတ်ပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် ‘မိုးကြိုးကပ်ဘေးကူ’မှ ပြောင်းလဲထားခြင်း ဖြစ်သည်။
ငါးနှစ်တာကျင့်ကြံပြီးနောက်၊ ၎င်း၏ တိုးတက်မှုသည် လျင်မြန်ခဲ့သည်။
၎င်းသည် အဆင့်တစ်မှ အဆင့်သုံး အလယ်အလတ်အဆင့်သို့ လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့သည်။
ယခုအခါ ၎င်းသည် ခရမ်းရောင်လျှပ်စီးများဖြင့် ပြည့်နှက်နေပြီး၊ ကျင့်ကြံမှုသည် ခန့်မှန်း၍ မရနိုင်လောက်အောင် ဖြစ်ကာ၊ အချိန်မရွေး မိုးကြိုးများ ထုတ်လွှတ်ရန် အဆင်သင့် ဖြစ်နေချေသည်။
မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် ကောင်းကင်ဘုံကပ်ဘေးကို ဝါးမျိုနိုင်ရုံသာ မကဘဲ၊ သိသာထင်ရှားသော တိုက်ခိုက်ရေးစွမ်းအား ရှိသည့် ကူပိုးကောင်တစ်ကောင်လည်း ဖြစ်သည်။
၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် ‘ရွှေစားကူ’၊ 'အိပ်မက်ဝိညာဉ်ကူ'နှင့် အခြား ကူပိုးကောင်များထက် မနိမ့်ကျပေ။
အထူးသဖြင့် အဆင့်သုံး အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ၎င်း၏ တိုက်ခိုက်ရေး ထိရောက်မှုသည် သဘာဝကျကျ ပိုမို အားကောင်းလာခဲ့သည်။
"မိုးကြိုးရိုက်ချက်"
ကျိုးစွေ့ လက်ဝှေ့ယမ်းလိုက်ရာ၊ ခရမ်းရောင် မိုးကြိုးတန်းတစ်ခုက ဟင်းလင်းပြင်ထဲတွင် ချက်ချင်းစုဝေးလာပြီး၊ တဂျစ်ဂျစ်မြည်သံများ ပြုလုပ်လျက် မိုးကြိုးလှံတံတစ်ချောင်း ဖွဲ့စည်းကာ၊ အခန်း၏ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
အုန်းဟူသော အသံနှင့်အတူ၊ တွင်းနက်ကြီးတစ်ခု မြေပြင်ပေါ်တွင် ချက်ချင်းဖြစ်ပေါ်လာပြီး၊ ကျောက်တုံးများလွင့်စင်ကာ ဖုန်မှုန့်များထနေချေသည်။
ဤတိုက်ခိုက်မှုကို ကြည့်ပြီး သူ အလွန် ကျေနပ်သွားသည်။
သာမန် တိုက်ကွက်တစ်ခု၏ စွမ်းအားသည် မည်သည့် ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူ၏ စွမ်းအင်ထက်မျှ မနိမ့်ကျပေ။
သံသယဖြစ်ဖွယ်မလို၊ ‘မိုးကြိုးကပ်ဘေးကူ’သည် သူ၏ အဓိကတိုက်ခိုက်ရေး ကူပိုးကောင်များထဲမှ တစ်ကောင်ဖြစ်လာပေလိမ့်မည်။
"ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးကလည်း နောက်ဆုံးတော့ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားပြီ…"
"အနည်းဆုံးတော့ အခု အသုံးဝင်လာပြီ…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။ ငါးနှစ်တာကျင့်ကြံပြီးနောက်၊ သူသည် ကင်းမြီးကောက်နီသခင်နှင့် အခြားသူများထံမှ ရရှိခဲ့သော စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သည်။
ဤသည်မှာ နတ်ဘုရားအာရုံကို အစိုင်အခဲဖြစ်တည်စေပြီး စိတ်ဝိညာဉ်အဆိပ်ဆူးအဖြစ် ပြောင်းလဲကာ၊ ရန်သူများကို တိုက်ခိုက်ရန် အသုံးပြုနိုင်သော ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
တိုက်ခိုက်နေစဉ်အတွင်း၊ ၎င်းသည် အလွန်လျင်မြန်ပြီး တိတ်ဆိတ်သည်။
မကြာခဏဆိုသလို၊ ရန်သူသည် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး ထိမှန်ခံရသည့်တိုင် ဘာဖြစ်ခဲ့မှန်း မသိလိုက်ကြပေ။
အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးနောက်၊ ဤလျှို့ဝှက်နည်းစနစ်သည် သိသာထင်ရှားသော စွမ်းအား ရှိလာခဲ့သည်။
ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ဤတိုက်ခိုက်မှုနှင့် ကြုံတွေ့ရလျှင်၊ မသေဆုံးလျှင်တောင် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိပေလိမ့်မည်။
မှန်ပေသည်၊ ဤအရာအားလုံးသည် သူ၏ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကြောင့် ရရှိသော အကျိုးကျေးဇူးပင်။
ကျင့်ကြံသူ၏ စိတ်ဝိညာဉ်စွမ်းအား အားနည်းပါက၊ စွမ်းအားသည် သေချာပေါက် ဤမျှ ကြီးမားမည် မဟုတ်ပေ။
မှန်ပေသည်၊ ဤနည်းစနစ်များအပြင် အခြားပညာရပ်များသည်လည်း ဤငါးနှစ်အတွင်း တိုးတက်မှုများ ရရှိခဲ့သည်။
ဥပမာအားဖြင့်၊ သူ၏ ဆေးဖော်စပ်ပညာသည် တတိယအဆင့် အထွတ်အထိပ်သို့ တက်လှမ်းခဲ့ပြီး၊ သူ၏ အဆောင်ပညာသည် တတိယအဆင့် အလယ်အလတ်အဆင့်သို့ တက်လှမ်းခဲ့သည်။
အသိသာဆုံး တိုးတက်မှုသည် အစီအရင်ပညာပင် ဖြစ်သည်။ ၎င်းသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့တိုင် တက်လှမ်းသွားခဲ့သည်။
ဤသို့သော ကျင့်ကြံခြင်းတိုးတက်မှုသည် မယုံနိုင်လောက်အောင်ပင် ကြီးမားသည်ဟု ဆိုနိုင်ပေသည်။
ချန်လန်ပင်လယ် ဒေသတစ်ခုလုံးကို ကြည့်လျှင်ပင်၊ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အစီအရင်ပညာရှင်များ နည်းပါးမည်သာ ဖြစ်သည်။
"စတုတ္ထအဆင့်အစီအရင်က အစီအရင်နှစ်ခု ပေါင်းစည်းထားတာပဲ…"
"အစီအရင်ပေါင်းစည်းခြင်း ဆိုတာ မတူညီတဲ့ အစီအရင်တွေကို ပေါင်းစပ်ခြင်း တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူး…"
"အထူးခြားဆုံးအပိုင်းက နှစ်ထပ်အတားအဆီးကို ပေါင်းစပ်တာပဲ…"
"တတိယအဆင့် အစီအရင်တွေမှာ အတားအဆီးတစ်ခုတည်းပဲ ရှိပေမယ့်.. စတုတ္ထအဆင့် အစီအရင်တွေမှာ အတားအဆီးနှစ်ထပ် ရှိတယ်…"
"တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစွမ်းအား ဆယ်ဆကျော် တိုးလာတယ်…"
"ဒါက စတုတ္ထအဆင့် အစီအရင်တွေရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ပဲ.."
ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
စတုတ္ထအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်နယ်ပယ်သို့ တက်လှမ်းပြီးနောက်၊ သူသည် စတုတ္ထအဆင့် အစီအရင်များကို ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ယခင်က၊ သူသည် စတုတ္ထအဆင့်အစီအရင် အနည်းငယ်ကိုသာ ကျွမ်းကျင်ခဲ့သည်။
သို့သော် ယခု၊ သူသည် စတုတ္ထအဆင့် အစီအရင်အားလုံးနီးပါးကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ယခင်က မမြင်ဖူးသောအရာဖြစ်လျှင်ပင်၊ တစ်ကြိမ်မြင်လိုက်သည်နှင့် ချက်ချင်းသဘောပေါက်နိုင်ပြီး၊ ယင်း၏လျှို့ဝှက်ချက်များကို နားလည်နိုင်ပေသည်။
"နှမြောစရာပဲ… ငါ အင်မော်တယ်မြူခိုးကျွန်းမှာ ရှိတုန်းကသာ စတုတ္ထအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်အဆင့်ကို ရောက်ခဲ့ရင်…"
"အင်မော်တယ်မြူခိုးကျွန်းကနေ ထွက်ပြေးစရာ လိုချင်မှ လိုတော့မှာ…"
"စတုတ္ထအဆင့် အစီအရင်ကို အပြည့်အဝ ပြုပြင်ပြီး သွေးမိစ္ဆာသစ်ပင်ကို ဆက်ပြီး ချိပ်ပိတ်ထားနိုင်မှာပဲ…"
ကျိုးစွေ့ အနည်းငယ် နောင်တရနေမိသည်။
သို့သော်၊ ထိုအချိန်က သူ၏ကျင့်ကြံမှု အလွန်အားနည်းခဲ့သည်ကို ထည့်သွင်းစဉ်းစားလျှင်၊ ထိုအရာသည် ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
အချိန်က လူကိုမစောင့် ဟုသာ ဆိုရပေမည်။ ပြိုင်ဘက်များသည် သူ့ကို ကြီးထွားရန် အချိန်မပေးခဲ့ကြချေ။
သို့သော်၊ စဉ်းစားကြည့်ပါက အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာခဲ့ရခြင်းသည် ဆိုးဝါးသောကိစ္စတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်မြူခိုးကျွန်းတွင် တတိယအဆင့် ဝိညာဉ်ကြောသာ ရှိသည် မဟုတ်ပါလော။
အင်မော်တယ်မြူခိုးကျွန်းတွင်သာ နေခဲ့ပါက၊ သူ၏တာအိုလက်တွဲဖော်များအနေဖြင့် ဝိညာဉ်သန္ဓေသားကျင့်ကြံသူများအဖြစ် တက်လှမ်းရန် အခွင့်အလမ်း မရှိသလောက်ပင်။
ကျွန်း၏ အရင်းအမြစ်များသည်လည်း ရှားပါးလှချေသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ဝူကျိမဟာမိတ်အဖွဲ့ ပင်လယ်နယ်မြေများဆီ ရောက်လာပြီးနောက်၊ သူတို့ ကျင့်ကြံခြင်းအရင်းအမြစ် များစွာ ရရှိခဲ့သည်။ ဝိညဉ်သန္ဓေသားဆိုင်ရာ စိတ်ဝိညာဉ်ပစ္စည်း အများအပြားကိုပင် ရရှိခဲ့ကြသည်။
ဆိုရလျှင်၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းသည် ဒွန်တွဲနေသည်ဟုပင် ဆိုရပေမည်။
အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာရခြင်းသည် သူတို့ကို ပိုမိုကြီးမားသော စင်မြင့်တစ်ခုအထွက်သို့ ပို့ဆောင်ပေးခဲ့ခြင်းသာ ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ၊ သူ့နှလုံးသားထဲတွင် စိုးရိမ်မှုအချို့ ရှိနေသည်။ သူ သွေးမိစ္ဆာသစ်ပင်၏ လက်ရှိအခြေအနေကို မသေချာပေ။
အကယ်၍ ၎င်း ဆက်လက်ကြီးထွားလာပါက၊ ချန်လန်ပင်လယ် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ ၎င်း၏ကြီးထွားနှုန်းသည် ရိုးရှင်းစွာပင် မြန်ဆန်လွန်းလှသည်။
"ထားလိုက်ပါတော့.. ကောင်းကင်ပြိုကျရင်.. အရပ်ရှည်တဲ့သူတွေက အရင်ထိန်းထားလိမ့်မယ်…"
"ငါက သာမန် ရွှေအမြုတေကျင့်ကြံသူ တစ်ယောက်.. ဒါကို စီမံခန့်ခွဲဖို့ ငါ့အလှည့် မရောက်သေးဘူး…"
ဤသို့တွေးမိရင်း ကျိုးစွေ့ ထိုကိစ္စကို ချက်ချင်း ဘေးဖယ်လိုက်တော့သည်။
အကယ်၍ အန္တရာယ်အစစ်အမှန် ပေါ်ပေါက်လာပါက၊ ချန်လန်ပင်လယ်မှ များပြားလှသော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများသည် လက်ပိုက်ကြည့်နေကြမည် မဟုတ်ပေ။
လောလောဆယ်တွင်၊ သူသည် သူ၏ကျင့်ကြံမှုကို မြှင့်တင်နိုင်ရန်သာ အာရုံစိုက်ထားသင့်ပေသည်။
……