နဂါးနှင့်ဇာမဏီတွေ့ဆုံခြင်း
Vol. 51 Ch. 707
"ခမည်းတော်.....မယ်တော် ဘယ်လိုဆုံးသွားရတာလဲဆိုတာ မှတ်မိသေးတယ်မလား။"
နီရဲနေသော အဝတ်အစားများကို ဆင်မြန်းထားသည့် မိန်းမငယ်လေးမှ အေးစက်ခက်ထန်စွာ မေးမြန်းလိုက်သည်။ သူမ၏ အေးစက်စက် အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်သည်ပင် ကျောချမ်းချင်စဖွယ်ကောင်းနေသည်။
ဝူဘုရင်မှာ မေးခွန်းကြောင့် အံ့အားသင့်သွားရပြီးနောက် အားယူပြုံးကာ စကားဆိုလိုက်သည်။ "ဝူယောင်....အဲ့တာတွေက အရမ်းကို ကြာခဲ့ပြီလေ။ ဘာလို့ အခုမှ လာပြောနေတာလဲ။"
"အဲ့တာက မတော်တဆ ဖြစ်သွားတာဆိုတာ နင်လည်းသိတာပဲမလား။ ငါတမင်သက်သက် လုပ်ခဲ့တာမှ မဟုတ်တာ။"
ဝူဘုရင်၏ မျက်ဝန်းများမှာ အမှောင်ထု အငွေ့အသက်အချို့ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။
ဝူယောင်မှ စိတ်ခံစားချက် ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။ "အရင်တုန်းက ကျွန်မဆီက နဂါးကောင်းချီးကိုထုတ်ယူပြီး ဝူဟောင့်ကိုလွှဲပေးဖို့ ခမည်းတော်ပဲ စီစဉ်ခဲ့တာမလား။"
ဝူဘုရင်မှာ အမူအရာ ပျက်ယွင်းသွားရသည်။ အတိတ်ကာလများ၌ ဝူယောင်မှာ နဂါးကောင်းချီးအား လှုပ်နိုးနိုင်ခြင်း မရှိသောကြောင့် ဝူဘုရင်မှာ အတော်ပင် စိတ်ပျက်အားလျော့ခဲ့ရသည်။ ထို့ကြောင့် သူမ၏ကိုယ်ထဲတွင် အလဟဿဖြစ်ခံမည့်အစား ထုတ်ယူခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ဟု တွေးတောခဲ့သည်။
"နဂါးကောင်းချီး ထုတ်ခံရရင်တောင်မှ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလေ။ ကျင့်ကြံခြင်းလောကထဲ ဝင်မရတော့ရုံပဲဖြစ်မှာ။" ဝူဘုရင်မှ ရှင်းပြလိုက်သည်။
ဝူယောင်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "အဲ့အခါကြရင် ကျွန်မက နန်းတော်ထဲမှာပဲ တသက်လုံး နေရပြီးတော့ ဝူဟောင်ထိန်းချုပ်တာကို ခံရတော့မှာမလား။"
သူမ၏ မျက်ဝန်းများထဲတွင် စက်ဆုပ်ရွံရှာသည့် အငွေ့အသက်များ ဖြတ်ပြေးနေလျက် ရှိသည်။ "အဲ့လိုမသတီစရာ အတွေးတွေကို ဝူဟောင့်ဆီ ခမည်းတော်ပဲ ရိုက်သွင်းပေးခဲ့တာမလား။ ဟုတ်တယ်မလား။"
ဝူဘုရင်မှာ ဆောက်တည်ရာမရ ဖြစ်သွားရသည်။ သူသည် ဝူယောင့်အပေါ်တွင် တပ်မက်စွဲလန်းနေသော ဝူဟောင်၏ ပုံမှန်မဟုတ်သော တဏှာရာဂစိတ်များကို သတိထားမိခဲ့ပါသော်လည်း တစ်ကြိမ်တစ်ခါမျှ မတားဆီးခဲ့ဖူးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုတပ်မက်စိတ်သည် ဝူဟောင်အတွက် စိတ်ဓာတ်ခွန်အားပေးနိုင်လိမ့်မည်ဟု ယူဆထားခဲ့သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝူဘုရင်မှာ ဒေါသထွက်လာသလို ခံစားလာရသည်။ အတိတ်ကာလများ၌ ဝူယောင်မှာ ထိုကဲ့သို့သော စကားများကို ပြောဆိုရဲခြင်း မရှိခဲ့ပေ။ သူမသည် အတွေးများစွာကို နှလုံးသားထဲတွင်သာ သိမ်းဆည်းထားတက်သူ ဖြစ်သည်။ သို့သော် ယခုအခါတွင် ဝူယောင်မှာ မကျေနပ်ချက်များကို တည်ငြိမ်စွာ ပြောရဲသည်အထိ ရဲတင်းနေပြီ ဖြစ်သည်။
"ဝူယောင်....ငါကနင့်ရဲ့ ခမည်းတော်နော်။ ဟွမ်းယွမ်ထျန်းတန်မှာ နှစ်နည်းနည်းလောက် နေလိုက်တာနဲ့ နင့်ကိုယ်နင် သိပ်ဟုတ်လှပြီ ထင်နေလား။" ဝူဘုရင်မှ ဒေါသထွက်စွာ ပြောလိုက်သည်။
ဝူယောင်မှ အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။ " ကျွန်မလည်း ဒီလိုအမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ နန်းတော်ကြီးဆီ ပြန်မလာချင်ပါဘူး။ ဒါပေမယ့် မယ်တော့်ကို မြေမချခင်တုန်းက ပေးခဲ့တဲ့ကတိတစ်ခု ရှိတယ်။ အဲ့ဒါကြောင့် အဲ့ကတိကို ဖြည့်ဆည်းပေးဖို့ ပြန်လာခဲ့တာ။"
ဝူဘုရင်မှာ လေးနက်ခက်ထန်သွားရသည်။ "နင်ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။"
ဝူယောင်မှာ လက်တစ်ဖက်အား ညင်သာစွာ မြှောက်တင်လိုက်သည်။ သူမ၏ လက်ဝါးထက်တွင် နက်မှောင်နေသော မိုးကြိုးသွားများ ကခုန်နေသည်ကို မြင်တွေ့နိုင်ပေသည်။ ထို့နောက် ချက်ချင်းဆိုသလို ကျယ်လောက်လှသော မိုးချိန်းသံများ ထွက်ပေါ်လာတော့သည်။
ဝုန်း...ဂျိန်း....
နက်မှောင်နေသော မိုးကြိုးသွားများမှာ မိုးစက်မိုးပေါက်များအလား တော်ဝင်နန်းတော်နှင့် ဝူမြို့တော်တို့၏ ကောင်းကင်ထက်မှ ကျဆင်းလာကြသည်။ မဟာပထဝီမြေပြင်မှာ အဆက်မပြတ် ကျဆင်းလာနေသော မိုးကြိုးသွားများ၏ဒဏ်ကို မခံစားနိုင်တော့သဖြင့် ပြင်းထန်စွာ တုန်ခါသွားရပြီးနောက် မီးတောက်များ စတင်ဖြစ်ပေါ်လာတော့သည်။
"ဝူယောင်....နင်လုပ်ရဲတယ်ပေါ့လေ။" ဝူဘုရင်မှ အော်ဟစ်လိုက်သည်။
စိတ်အလိုကျစရာ မကောင်းသော ဤကလေးမလေးသည် တော်ဝင်နန်းတော်နှင့် ဝူမြို့တော်တို့ကိုပင် မီးလောင်တိုက်သွင်းရဲနေပေသည်။
မီးလျှံများမှာ အဆက်မပြတ် တောက်လောင်နေပြီး ကောင်းကင်ထက်တိုင် ပြည့်နှက်သွားသည်ကို ဝူယောင်မှာ ခံစားချက်ကင်းမဲ့သော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။
ဝူဘုရင်မှာ ဒေါသထွက်လွန်းလှသဖြင့် စိတ်ဝိဉာဉ်မှာ အားနည်းလာရသည်။ သူသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ "လျန့်ရုံရတနာက နင့်ဆီမှာမလား။ အဲ့ဒါငါ့ကိုပေးစမ်း။"
ဝူယောင်မှာ ကျောက်စိမ်းပုလင်းငယ်တစ်ခုအား ထုတ်ယူလိုက်သည်။ ထိုပုလင်းငယ်အတွင်းတွင် နက်မှောင်နီရဲနေသော ကြာပန်းတစ်ပွင့်အား တွေ့မြင်နေရသည်။ ဝူယောင်မှာ ယင်းကြာပန်းအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။
ဝုန်း....
အနက်ရောင်မိုးကြိုးသွားတစ်ခုနှင့်အတူ ကျောက်စိမ်းပုလင်းငယ်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးသွားရသည်။
ဝူဘုရင်မှာ မျက်ဝန်းများ ပြုတ်ထွက်မတက် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ကျယ်လောင်လိုက်သည်။ "အား.....နင်ဖျက်စီးပစ်လိုက်တယ်ပေါ့။"
သူသည် ရူးမတက် ဒေါသထွက်သွားရကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားရပြီးနောက် အနည်းငယ်မျှပင် ညှာတာမှုမရှိပဲ ဝူယောင်အား ရိုက်ချလိုက်သည်။
သို့သော် ဝူယောင်မှာ အလေးပင်မထားဟန်ဖြင့် အနက်ရောင်မိုးကြိုးသွားတစ်ခုအား ဝူဘုရင်၏ စိတ်ဝိဉာဉ်ထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။
ဝုန်း.....
ပေါက်ကွဲသွားသော မိုးကြိုးနှင့်အတူ ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာလည်း သွေးပွက်ပွက်အန်လိုက်ရသည်။ ကောင်းမွန်နေခဲ့သော စိတ်ဝိဉာဉ်မှာ ယခုဆိုလျှင် အတော်ပင် ပါးလျသွားခဲ့ရပြီ ဖြစ်သည်။
"ခမည်းတော်က ကျွန်မကို ထပ်ပြီးသတ်ချင်နေသေးတာလား။" ဝူယောင်မှ စကားဆိုလိုက်သည်။
ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာ ပျောက်ကွယ်သွားတော့မည့်အလား ပြင်းထန်စွာ တုန်ခါနေလျက် ရှိသည်။ သူသည် အာခေါင်ခြစ်အော်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဝူယောင်....မွေးရကျိုးမနပ်တဲ့ကောင်မ...နင်ကနင့်ခမည်းတော်ကို ပြန်သတ်ဖို့ တွေးနေတာလား။"
ဝူယောင်သည် သူ့အားကူညီပေးရန်မဟုတ်ပဲ သတ်ဖြတ်ရန် အကြံအစည်ဖြင့် ရောက်ရှိလာလိမ့်မည်ဟု ဝူဘုရင်မှာ သူ၏ ရူးသွပ်ဆုံးအိမ်မက်ထဲတွင်ပင် တွေးတောမိခဲ့ခြင်းမရှိပေ။
အတိတ်ကာလများ၌ ဝူယောင်မှာ တစ်ကြိမ်တစ်ခါမျှပင် သူ့အပေါ် မရိုမသေ မလုပ်ခဲ့ဖူးချေ။ သို့သော် ယခုထိုသို့ ပြန်လည်စဉ်းစားမိသောအခါတွင် ဝူဘုရင်မှာ တုန်လှုပ်သွားရသည်။ ဝူယောင်သည် သူ့အား ခမည်းတော်တစ်ယောက်အနေဖြင့် ရိုသေလေးစားခြင်းမဟုတ်ပဲ တိုက်ခိုက်ရန် အရည်အချင်းမမှီ၍သာ သူမ၏ခံစားချက်များကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခုအခါတွင် ဝူယောင်မှာ လုံလောက်အောင် သန်မာနေပြီဖြစ်သောကြောင့် ယခင်ကကဲ့သို့ ဟန်ဆောင်နေစရာ မလိုတော့ပေ။
ဝူဘုရင်မှာ ခေါင်းတလားရှေ့တွင် ရှိနေသော နီရဲနေသော အဝတ်အစားများ ဆင်မြန်းထားသည့် မိန်းမငယ်လေးအား တုန်ရီစွာ ကြည့်ရှုလိုက်မိသည်။ ဧကရီဆုံးပါးသွားသော နေ့မှစ၍ ဝူယောင်၏ နှလုံးသားမှာ အမုန်းတရားများ ပြည့်နှက်သွားရခြင်း ဖြစ်ပေလိမ့်မည်။
"ဝူယောင်....ယောင်အာ....အဲ့တုန်းက ခမည်းတော် မှားခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်း ခမည်းတော် ယောင်အာ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးလို့လား။" ဝူဘုရင်မှာ ကြောက်ရွံ့နေသောကြောင့် နှိမ့်ချစွာ ပြောလိုက်သည်။
သူသည် အသက်ရှင်ဖို့ အခွင့်အရေး ရှိနေသမျှ ဝူယောင့်အပေါ် နှိမ့်ချစွာ ဆက်ဆံနိုင်ပေသည်။ အခွင့်အရေး ရှိနေသမျှ အနာဂတ်တွင် အရာအားလုံး ပြန်လည်ဖန်တီးနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝူယောင်မှာ ဂရုပင်မစိုက်သည့်ဟန်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ခမည်းတော်.....မယ်တော့်ကို အဖော်ပြုပေးသင့်တယ် မထင်ဘူးလား။ ဒီနှစ်တွေအတွင်း မယ်တော်တစ်ယောက်တည်း အကြာကြီး အထီးကျန်နေခဲ့ရတာလေ။"
ဝူဘုရင်မှ ဒေါသဖြစ်စွာ အော်ဟစ်လိုက်သည်။ "ဝူယောင်....နင်ကတကယ် ရူးသွားပြီပဲ။"
ဝူယောင်မှာ သနားနေသော မျက်ဝန်းများဖြင့် ဝူဘုရင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီနန်းတော်ကြီးထဲမှာ မရူးသေးတဲ့သူရော ရှိသေးလို့လား ခမည်းတော်ရယ်။ အားလုံးက ခမည်းတော်ကြောင့် ရူးသွားကြရတာပဲ မဟုတ်ဘူးလား။"
သူမသည် အနက်ရောင်မိုးကြိုးသွားတစ်ခုအား ခံစားချက်ကင်းမဲ့စွာ မြှောက်တင်လိုက်သည်။
ဝူဘုရင်မှာ ကြောက်ရွံ့လွန်းသောကြောင့် လွတ်မြောက်ရန် တွေးတောကာ ထွက်ပြေးလေတော့သည်။
ချပ်.....
သို့သော် အနက်ရောင်မိုးကြိုးသွားမှာ လျင်မြန်လှသောအရှိန်ဖြင့် ဝူဘုရင်၏စိတ်ဝိဉာဉ်အား ထိုးဖောက်ပေါင်းစည်းသွားသည်။
ဝူဘုရင်မှာ အရူးတစ်ယောက်အလား ရုန်းခါနေပါသော်လည်း မလွတ်မြောက်နိုင်ပဲ ဖြစ်နေရသည်။
ဝှစ်....
ထိုအချိန်မှာပင် လေတိုးသံနှင့်အတူ ကောင်းကင်ထက်မှ ပုံရိပ်တစ်ခု ဆင်းသက်လာလေသည်။
၎င်းပုံရိပ်မှာ ဝူဘုရင်၏နောက်မှ လိုက်ပါလာခဲ့သော ဇူယွမ်ပင် ဖြစ်သည်။
ဇူယွမ်မှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် အနက်ရောင်မိုးကြိုးသွားနှင့် ပေါင်းစပ်ချုပ်နှောင်ခြင်း ခံထားရသော ဝူဘုရင်အား တွေ့ရှိလိုက်ရသည်။ သူသည် ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် ခေါင်းတလားတစ်လုံးရှေ့တွင် ရှိနေသော အနီရောင် အဝတ်အစားများ ဆင်မြန်းထားသည့် မိန်းမငယ်လေးကို သတိပြုမိလိုက်သည်။
မိန်းမငယ်လေးမှာလည်း ဇူယွမ်အား ကြည့်ရှုလိုက်သောကြောင့် ၎င်းတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြသည်။
ကျားနှင့်ခြင်္သေ့ လယ်ပြင်တွင် ဆုံတွေ့လိုက်ရကြသကဲ့သို့ နှစ်ဦးစလုံးမှာ နှလုံးသားများ တုန်ခါသွားရသည်။
ဇူယွမ်မှာ ခေါင်းတလားရှေ့ရှိ မိန်းမလှလေးအားကြည့်ကာ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ "ဝူယောင်..."
၎င်းတို့နှစ်ဦးမှာ တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးပါသော်လည်း သူမ၏ ရုပ်ရည်သွင်ပြင်အား ကြည့်ရှုရုံမျှဖြင့်ပင် ဝူယောင်ဖြစ်ကြောင်း ဇူယွမ်မှ သေချာစွာ သိရှိလိုက်သည်။
"ဇူယွမ်..." ဝူယောင်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရသည်။
အချိန်အတော်ကြာမျှ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်သွားရလေသည်။ ဝူယောင်မှ ဝူဘုရင်အား တိုက်ခိုက်နေသည့် မြင်ကွင်းကြောင့် ဇူယွမ်မှာ နားမလည်နိုင် ဖြစ်နေရသည်။
"ဟားဟားဟား...."
ရုတ်တရက်ဆိုသလို ဝူဘုရင်မှာ နာကျင်နေဟန်ဖြင့် ရယ်မောလိုက်သည်။ "နဂါးနဲ့ ဇာမဏီ တွေ့လို့မရဘူးတဲ့။ ဘာလို့လဲဆိုတော့ နဂါးနဲ့ဇာမဏီတွေ့ခဲ့ရင် ဝူအင်ပါယာကြီး ပျက်သုန်းသွားလိမ့်မယ်တဲ့။ အဲ့ဟောကိန်းက မမှားခဲ့ဘူးပဲ။"
"အစတုန်းက နဂါးနဲ့ဇာမဏီဆိုတာ ဝူဟောင်နဲ့ ဝူယောင်လို့ ထင်ထားခဲ့တာ။ တကယ်တမ်းတော့ ဒီမျိုးမစစ်ကောင် ဇူယွမ်...မင်းကနဂါးဖြစ်နေခဲ့တာပဲ။ ဟားဟား။"
ဝူယောင်မှာ ဝူဘုရင်အား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများကိုမှိတ်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ခမည်းတော်....မယ်တော့်ကို အဖော်ပြုပေးလိုက်ပါတော့။"
ထိုစကားဆုံးသည်နှင့်တစ်ပြိုက်နက် ဝူယောင်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ဝူဘုရင်နှင့် ပေါင်းစည်းထားသော မိုးကြိုးသွားမှာလည်း ပိုမိုထက်ရှသွားသည်။
မိုးကြိုးသွားသည် ဝူဘုရင်၏ စိတ်ဝိဉာဉ်အား အညှာအတာကင်းမဲ့စွာ တိုက်စားသွားတော့သည်။
ဝူဘုရင်မှာ မိုးကြိုးသွားကြောင့် ပျောက်ကွယ်လာနေသော စိတ်ဝိဉာဉ်ဖြင့် ခါးသက်စွာ ရယ်မောလိုက်သည်။ "ဟားဟား....ငါမထင်ထားခဲ့မိဘူး။ ငါတကယ် စိတ်တောင်မကူးကြည့်ဖူးဘူး။ ငါဆိုတဲ့ ဝူရွှမ်းက ကိုယ်မွေးထားတဲ့ သားသမီးသတ်တာကို ခံရလိမ့်မယ်။ ဝူယောင်....အား .....ဝူယောင် ...ငါနင့်ကို တကယ်လျှော့တွက်ခဲ့မိတာပဲ။"
"ငါနှစ်ပေါင်းများစွာ စီစဉ်ထားခဲ့ရတဲ့အရာတွေအားလုံးက နောက်ဆုံးတော့ မင်းတို့နှစ်ယောက်အတွက် ဟာသတွေဖြစ်သွားရပြီ။"
"ဟားဟား....ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ။ ဝူယောင်....ငါတို့ဝူအင်ပါယာရဲ့
နောက်ဆုံးဟောကိန်းကို သိချင်လား။"
"နဂါးနဲ့ ဇာမဏီ တွေ့ခဲ့ရင် တစ်ယောက်ပဲ အသက်ရှင်ကျန်လိမ့်မယ်တဲ့။"
"ဟားဟားဟား.....မင်းတို့နှစ်ယောက်ကြားက တိုက်ပွဲကို ကံကြမ္မာက သတ်မှတ်ပြီးသားပဲ။ တော်တော်ကြည့်လို့ကောင်းမယ့် တိုက်ပွဲလည်း ဖြစ်လာလိမ့်မယ်။ မကောင်းတာကတော့ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ကျန်တစ်ယောက်ရဲ့ ဝါးမြိုခြင်းကို ခံကိုခံရမှာပဲ။ ဘယ်သူပဲ အသက်ရှင်ရှင် ပွဲကကြည့်ကောင်းမှာသေချာတယ်။ ငါမင်းတို့နှစ်ယောက်ကို ငရဲကနေ စောင့်ကြည့်နေမယ်။"
ဝူဘုရင်၏ စကားသံမှာ ဒေါသတရားများနှင့်အတူ ပျောက်ကွယ်သွားသည်။
ဝုန်း....
ပေါက်ကွဲသွားသော မိုးကြိုးသွားနှင့်အတူ ဝူဘုရင်၏ စိတ်ဝိဉာဉ်မှာလည်း ပျက်စီးပျောက်ကွယ်သွားရသည်။
ဝူဘုရင်သည် နှစ်ပေါင်းများစွာ ကြိုးစား၍ ဝူအင်ပါယာကြီးအား တည်ဆောက်ခဲ့ပါသော်လည်း ယခုအခါ ပျက်စီးသွားရပြီပင် ဖြစ်လေတော့သတည်း....