ဝိညာဉ်သန္ဓေသားဖြစ်စဉ်၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း(၄)။
Vol. 28 Ch. 326
"မှန်တယ်.. ဒါက စတုတ္ထအဆင့် ဝိညာဉ်ကြောရဲ့ ဝိညာဉ်စွမ်းအင်ပဲ…"
"ဒါတင် မကဘူး.. ဒါက သာမန် စတုတ္ထအဆင့်ဝိညာဉ်ကြော မဟုတ်ဘူး.. စတုတ္ထအဆင့် အဆင့်မြင့်ဝိညာဉ်ကြောပဲ…"
"ချန်လန်ပင်လယ် ဒေသအတွင်းက အဓိက ဝိညာဉ်သန္ဓေသားဂိုဏ်း အင်အားစုငါးခုကြားမှာတောင်… သူတို့ ထိန်းချုပ်ထားတဲ့ ဝိညာဉ်ကြောတွေက စတုတ္ထအဆင့် အဆင့်မြင့်မှာပဲ ရှိတယ်.."
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။
ယခင်က၊ သူသည် ပင်လယ်အနက်ပိုင်းထဲမှ စတုတ္ထအဆင့် ဝိညာဉ်ကြောကို အစီအရင်အသုံးပြု၍ ကန့်သတ်ထားခဲ့သည်။
ဤသည်မှာ ရေပိုက်ခေါင်း တပ်ဆင်ထားခြင်းနှင့် တူသည်။
သူသည် ရေပိုက်ခေါင်းကို ဘယ်တုန်းကမှ အပြည့်အဝမဖွင့်ခဲ့ဘဲ၊ ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုသာ စီးဆင်းခွင့် ပြုခဲ့သည်။
ထိုဝိညာဉ်စွမ်းအင် အနည်းငယ်ကပင် ရေကြယ်ကျွန်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆကို တတိယအဆင့် အဆင့်မြင့်သို့ မြှင့်တင်ပေးခဲ့သည်။
ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆအဆင့်သည် ရွှေအမြုတေကျင့်ကြံသူ အများအပြား ကျင့်ကြံရန်အတွက် လုံလောက်သည်ထက် ပိုသည်။
ယခု၊ သူ၏ တာအိုလက်တွဲဖော်နှစ်ဦးစလုံးသည် ဝိညာဉ်သန္ဓေသားအဆင့်၏ အရေးကြီးသော အချိန်တွင် ရောက်ရှိနေပြီဖြစ်၍၊ သူသည် ရေပိုက်ခေါင်းကို အပြည့်အဝ ဖွင့်လိုက်ပြီး အင်မော်တယ်ရှားတောင်ထွတ် ဧရိယာတွင် စတုတ္ထအဆင့် အဆင့်မြင့်ဝိညာဉ်ကြော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရမည် ဖြစ်သည်။
ဤနည်းဖြင့်၊ လင်းယာကျူနှင့် ချူတျဲယီတို့၏ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းမှုက ပိုမိုချောမွေ့သွားပေလိမ့်မည်။
"ယုံနိုင်စရာတောင် မရှိဘူး.."
"ဒီလို ဝိညာဉ်ပတ်ဝန်းကျင်မျိုးက ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေတစ်ခုနဲ့တောင် တူတယ်…"
"ဝိညာဉ်သန္ဓေသားဂိုဏ်းတွေကနေ.. အခြေတည်အဆင့်ကျင့်ကြံသူတွေနဲ့ ရွှေအမြုတေကျင့်ကြံသူတွေ ဒီလောက်အများကြီး ပေါ်ထွက်လာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"
"ဒီလောက် ကြွယ်ဝတဲ့ ဝိညာဉ်ပတ်ဝန်းကျင်မျိုးမှာ.. ဝက်တစ်ကောင်တောင် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တယ်.."
မုဇီယန် တံတွေး မျိုချမိလိုက်သည်။
သူမကိုယ်သူမ ရေတွင်းထဲက ဖားသူငယ်အလား ခံစားလိုက်ရသည်။ အစပိုင်းတွင်၊ ဝိညာဉ်သန္ဓေသားဂိုဏ်းများသည်ပင် များစွာကွာခြားမည် မဟုတ်ဟု သူမ ထင်ခဲ့သည်။
သို့သော်၊ ပင်လယ်ပြင် တစ်စိတ်တစ်ပိုင်းကို အုပ်ချုပ်သော အင်အားစုတစ်ခုအနေဖြင့်၊ ယင်းသည်ူ သူမစိတ်ကူးထားသည်နှင့် ရိုးရှင်းစွာ ဝေးကွာလွန်းလှသည်။
ဝိညာဉ်သန္ဓေသားဂိုဏ်းများ သိမ်းပိုက်ထားသော နေရာများသည် ချန်လန်ပင်လယ်ဧရိယာထဲတွင် အကောင်းဆုံးသော နေရာများ ဖြစ်မှာသေချာပြီး၊ သူတို့၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် မြင့်မြတ်နယ်မြေတစ်ခုနှင့် တူပေသည်။
ထိုကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံခြင်းသည် အစွမ်းထက်ကျင့်ကြံသူများကို အဆက်မပြတ် ထွက်ပေါ်လာစေလိမ့်မည်။
ထို့ကြောင့်ပင်၊ စတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခုက ဝိညာဉ်သန္ဓေသားဂိုဏ်းတစ်ခုကို မွေးထုတ်ပေးနိုင်ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများကို တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာစေခြင်းပင်။
"အင်း.. ဒါက ယုံနိုင်စရာကိုမရှိဘူး…"
"တတိယအဆင့် ဝိညာဉ်ကြောနဲ့ ယှဉ်ရင်.. စတုတ္ထအဆင့် ဝိညာဉ်ကြောက ဆယ်ဆမက ပိုသန်မာတယ်…"
"အနည်းဆုံး အဆ လေးဆယ်.. ငါးဆယ်လောက် ကျော်လွန်နေပြီ…"
"အင်မော်တယ်မြူခိုးကျွန်းက သူ့ရဲ့ စတုတ္ထအဆင့် ဝိညာဉ်ကြော ဆုံးရှုံးပြီးတဲ့နောက်.. အဆင့်အတန်း သိသိသာသာ ကျဆင်းသွားတာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ယောက်တောင် မမွေးထုတ်နိုင်ခဲ့ကြတော့ဘူး…"
"ဒါဆို.. ဒါက တတိယအဆင့် ဝိညာဉ်ကြောနဲ့ စတုတ္ထအဆင့် ဝိညာဉ်ကြောကြားက ကွာဟချက်ပေါ့လေ…"
"အဲ့ဒါက ဝိညာဉ်အရည်အဖြစ် ဖွဲ့စည်းပြီးနေလောက်ပြီ…"
လန်ယွဲ့ရှီ မှင်တက်နေမိသည်။
သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ စာအုပ်များတွင် စတုတ္ထအဆင့် ဝိညာဉ်ကြောအကြောင်း ဖတ်ဖူးပြီး၊ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က အင်မော်တယ်ရှားဂိုဏ်း မည်မျှဘုန်းကြီးခဲ့သည်ကို သိရှိထားသော်လည်း၊ ကိုယ်တိုင် မကြုံဖူးဘဲနှင့် စတုတ္ထအဆင့် ဝိညာဉ်ကြော၏ အားသာချက်များနှင့် အရေးပါမှုကို မသိနိုင်ခဲ့ချေ။
ယခု မြင်တွေ့လိုက်ရမှသာ၊ အတိတ်က အင်မော်တယ်ရှားဂိုဏ်း၏ ကျဆင်းမှုသည် ရှောင်လွှဲ၍ မရနိုင် ဆိုသည်အား သူမ သဘောပေါက်လိုက်ရတော့သည်။
စတုတ္ထအဆင့် ဝိညာဉ်ကြော ဆုံးရှုံးလိုက်ရခြင်းသည် ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေတစ်ခု ဆုံးရှုံးလိုက်ရခြင်းနှင့် ညီမျှပေသည်။
သက်ရောက်မှုသည် စိတ်ကူးကြည့်၍ပင် မရနိင်ချေ။
"ကျွန်မခင်ပွန်းက စတုတ္ထအဆင့် ဝိညာဉ်ကြောကို ထုတ်ဖော်ပြသဖို့ အမြဲတမ်းငြင်းဆန်ပြီး.. အဲ့ဒါက ဒုက္ခတွေကို သေချာပေါက်ဖြစ်စေလိမ့်မယ်လို့ ပြောနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"
"ဒီလို ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေမျိုးကို ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကလွဲပြီး ဘယ်သူမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး…"
ရှန်ပိချန်သည် ခင်ပွန်းဖြစ်သူ၏ ကြိုးပမ်းအားထုတ်မှုများကို ယခု နားလည်သွားသည်။
မှန်ပေသည်၊ စတုတ္ထအဆင့် ဝိညာဉ်ကြောကို သာမန်အင်အားစုများ ကာကွယ်နိုင်မည် မဟုတ်ပေ။
ဝူကျိမဟာမိတ်အဖွဲ့မှ လူများ ကြယ်သုံးပွင့်ကျွန်းစုတွင် စတုတ္ထအဆင့် ဝိညာဉ်ကြောရှိကြောင်း သိသွားပါက၊ ချက်ချင်း ပြန်လည်သိမ်းယူကြလိမ့်မည်။
သူတို့သည် ယင်းအား အင်မော်တယ်ရှားမြို့တော်မှလူများထံ လုံးဝလွှဲပြောင်းပေးမည် မဟုတ်ချေ။ သူတို့၏ အရည်အချင်းအရ၊ ယင်းကို ကာကွယ်နိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ၊ စတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခုသည် ဝိညာဉ်သန္ဓေသား အင်အားစုတစ်ခုကို အမှန်တကယ် ထူထောင်နိုင်သည် မဟုတ်ပါလော။
"ဟုတ်တယ်… ဒါကြောင့်ပဲ ငါ ဒီစတုတ္ထအဆင့် ဝိညာဉ်ကြောကို ကာကွယ်ဖို့ အစီအရင်တစ်ခု တည်ဆောက်ချင်တာပေါ့.."
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ခုနက ကြီးမားတဲ့ ကောင်းကင်ဖြစ်စဉ်ကြောင့် လူတွေက ငါတို့ ကြယ်သုံးပွင့်ကျွန်းစုရဲ့ စတုတ္ထအဆင့် ဝိညာဉ်ကြောကို ရှာတွေ့မသွားနိုင်ဘူးလား.. ကျွန်မ စိတ်ပူတယ်.."
ရှားကျင်းယန်တစ်ယောက် ဤကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေမိသည်။
"မပူပါနဲ့.. ဒီနေ့က အတိတ်နဲ့ မတူတော့ဘူး…"
"ယာကျူ ဝိညာဉ်သန္ဓေသားအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်တာနဲ့… သူမက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်လာလိမ့်မယ်…"
"စတုတ္ထအဆင့် မဟာအစီအရင် ရွှမ်ယင်လေးလံရေအစီအရင်နဲ့ ပေါင်းစပ်လိုက်ရင်.. ငါတို့ နယ်မြေတစ်ခုကို သိမ်းပိုက်ဖို့ အရည်အချင်း ပြည့်မီနေပြီ…"
"ဒါကြောင့်.. တခြားသူတွေက ငါတို့မှာ စတုတ္ထအဆင့် ဝိညာဉ်ကြောရှိတာ သိသွားရင်တောင်.. ဘာများ ထူးခြားသွားမှာမလို့လဲ.."
ကျိုးစွေ့ ခပ်ဟဟ ပြုံးလိုက်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး လုံးဝ မစိုးရိမ်ပေ။
သုံးနှစ်သား ကလေးတစ်ဦး စည်ကားသောဈေးအတွင်း ရွှေများ သယ်ဆောင်သွားပါက၊ လူဆိုးများ၏ ပစ်မှတ်ထားခြင်းကို သဘာဝကျကျ ခံရပေလိမ့်မည်။ သို့သော်၊ ရွှေကိုင်ဆောင်ထားသူမှာ စစ်သူကြီးတစ်ဦး ဖြစ်နေလျှင်မူ၊ သူတို့ မျက်စောင်းထိုးရဲမည် မဟုတ်ပေ။
ဤသည်မှာ ခွန်အားကြောင့် ဖြစ်တည်လာသော ပြောင်းလဲမှုပင် ဖြစ်သည်။
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသည် စတုတ္ထအဆင့် ဝိညာဉ်ကြောကို မသိမ်းပိုက်နိုင်သော်လည်း၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးတွင် ဤပြဿနာ မရှိပေ။
ဝူကျိမဟာမိတ်အဖွဲ့က ဤကိစ္စကို သိသွားလျှင်ပင်၊ သူတို့သည် လင်းယာကျူကို ဆွဲဆောင်ဖို့သာ စတင်လုပ်ဆောင်ကြပေမည်။ မည်သို့ပင်ဖြစ်စေ၊ ဝူကျိမဟာမိတ်အဖွဲ့အတွက်ပင်လျှင် ယခုအချိန်အထိ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အယောက်(၃၀)ခန့်သာ ရှိသေးသည် မဟုတ်လော။
မည်သည့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးမဆို အလွန်ပင် အရေးပါသည်။
"အင်း.. အဲ့ဒါ အမှန်ပါပဲ.."
ကျိပင်းယွီနှင့် အခြားသူများ ခေါင်းမညိတ်ဘဲ မနေနိုင်ကြပေ။ လင်းယာကျူသာ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ပါက၊ ဤကိစ္စများသည် ပြဿနာ ဖြစ်လာမည် မဟုတ်ပေ။
"ညီမလေးလင်းနဲ့ ညီမလေးချူတို့ ဝိညာဉ်သန္ဓေသားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်မလား မသိဘူးနော်.."
မုဇီယန်တစ်ယောက် ဤကိစ္စအတွက် စိုးရိမ်နေသည်။
သူတို့နှစ်ဦးစလုံးသည် အမှန်တကယ်ပင် ထူးကဲသော ပါရမီရှိပြီး အရည်အချင်းရှိသော်လည်း၊ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်းသည် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။
အောင်မြင်သည်နှင့်၊ သူတို့သည် နှစ်တစ်ထောင်သက်တမ်းကို ချက်ချင်း ရရှိမည်ဖြစ်ပြီး၊ သူတို့သည် ကျင့်ကြံခြင်းလောကတွင် အရေးပါသောပုဂ္ဂိုလ်များ သေချာပေါက် ဖြစ်လာလိမ့်မည်။
ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိသော်လည်း၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကိုမူ လက်ချိုးရေ၍ ရနိုင်သည်။
တစ်စုံတစ်ယောက် ပေါ်ထွက်လာခြင်းသည် လူတိုင်းသိရှိစေမည် ဖြစ်ပြီး၊ ကျင့်ကြံခြင်းလောကတွင် နာမည်ရရန် လုံလောက်သည်။
"မပူပါနဲ့.. သူတို့ အဆင်ပြေမှာပါ…"
"သူတို့က သူတို့ရဲ့ ကျင့်ကြံမှုကို ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်အထိ မြှင့်တင်ထားပြီးပြီ…"
"သူတို့မှာ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေ ရှိသလို… ကောင်းကင်ကပ်ဘေးဆေးလုံးတွေတောင် ရှိတယ်…"
"သူတို့မှ ဝိညာဉ်သန္ဓေသားဖွဲ့စည်းရာမှာ မအောင်မြင်နိုင်ဘူး ဆိုရင်.. ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး…"
ကျိုးစွေ့သည် သူတို့အပေါ် ယုံကြည်မှုအပြည့် ရှိပြီး၊ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်းသည် ပြဿနာများစွာ ရှိမည်မဟုတ်ဟု ယုံကြည်သည်။
ယခင်က၊ လင်းယာကျူသည် သူ့ထံမှ ကောင်းကင်ကပ်ဘေးဆေးလုံးတစ်လုံး ရရှိခဲ့ပြီး၊ သူမတွင် ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းများ အဆင်သင့် ရှိနေသည်။
ချူတျဲယီ အတွက်မူ၊ ထည့်ပြောစရာပင် မလိုပေ။
ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်းတစ်ဦးအနေဖြင့်၊ သူမသည် ကောင်းကင်ကပ်ဘေးဆေးလုံးနှင့် ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းများအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့ကြောင့်၊ ဝိညာဉ်သန္ဓေသားဖွဲ့စည်းရန် ရွှေအမြုတေကို ဖြိုခွဲခြင်း ပထမစိန်ခေါ်မှုသည် သံသယ ဖြစ်ဖွယ်မလို ပြဿနာရှိမည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း၊ ခုနစ်ရက်တာကာလ ကုန်ဆုံးသွားခဲ့သည်။
အင်မော်တယ်ရှားတောင်ထွတ်အထက်ရှိ ဖြစ်စဉ်သည် ပိုမို ပြင်းထန်လာပြီး၊ ဝိညာဉ်စွမ်းအင်ဝဲဂယက် နှစ်ခုသည်လည်း ပိုမိုကြီးမားလာသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင်၊ နောက်ထပ် တစ်ဆအပြည့် ကြီးထွားလာခဲ့သည်။
ကံကောင်းစွာဖြင့်၊ ဤသည်မှာ စတုတ္ထအဆင့် အဆင့်မြင့်ဝိညာဉ်ကြော ဖြစ်သည်။
အကယ်၍ ၎င်းသည်သာ တတိယအဆင့် ဝိညာဉ်ကြောဖြစ်ခဲ့ပါက၊ လင်းယာကျူနှင့် ချူတျဲယီတို့ ဤအတားအဆီးကို ကျော်ဖြတ်နိုင်မည် ဟုတ်မဟုတ်ကို ပြောရန် ခက်ခဲပေလိမ့်မည်။
ဘုန်း…။
ရုတ်တရက်၊ သဘာဝဝိညာဉ်စွမ်းအင်စီးကြောင်းများသည် အလင်းတန်းများကဲ့သို့ လိုဏ်ဂူနေအိမ် နှစ်ခုထဲသို့ စီးဝင်သွားသည်။
ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်နေပြီး၊ ခမ်းနားထည်ဝါကာ အဆုံးအစမရှိပေ။
အရာအားလုံးကို အမျိုးသမီးနှစ်ဦးက ဝါးမျိုစုပ်ယူလိုက်သည်။
ကျိုးစွေ့သည်လည်း လင်းယာကျူနှင့် ချူတျဲယီတို့၏ အခြေအနေကို အမြဲတစေ အာရုံစိုက်နေသည်။
ဘန်း…။
ထိုအခိုက်အတန့်တွင်၊ လိုဏ်ဂူနေအိမ်နှစ်ခုစလုံး တပြိုင်နက်တည်း တုန်ခါသွားပြီး၊ ပဲ့တင်ထပ်ကာ ပြင်းထန်သောတုန်ခါမှုကို ဖြစ်ပေါ်စေခဲ့သည်။
အဆုံးမရှိသော ရောင်စုံအလင်းတန်းများသည် လိုဏ်ဂူနေအိမ်များအတွင်းမှ ထွက်ပေါ်လာပြီး၊ နေမင်းကြီးတစ်စင်းကဲ့သို့ မိုင်တစ်ရာပတ်လည်ကို လင်းထိန်စေခဲ့တော့သည်။
"အောင်မြင်ပြီ"
"ဝိညာဉ်သန္ဓေသားဖွဲ့စည်းဖို့ ရွှေအမြုတေကို ဖြိုခွဲတဲ့ ပထမစိန်ခေါ်မှုက နောက်ဆုံးတော့ အောင်မြင်သွားပြီ…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။ သူ၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော်၊ ပထမစိန်ခေါ်မှုသည်လည်း မယုံနိုင်လောက်အောင် အန္တရာယ်များသော အတားအဆီးတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့ ပထမအတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက၊ နောက်ဆက်တွဲ စိန်ခေါ်မှုများသည် ပိုမို လွယ်ကူသွားမည် ဖြစ်၏။