← Chapters

နတ်ဘုံခန်းဝါနိဗ္ဗာန်ကိုးခု

Vol. 51 Ch. 708

နတ်ဘုံခန်းဝါနိဗ္ဗာန်ကိုးခု

Vol. 51 Ch. 708

မိုးကြိုးသံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်နေလျက် ရှိသည်။ ဝူဘုရင်၏ ခါးသီးနာကျင်စွာ အော်ဟစ်နေသော အသံများလည်း ကြားနေရပြီး သူသည် တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားရမည့်အရေးကို ငြင်းဆန်လျက် ရှိသည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ဝူဘုရင်အား ကြည့်ရှုလိုက်ပြီးနောက် လေးနက်နေသော မျက်ဝန်းများဖြင့် ဝူယောင်အား ကြည့်ရှုလိုက်သည်။ ဝူဘုရင်နှင့် ဝူယောင်တို့အကြားတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဇူယွမ်အနေဖြင့် အနည်းငယ်မျှ မသိရှိပါသော်လည်း သူမ၏လုပ်ရပ်သည် အညှာအတာကင်းမဲ့လွန်းလှသည်မှာ အမှန်ပင် ဖြစ်သည်။

ဝူယောင်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော ဝူဘုရင်၏စိတ်ဝိဉာဉ်အား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

အချိန်အတော်ကြာမြင့်သွားပြီးနောက် သူမ၏ မျက်ဝန်းများ ပြန်လည်ဖွင့်ဟလိုက်သောအချိန်တွင် အေးစက်မှုများသာ ကျန်ရစ်ပြီး နာကျင်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားသည်ကို တွေ့မြင်ရသည်။

ဇူယွမ်နှင့် ဝူယောင်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြသည်။

ဝူဘုရင်မှာ ၎င်းတို့နှစ်ဦးအား အသေအကြေ တိုက်ခိုက်ကြရန် ရည်ရွယ်ချက်ရှိစွာဖြင့် ဟောကိန်းများကို ပြောပြသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝူဘုရင် ယင်းဟောကိန်းများအား မပြောခဲ့လျှင်ပင် တိုက်ပွဲမှာ မုချမလွဲ ဖြစ်လာရလိမ့်မည်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝူယောင်အား စတင်မြင်တွေ့လိုက်ချိန်မှစ၍ သူမသည် ဝူအင်ပါယာတစ်ခုလုံး၌ ကြောက်စရာအကောင်းဆုံး သူတစ်ယောက်ဖြစ်သည်ဟု ဇူယွမ်မှ သိရှိလိုက်ရသောကြောင့် ဖြစ်သည်။

ဝူယောင်မှာ ဝူဘုရင်အား မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်လို​က်သည်ကို မသိရှိရပါသော်လည်း ထိုမျှဖြင့် ဇူယွမ်နှင့်သူမကြား ပြေလည်သွားစရာ အကြောင်းမရှိပေ။

၎င်းတို့နှစ်ဦးမှာ ကံကြမ္မာ၏သတ်မှတ်ချက်အရ အစွန်းနှစ်ဖက်တွင် ရှိနေကြသူများ ဖြစ်သည်။

ထို့အပြင် ဝူယောင်၏ မျက်ဝန်းများအား ကြည့်ရုံမျှဖြင့်ပင် သူမသည်လည်း ဇူယွမ်ကဲ့သို့ အလွန်စိတ်ဓာတ်ခွန်အား ပြင်းပြသူတစ်ယောက်ဖြစ်သည်ကို သိရှိနိုင်သည်။

ကျင့်ကြံခြင်းလောက၌ ထိုကဲ့သို့ တစ်စုံတစ်ယောက်အား ကြုံတွေ့ရရန်မှာ ရှားပါးလွန်းလှသည်။

ဇူယွမ်မှာ မြင့်မြတ်သောနဂါးကောင်းချီးများကို ပြန်လည်ရယူရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဝူယောင်မှာလည်း သူမ၏ကောင်းချီးများအား လွယ်ကူစွာ ပြန်လည်ပေးအပ်လိမ့်မည် မဟုတ်ပေ။

ဝူယောင်မှာ ဇူယွမ့်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးများကို ရယူရန်ပင် တွေးတောနေနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သာ ရရှိခဲ့ပါက သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ အဆမတန် မြင့်တက်သွားမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဝုန်း.....

၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံတွေ့သွားချိန်တွင် မြေပြင်မှာ ရုတ်ချည်းဆိုသလို တုန်ခါလာပြီးနောက် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်လာသည်။

ဇူယွမ်မှ ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သောအခါတွင် အရပ်မျက်နှာအစုံမှ ထူးခြားဆန်းကြယ်သော စွမ်းအင်လှိုင်းများမှာ ဝူဘုရင်၏ စိတ်ဝဉာဉ် ပျောက်ကွယ်သွားရာနေရာသို့ ရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရသည်။

ဝုန်း......

ထိုချီစွမ်းအင်လှိုင်းများမှာ နဂါးတစ်ကောင်၏ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ယင်းစွမ်းအင်လှိုင်းများသည် မြင့်မြတ်သောနဂါးကောင်းချီးများပင် ဖြစ်သည်။

ဝူဘုရင် သေဆုံးသွားသောကြောင့် ဝူအင်ပါယာရှိ နဂါးကောင်းချီးများလည်း ပြန်လည်ထွက်ပေါ်လာရခြင်း ဖြစ်သည်။ နဂါးကောင်းချီးများအားလုံးသည် ဝူဘုရင် ပျောက်ကွယ်သေဆုံးသွားရာနေရာသို့ စုဝေးရောက်ရှိလာကြသည်။

ဝုန်း.....

ဇူယွမ်မှာ ရွှေရောင်ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် နဂါးကောင်းချီးများ ရှိရာနေရာသို့ အလျင်အမြန် သွားလိုက်သည်။

သို့သော် ဝူယောင်မှာ သူ့ထက်ပို၍ လျင်မြန်နေလေသည်။

ဝူဘုရင်၏စိတ်ဝိဉာဉ်အား တိုက်စားသွားသော အနက်ရောင်မိုးကြိုးသွားမှာ ယခုအချိန်ထိ ထိုနေရာတွင် ရှိနေသေးသည်။ သူမသည် ယခုအခိုက်အတန့်အား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ဝုန်း.....

အနက်ရောင်မိုးကြိုးသွားမှာ ပိုက်ကွန်တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် နဂါးကောင်းချီးအား ယူဆောင်ကာ ဝူယောင့်ထံ ပြန်လည်ရောက်ရှိသွားသည်။

ဇူယွမ်မှ အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "မင်းရဲ့ခမည်းတော်ကို သတ်ခဲ့တာက နဂါးကောင်းချီးကို လိုချင်လို့လား။ မင်းတို့မိသားစုက တကယ်ကို ရူးနေကြတာပဲ။"

ဝူယောင်မှာ နဂါးကောင်းချီးအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "ဒီကမ္ဘာကြီးထဲမှာ နဂါးကောင်းချီးကို အမုန်းဆုံးလူက ငါပဲ။"

ဇူယွမ်မှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း ပိုင်ရှင်ကို ပြန်ပေးလိုက်တော့လေ။"

ဝူယောင်မှ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "ကလေးဆန်လိုက်တာ..."

"ဇူယွမ်...နင့်ကိုယ်ထဲမှာရှိတဲ့ နဂါးကောင်းချီးတွေကို ငါ့ကိုပေးလိုက်။ အဲ့ဒါဆို ငါတို့ကြားမှာရှိနေတဲ့ အညှိုးအတေးတွေအားလုံးကို ချေပြီးသား ဖြစ်သွားလိမ့်မယ်။ နင်က ဝူဟောင့်ကို သတ်ခဲ့တဲ့အပြင် ဝူအင်ပါယာကိုလည်း ဖျက်စီးပစ်သေးတယ်။ ဒါပေမယ့် ဒီကိစ္စတွေအားလုံးကို ငါမရှိခဲ့ဘူးလို့ပဲ သဘောထားပေးလို့ရတယ်။"

"သူတို့အတွက် လက်စားပြန်ချေဖို့လည်း ငါစိတ်မဝင်စားဘူး။ နင့်ရဲ့နဂါးကောင်းချီးသာ ငါ့ကိုပေးမယ်ဆိုရင် အနာဂတ်မှာ ကန်းမင်တိုက်ကြီးကို ငါခြေတစ်လှမ်းတောင်မချပဲ နေပေးလို့ရတယ်။"

ဇူယွမ်မှ ရယ်မောကာ ပြန်၍ပြောလိုက်သည်။ "တော်တော်ကောင်းတဲ့ ကမ်းလှမ်းချက်ပဲ။"

"ဒါပေမယ့် ငါကလည်း မင်းကို အဲ့လိုပြောမလို့ပဲ။ မင်းမှာရှိနေတဲ့ နဂါးကောင်းချီးတွေကို ငါ့ကိုပေးလိုက်။ ပြီးရင် မင်းဒီနေရာကနေ ထွက်သွားလို့ရပြီ။ ငါတို့ကြားမှာရှိနေတဲ့ အညှိုးအတေးတွေအားလုံးကိုလည်း ချေဖျက်ပေးမယ်။"

၎င်းတို့နှစ်ဦးစလုံး၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်လာကြသည်။

ဝူယောင်၏ ခန္ဓာကိုယ်ထက်တွင် အနက်ရောင်မိုးကြိုးသွားများ စတင်ပေါ်ထွက်လာလေသည်။ "ဇူယွမ်....နင်နဲ့ငါသာ တိုက်ခိုက်ကြရင် တစ်ယောက်မဟုတ် တစ်ယောက် သေကိုသေမှရမယ်ဆိုတာ နင်သိတယ်မလား။"

ဇူယွမ်မှ ဝူယောင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း ငါတို့အသေအကြေ တိုက်ခိုက်ကြတာပေါ့။"

ဝုန်း.....

ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်သွားရပြီးနောက် စကြာဝဠာရောင်လျှံဝန်း ပေါ်ထွက်လာလေသည်။ သူသည် ရွှေရောက်ချီလက်ဝါးကြီးဖြင့် ဝူယောင်အား ရိုက်ခတ်လိုက်သည်။

၎င်းတို့အကြားတွင် စကားဖြင့် ဖြေရှင်းနေ၍မရမှန်း ဇူယွမ်မှ သိရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ဦးလုံးမှာ ဆုံးဖြတ်ချက်ပြတ်သား၍ ရည်မှန်းချက်ကြီးကာ လွယ်လွယ်အရှုံးမပေးတက်သူများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပေါ်လာမည့် တိုက်ပွဲအား မည်သို့မျှ ရှောင်လွှဲရနိုင်လိမ့်မည် မဟုတ်ပေ။

ဝူယောင်မှာ ကျဆင်းလာနေသော ရွှေရောက်ချီလက်ဝါးကြီးအား တစ်ချက်မျှ မော့ကြည့်လိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် ထိုနေရာမှ တစ်လက်မမျှပင် မရွေ့ချေ။

ဝုန်း....

ရွှေရောက်ချီလက်ဝါးကြီး ကျဆင်းလာသည်နှင့်အတူ စွမ်းအင်လှိုင်းဂယက်များလည်း ပျံ့နှံ့ထွက်ပေါ်လာသည်။

ဝူယောင်မှာ သူ၏တိုက်ခိုက်မှုအား အနည်းငယ်မျှပင် ရှောင်လွှဲခြင်းမရှိသောကြောင့် ဇူယွမ်မှာ မျက်မှောင်ကျုံ့သွားရသည်။

အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် စွမ်းအင်လှိုင်းဂယက်များမှာ ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်သွားသည်။

ဇူယွမ်မှ ဝူယောင်ရှိရာနေရာသို့ အလျင်အမြန် ကြည့်ရှုလိုက်လေသည်။

ဝူယောင်မှာ ကောင်းကင်ထက်တွင် ရပ်နေလျက်ရှိပြီး အနီရောင်အဝတ်စများမှာ လေနှင့်အတူ လွင့်ခါနေလျက် ရှိသည်။ လေပြေများကြား ကခုန်နေသော သူမ၏ဆံနွယ်များကြောင့် ပို၍ဆွဲဆောင်မှုရှိစွာ လှပနေသည်ဟုပင် ထင်မှတ်ရသည်။

သို့သော် သူမ၏အမူအရာမှာ ယောက်ျားသားများပင် ဒူးထောက်သွားစေနိုင်သည်အထိ အေးစက်ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းနေသည်။

ဇူယွမ်အား ထိတ်လန့်သွားစေသော အဓိကအချက်မှာ ဝူယောင်၏ ဦးခေါင်းထက်တွင် ရောင်စဉ်ကိုးသွယ် အသီးသီးရှိသော ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခု ရှိနေခြင်းပင် ဖြစ်သည်။

"နတ်ဘုံခန်းဝါ မဟာအဆင့်...."

"နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု..."

ဇူယွမ်မှာ အကြောက်တရားများ စိုးမိုးသွားရသည်။ နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေသူမှသာ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။

ထို့အပြင် ဝူယောင်၏ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုမှာ ရောင်စဉ်ကိုးသွယ် အသီးသီး ရှိနေကြသည်။

ဝူယောင်မှာ အမှန်တကယ်ပင် ဝူအင်ပါယာ၏ ကြောက်စရာအကောင်းဆုံးသူ ဖြစ်သည်။

ဝူယောင်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။ "ဇူယွမ်....နင်က ကန်ရွှမ်းကောင်းကင်ဒေသမှာတော့ အတော်ဆုံး လူငယ်မျိုးဆက် ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် လောကကြီးထဲမှာ ပိုပြီးမြင့်မားတဲ့ တောင်တွေဆိုတာ ရှိစမြဲပဲ။ ထျန်းယွမ်ကမ္ဘာမှာဆိုရင် ကောင်းကင်ဒေသကိုးခုရှိတယ်။ အဲ့ထဲမှာ ကောင်းကင်ဒေသငါးခုကလွဲပြီး တော်ဝင်နန်းတော်က ပိုင်တာချည်းပဲ။ ကန်ရွှမ်းကောင်းကင်ဒေသက တခြားကောင်းကင်ဒေသလေးခုထက်စာရင် နောက်ဆုံးရောက်နေတာပဲ။"

"ဟွမ်းယွမ်ကောင်းကင်ဒေသကတော့ ကောင်းကင်ဒေသလေးခုထဲမှာ အကြီးကျယ်အမြင့်မြတ်ဆုံးပဲ။ နင်စိတ်တောင်မကူးဖူးတဲ့ အရာတွေ အဲ့မှာအများကြီး ရှိတယ်။ ထျန်းယွမ်ကောင်းကင်ဒေသကမှ အစစ်အမှန် ကျင့်ကြံခြင်းလောကပဲ။"

"နင်ကတော့ ကန်ရွှမ်းကောင်းကင်ဒေသလို နေရာမျိုးမှာနေပြီး ငါ့ဆီကနေ နဂါးကောင်းချီး ယူနိုင်မယ် ထင်နေတယ်ပေါ့။ တကယ်က နင့်ကိုနင် အထင်ကြီးလွန်းနေတာပဲ။"

ဝုန်း.....

ဝူယောင်မှာ အနက်ရောင်မိုးကြိုးသွားတစ်ခုအား ဖန်တီးကာ လေထုထဲသို့ ပစ်လွှတ်လိုက်သည်။ ထိုမိုးကြိုးသွားသည် ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ကျဆင်းလာလေသည်။

ဇူယွမ်မှာ ကျဆင်းလာနေသော မိုးကြိုးသွားထံမှ ပြင်းထန်လှသော အဖျက်စွမ်းအင်များကို ခံစားမိသဖြင့် အနည်းငယ်မျှပင် အချိန်မဆွဲရဲပဲ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား အသက်သွင်းလိုက်သည်။

"ဆန်းကြယ်သောခန္ဓာကျင့်စဉ်...."

ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် မိုးကြိုးသွားအား ထိုးချလိုက်သည်။

တစ်ချိန်တည်းမှာပင် ဇူယွမ်၏နောက်မှ ကြီးမားသောပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုသည်မှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ပင် ဖြစ်သည်။

ဝုန်း....

ဇူယွမ်၏ စွမ်းအင်အပြည့်အဝ ပါဝင်သော ထိုးနှက်ချက်နှင့် ဝူယောင်၏ အနက်ရောင်မိုးကြိုးသွားတို့ တွေ့ဆုံသွားကြသည်။

ဝုန်း...

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

မြေပြင်မှာ ကွဲအက်သွားရသကဲ့သို့ ဇူယွမ်မှာလည်း အနောက်သို့ ဆုတ်သွားရသည်။ သူ၏လက်မှလည်း လတ်ဆတ်သောသွေးများ စီးကျလာသည်။

ပထမတစ်ကြိမ် တိုက်ခိုက်မှုဖြင့်ပင် ဝူ​ယောင်မှာ သိသာစွာ အသာစီးရနေပြီ ဖြစ်သည်။

ဇူယွမ်၏အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ ဝူယောင်သည် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဝူဘုရင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာပေသည်။ ဇူယွမ်သာ ပြင်ပခန္ဓာသန်မာမှုအား မကျင့်ကြံထားပါက အစောပိုင်း မိုးကြိုးသွားဖြင့်ပင် လက်မောင်းတစ်ဖက် ပြတ်သွားနိုင်သည်။

ဝူယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "နတ်ဘုံခန်းဝါ အခြေတည်အဆင့်နဲ့တင် ငါ့ရဲ့တိုက်ခိုက်မှုကို တောင့်ခံနိုင်တယ်ဆိုတော့ နင်ကတကယ်ကို အရည်အချင်းရှိတာပဲ။ ဒါပေမယ့် နင်က ငါ့ပြိုင်ဖက်အဆင့်တော့ မဟုတ်သေးဘူး။"

သူမ၏ မျက်ဝန်းများမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။

ဝူယောင်မှာ အချိန်ဆွဲမနေတော့ပဲ မိုးကြိုးသွားတစ်ခုအား ထပ်မံဖန်တီးလိုက်သည်။ ထိုမိုးကြိုးသွားသည် နဂါးတစ်ကောင်အလား သူမအနီးတွင် ရစ်ဝဲနေလေသည်။

"ဆန်းကြယ်သောမဟူရာနဂါးမိုးကြိုးသွား.."

ဝုန်း.....

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ အနက်ရောင်မိုးကြိုးသွားမှာ မြို့တစ်ခုလုံးကို ပြာချတော့မည့်အလား ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

ဇူယွမ်မှာ ကြောက်ရွံ့ဖွယ်တိုက်ခိုက်မှုအား မြင်တွေ့လိုက်ရပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လက်ရှိအနေအထားအရ ဝူယောင်အား မည်သို့မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါချေ။

ဝူယောင်မှာ အစစ်အမှန် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထို့ကြောင့် မည်သည့်နည်းနှင့် တိုက်ခိုက်ပါစေ ဇူယွမ်သာ ရှုံးနိမ့်ရမည်မှာ ​သေချာလှသည်။

ဇူယွမ်မှာ ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်၍ အခြေအနေများအားလုံးကို သုံးသပ်ပြီးနောက်တွင် အနည်းငယ်မျှ တွေဝေခြင်းမရှိပဲ ဆုတ်ခွာထွက်​ပြေးတော့သည်။

"ထွက်ပြေးဖို့ စဉ်းစားနေတယ်ပေါ့။" ဝူယောင်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။

ဝုန်း....

အနက်ရောင်မိုးကြိုးသွားမှာ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ဇူယွမ်ထံသို့ ရောက်ရှိလာသည်။ မိုးကြိုးသွားသည် ဇူယွမ် ဆုတ်ခွာထွက်​ပြေးနိုင်မည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

"တော်တော်ရက်စက်တဲ့မိန်းမပဲ။" ဇူယွမ်မှာ မျက်မှောင်ကျုံ့လိုက်မိသည်။ ဝူယောင်သည် ဝူဘုရင်ထက်ပင်ပို၍ အန္တရာယ် အငွေ့အသက်အား ပေးစွမ်းနိုင်ပေသည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။ ယနေ့တွင် ဝူယောင်၏လက်မှ လွတ်မြောက်နိုင်ရန်အတွက် အသက်နှင့်ရင်းကာ စွန့်စားရတော့မည်ကို ဇူယွမ်မှ သိရှိထားလိုက်သည်။

ဝုန်း....

ဇူယွမ်မှာ စွမ်းအင်အပြည့်အဝသုံး၍ ပြန်လည်တိုက်ခိုက်တော့မည့် အချိန်မှာပင် အနက်ရောင်မိုးကြိုးသွားမှာ မမြင်နိုင်သော နံရံတစ်ခုနှင့် တိုက်မိသွားသည့်အလား ငြိမ်သက်သွားရသည်။

ဝုန်း.... ဝုန်း.....

တိုတောင်းလှသော အချိန်အတွင်းမှာပင် မိုးကြိုးသွားမှာ ပေါက်ကွဲသွားရပါသော်လည်း မမြင်နိုင်သော အကာအရံတစ်ခုကြောင့် စွမ်းအင်လှိုင်းဂယက်မျှပင် ဇူယွမ်အား မထိခိုက်စေနိုင်ခဲ့ပေ။

"စိတ်ဝိဉာဉ်စွမ်းအင်လား..."

ဇူယွမ်မှာ ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် ရင်းနှီးကျွမ်းဝင်နေသောအငွေ့သက်များနှင့် စိတ်ဝိဉာဉ်စွမ်းအင်အား မှတ်မိသွားသည်။

"ဘယ်သူလဲ။" ဝူ​ယောင်မှ မျက်မှောင်ကျုံ့ကာ အော်ဟစ်လိုက်သည်။

ဇူယွမ်နှင့် ဝူယောင်မှာ ကြီးမားသော သစ်ပင်ကြီးတစ်ခုပေါ်တွင် ရှိနေသော လှပလွန်းလှသည့် မိန်းမငယ်လေးတစ်ဦးအား ပြိုင်တူကြည့်ရှုလိုက်ကြသည်။

သူမသည် သားရဲငယ်လေးတစ်ကောင်အား ပွေ့ချီထားလျက်ရှိပြီး ရှည်လျားနက်မှောင်သော ဆံနွယ်များဖြင့် နတ်မိမယ်တမျှ လှပလွန်းလှသည်။

ဇူယွမ်မှ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။ "ယောင်ယောင်..."

ယောင်ယောင်မှာ သနားစဖွယ်ဖြစ်နေသော ဇူယွမ်၏ အသွင်အပြင်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "တော်တော်မှ ခံစားလိုက်ရရဲ့လား။"

ဇူယွမ်မှာ အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် သတိလက်လွတ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝူယောင်အား နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဖြစ်သည်။ ဝူယောင်မှာ နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိပြီးရုံတင်မက နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုကိုပါ ပိုင်ဆိုင်ထားသေးသည်။

"နင်ကဘယ်သူလဲ။" ဝူယောင်မှာ ယောင်ယောင့်ထံမှ အန္တရာယ် အငွေ့အသက် ရရှိနေသောကြောင့် လေးနက်စွာဖြင့် မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကန်ရွှမ်းကောင်းကင်ဒေသ၌ သူ့အား အန္တရာယ်ဖြစ်စေနိုင်သူအား မြင်တွေ့လိုက်ရသည့်အတွက် နားမလည်နိုင်လည်း ဖြစ်နေရသည်။

ယောင်ယောင်မှာ ဝူယောင်အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။ "ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက နင်သူ့ကို နာကျင်အောင် လုပ်လို့မရဘူး။"

ယောင်ယောင်မှာ အန္တရာယ် အငွေ့အသက် ပေးစွမ်းနိုင်ပါသော်လည်း ဝူယောင်မှာ သာမန်သူတစ်ယောက် မဟုတ်ပေ။ "ငါက နင့်စကား နားမထောင်ဘူးဆိုရင်ရော...."

မိန်းမငယ်လေးနှစ်ဦးမှာ အကြည့်ချင်း တွေ့ဆုံသွားကြသည်။

နှစ်ဦးစလုံးမှာ နတ်မိမယ်တမျှ လှပကြသူများ ဖြစ်ကြသည်။ ယောင်ယောင်မှာ တုနှိုင်းမဲ့ နတ်ဘုရားမတစ်ပါးဖြစ်လျှင် ဝူယောင်မှာ ကောင်းကင်အောက်မှ အရာအားလုံးကို ကြီးစိုးထားသည့် ကြောက်မက်ဖွယ် ဧကရီတစ်ပါး ဖြစ်လိမ့်မည်။

ကမ္ဘာကြီးတွင်ရှိသော အလှတရားများအားလုံးသည် ထိုမိန်းမငယ်လေးနှစ်ဦးထံ၌ ရှိနေသကဲ့သို့ ဖြစ်သည်။

ထို့​ကြောင့် မိန်းမငယ်နှစ်ဦး တွေ့ဆုံကြသောအချိန်တွင် အရာရာမှာ လင်းလက်တောက်ပနေသကဲ့သို့ပင် ထင်မှတ်ရပြီး နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဇူယွမ်မှာ ပုံမှန်လူတစ်ဦးကဲ့သို့ပင် အရောင်အဝါများအားလုံး မှေးမှိန်သွားရလေတော့သတည်း.....

All Chapters