← Chapters

ဝိညာဉ်သန္ဓေသား ကောင်းကင်ဘုံကပ်ဘေး၊ 'မိုးကြိုးကပ်ဘေးကူ'၏ လှုပ်ရှားမှု(၁)။

Vol. 28 Ch. 327

ဝိညာဉ်သန္ဓေသား ကောင်းကင်ဘုံကပ်ဘေး၊ 'မိုးကြိုးကပ်ဘေးကူ'၏ လှုပ်ရှားမှု(၁)။

Vol. 28 Ch. 327

သို့သော်၊ ဤအရာသည် အစပြုခြင်းသာဖြစ်ကြောင်း ကျိုးစွေ့ သိရှိထားသည်။

ဝိညာဉ်သန္ဓေသားကို မွေးဖွားပေးရန် ရွှေအမြုတေကို ဖြိုခွဲခြင်း ပထမစမ်းသပ်မှုသည် ရွှေအမြုတေကျင့်ကြံသူ အများအပြား ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။

စစ်မှန်သော စိန်ခေါ်မှုများသည် ဒုတိယစမ်းသပ်မှုဖြစ်သည့် နှလုံးသားမိစ္ဆာကပ်ဘေးနှင့် တတိယစမ်းသပ်မှုဖြစ်သည့် ကောင်းကင်ဘုံကပ်ဘေးတို့တွင် တည်ရှိနေသည်။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ဤကပ်ဘေးကြီးနှစ်ခုတွင် ကျဆုံးခဲ့ရသည်။

ဝုန်း…။

ဤအခိုက်အတန့်တွင်၊ လင်းယာကျူနှင့် ချူတျဲယီတို့ နှလုံးသားမိစ္ဆာကပ်ဘေးထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်ကို ကျိုးစွေ့ အာရုံခံလိုက်မိသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော မိစ္ဆာချီလှိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသော မိစ္ဆာချီများ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပြီး၊ မရေမတွက်နိုင်သော နှလုံးသားမိစ္ဆာများသည် အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေကြသည်။

သူမတို့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြပြီး၊ မျက်မှောင်တင်းတင်း ကြုတ်လျက် ချွေးများဖြင့် ရွှဲနစ်နေတော့သည်။

ထင်ရှားသည်မှာ၊ သူတို့သည် နှလုံးသားမိစ္ဆာများကို ဆန့်ကျင်တိုက်ခိုက်နေရသော ခါးသီးသည့်တိုက်ပွဲတွင် ပါဝင်နေကြရသည်။

ကျရှုံးခဲ့လျှင်၊ သူတို့၏ နှစ်ပေါင်းများစွာသော ကျင့်ကြံအားထုတ်မှုများသည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားရမည် ဖြစ်၏။

အလွန်ခိုင်မာသော တာအိုနှလုံးသားရှိသည့် ကျင့်ကြံသူများသာလျှင် ဤကပ်ဘေးကို ကျော်လွှားနိုင်မည် ဖြစ်သည်။

မှန်ပေသည်၊ နှလုံးသားမိစ္ဆာများကို ခုခံနိုင်သော ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းများ ရယူခြင်းကဲ့သို့သော ဉာဏ်ကောင်းသည့် လှည့်ဖြားနည်းများလည်း ရှိပေသည်။

ဥပမာအားဖြင့်၊ စိတ်ဝိညာဉ်ဆေးဝါး ဗောဓိသစ်သီးပင်။

ဗောဓိသစ်သီးကို စားသုံးခြင်းသည် လူတစ်ယောက်၏ တာအိုနှလုံးသားကို ကြည်လင်စေပြီး၊ နှလုံးသားမိစ္ဆာများ၏ စစ်မှန်သော သဘောသဘာဝကို ပိုင်းခြားသိမြင်နိုင်စေသည်ဟု ဆိုကြသည်။

မည်သည့် နှလုံးသားမိစ္ဆာမျှ သူတို့၏စိတ်ကို နှောင့်ယှက်နိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့သော နည်းလမ်းသည် နှလုံးသားမိစ္ဆာကပ်ဘေး၏ ခက်ခဲမှုကို များစွာလျှော့ချပေးနိုင်သည်။

ဝမ်းနည်းစရာမှာ၊ ထိုကဲ့သို့သော ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းများသည် အလွန်ရှားပါးလှပြီး၊ ဝိညာဉ်သန္ဓေသားဂိုဏ်းတစ်ခုပင်လျှင် တစ်ခုတစ်လေ ရရှိရန် ရုန်းကန်ရပေလိမ့်မည်။

‘ငါ ဝင်လှုပ်ရှားပေးဖို့ လိုပုံပဲ..’

ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

လင်းယာကျူနှင့် ချူတျဲယီတို့၏ မျက်ခုံးများ ပိုမိုတင်းကျပ်စွာ တွန့်ချိုးလာသည်ကို သူ အာရုံခံလိုက်မိသည်။

သူတို့၏ ခန္ဓာကိုယ်များသည် မယုံနိုင်လောက်အောင် ထူထပ်သော နှလုံးသားမိစ္ဆာအရှိန်အဝါဖြင့် ပြည့်နှက်နေပြီး၊ အစိုင်အခဲဖြစ်လုနီးပါး ဖြစ်နေကာ၊ သွေးစက်များ နှာခေါင်းမှ စီးကျလာနေသည်။

ထင်ရှားသည်မှာ၊ သူတို့အခြေအနေ မကောင်းပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်နှင့်ပင်၊ ဤနှလုံးသားမိစ္ဆာကပ်ဘေးကို ကျော်လွှားရန် ခက်ခဲချေသည်။

အဘယ်ကြောင့်ဆိုသော် နှလုံးသားမိစ္ဆာသည် အကြီးမားဆုံးသောကပ်ဘေးအဖြစ် လူအများလက်ခံထားကြသောကြောင့်ပင်။

ဟူးလား…။

ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့သည် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း ပညာရပ်၏ ဒုတိယအဆင့်ဖြစ်သော မိစ္ဆာဆင့်ခေါ်ခြင်းကို အသက်သွင်းလိုက်တော့သည်။

သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက်၊ အဆုံးမရှိသော နှလုံးသားမိစ္ဆာချီများ စုဝေးလာပြီး၊ ကြီးမားသော ဝဲဂယက်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

ပြိုင်ဘက်ကင်း မိစ္ဆာအသံတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ ထူးခြားသော တုန်ခါမှုများကို ဆက်တိုက်ဆိုသလို ဖန်တီးလိုက်ချေသည်။

ကြိမ်နှုန်း မြင့်မားလွန်းသဖြင့်၊ လူသားတို့၏ နားများဖြင့်သော်လည်းကောင်း၊ နတ်ဘုရားအာရုံဖြင့်သော်လည်းကောင်း မကြားနိုင်ပေ။

နှလုံးသားမိစ္ဆာများသာလျှင် ၎င်းကို ကြားနိုင်ပြီး၊ နှလုံးသားမိစ္ဆာများအတွက်မူ မယုံနိုင်လောက်အောင် ကြီးမားသော ဆွဲဆောင်မှုကို ပေးစွမ်းပေမည်။

ယင်းသည် ပင်လယ်မိစ္ဆာ(ရေသူ)၏ အသံကဲ့သို့ပင်၊ ပြင်းထန်ပြီး ညှို့ယူဖမ်းစားနိုင်သောအသံကို ထုတ်လွှင့်ပေးနေသည်။

(စကားချပ် - Sea Demon လို့ပဲ သုံးထားပေမယ့် ရေသူမတွေရဲ့ လူတွေကို ညို့ငင်ဖမ်းစားတဲ့အသံကို ဆိုလိုတာမျိုး ဖြစ်မယ်ထင်လို့ ရေသူလို့ ထည့်ပေးလိုက်ပါတယ်။ လက်ရှိပင်လယ်မျိုးနွယ်စုနဲ့ မသက်ဆိုင်ပါဘူးနော်။)

နှလုံးသားမိစ္ဆာများကို ပြုစားနိုင်သော မိစ္ဆာဆင့်ခေါ်ခြင်းသည် အမှန်တကယ်ပင် အစွမ်းထက်လှချေသည်။

ဟူးလား…။

ဤအခိုက်အတန့်တွင်၊ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသည့် လင်းယာကျူနှင့် ချူတျဲယီတို့သည် ခန္ဓာကိုယ်အတွင်း၌ ပုံမှန်မဟုတ်သော အရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။

အနက်ရောင်စက်လုံးများ သူတို့၏ ခန္ဓာကိုယ်များမှ ပျံထွက်လာကြသည်။ အံ့ဩစရာကောင်းသည်မှာ၊ ၎င်းတို့သည် နှလုံးသားမိစ္ဆာများ ဖြစ်ကြလေသည်။

ကြောက်မက်ဖွယ် မိစ္ဆာချီ အရှိန်အဝါတစ်ခုက ယင်းတို့ကို လွှမ်းခြုံထားချေသည်။

မုန်းတီးမှု၊ လောဘ၊ မနာလိုဝန်တိုမှု၊ ဆာလောင်မှု၊ ရူးသွပ်မှုနှင့် အခြားသော အပျက်သဘောဆောင်သည့် ခံစားချက်များအားလုံး ဤနှလုံးသားမိစ္ဆာများ အတွင်း၌ စုဝေးနေကြသည်။

နှလုံးသားမိစ္ဆာ တစ်ကောင်စီတိုင်းသည် ကမ္ဘာပေါ်ရှိ အပြစ်စိတ်အားလုံးကို ကိုယ်စားပြုနေသကဲ့သို့ပင် ထင်ရပေသည်။

၎င်းတို့သည် မိစ္ဆာဆင့်ခေါ်ခြင်းကို ကြားလိုက်ရသည်နှင့်၊ မိခင်၏ခေါ်သံကို ကြားလိုက်ရသော ကလေးငယ်များကဲ့သို့ ဖြစ်သွားတော့သည်။

တစ်ကောင်ပြီးတစ်ကောင်သည် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်မှ ပျံထွက်လာပြီး ကျိုးစွေ့၏ ဘေးသို့ ရောက်ရှိလာကြသည်။

ဘုန်း…။

ဤနှလုံးသားမိစ္ဆာများ ချဉ်းကပ်လာသောအခါ ကျိုးစွေ့ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် အလွန်တရာ စစ်မှန်ပေါ်လွင်သော ထင်ယောင်ထင်မှားဖြစ်မှုထဲသို့ ကျရောက်သွားပြီး၊ လက်တွေ့နှင့် ထင်ယောင်ထင်မှားဖြစ်မှုကို ခွဲခြားရန် ခက်ခဲနေတော့သည်။

အနည်းငယ် ပေါ့ဆလိုက်သည်နှင့်၊ နှလုံးသားမိစ္ဆာများ၏ ထင်ယောင်ထင်မှားဖြစ်မှုထဲသို့ နစ်မြုပ်သွားမည် ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထုတ်နိုင်တော့မည် မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင်၊ သူသည် နှလုံးသားမိစ္ဆာများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို နောက်ဆုံးတွင် နားလည်သွားရသည်။

သူတို့သည် ကမ္ဘာပေါ်တွင် ကျွမ်းကျင်မှုအရှိဆုံး ပုံရိပ်ယောင်ပညာရှင်များကဲ့သို့ ဖြစ်ပြီး၊ လူသားဗီဇ၏ အနက်ရှိုင်းဆုံးနေရာမှ အက်ကွဲကြောင်းများနှင့် အပြစ်အနာအဆာများကို ပိုင်းခြားသိမြင်နိုင်သည်။

၎င်းတို့သည် လူသားတို့အား အခြားသူများထက် ပိုမိုနားလည်ကြပြီး၊ စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုများကို သိရှိကြသည်ဟု ဆိုနိုင်သည်။

ထို့နောက်၊ ဤအပြစ်အနာအဆာများကို အခွင့်ကောင်းယူပြီး၊ သူတို့သည် ပြိုင်ဘက်ကို လုံးဝအနိုင်ယူကာ ဝိညာဉ်ကို ဝါးမျိုပစ်မည်သာ ဖြစ်၏။

ကံကောင်းစွာဖြင့်၊ ကျိုးစွေ့၏ နတ်ဘုရားအာရုံစွမ်းအားသည် အလွန်သန်မာပြီး၊ ဝိညာဉ်သန္ဓေသားကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။

ထို့ကြောင့်၊ ဤနှလုံးသားမိစ္ဆာများသည် အလွန်တရာ သက်ဝင်လှုပ်ရှားသော ထင်ယောင်ထင်မှားဖြစ်မှုကို ဖန်တီးခဲ့သော်လည်း၊ သူ့မျက်လုံးထဲတွင်မူ ချို့ယွင်းမှုအနည်းငယ် ကျန်ရှိနေသေးပြီး၊ ၎င်းက သူ့ကို စိတ်ကြည်လင်မှုအနည်းငယ်အား ထိန်းသိမ်းထားနိုင်စေခဲ့သည်။

‘ကဲ ငါ့အလှည့်ပဲ..'

''အိပ်မက်ဝိညာဉ်ကူ'... သူတို့ကို ဝါးမျိုလိုက်တော့”

အတွေးတစ်ချက်ဖြင့် ကျိုးစွေ့သည် 'အိပ်မက်ဝိညာဉ်ကူ'ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

'အိပ်မက်ဝိညာဉ်ကူ'အတွက်မူ၊ ဤနှလုံးသားမိစ္ဆာများသည် သံသယဖြစ်ဖွယ်မလို ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြည့်စွက်စာများထဲမှ တစ်ခုဖြစ်သည်။

နှလုံးသားမိစ္ဆာတစ်ကောင်ကို စားသုံးခြင်းသည် ၎င်း၏အင်အားကို များစွာတိုးမြှင့်ပေးနိုင်ပြီး၊ ကြီးထွားမှုနှုန်းကို အရှိန်မြှင့်တင်ပေးနိုင်သည်။

ကျိုးစွေ့၏ အမိန့်ကို ကြားလိုက်ရသောအခါ၊ ၎င်းသည် စိတ်လှုပ်ရှားစွာ ရှေ့သို့ ပြေးထွက်သွားတော့သည်။

ဂျွတ်.. ဂျလွတ်…။

တစ်ခဏချင်းမှာပင် လင်းယာကျူနှင့် ချူတျဲယီတို့ထံမှ ထွက်လာသော နှလုံးသားမိစ္ဆာများသည် 'အိပ်မက်ဝိညာဉ်ကူ'၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

"မလုပ်နဲ့…"

ဤနှလုံးသားမိစ္ဆာများသည် သေစေနိုင်သောအန္တရာယ်ကို အာရုံခံမိသကဲ့သို့၊ စူးစူးဝါးဝါးအော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

ကံမကောင်းစွာဖြင့်၊ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

သူတို့သည် သဘာဝရန်သူနှင့် တွေ့ဆုံရသော သားကောင်များကဲ့သို့ ဖြစ်နေသည်။ ထွက်ပြေးရန် လမ်းမရှိသလို၊ ရုန်းကန်ရန်အင်အားလည်း မရှိတော့ပေ။

အသက်ရှူချိန် တစ်ခဏအတွင်းမှာပင်၊ 'အိပ်မက်ဝိညာဉ်ကူ'သည် နှလုံးသားမိစ္ဆာအားလုံးကို ဝါးမျိုပစ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင် 'အိပ်မက်ဝိညာဉ်ကူ'သည် အားဆေးအကြီးစားတစ်မျိုးကို သောက်သုံးလိုက်သကဲ့သို့ ကျေနပ်အားရစွာ လေချိန်တက်လိုက်တော့သည်။ ၎င်း၏အမူအရာသည် အလွန်ကျေနပ်နေပြီး၊ ၎င်း၏အင်အားသည် လျင်မြန်သောအရှိန်ဖြင့် မြင့်တက်လာသည်ကို မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

၎င်းသည် အဆင့်သုံး အထွတ်အထိပ်၏ ပြီးပြည့်စုံသောနယ်ပယ်သို့ ချိုးဖြတ်နိုင်ရန် နီးစပ်နေပုံ ရသည်။

ဤနှုန်းထားအတိုင်း ဆက်လက်ကြီးထွားပါက၊ မကြာမီ အဆင့်လေးသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

"ဟမ်... ဘာဖြစ်သွားတာလဲ.. နှလုံးသားမိစ္ဆာတွေ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ…"

ဤအခိုက်အတန့်တွင် လင်းယာကျူနှင့် ချူတျဲယီတို့သည် နှလုံးသားမိစ္ဆာကပ်ဘေးမှ နောက်ဆုံးတွင် နိုးထလာကြသည်။ သူတို့သည် နှလုံးသားမိစ္ဆာကပ်ဘေး၏ စွမ်းအားအောက်တွင် အရှုံးပေးလုနီးပါး ဖြစ်ခဲ့ရသည်။

ဤအရာသည် နှလုံးသားမိစ္ဆာများက သူတို့ကို ဝါးမျိုပစ်လိုက်ပြီး၊ သူတို့၏ တာအိုနှလုံးသားများ ပြိုကွဲကာ သေဆုံးသွားစေမည့် ရလဒ်ကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။

သို့သော်၊ ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားမိစ္ဆာများသည် ကျိုးစွေ့၏ 'အိပ်မက်ဝိညာဉ်ကူ'၏ ဝါးမျိုခြင်းကို ခံလိုက်ရသောကြောင့်၊ သူတို့သည် နှလုံးသားမိစ္ဆာကပ်ဘေးကို အလိုလို ကျော်ဖြတ်နိုင်ခဲ့ကြတော့သည်။

အဘယ်ကြောင့်ဆိုသော်၊ နှလုံးသားမိစ္ဆာမရှိလျှင်၊ မည်သို့ ကပ်ဘေးက ရှိနေပါဦးမည်နည်း။

နှလုံးသားသည် မှန်တစ်ချပ်ကဲ့သို့ ဖြစ်ပြီး၊ နှလုံးသားမိစ္ဆာသည် မှန်ပေါ်ရှိ ဖုန်မှုန့်ကဲ့သို့ ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင်၊ ကြည်လင်သော တာအိုနှလုံးသား၊ မှန်တစ်ချပ်ကဲ့သို့သော နှလုံးသားကို ရရှိရန်အတွက် ထိုဖုန်မှုန့် အစက်အပြောက်များကို ကိုယ်တိုင်ဖယ်ရှားရမည် ဖြစ်၏။

သို့သော် ယခု၊ ကျိုးစွေ့သည် လှည့်စားလိုက်ချေပြီ။

သူသည် လင်းယာကျူနှင့် ချူတျဲယီနှစ်ဦးစလုံးကို သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှ ဖုန်မှုန့်များကို ရှင်းလင်းပေးပြီး၊ နှလုံးသားမိစ္ဆာများကို စုပ်ယူပေးခဲ့သည်။

ထို့ကြောင့်၊ သူတို့သည် နှလုံးသားမိစ္ဆာကပ်ဘေးကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့ကြတော့သည်။

"အာရုံမလွင့်စေနဲ့…"

"ငါ မင်းတို့ရဲ့ နှလုံးသားမိစ္ဆာတွေကို စုပ်ယူပေးပြီး… နှလုံးသားမိစ္ဆာကပ်ဘေးကို ကျော်ဖြတ်ပေးခဲ့ပြီ…"

"အခု.. ဝိညာဉ်သန္ဓေသားကို ဆက်ဖွဲ့စည်းပါ…"

"တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေး မရောက်သေးဘူး"

ဤအချိန်တွင် ကျိုးစွေ့သည် နတ်ဘုရားအာရုံပို့လွှတ်ပြီး၊ လင်းယာကျူနှင့် ချူတျဲယီကို သတိပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော်၊ နှလုံးသားမိစ္ဆာကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့်တပြိုင်နက်၊ သူတို့ ခန္ဓာကိုယ်ထဲက ဝိညာဉ်သန္ဓေသားသည် ထပ်မံကြီးထွားလာပေလိမ့်မည်။ ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်၍ မရနိုင်ပေ။ သို့မဟုတ်ပါက၊ ယခင် ကြိုးပမ်းအားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

All Chapters