ဝိညာဉ်သန္ဓေသား ကောင်းကင်ဘုံကပ်ဘေး၊ 'မိုးကြိုးကပ်ဘေးကူ'၏ လှုပ်ရှားမှု(၃)။
Vol. 28 Ch. 329
ကောင်းကင်ဘုံတာအို၏ အမြင်တွင်၊ သေမျိုးများသည် စစ်မှန်သော အခြေခံအုတ်မြစ် ဖြစ်ပြီး၊ ကျင့်ကြံသူများသည် သူခိုးများထက် မပိုပေ။
သူတို့သည် မိမိတို့ကိုယ်ကို ဖြည့်တင်းရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို ခိုးယူကြသည်။
ထို့ကြောင့်၊ ကောင်းကင်ဘုံတာအိုသည် ကျင့်ကြံသူများအကြား အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်ခြင်းကို အားပေးအားမြှောက်ပင် ပြုမည်ဖြစ်ပြီး၊ ကံကြွေးကမ္မများ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
ဤအခိုက်အတန့်တွင်၊ ကြယ်သုံးပွင့်ကျွန်းစုအတွင်း၌...။
အင်မော်တယ်ရှားမြို့တော်တွင် စောင့်ဆိုင်းနေသော ကျင့်ကြံသူအများအပြားသည် မိုးတိမ်မည်းများ ကောင်းကင်ယံတွင် မိုင်ပေါင်းများစွာ ဖြန့်ကျက်နေပြီး၊ မိုးကြိုးလျှပ်စီးများဖြင့် ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်ကြသည်။
ဤနက္ခတ္တဗေဒဖြစ်စဉ်သည် မယုံနိုင်လောက်အောင် တုန်လှုပ်စရာ ကောင်းလှသည်။
သို့သော်၊ ကျိုးစွေ့သည် စတုတ္ထအဆင့် အစီအရင်ကို အသက်သွင်းပြီး အင်မော်တယ်ရှားဂိုဏ်း၏ တောင်ထွတ်မိုင်ရာပေါင်းများစွာကို လွှမ်းခြုံထားသည့် နှစ်ထပ်အတားအဆီးများ ဖွဲ့စည်းထားသောကြောင့်၊ ကောင်းကင်ဘုံကပ်ဘေးအရှိန်အဝါသည် အပြင်သို့ မထွက်ပေါ်ခဲ့ပေ။
ထို့ကြောင့်၊ ကျင့်ကြံသူအများအပြားသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ အာရုံမစိုက်မိကြပေ။
"အရမ်းထူးဆန်းတယ်… ကြယ်သုံးပွင့်ကျွန်းစုရဲ့ ရာသီဥတုက အခုတလော တော်တော်ကို ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်.. တိမ်တွေလည်း မဲနေတာပဲ.. တစ်ယောက်ယောက်များ ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နေတာ ဖြစ်နိုင်မလား…"
"ရယ်စရာမပြောစမ်းပါနဲ့ကွာ.. ဘယ်သူက ဒီမှာ ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်မှာလဲ.. စတုတ္ထအဆင့် ဝိညာဉ်ကြောမှ မရှိတာကို…"
"မင်းပြောတာလည်း ဟုတ်သား… ဒီကြယ်သုံးပွင့်ကျွန်းစုရဲ့ ရာသီဥတုက နဂိုတည်းကထူးခြားတယ်.. မကြာခဏဆိုသလို ပြင်းထန်တဲ့ မုန်တိုင်းတွေ ကျရောက်တတ်တယ်.. ငါထင်တာတော့ နောက်ထပ် မုန်တိုင်းတစ်ခု လာတော့မှာပဲ… အဲဒါက ဘာမှ ထူးဆန်းမနေပါဘူး…”
"အဲ့ဒီလိုဆိုရင်.. ငါတို့ လက်တလောအတွင်း ပင်လယ်ပြင်ကို မထွက်သင့်ဘူး… မုန်တိုင်းနဲ့တိုးရင်.. ငါတို့ ဘယ်လိုသေသွားလဲ ဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး.."
"ဒါပေမဲ့… ဒီအခြေအနေတွေက ဒဏ္ဍာရီလာ ကောင်းကင်ဘုံကပ်ဘေးနဲ့ တကယ်ကို တူနေတယ်.. လေထုက အရမ်းဖိနှိပ်ခံထားရသလိုပဲ…"
"မင်းပြောတာတော့ ဟုတ်ပါပြီ… ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းတဲ့ ကောင်းကင်ဘုံကပ်ဘေးကို မင်း တစ်ခါလောက်တောင် မြင်ဖူးလို့လား…"
"အဲ... မမြင်ဖူးပါဘူး… ဝိညာဉ်သန္ဓေသား ကောင်းကင်ဘုံကပ်ဘေးကို မြင်ရဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူး… ချန်လန်ပင်လယ် ဒေသတစ်ခုလုံးမှာရှိတဲ့ ရွှေအမြုတေကျင့်ကြံသူ အများအပြား မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်နိုင်ကြဘူး.. ငါ အဲ့ဒီလောက် ဘယ်ကံကောင်းပါ့မလဲ… ငါ ရှေးဟောင်းစာအုပ်တွေထဲက ဖော်ပြချက်တချို့ကိုပဲ ဖတ်ဖူးတာ…"
"တစ်ယောက်ယောက်က ကပ်ဘေးကို တကယ်ဖြတ်ကျော်နေတာဆိုရင် အရမ်းကောင်းမှာပဲ.. အဲ့ဒါက အင်မော်တယ်ရှားမြို့တော်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး မွေးဖွားလာမယ်လို့ ဆိုလိုတာပဲ… အဲ့ဒီအခါကျရင်.. ကြယ်သုံးပွင့်ကျွန်းစုက ဗဟိုချက်ဖြစ်လာလိမ့်မယ်.. ငါတို့ ကြီးပွားတိုးတက်လာလိမ့်မယ်…"
"အိပ်မက်မက်မနေစမ်းပါနဲ့ကွာ… ကြယ်သုံးပွင့်ကျွန်းစုကို ပြင်ပ ရွှေအမြုတေဂိုဏ်းသုံးခုက တည်ထောင်ခဲ့တာ.. သူတို့က အခု သမင်ကြီးကျွန်းမှာ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေကြတယ်… ဝိညာဉ်သန္ဓေသားအတွက် မျှော်လင့်ချက်အရှိဆုံးလူ ဒီမှာမရှိဘူး… ဘယ်လိုလုပ် တစ်ယောက်ယောက်က ဝိညာဉ်သန္ဓေသား ကောင်းကင်ဖြစ်ရပ်ကို အစပျိုးနိုင်မှာလဲ…"
"ကြယ်သုံးပွင့်ကျွန်းစုရဲ့ ခုတလောရာသီဥတုက ပုံမှန်မဟုတ်ဘူး… မုန်တိုင်း လာနိုင်တယ်… ပင်လယ်ပြင် မတော်တဆမှုတွေကို ရှောင်ရှားဖို့ ဒီရက်တွေမှာ ပင်လယ်ပြင်ကို စွတ်စပ်မထွက်ဘဲ အားလုံး သတိထားတာ ပိုကောင်းတယ်…"
ကျင့်ကြံသူများအားလုံး တတွတ်တွတ် ပြောဆိုနေကြလေသည်။
သူတို့သည် ပုံမှန်မဟုတ်သော ရာသီဥတုကို ထူးဆန်းသည်ဟု ယူဆကြသော်လည်း၊ ကောင်းကင်ဘုံကပ်ဘေးကြောင့် ဖြစ်သည်ဟု မည်သူမျှ မထင်မှတ်ကြပေ။
မည်သို့ပင်ဆိုစေကာမူ၊ အရာအားလုံးကို ဖုံးကွယ်ထားသော အစီအရင်ရှိနေသဖြင့် သူတို့သည် ပုံမှန်မဟုတ်သောအရာ မည်သည်ကိုမျှ မတွေ့ရှိနိုင်ကြပေ။
ပို၍ အရေးကြီးသည်မှာ၊ ဝိညာဉ်သန္ဓေသား ကောင်းကင်ဘုံကပ်ဘေးသည် အလွန် ရှားပါးလွန်းလှပြီး၊ မည်သူမျှ ယခင်က မမြင်ဖူးကြပေ။
လူအနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားရလျှင်ပင်၊ သက်သေအထောက်အထား မရှိဘဲ၊ သူတို့သည် အမှန်တရား၏တစ်ဝက်လောက်ကိုသာ အတည်ပြုနိုင်ပေမည်။
……
ဤအချိန်တွင်၊ အင်မော်တယ်ရှားတောင်ထွတ် အထက်ကောင်းကင်သည် ပိုမိုတိမ်ထူထပ်လာနေသည်။
ကောင်းကင်အထက်တွင်၊ ကြီးမားသော ကပ်ဘေးတိမ်တိုက်နှစ်ခု လည်ပတ်နေပြီး၊ လင်းယာကျူနှင့် ချူတျဲယီတို့၏ ခေါင်းအထက်အသီးသီးတွင် ပေါ်လာချေသည်။
ဤအခိုက်အတန့်တွင်၊ သူတို့သည်လည်း လိုဏ်ဂူနေအိမ်များမှ ထွက်လာကြပြီး တောင်ထွတ်နှစ်ခု၏ ထိပ်သို့ ရောက်ရှိနေကြသည်။
၎င်းသည် နောက်ဆုံး အတားအဆီး ဖြစ်၏။
သူတို့သာ ဤအတားအဆီးကို ကျော်ဖြတ်နိုင်ပါက၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ အမှန်တကယ် ဖြစ်လာကြပေလိမ့်မည်။
ဝုန်း…။
ချက်ချင်းဆိုသလိုပင်၊ ခရမ်းရောင်မိုးကြိုးများ ကောင်းကင်မှ ဆင်းသက်လာပြီး၊ လင်းယာကျူနှင့် ချူတျဲယီတို့ နှစ်ဦးစလုံးကို တပြိုင်နက်တည်းနီးပါး ရိုက်ခတ်လိုက်တော့သည်။
နှစ်ဦးစလုံးသည် အခြေခံအားဖြင့် ကောင်းကင်ဘုံကပ်ဘေးကို တပြိုင်နက်တည်း ကြုံတွေ့နေရခြင်း ဖြစ်သည်။
"ရွှေမိုးကြိုးဝါး…"
ဤအခိုက်အတန့်တွင် လင်းယာကျူသည် သူမ၏ ထိပ်တန်းရတနာ၊ ရွှေမိုးကြိုးဝါးကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤသည်မှာ ကောင်းကင်ဘုံကပ်ဘေးကို ခုခံရန်အတွက် အစွမ်းထက်သော ရတနာတစ်ခု ဖြစ်သည်။
ချင်မုဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံကပ်ဘေးကို ခုခံရန်နှင့် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန်အတွက် ရွှေမိုးကြိုးဝါးကို သန့်စင်လိုခဲ့သည်။
ဝမ်းနည်းစရာမှာ၊ သူမသည် ချင်မုအသက်ရှည်ပညာရပ်ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကို မဖြေရှင်းနိုင်ခဲ့ပေ။
သူမ ဝိညာဉ်သန္ဓေသားအဆင့်သို့ မတက်လှမ်းနိုင်မီ၊ သူမသည် သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားခဲ့ရသည်။
ဘန်း…။
ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားတစ်ခုက ရွှေမိုးကြိုးဝါးမှ ပေါက်ကွဲထွက်လာပြီး၊ ထိပ်တိုက် ဝင်ဆောင့်လိုက်ရာ ချက်ချင်းပင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
သူမ ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးကို ချက်ချင်းပင် ခုခံလိုက်သည်။
"မိစ္ဆာတိမ်တိုက်ယပ်တောင်…"
ချူတျဲယီသည်လည်း အားနည်းမှု မပြသခဲ့ပေ။
သူမသည် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာတစ်ခု ဖြစ်သော မိစ္ဆာတိမ်တိုက်ယပ်တောင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤသည်မှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က သူမအား ပေးသနားခဲ့သော အသက်ဆက်ဝိညာဉ်ရတနာ ဖြစ်သည်။
ဝိညာဉ်ရတနာဟု ခေါ်သောအရာများသည် အဆောင်အခြေခံရတနာများထက်ပင် ပိုမို အစွမ်းထက်သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးသာလျှင် ၎င်းတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။
(စကားချပ် - အဆောင်အခြေခံရတနာဆိုတာက အဆောင်လက်ဖွဲ့၊ မန္တန်စသဖြင့်နဲ့ စီရင်ဖန်တီးထားတဲ့ ရတနာကို ဆိုလိုတာပါ။)
ဤယပ်တောင်တွင် ရှုပ်ထွေးသော ရုန်းသင်္ကေတများ ရေးထိုးထားပြီး၊ နက်ရှိုင်းဆန်းကြယ်မှုမှာ ခန့်မှန်း၍ မရနိုင်ပေ။
သူမသည် ဤအလယ်အလတ်အဆင့် ဝိညာဉ်ရတနာကို လက်တွင်ကိုင်ထားပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
အုန်း…။
မိစ္ဆာတိမ်တိုက်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ဖြတ်သန်းတိုက်ခိုက်သွားကာ၊ ကောင်းကင်ဘုံကပ်ဘေးကို တုံ့ပြန်လိုက်တော့သည်။
ချက်ချင်းပင်၊ ထိုကောင်းကင်ဘုံကပ်ဘေးသည် မိစ္ဆာတိမ်တိုက်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး၊ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
ဤအရာသည် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာတစ်ခု၏ စွမ်းအားကို ပြသနေချေသည်။
အဘယ်ကြောင့်ဆိုသော်၊ များပြားလှသော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများအားလုံးတွင် ဝိညာဉ်ရတနာတစ်ခု ပိုင်ဆိုင်နိုင်သည် မဟုတ်သောကြောင့် ဖြစ်သည်။
အဆောင်အခြေခံရတနာများသည်သာ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများအတွက် စံနှုန်း ဖြစ်လေသည်။
သို့သော်၊ ပထမဆုံးသော ကောင်းကင်ဘုံကပ်ဘေးကို ခုခံပြီးနောက်၊ လင်းယာကျူနှင့် ချူတျဲယီတို့၏ မျက်နှာများတွင် ပျော်ရွှင်မှုမရှိပေ။ ထိုအစား၊ သူတို့၏ မျက်နှာအမူအရားများသည် အလွန်လေးနက်နေပြီး၊ လေးလံသောဖိအားကို ခံစားနေရတော့သည်။
အဘယ်ကြောင့်ဆိုသော်၊ ကောင်းကင်ဘုံကပ်ဘေးတစ်ခုတွင် မိုးကြိုးကပ်ဘေး (၈၁)ခု ပါဝင်ပြီး၊ တစ်ချက်ထက်တစ်ချက် ပိုမိုအားကောင်းလာသောကြောင့် ဖြစ်၏။
ဤအခက်အခဲကို ကျော်လွှားရန် သူတို့သည် မိုးကြိုးကပ်ဘေး (၈၁)ခုကို ခုခံရမည် ဖြစ်သည်။
ဤသည်မှာ ပထမဆုံးသော မိုးကြိုးကပ်ဘေးသာ ရှိသေးသော်လည်း၊ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်လေသည်။
ကျန်ရှိသော မိုးကြိုးကပ်ဘေး (၈၀)ကို သူတို့ တောင့်ခံနိုင်မည်မှာ မသေချာလှပေ။
သမိုင်းကြောင်းအရ၊ မိုးကြိုးကပ်ဘေး (၈၁)ခု၏ စွမ်းအားကို မခုခံနိုင်သောကြောင့်၊ မိုးကြိုးကပ်ဘေးအောက်တွင် ကျဆုံးသွားရသော ကျင့်ကြံသူများစွာ ရှိခဲ့သည်။ မှော်စွမ်းအား ကုန်ခမ်းသွားပြီး၊ အဆုံးသတ်တွင် မိုးကြိုးကပ်ဘေး၏ ရိုက်ခတ်မှုကြောင့် သေဆုံးရကာ ပြာဖြစ်သွားခဲ့ရလေသည်။
ဂျိန်း… ဂျလိန်း…။
ကောင်းကင်အထက်တွင်၊ ကပ်ဘေးတိမ်တိုက်များသည် ပိုမို ပြင်းထန်လာပြီး၊ ကြီးမားသော ကောင်းကင်ဘုံကပ်ဘေး ဝဲဂယက်များကို ဖွဲ့စည်းလိုက်တော့သည်။
အဝေးမှကြည့်လျှင်၊ ၎င်းသည် ကောင်းကင်ဘုံကပ်ဘေး မျက်လုံးတစ်လုံးနှင့် တူနေပြီး၊ မရေမတွက်နိုင်သော မိုးကြိုးကပ်ဘေးများအား ကပ်ဘေးတိမ်တိုက်များ အနက်ပိုင်းတွင် ထုတ်လုပ်နေကြသည်။
၎င်းတို့သည် လင်းယာကျူနှင့် ချူတျဲယီတို့၏ ချီအငွေ့အသက်ကို လုံးဝ အသေပစ်မှတ် ထားလိုက်တော့သည်။ မည်သည့်နေရာတွင် ပုန်းအောင်းသည်ဖြစ်စ၊ အချည်းနှီးသာ ဖြစ်ရပေလိမ့်မည်။
"မကြောက်နဲ့… ငါ့မှာ လျှို့ဝှက်ရတနာ တစ်ခုရှိတယ်…"
"ဒါကို မိုးကြိုးကွင်းတောင်ဝှေးလို့ ခေါ်တယ်…"
"ဒါက ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားကို လျှော့ချရာမှာ မင်းတို့ကို ကူညီပေးနိုင်တယ်.."
"မင်းတို့ လုပ်ရမှာက အခုကစပြီး၊ ကပ်ဘေးအပေါ်မှာပဲ အာရုံစိုက်ထားဖို့ပဲ…"
ဤအချိန်တွင်၊ ကျိုးစွေ့သည် လင်းယာကျူနှင့် ချူတျဲယီကို စိတ်ချလက်ချဖြစ်စေရန် နတ်ဘုရားအာရုံဖြင့် သတင်းပေးပို့လိုက်သည်။
လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး၊ သူသည် တောင်ဝှေးတစ်ချောင်းကို ချက်ချင်း ပစ်လိုက်ရာ၊ ၎င်းအပေါ်တွင် မိုးကြိုးပုံစံတစ်ခု ပေါ်လာသည်။
ဤမိုးကြိုးပုံစံကို ‘မိုးကြိုးကပ်ဘေးကူ'က ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။
'မိုးကြိုးကပ်ဘေးကူ’၏ ပုံစံမှန်ကို ရှာဖွေတွေ့ရှိခြင်းမှ တားဆီးရန်၊ သူသည် ၎င်းကို လျှို့ဝှက်ရတနာတစ်ခုအဖြစ် ဖုံးကွယ်ထားလိုက်သည်။
ဤနည်းဖြင့်၊ 'မိုးကြိုးကပ်ဘေးကူ'၏ လျှို့ဝှက်ချက်သည် ထုတ်ဖော်ခံရမည် မဟုတ်ပေ။
ဝှစ်…။
တစ်ခဏချင်းမှာပင်၊ တောင်ဝှေးသည် လေထဲသို့ ပျံတက်သွားပြီး၊ အဆုံးမရှိသော မိုးကြိုးရောင်ခြည်များဖြင့် လင်းထိန်သွားသည်။ ခရမ်းရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး၊ မိုးကြိုးနဂါးများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရချေသည်။
လင်းလက်နေသော ခရမ်းရောင်အလင်းတန်းများကြားတွင် 'မိုးကြိုးကပ်ဘေးကူ'သည် မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်မှ ကျဆင်းလာသော ကောင်းကင်ဘုံကပ်ဘေးကို ရက်စက်စွာ ကိုက်ခဲလိုက်သကဲ့သို့ ရှိနေသည်။
ခလွပ်ဟူသော အသံနှင့်အတူ၊ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားသည် ချက်ချင်းပင် ထက်ဝက်လျော့ကျသွားတော့သည်။
"ဘာရယ်..."
ဤအခိုက်အတန့်တွင်၊ လင်းယာကျူသည် ခင်ပွန်း၏ လျှို့ဝှက်ရတနာသည် အမှန်တကယ်ပင် မယုံနိုင်လောက်အောင် ကောင်းမွန်ပြီး၊ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားထက်ဝက်ကို အမှန်တကယ် လျှော့ချပေးနိုင်သည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်ဝမ်းသာသွားလေသည်။ ဤသည်မှာ ယုံကြည်နိုင်စရာ မရှိပေ။
ဤနည်းဖြင့်၊ ကပ်ဘေးကို အောင်မြင်စွာကျော်ဖြတ်နိုင်မည့် သူမ၏အခွင့်အလမ်းများသည် ၉၀%ကျော်အထိ မြင့်တက်သွားပြီ ဖြစ်သည်။
မှန်ပေသည်၊ လင်းယာကျူကို ကူညီပြီးနောက်၊ 'မိုးကြိုးကပ်ဘေးကူ'သည်လည်း လက်ခနဲ ဖြစ်သွားပြီး ချူတျဲယီကို သွားရောက် ကူညီကာ၊ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို လျှော့ချပေးလိုက်ပြန်သည်။
တစ်ခဏချင်းမှာပင်၊ ၎င်းသည် ကြီးကျယ်သော အားဆေးတစ်မျိုးကို သောက်သုံးလိုက်သကဲ့သို့ ထင်ရပြီး၊ ၎င်း၏ခန္ဓာကိုယ်သည် ကြီးမားသော မိုးကြိုးကပ်ဘေးစွမ်းအားဖြင့် ပြည့်နှက်သွားတော့သည်။
တဂျစ်ဂျစ်မြည်သံများ ပေါက်ကွဲထွက်နေကာ၊ ၎င်းခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ဆတိုးကိန်းဖြင့် တိုးပွားလာသည်။
၎င်းအတွက်မူ၊ ဤမိုးကြိုးကပ်ဘေးများသည် ရိုးရှင်းစွာပင် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအစာသာ ဖြစ်လေ၏။