← Chapters

နတ်ဆိုးကို နှိမ်နင်းပြီးပြည်နယ်သို့ ပြန်ခြင်း

Vol. 9 Ch. 87

နတ်ဆိုးကို နှိမ်နင်းပြီးပြည်နယ်သို့ ပြန်ခြင်း

Vol. 9 Ch. 87

နတ်ဆိုးဖမ်းစီးသူ အများအပြားသည် တပည့်များကို စစ်ဆေးနေသည်ကို ရပ်တန့်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် အလွန်သတိထားသောအမူအရာများ ပြည့်နှက်နေပေသည်။

ချန်ချမ်ခွင်းတစ်ယောက်သာ မတုန်မလှုပ် ရှိနေပြီး လေးလံသော သံလှံရှည်ကြီးကို ပေါ့ပေါ့ပါးပါးကိုင်လိုက်ပေသည်။

သူ မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ယင်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ခွာသွားပြီး လှံရှည်ကြီးကို ကိုင်လျက် ကောင်းကင်သို့ ပျံတက်သွားပေသည်။

ဤမျှအရှိန်အဝါရှိသော နတ်ဆိုးသခင်တစ်ပါးလောက်နှင့်တော့ သူ့ကို တုန်လှုပ်စေရန် မလုံလောက်ပေ။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင်...

လှံရှည်ကြီးသည် လေထဲတွင် ခေတ္တမျှရပ်တန့်သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားကာ ချန်ချမ်ခွင်း၏ လက်ထဲသို့ ပြန်လည် ကျရောက်သွားပေသည်။

စစ်သူကြီးအိုသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏တည်ငြိမ်သော အကြည့်ထဲတွင် ပုံမှန်မဟုတ်သော အရိပ်အယောင်များ ပါရှိနေပေသည်။

ထိုအရှိန်အဝါသည်... ပျောက်ကွယ်သွားပေပြီ။

သူ့ ယင်ဝိညာဉ်ကပင် ခြေရာခံ၍ မရပေ။

အမြုတေစုစည်းခြင်းအဆင့် အတွင်းတွင် ရှိပြီး ဤမျှ နီးကပ်သော အကွာအဝေးမှာ ရှိနေပါက နတ်ဆိုးတစ်ကောင်သည် ယင်ဝိညာဉ်၏အာရုံခံမှုကို ရှောင်တိမ်းနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

အရှိန်အဝါ ဖုံးကွယ်ခြင်း သို့မဟုတ် ကျန်းဟန်ကျိုးကဲ့သို့ လူသားပုံစံ ဖန်ဆင်းထားခြင်းကလည်း ဤအရာကို မလုပ်ဆောင်နိုင်ပေ။

အဆင့်နိမ့်ပုံသဏ္ဍာန်ပြောင်းလဲခြင်း နည်းပညာများ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

၎င်းသည် တစ်မုဟုတ်ချင်း မိုင်ထောင်ချီခရီးနှင်နိုင်သော နေရာရွှေ့ပြောင်းခြင်းနည်းပညာတစ်ခုခုနှင့် ပိုတူပြီး သူ့ကို ခြိမ်းခြောက်ရုံ သက်သက်သာ ဖြစ်ဟန်တူပေသည်။

အကယ်၍ ၎င်းသာ ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်များ ပိုင်ဆိုင်ထားပါက ယခုလေးတင် ပြသခဲ့သော အရှိန်အဝါသည် ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးမျှသာ ဖြစ်နိုင်ပေသည်။

ချန်ချမ်ခွင်း၏လက်သည် သံလှံရှည်ကြီးကို ဖြည်းညှင်းစွာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပေ၏။

အချိန်အတော်ကြာမှသာ နတ်ဆိုးဖမ်းစီးသူများကို လှည့်ကြည့်လိုက်ပေသည်။

နတ်ဆိုးဖမ်းစီးသူများ၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ရာကို ရိပ်မိလိုက်ဟန် တူပေသည်။

ချင်းဖုန်းတောင် တစ်ခုလုံးကို တစ်ဦးတည်း နှိမ်နင်းနိုင်ခဲ့သော စစ်သူကြီးအိုသည် အိုမင်းရင့်ရော်မှုကို ညည်းတွားနေသည့် အရိပ်အယောင် အနည်းငယ် ပြသလာပေသည်။

"ဒီစစ်သူကြီးအိုကို ဘယ်နတ်ဆိုးသခင်က လာကစားနေတာလဲ မသိဘူး။ သူက ကိုယ်ထင်မပြချင်မှတော့... ချင်းကျိုးရဲ့အထက်ရှဆုံး ဓားသွားကို သူ့ကို ပြလိုက်တာပေါ့"

"မင်းတို့အားလုံး ယွီရှန်းစီရင်စု ကို တစ်ခေါက်လောက် သွားပေးကြပါ"

"ကျန်းချီလန် ကို သွားခေါ်ပေးကြပါ"

ထိုစကားကို ကြားသောအခါ ဂိုဏ်းစောင့် အကြီးအကဲနှစ်ဦး အပါအဝင် ချင်းဖုန်းတောင် တပည့်များအားလုံး သူတို့၏လည်ပင်းကို အလိုအလျောက် စမ်းသပ်မိလိုက်ကြပေသည်။

ယွီရှန်းစီရင်စု၏မြို့ရိုးပေါ်တွင် ခေါင်းပေါင်း နှစ်သောင်းကျော်တို့သည် ယနေ့တိုင် စုပုံနေဆဲ ဖြစ်ပေသည်။

နတ်ဆိုးဖမ်းစီးသူများအားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပေ၏။

"စစ်သူကြီး၊ ယဉ်ကျေးနေစရာ မလိုပါဘူး။ ဘာအရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်"

နတ်ဆိုးရှာဖွေရာတွင် စစ်သူကြီးကျန်း၏နည်းလမ်းများသည် စစ်သူကြီးအိုချန်ထက် ပိုမို အစွမ်းထက်ချင်မှ ထက်ပေမည်။

အဘယ်ကြောင့်ဆိုသော် သူမနှင့် စစ်သူကြီးအို နှစ်ဦးစလုံးသည် အမြုတေစုစည်းခြင်းအဆင့် တွင် ရှိနေကြသောကြောင့် ဖြစ်ပေသည်။

သူမက ပိုမို စွမ်းအားကြီးမားသော်လည်း အမှန်တကယ် ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။

သူမသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများအားလုံးထဲတွင် သိုင်းဝိဇ္ဇာလမ်းစဉ်ကို မကျင့်ကြံဘဲ မူလသမားရိုးကျလမ်းစဉ် ကို ကျင့်ကြံသူ တစ်ဦးတည်းသော သူလည်း ဖြစ်ပေသည်။

သူမတွင် ယင်ဝိညာဉ် အပိုင်းနှင့် ပတ်သက်သော စွမ်းရည်များပင် မရှိပေ။

သို့သော် သူမ ယွီရှန်းမြို့တံခါးဝမှ ထွက်ခွာလိုက်သည်နှင့် အများဆုံး ရက်ဝက်အတွင်း လင်းကျန်းစီရင်စု တစ်ခုလုံးရှိ နာမည်ကျော် နတ်ဆိုးသခင်တိုင်း သတင်းရရှိသွားမည် ဖြစ်ပြီး သူတို့၏ဂူအောင်းရာ နေရာများသို့ ငြိမ်းချမ်းစွာ ပြန်လည် ဆုတ်ခွာသွားကြပြီး ကျင့်ကြံခြင်းကိုသာ ပြုလုပ်ကြတော့မည် ဖြစ်ပေသည်။

ချင်းကျိုး၏ပထမဓား၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ၁၂ ဦး၏ခေါင်းဆောင်၊ နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် မိသားစုကြီး ၄ ခု၊ ဂိုဏ်းကြီး ၅ ခုကို ထည့်သွင်းတွက်ချက်လျှင်ပင် သူမကို ကျော်လွန်နိုင်သူမှာ သူမ၏ဆရာဖြစ်သော စစ်သေနာပတိချုပ် တစ်ဦးတည်းသာ ရှိပေသည်။

"ဒီစစ်သူကြီးမှာ လုပ်စရာ အရေးကြီးတာတွေ ရှိသေးတယ်၊ဒါကြောင့် ကြာကြာ မနေတော့ဘူး"

ချန်ချန်ကွန်း ခေါင်းခါလိုက်ပြီး လက်အနည်းငယ် ဝှေ့ယမ်းလိုက်ပေ၏။

သူ၏ကြက်သွေးရောင် မြင်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရောက်ရှိလာပြီး နှာမှုတ်သံ ပျော့ပျော့လေး ပြုလုပ်လိုက်ပေသည်။

ထို့နောက် ၎င်းသည် စစ်သူကြီးအိုကို တင်ဆောင်ကာ ချင်းဖုန်းတောင်၏တောင်စောင်းသို့ ခေါ်ဆောင်သွားပြီး ခြေလေးချောင်းဖြင့် ဖြည်းညှင်းစွာ နင်းလျှောက်ကာ ဓားမြင်ကွင်းကမ်းပါး၏ မြင့်မားသောနေရာသို့ ရောက်ရှိသွားပေသည်။

စစ်သူကြီးအိုသည် အောက်ဘက်ရှိ ထူထပ်သော တောအုပ်ကြီးဆီသို့ အကြည့်ပို့လိုက်ရာ အနည်းငယ် ရယ်ချင်စရာ ကောင်းနေပေသည်။

နတ်ဆိုးဖမ်းစီးသူများ ပြန်သယ်လာသော သတင်းစကားထဲတွင် ရွှေယွင်ရွာသားများ၏ ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်များအရ အနက်ရောင် ဝတ်ဆင်ထားပြီး ခါးတွင် အနက်ရောင်ဓား ချိတ်ဆွဲထားကာ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော ကြမ်းကြုတ်သည့် မြစ်စောင့်နတ်ဘုရား တစ်ပါးအဖြစ် ပုံဖော်ထားပေသည်။

အမှန်တကယ် တွေ့ဆုံရသောအခါတွင်မူ သူသည် တည်ငြိမ်အေးဆေးသော လူငယ်တစ်ယောက် ဖြစ်နေပေသည်။

သူ တစ်ညလုံး စောင့်ဆိုင်းခဲ့သော်လည်း တစ်ဖက်လူ လာရောက် ဂါရဝပြုသည်ကို မတွေ့ရပေ။

သူသည် သတိကြီးမားသည်၊ ပြတ်သားသည်၊ သေသည်အထိ တိုက်ခိုက်ရဲသော သတ္တိရှိသည်။

နတ်ဆိုးအမြုတေကို ယူဆောင်သွားစဉ်က သူ၏ ဆုံးဖြတ်ချက် ခိုင်မာပုံမှာ သူကဲ့သို့ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တစ်ဦးတောင်မှ သူ့ပစ္စည်းကို လာမလုနဲ့ဟု ပြောနေသကဲ့သို့ ရှိပေသည်။

သို့သော် သူသည် ဤအရာကို အသုံးပြုပြီး ပိုမိုကြီးမားသော ကုသိုလ်ရမှတ်များကို တောင်းဆိုခြင်း မရှိခဲ့ပေ။

အစမှ အဆုံးထိ သူသည် ချဉ်းကပ်ရန်ပင် ဆန္ဒမရှိဘဲ မြှောက်ပင့်ခြင်း၊ အောင်မြင်မှု ရှာဖွေခြင်းများကို ဝေးဝေးက ရှောင်ရှားခဲ့ပေသည်။

"သူက ကျောင်းနဂါးကို သတ်ဖြတ်တဲ့ ကုသိုလ်ရမှတ်ကို ဂရုမစိုက်ဘူးလား။ ဒီစစ်သူကြီးအိုက ဘာပဲဖြစ်ဖြစ် သူ့ကို ပေးမှာပါ"

လူငယ်လေး တဲထဲမှ ထွက်လာသည်ကို ကြည့်ရင်း စစ်သူကြီးအို၏နှုတ်ခမ်းများ ရှားရှားပါးပါး ပြုံးယောင်သန်းသွားပေသည်။

နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ကြည့်ပြီးရင် ချင်းဖုန်းတောင်ရဲ့ဓားရေကန်ကို သူ့ဆီ လွှဲပေးလိုက်တာလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနတွင် ပါရမီရှင်များ မရှားပါးသော်လည်း သေရေးရှင်ရေး အခြေအနေများကို ဖြတ်သန်းခဲ့ဖူးသော ပါရမီရှင်များ ရှားပါးလှပေသည်။

အရွယ်မတိုင်မီ သေဆုံးသွားနိုင်သည့် အန္တရာယ် ရှိသော်လည်း ထိုကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်များကို မကြုံတွေ့ဖူးဘဲ သန်းပေါင်းများစွာသော ပြည်သူများကို မည်သို့ ကာကွယ်နိုင်မည်နည်း။

အသက်ရှင်ကျန်ရစ်ခဲ့သောပျိုးပင်လေးများသာလျှင် သန်စွမ်းသောအပင်ပေါက်များ ဖြစ်ပေသည်။

"ဒီစစ်သူကြီးအို ဘေးမှာ နေရတာ လုံခြုံပေမဲ့ နှမြောစရာတော့ ကောင်းသား"

ကုသိုလ်ရမှတ်ရရှိပြီးပြီမို့လို့ သူ့ကို ခမ်းခမ်းနားနား ဂုဏ်ပြုသင့်ပေသည်။

ထိုသို့ တွေးမိပြီး သူ ပေါ့ပါးစွာ ပြောလိုက်ပေသည်။

"နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးတော်ကို မပြန်ခင် မင်း အောက်ဆင်းလာရဲရင် မင်းခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်"

ပေါ့ပါးသော စကားသံများသည် ကမ်းပါးယံအောက်ရှိ လူနှစ်ဦး၏နားထဲသို့ ရောက်ရှိသွားပေသည်။

မြင်းကို ဆွဲထားသော ဟုန်လေ့သည် ထိတ်လန့်တကြား မော့ကြည့်လိုက်ပေသည်။

ချန်ချမ်ခွင်း၏ရင်းနှီးသော ပုံရိပ်ကို မြင်လိုက်ရသောအခါ သူ ရှန်းယီကို အလျင်အမြန် တွန်းလိုက်ပေသည်။

"ငါ မင်းကို ပြောသားပဲ၊ ဒီမြင်းကို စစ်သူကြီးက မင်းကို ပေးသနားထားတာ၊ ဒါကြောင့် ဒု-စစ်သူကြီးက ဦးဆောင်ရမယ်လို့လေ။ ဘာတွေ အချိန်ဆွဲနေတာလဲ"

ရှန်းယီလည်း ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရပေသည်။

ဤလွတ်လပ်ပေါ့ပါးသော အမူအရာသည် သူ့စိတ်နှလုံးကို အားကျစိတ်အနည်းငယ်ဖြင့် လှုပ်ရှားသွားစေပေသည်။

"..."

ကံကောင်းသည်မှာ ယခု သူ၌လည်း အခြေခံအုတ်မြစ် အချို့ ရှိနေပြီ ဖြစ်ပေသည်။

သူ့ ချီပင်လယ်ထဲတွင် အရည်ပျော်နေသော နေမင်းရတနာမီးပြင်းဖိုကြီးဖြင့် ပြန်လည် ဖိနှိပ်ထားသော အပြင်ဘက် အမြုတေကို ခံစားရင်း...ရှန်းယီ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး နတ်ဆိုးမြင်းပေါ်သို့ တက်လိုက်ပေသည်။

ရွှေလင်းယုန်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်က ဦးဆောင်ပြီး အပြင်ဘက်စခန်းမှ ဒု-စစ်သူကြီး ဒါဇင်ပေါင်းများစွာ ဝန်းရံလျက် လိုက်ပါလာကြပေသည်။

ဟုန်လေ့က နတ်ဆိုးမြင်းကို တည်ငြိမ်စွာ ဆွဲရင်း အသံပို့ကာပြောလိုက်ပေသည်။

"စစ်သူကြီးအိုက အရမ်း စဉ်းစားပေးတတ်တာပဲ။ မင်းကို ယန်ချွန်းမြစ် ရေနေသတ္တဝါတွေက ပစ်မှတ်ထားမှာ စိုးရိမ်နေတာ။ကျောင်းနဂါးကို သတ်လိုက်တဲ့ကိစ္စကို ဒီဒု-စစ်သူကြီးအဖွဲ့ကလွဲရင် ဘယ်သူမှ မသိကြဘူး"

"ဒါပေမဲ့ ကျောက်ခန်းလင်က ငါတို့ရှေ့တင် သေသွားတာ၊ ပြီးတော့ သူတစ်ယောက်တည်း သေသွားတာ... ကျောက်မိသားစုကတော့ ငါတို့အပေါ် မကျေမနပ် ဖြစ်ပြီး တစ်မျိုးမျိုး ထင်ကြေးပေးကြမှာပဲ။ ဟိုအဘိုးကြီးတွေက မင်းကို မထိရဲပေမဲ့ ကြိုတင်ပြီး အင်အားပြထားလိုက်ရင် ပြဿနာ အများကြီး သက်သာသွားလိမ့်မယ်"

ချင်ကျိုးမြို့။

နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးတော်၏စီမံခန့်ခွဲမှုအောက်တွင် ရှိသဖြင့် ဤနေရာတွင် ကြီးမားသော ဖြစ်ရပ်များ ဖြစ်ပွားခဲပေသည်။

ဓားသမားတစ်ယောက်ရဲ့ဇနီး ပြန်ပေးဆွဲခံရတာမျိုး၊ ဒါမှမဟုတ် ပင်းရှားတောင်ကြားမှ သူခိုးများက မင်းသားဆီမှ ဝိုင်အိုးတွေ ခိုးသောက်တာမျိုးလောက်သာ ရှိတတ်ပေသည်။

သတင်းပို့သော တပ်မှူးများ တစ်ယောက်ပြီး တစ်ယောက် ဒုန်းစိုင်း ဝင်ရောက်လာသည်နှင့်အမျှ လူတိုင်းကို စိတ်လှုပ်ရှားသွားစေနိုင်လောက်သော ကြီးမားသည့် သတင်းတစ်ခုသည် ဖုံးကွယ်၍ မရနိုင်လောက်အောင် ဈေးထဲတွင် ပျံ့နှံ့သွားလေတော့သည်။

ချင်းဖုန်းတောင် ပျောက်ကွယ်သွားပြီဆိုတာပင်။

ယွီရှန်းစီရင်စုမှ သွေးထွက်သံယို ဖြစ်ရပ်နှင့် မတူဘဲ လင်းကျန်းစီရင်စု စစ်သူကြီး၏လက်အောက်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ကြီးမားသော ဂိုဏ်းကြီးတစ်ခုသည် လေထဲတွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ပုံပြင်ပြောသူသည် သူ၏သစ်သားတုံးလေးကို ကိုင်လျက် လက်ဖက်ရည်ဆိုင်ထဲတွင် ဘာလုပ်ရမှန်းမသိ ရပ်နေပေသည်။

သူသည် ဆယ်စုနှစ်များစွာကြာအောင် သူရဲကောင်းဆန်မှုများ၊ နူးညံ့သိမ်မွေ့မှုများနှင့် နတ်ဆိုးသတ်သော ဓားသမားများအကြောင်း ပုံပြင်များ ပြောပြခဲ့ဖူးသော်လည်း တစ်ညတည်းဖြင့် ထိုအရာများအားလုံးသည် အစစ်အမှန် ဒဏ္ဍာရီများဖြစ်သွားခဲ့ရပေသည်။

"ငါ..."

သူ့ နှုတ်ခမ်းခြောက်များ လှုပ်ရှားသွားပြီး စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပေသည်။

သူ အလွတ်ရနေသော ပုံပြင်များကို ထပ်ပြောရန် ခက်ခဲနေသဖြင့် အသစ်အဆန်းများကို ရှာဖွေရန် ခေါင်းစားနေရပေသည်။

"ဒီနေ့ အားလုံးအတွက် ပုံပြင်တစ်ပုဒ် ပြောပြပါမယ်... အမ်... ရွှေယွင်ရွာက မြစ်စောင့်နတ်ဘုရားအကြောင်းပေါ့။ သူက မသေမျိုးဓားကို ကိုင်စွဲပြီး နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မြစ်ငါးနတ်ဆိုးကြီးကို ဒေါသတကြီး သတ်ဖြတ်ခဲ့တဲ့ အကြောင်းပါ"

ပုံပြင်ပြောသူသည် ချွေးများကို သုတ်လိုက်ပြီး သစ်သားတုံးလေးကို အလေးအနက် ခေါက်လိုက်ပေသည်။

"ဒီမင်းဆက်မှာ ကျားသစ်ခေါင်း၊ မျက်လုံးပြုးပြုးနဲ့ ရွှေချည်ထိုးတိမ်တိုက်ပုံစံဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ဗလတောင့်တောင့် လူတစ်ယောက် ရှိတယ်လို့ ဆိုကြတယ်။သူက တောင်တွေ မြစ်တွေကို ခွဲနိုင်တဲ့ အနက်ရောင်ဓားကို ကိုင်ဆောင်ထားပြီး ပုစွန်စစ်သည်တွေ၊ ဂဏန်းဗိုလ်ချုပ်တွေ ထောင်ပေါင်းများစွာရဲ့အရှေ့ကနေ မြစ်လှိုင်းလုံးတွေပေါ် နင်းလျှောက်လာတာက တကယ့်ကို ခမ်းနားထည်ဝါလွန်းပါတယ်"

"ဟို မြစ်နတ်ဆိုးကြီးကတော့ ကြမ်းကြုတ်တဲ့ မျက်နှာ၊ခေါင်းကြီးကြီး၊ နားရွက်ကားကားနဲ့ မာန်မာန ထောင်လွှားနေတဲ့ ပုံစံပေါ့။ သူက ဘယ်သူလဲကွလို့ ဟိန်းဟောက် မေးလိုက်တယ်"

"ဗလတောင့်တောင့်လူကြီးက အေးစက်စက် ရယ်မောလိုက်ပြီး လိပ်ဝန်ကြီးချုပ်က လက်အုပ်ချီလျက် ဒါက ကမ္ဘာမြေပေါ် ဆင်းသက်လာတဲ့ ကောင်းကင်ကြယ်တစ်ပွင့်၊ စန်းကျန်းမြစ်စောင့်နတ်ဘုရားပါလို့ ပြောလိုက်တာနဲ့... သူ့ရဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် မြစ်နတ်ဆိုးကြီးဟာ ကြောက်လန့်ပြီး နောက်ဆုတ်သွားရတယ်။ ဝက်ရူးပြန်သလိုတုန်ရီနေပြီး သူ့ရဲ့ဟွာလေးတောင် ပဲစေ့လောက် ကျုံ့သွားသတဲ့ဗျာ..."(မျက်လုံးပြောတာပါ)

"ဖူး..."

ပုံပြင်ပြောသူသည် လက်ထဲသို့ တံတွေးထွေးလိုက်ပြီး အသံမြင့်ကာစူးရှစွာဖြင့် "မသေမျိုးဓားကြီး ခုတ်ချလိုက်တာ မြစ်နတ်ဆိုးကြီး တစ်စစီ ဖြစ်သွားတော့တာပဲ"

အောက်ဘက်တွင် ပတ်တီးများ စည်းထားသော လူငယ်လေးသည် မျက်လုံးများကို မှိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်မိပေသည်။

"မဖြစ်ဘူး၊ ငါ နားထောင်ရတာ နည်းနည်းတောင် ရှက်လာပြီ"

ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော အမျိုးသမီးသည် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး စိတ်မသက်မသာ ခံစားနေရပေသည်။

"ပြည်သူတွေက ပုံကြီးချဲ့ထားတဲ့ ဇာတ်လမ်းတွေကိုပဲ ကြားချင်ကြတာ"

လီရှင်းဟန်သည် ပုံပြင်ပြောသူကို လှည့်ကြည့်လိုက်ပေသည်။

"သူ ကျောက်စိမ်းအဆင့် ရောက်ဖို့ ဘယ်လောက် လိုသေးလဲ မသိဘူး။ နီးစပ်နေလောက်ပြီ ထင်တယ်။သူကလည်း ပါရမီရှင်တစ်ယောက်ပဲ၊ ဒါပေမဲ့ ဘိုင်ယွင်မြို့လေးမှာ ပိတ်မိနေပြီး အချိန်တွေ အများကြီး ဖြုန်းခဲ့ရတာ"

"သြော်... ဟုတ်သားပဲ"

သူ တစ်ခုခုကို သတိရသွားပေသည်။ "စောစောက ကျွန်တော့ကို အပြင်ခေါ်ထုတ်ပေးဖို့ ပြောတုန်းက အမဘာလို့ ဒီလောက် စောစောပြန်လာခဲ့တာလဲ ဆိုတာ မေးဖို့ မေ့သွားတယ်။ ရှန်းယီရော ဘယ်မှာလဲ"

လီမူကျင်းသည် လက်ဖက်ရည်ခွက်ထဲတွင် ပေါလောပေါ်နေသော လက်ဖက်ရွက်များကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပေသည်။

သူမ ဘာကြောင့် ဤမျှအလျင်စလို ပြန်လာခဲ့ရသလဲ ဆိုတာ သူမကိုယ်တိုင်လည်း မသိပေ။

ထိုမြို့လေးတွင် နှစ်ရက်လောက်သာ နေခဲ့ရပြီး ပြန်လာချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် မြင်းစီးပြီး ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။

ချင်းဖုန်းတောင်က တပ်မှူးတွေကို စေလွှတ်ဖို့ လိုအပ်နေသေးရင် ဘယ်လိုလုပ်မလဲ။သူမ ရွေးချယ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ... ဘာလို့ ရုတ်တရက် သူတို့က ဘယ်သူ့ကိုမှ မလိုတော့တာလဲ။

ကနဦးနယ်ပယ် အထွတ်အထိပ် ရောက်နေတဲ့ သိုင်းပညာရှင်တစ်ယောက်က ချင်းဖုန်းတောင်မှာ ဘာများ လုပ်ပေးနိုင်မှာမို့လို့လဲ။

သူမ၏အတွေးများ ရှုပ်ထွေးနေစဉ် လီရှင်းဟန်သည် ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ညီမကို စူးစိုက်ကြည့်လိုက်ပေသည်။

သူ့မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေပြီး မယုံကြည်နိုင်စွာ ပြောလိုက်ပေသည်။

"အမ သူ့ကို လွှတ်ပေးလိုက်တယ်ပေါ့..ဟမ်"

စွပ်စွဲခံလိုက်ရသော်လည်း ရှားရှားပါးပါးပင် လီမူကျင်းသည် ပြန်လည် ခြေပခြင်းမပြုဘဲ ရုတ်တရက် မတ်တပ်ရပ်လိုက်ပေသည်။

တံခါးအပြင်ဘက်တွင် ဈေးသည်တစ်ဦး၏ အော်သံကို ကြားလိုက်ရပေသည်။

"သူတို့ ပြန်လာကြပြီ နတ်ဆိုးနှိမ်နင်းရေး တပ်မှူးတွေ ပြန်လာကြပြီဟေ့"

All Chapters