← Chapters

ကြိုဆိုခြင်း

Vol. 9 Ch. 88

ကြိုဆိုခြင်း

Vol. 9 Ch. 88

ချင်ကျိုးမြို့...

ခမ်းနားထည်ဝါသော မြို့တံခါးဝတွင် စစ်သည်နှစ်တန်းသည် မတ်မတ်ရပ်ကာ လှံရှည်များကို ကိုင်စွဲထားကြပေသည်။

အဝေးသို့ လှမ်းကြည့်လိုက်သောအခါ မင်ရောင်ဝတ်ရုံဝတ်ဆင်ထားသော မြင်းစီးသမား ရာပေါင်းများစွာသည် မြို့တံခါးပြင်ပရှိ ကျယ်ဝန်းပြန့်ပြူးသော လမ်းမကြီးအတိုင်း ဒုန်းစိုင်းနှင်လာကြရာ ထူထပ်သော မိုးတိမ်မည်းကြီးတစ်ခု ရွေ့လျားလာသကဲ့သို့ ဖြစ်နေပြီး မြင်းခွာသံများ ဆူညံနေပေသည်။

ချင်ကျိုးမြို့မှ ပြည်သူများသည် လောကအကြောင်း နားလည်သူများ ဖြစ်ကြသော်လည်း နတ်ဆိုးနှိမ်နင်းရေးဌာန၏ဤမျှ ခမ်းနားသော မြင်ကွန်းကို မြင်တွေ့ရခဲပေသည်။

"ဒီလောက်တောင် များတာလား"

သူတို့သည် မျက်လုံးများ ပြူးကျယ်လျက် လမ်းမကြီးပေါ်တွင် ပြည့်ကျပ်စွာ စောင့်ကြည့်နေကြပေသည်။

"ဟွန့်... ဒါ ဘာဟုတ်သေးလို့လဲ။ အဓိက အင်အားစုတွေက နောက်မှာ ကျန်နေသေးတယ်၊ အစောင့်အကြပ် တာဝန်ယူထားရလို့လေ"

သာမန် မိသားစုငယ်လေးတစ်ခုမှ သခင်လေးတစ်ယောက်က လက်ပိုက်လျက် ပြောလိုက်ပေသည်။

သူသည် အခြားသူများ၏အတွေ့အကြုံ မရှိမှုကို လှောင်ပြောင်လိုက်ခြင်း ဖြစ်ပေသည်။

ပထမတန်းစား အင်အားစုများနှင့် ယှဉ်လျှင် သူတို့၏အလယ်အလတ် အဆင့်အတန်းကြောင့် နောင်တစ်ချိန်တွင် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ရဖွယ် ရှိပေသည်။

သူတို့သည် ချင်းဖုန်းတောင် ပျက်စီးသွားမှုအတွက် မည်သည့် ကိုယ်ချင်းစာစိတ်မှ မရှိကြပေ။

သူတို့အတွက်မူ ပထမတန်းစား အင်အားစုများနှင့် နတ်ဆိုးနှိမ်နင်းရေးဌာန နှစ်ခုစလုံးသည် လက်လှမ်းမမီနိုင်သော အရာများ ဖြစ်ပေသည်။

လီမောင်နှမ နှစ်ယောက်သည် လူအုပ်ကြားတွင် ရပ်နေကြပြီး မနှစ်မြို့သော မျက်နှာထားများ ဖြစ်နေကြပေ၏။

လီရှင်းဟန်သည် သူ ဒဏ်ရာရနေသော ရက်အနည်းငယ်အတွင်း သူ့အစ်မက ရှန်းယီကို ချင်းဖုန်းတောင်သို့ စေလွှတ်လိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုနေရာသည် ဒု-စစ်သူကြီးများပင် အထိအခိုက်မရှိ ပြန်လာမည်ဟု အာမမခံနိုင်သော နေရာဖြစ်ရာ ရှန်းယီဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ရှန်းယီသည် ကျောက်စိမ်းအဆင့် အထွတ်အထိပ်အဆင့် ရှိသော မြစ်နတ်ဆိုးကို သတ်ဖြတ်ခဲ့ဖူးကြောင်း သူ သိထားပေသည်။

ထိုအချိန်က မြစ်နတ်ဆိုးသည် အခြေအနေ အလွန်ဆိုးရွားနေသော်လည်း သူဆိုလျှင် ပြီးဆုံးအောင် သတ်ဖြတ်နိုင်မည် မဟုတ်သဖြင့် ရှန်းယီကို လေးစားခဲ့ပေသည်။

သို့သော် ရှန်းယီသည် ပြန်ရောက်ပြီးနောက် ဆုကြေးအဖြစ် လေပြင်းလျှပ်စီး နေမင်းရတနာ ကျမ်း ကို ယူခဲ့ကြောင်းလည်း သူ ကြားသိထားပေသည်။

အကယ်၍ ချင်းဖုန်းတောင်ရှင်းလင်းခြင်း တိုက်ပွဲသာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက သတ်ဖြတ်ခြင်း နည်းစနစ်အချို့သာ တတ်မြောက်ထားသော ကနဦးအဆင့် သိုင်းသမားတစ်ယောက်သည် ကျင့်ကြံမှုအဆင့်မြင့်သူများထက် အသက်ရှင်နိုင်ခြေ ပိုနည်းပါးပေမည်။

ထိုကဲ့သို့သော သွေးချောင်းစီး တိုက်ပွဲမြေပြင်တွင် ထက်မြက်သော လက်နက်များ ရှိခြင်းထက် ခံနိုင်ရည်ရှိခြင်း၊ မြန်ဆန်ခြင်း၊ အားအင် ကြာရှည်ခံခြင်းနှင့် အတွင်းအား သိုလှောင်မှု များပြားခြင်းတို့က ပိုမို အရေးပါပေသည်။

"..."

လီမူကျင်းသည် ထိုညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြခြင်း မရှိပေ။

သူမသည် မြို့တံခါးကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေပေ၏။

လက်အင်္ကျီလက်အောက်တွင် ဖုံးကွယ်ထားသော သူမ၏လက်သည် အနည်းငယ်တင်းကျပ်သွားပေသည်။

ပထမဆုံး ပြန်ရောက်လာမည့်သူများမှာ ယာယီဆင့်ခေါ်ခံရသော တပ်မှူးများနှင့် ဒု-စစ်သူကြီးများ ဖြစ်ဖို့များပေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် နောက်ဆက်တွဲ ကိစ္စရပ်များအတွက် တာဝန်ယူရန် မလိုသောကြောင့် ဖြစ်ပေသည်။

အကယ်၍ ရှန်းယီသာ အသက်ရှင်နေသေးလျှင် သူသည် ထိုအထဲတွင် ပါဝင်လာဖို့ အများဆုံး ဖြစ်နိုင်ပေသည်။

လီမူကျင်း ကိုယ်တိုင်ပင် သူမ ဘာကို မျှော်လင့်နေမှန်း မသိပေ။

ဒဏ်ရာပြင်းထန်စွာ ရထားသော ရှန်းယီကိုလား။

သူ့ရွေးချယ်မှုက သိပ်ကို မိုက်မဲလွန်းတယ် ဆိုတာကို သက်သေပြချင်တာလား။စာရွက်စာတမ်းကို ပြန်တွန်းပေးလိုက်တဲ့ သူ့လုပ်ရပ်က သိပ်ကို မဆင်ခြင်ရာ ကျလွန်းတယ် ဆိုတာကိုလား။

သူမ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်မိပေသည်။ သူ ဘေးကင်းစွာ ပြန်ရောက်လာတာက ပိုကောင်းပါလိမ့်မည်။

သူမ၏အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူးတရားနှင့် ယှဉ်လျှင် တစ်ခဏတာ ဒေါသထွက်မှုက ဘာမှ မဟုတ်ပေ။

သို့သော် ဖြစ်နိုင်ခြေက နည်းပါးလွန်းလှပေသည်။

ချင်းဖုန်းတောင်ပင် ပျောက်ကွယ်သွားပြီဆိုလျှင် ထိုနေရာမှ အခြေအနေ မည်မျှ ဆိုးရွားခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

အတင်းအကျပ် ဆင့်ခေါ်ခံရသော တပ်မှူးအဆင့် နှစ်ရှိသူ တစ်ယောက်သည် ဂိုဏ်းသားများ၏ အင်အားကို လျှော့ချရန်အတွက် ရှေ့တန်းသို့ အပို့ခံရဖို့ အများဆုံး ဖြစ်ပေသည်။

"ဝေါ..."

ဇက်ကြိုးများကို ပြိုင်တူ ဆွဲလိုက်မှုနှင့်အတူ နတ်ဆိုးမြင်း ရာပေါင်းများစွာသည် တစ်ပြိုင်နက် ရပ်တန့်သွားကြပေသည်။

မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်များသည် ဆက်တိုက်ဆိုသလို မြင်းပေါ်မှ ဆင်းလာကြပေ၏။

ဤအရာက နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ကိုယ်တိုင် ချမှတ်ထားသော စည်းကမ်း ဖြစ်ပေသည်။

အရေးကြီးကိစ္စ မရှိဘဲ တပ်မှူးများနှင့် ဒု-စစ်သူကြီးများသည် ချင်ကျိုးမြို့တွင်း၌ မြင်းစီးခွင့် မရှိပေ။

စည်းကမ်း ဖောက်ဖျက်သူများကို ဒဏ်ရိုက်ခြင်းနှင့် ကြာပွတ်ဖြင့်ရိုက်ခြင်းများ ပြစ်ဒဏ်ပေးခံရမည် ဖြစ်ပေသည်။

ပြည်သူများသည် မြို့တံခါးဆီသို့ တိုးဝှေ့လာကြပြီး မိသားစုကြီးများနှင့် ဂိုဏ်းသားများပင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေကြပေသည်။

"စစ်သူကြီးချန်ကို တွေ့ရမလား"

"ဟိုမှာ စစ်သူကြီး ချန်ချမ်ခွင်း"

တစ်စုံတစ်ယောက်က အပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပေသည်။

သူ့အော်သံကြောင့် မရေမတွက်နိုင်သော အကြည့်များသည် သူ ညွှန်ပြရာဘက်သို့ လှိုင်းလုံးကြီးများသဖွယ် စုဆုံသွားကြပေသည်။

မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ ရာပေါင်းများစွာ မြင်းပေါ်မှ ဆင်းလိုက်ကြချိန်တွင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ထင်ရှားပေါ်လွင်လာပေသည်။

ရွှေလင်းယုန်တပ်ဖွဲ့ဝင်တစ်စုသည် အေးစက်သော မျက်လုံးများဖြင့် မြို့ထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာကြပြီး လမ်းဖယ်ပေးရန် အလျင်အမြန် ရှင်းလင်းလိုက်ကြပေသည်။

ကြီးမားသောဝတ်ရုံများနှင့် ဒု-စစ်သူကြီး အများအပြားသည် နတ်ဆိုးမြင်းတစ်ကောင်ကို ဝန်းရံထားကြပေ၏။

မြင့်မားပြီးသန်မာထွားကြိုင်းသော နတ်ဆိုးမြင်း၏ ကျောပေါ်တွင် ချောမောခန့်ညားသော လူငယ်တစ်ဦးသည် ဇက်ကြိုးကို ကိုင်ထားပေသည်။

သူ၏မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်သည် သွယ်လျသော်လည်း ဖြောင့်မတ်နေပြီး အဝတ်အစားများ လွင့်ပျံနေပေသည်။

ဖြူဖျော့သော မျက်နှာ၊ ကြည်လင်ပြတ်သားသော မျက်ဝန်း၊မြင့်မားသော နှာတံနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့နှင့်အတူ ခါးတွင် ချိတ်ဆွဲထားသော အနက်ရောင်ဓားတို့ ပေါင်းစပ်လိုက်သောအခါ သူသည် အနည်းငယ် တင်းမာခက်ထန်သော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။

မြင်းခွာသံများ ဆူညံနေချိန်တွင် ရွှေလင်းယုန်တပ်ဖွဲ့ဝင်များ မစောင့်ကြပ်လျှင်ပင် ကြည့်ရှုသူများသည် အလိုအလျောက် ခြေလှမ်အနည်းငယ် နောက်ဆုတ်မိကြပေသည်။

"သောက်ကျိုးနည်း... စစ်သူကြီးချန်က ဒီလောက် ချော... အဲလေ... ငယ်တာလား"

လူငယ်များသည် အနည်းငယ် စိတ်ပျက်သွားကြပြီး ခုနက အော်ဟစ်လိုက်သူကို တွန်းထုတ်လိုက်ကြပေသည်။

မိန်းမပျိုလေးများကမူ ထိုမျက်နှာကို စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။ စစ်သူကြီးချန် မဟုတ်လျှင်လည်း ကိစ္စမရှိသည့်ပုံပင်။

တပ်မှူးများက လမ်းရှင်းပေးပြီး ဒု-စစ်သူကြီးများက စောင့်ကြပ်ကာ မြင်းကို ဆွဲပေးရသည်အထိ ဆက်ဆံခံရလျှင် သူ၏အဆင့်အတန်းက မည်သို့ နိမ့်ကျနိုင်မည်နည်း။

လူအုပ်ကြားတွင် လီမောင်နှမ နှစ်ယောက်၏ အသက်ရှူသံများ ရုတ်တရက် မြန်ဆန်လာပေသည်။

လီရှင်းဟန်သည် ထိုလူ၏လက်မောင်းပေါ်မှ တိမ်တိုက်ပုံစံနှစ်ခုနှင့် ရင်းနှီးနေသော မျက်နှာကို ငေးကြည့်နေမိပေသည်။

သူသည် ကိုယ့်ပါးကိုယ် နှစ်ချက် ရိုက်လိုက်ပြီး သူ့အစ်မကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် မေးလိုက်ပေသည်။

"ငါ အမြင်မမှားပါဘူးနော်"

သူသည် စစ်သူကြီး၏စည်းကမ်းများကို အခြားသူများထက် ပိုမို ရင်းနှီးသူ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ သူကြာပွတ်ဖြင့် အဆော်ခံခဲ့ရသည်မှာ မကြာသေးဘူးမလော။

"မမှားလောက်ပါဘူး"

လီမူကျင်းသည် တုန်ရီနေသော အသံကို ထိန်းချုပ်လိုက်ပြီး မြင်းကြီး သူမဘေးမှ ဖြတ်သွားသည်ကို မော့ကြည့်လိုက်ပေသည်။

ထို့နောက် တဖြည်းဖြည်း ဝေးကွာသွားပေ၏။

သူမဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

သူမ ထင်မှတ်ထားခဲ့သကဲ့သို့ လှောင်ပြောင်သော အပြုံးမျိုး မရှိပေ။

ထိုနေ့က သူမ စာရွက်စာတမ်းကို ပေးပြီး သူ့ကို ထိန်းချုပ်နိုင်ပြီဟု ထင်ကာ မာန်တက်နေခဲ့သော မျက်နှာကို ကဲ့ရဲ့ခြင်းမျိုးလည်း မရှိပေ။

သူ ဤအတိုင်း... တည်ငြိမ်စွာ ဖြတ်သွားခဲ့ခြင်းသာ ဖြစ်ပေသည်။

"..."

"ဒါနဲ့... မင်း ဘာလို့ ဒီလောက် မျက်နှာသေကြီးဖြစ်နေရတာလဲ"

နတ်ဆိုးမြင်းဘေးမှ လျှောက်လာသော ဟုန်လေ့က အသံတိုးတိုးဖြင့် နားမလည်နိုင်စွာ မေးလိုက်ပေသည်။

"ငါတို့က နတ်ဆိုးနှိမ်နင်းရေးဌာနကကွ၊အခွန်ကောက်တဲ့သူတွေ မဟုတ်ဘူး"

"ကျွန်တော် နေရခက်လို့ပါ"

ရှန်းယီ မျက်နှာသေ ဖြစ်နေပြီး ရှေ့မှ ဘာမှမရှိသော နေရာကို စိုက်ကြည့်နေကာ အနည်းငယ် တောင့်တင်းနေပုံရပေသည်။

သူ လက်ဖဝါးမှချွေးများကို မြင်းလည်ဆံမွေးဖြင့် တိတ်တဆိတ် သုတ်လိုက်ပေ၏။

ဟုန်လေ့သည် သူ၏လှုပ်ရှားမှုအသေးစားလေးကို သတိထားမိလိုက်ပြီး နှုတ်ခမ်းမဲ့လိုက်မိပေသည်။

အကယ်၍ မြင်းပေါ်မှာသာ သူ ဖြစ်ခဲ့လျှင် ဘယ်ညာလက် မနားတမ်း ဝှေ့ယမ်းပြပြီး အားပေးသံများ ရယူကာ အခွင့်အရေးကို အဆုံးရှုံးခံမည် မဟုတ်ဟု တွေးလိုက်မိပေသည်။

နောက်ဆုံးတွင် စိတ်လှုပ်ရှားနေသော ပြည်သူများကို ဖယ်ရှားနိုင်ခဲ့ပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်သောအခါ ရှန်းယီ တွန့်ဆုတ်ခြင်းမရှိဘဲ မြင်းပေါ်မှ ဆင်းရန်ကြိုးစားလိုက်သည်။

သူ စတင်လှုပ်ရှားလိုက်သည်နှင့် ဟုန်လေ့သည် ပခုံးဖြင့် သူ့ခြေသလုံးကို အတင်းပိတ်ဆို့လိုက်ပြီး အံကြိတ်ကာ ပြောလိုက်ပေသည်။

"စစ်သူကြီးချန်က အမိန့်ပေးထားတယ်။ ရုံးတော်ထဲ မရောက်မချင်း မြင်းပေါ်က ဆင်းရဲရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်တဲ့"

"..."

တစ်ချိန်တည်းမှာပင်။

နတ်ဆိုးနှိမ်နင်းရေးဌာန ဆေးကုသဆောင်၏ သန့်ရှင်းသော ဝါးအဆောက်အအုံအတွင်း၌...

ပိုင်ကျစ်မင် သည် စိတ်မရှည်စွာဖြင့် အပ်တစ်ချောင်းကို ကောက်ယူပြီး ဖန်းဟန်၏လက်မောင်းကို ထိုးစိုက်လိုက်ပေသည်။

ဖန်းဟန်၏အံကြိတ်ကာ ညည်းညူသံကို နားထောင်ရင်း သူ ဂရုမစိုက်စွာ ပြောလိုက်ပေသည်။

"မင်း ဆက်ပြီး တုံးအချင်ယောင် ဆောင်နေ။ နောက်တစ်ခါဆိုရင် ဆရာက ငါ့အတွက် အင်ပါယာက တောင်းပေးထားတဲ့ အမြုတေဖွဲ့စည်းအဆင့် အပ်စိုက်နည်းပညာကို အသုံးပြုလိုက်မယ်"

"ရက်တွေ အများကြီး ကြာနေပြီဗျာ။ ဘယ်လောက် ကြာဦးမှာလဲ"

ဖန်းဟန် ကုတင်ပေါ်တွင် လှဲနေပြီး လက်မောင်းများ ထုံကျင်နေမှုကို ခံစားရင်း စိတ်မရှည် ဖြစ်နေပေသည်။

"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ဒဏ်ရာတွေအတွက် ငါ့လစာတွေ အများကြီး ကုန်သွားပြီ၊ အခုကျတော့ မင်းက ငါ့ကို စီနီယာအစ်ကိုလို့တောင် မခေါ်တော့ပါလား"

ပိုင်ကျစ်မင် ညင်သာစွာ ပြုံးလိုက်ပြီး အပ်ဆယ်ချောင်းကျော်ဖြင့် ထပ်မံ ထိုးစိုက်လိုက်ပြန်ပေသည်။

ဖန်းဟန်၏ခန္ဓာကိုယ်တစ်ခုလုံး ငါးကြင်းကောင်ကဲ့သို့ခုန်တက်သွားပြီး နဖူးတွင် သွေးကြောများ ထောင်ထလာပေသည်။

သူ သွားကျိုးလုနီးပါးအံကြိတ်လိုက်ပြီး တောင်းပန်လိုက်ရပေသည်။

"စီနီယာအစ်ကိုပိုင်... ကျွန်တော် တကယ် အလျင်လိုနေလို့ပါ... ချင်းဖုန်းတောင်ကို သွားရဦးမှာမို့လို့ပါ..."

"မင်းလို အသုံးမကျတဲ့ တပည့်ကို လက်ခံလိုက်မှန်း ဆရာသာ သိသွားရင်... ဟွန့်... ဂုဏ်သိက္ခာရှိတဲ့ သိုင်းဝိဇ္ဇာတစ်ယောက်တောင် ဆရာ့ကိုတောင် မတွေ့ရဘဲ နှစ်ကြိမ်ဆက်တိုက် အငြင်းခံလိုက်ရတာ၊မင်းကတော့ တပည့်တစ်ယောက်အနေနဲ့ သူများတွေကို သွားပြီး မျက်နှာလိုမျက်နှာရ လုပ်ချင်နေသေးတယ်"

ပိုင်ကျစ်မင် ခေါင်းခါလိုက်ပြီး ငွေအပ်များကို တစ်ချောင်းချင်း ပြန်နှုတ်လိုက်ပေသည်။

သူ မတ်တပ်ရပ်ပြီး အဝတ်အစားများကို ပုတ်ခါလိုက်ပေသည်။

"သွားကြစို့"

"ဘယ်ကိုလဲ"

ဖန်းဟန် နားမလည်စွာ မော့ကြည့်လိုက်ပေသည်။

"ဒီရက်စက်တတ်တဲ့တပ်မှူးမှာ အစစ်အမှန် စွမ်းရည် ဘယ်လောက်ရှိလဲဆိုတာ သွားကြည့်ကြတာပေါ့"

ပိုင်ကျစ်မင်၏မျက်လုံးများ တည်ငြိမ်နေပြီး ပြားချပ်သော အပ်ဘူးကို ရင်ဘက်ထဲ ထည့်လိုက်ပေသည်။

"စီနီယာအစ်ကိုကြီးနဲ့စီနီယာအစ်မကြီး အိမ်မှာ မရှိတုန်း မင်းကို ဒီအခြေအနေထိ ရိုက်နှက်လိုက်တာလေ။အကယ်၍ စီနီယာအစ်မကျန်းသာ သိသွားရင် ဆေးပညာအတွက် သိုင်းပညာကို စွန့်လွှတ်ထားတဲ့ ဒီနှစ်အနည်းငယ်အတွင်း ငါ ပိုင်ကျစ်မင်က ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ မေ့သွားပြီလို့ ထင်နေမှာပေါ့"

ပြန်ရောက်လာပြီတဲ့လား။ဒီလောက် မြန်တာလား။

ဖန်းဟန် ဂနာမငြိမ်ဘဲ မတ်တပ်ရပ်လိုက်ပေသည်။

သူ့နှုတ်ခမ်းများ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ပြောလိုက်ပေသည်။

"စီနီယာအစ်ကို... ကျွန်တော်က အရင် စတိုက်ခဲ့တာပါ"

"မင်း ဘယ်လောက် ရှုံးခဲ့လဲ"

ပိုင်ကျစ်မင် သူ့ကို လှမ်းကြည့်လိုက်ပေသည်။သူမျှော်လင့်ထားပြီးသား ဖြစ်ပေသည်။

"တစ်ဆယ် နဲ့ သုည ပါ"

ဖန်းဟန် လက်များကို တွဲလောင်းချထားလိုက်ပေသည်။

ပိုင်ကျစ်မင်၏နားမလည်နိုင်သော အကြည့်ကို မြင်သောအခါ သူ သက်ပြင်းချလိုက်ပေသည်။

"ကျွန်တော် အားကုန်ထုတ်ပြီး တိုက်ခဲ့တာ၊ ဒါပေမဲ့ သူက ကျွန်တော့်ကို ကြမ်းပြင်ပေါ် ရိုက်ချလိုက်တာပဲ"

"..."

ပိုင်ကျစ်မင် အပ်ဘူးကို ပြန်ထုတ်လုနီးပါး ဖြစ်သွားပေသည်။

"ငါ မေ့တော့မလို့၊ ကုသသူရဲ့ နှလုံးသားက မွန်မြတ်ရတယ်၊ ပြိုင်ဆိုင်လိုစိတ် မပြင်းထန်ရဘူး။ ဒီလိုကိစ္စမျိုးကို စီနီယာအစ်မကျန်းဆီ လွှဲထားလိုက်တာ အကောင်းဆုံးပဲ"

ပိုင်ကျစ်မင် သူ့ကို စနောက်နေမှန်း ဖန်းဟန် သိလိုက်ပြီး အားမလိုအားမရ ပြောလိုက်ပေသည်။

"အကယ်၍ စီနီယာအစ်ကိုပိုင်သာ သူ့ကို တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် သာမှာပေါ့။ ဘာပဲပြောပြော အစ်ကို့ရဲ့နည်းလမ်းတွေက သိပ်ကို ကောက်ကျစ်စဉ်းလဲတာကိုး။ သူ့မှာ ခန္ဓာကိုယ် သန့်စင်ခြင်း စွမ်းရည်တချို့ ရှိပေမဲ့ လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်"

သူတို့နှစ်ဦးစလုံးသည် သူ့ကို ချက်ချင်း အနိုင်ယူနိုင်သော ဆရာကြီးများ ဖြစ်ကြပေသည်။

ရှန်းယီက အနီးကပ် တိုက်ခိုက်ဖို့ လိုအပ်ပေမယ့် စီနီယာအစ်ကိုပိုင်၏အဆိပ်လူး ပျံလွှားအပ်များကတော့ ကျောက်စိမ်းအဆင့် အဆိပ်နတ်ဆိုးတွေဆီက ရယူထားတာ ဖြစ်ပြီး ဆရာပေးထားသည့် အဖိုးတန်ဆေးရတနာများပင် ကာကွယ်ဖို့ ရှိသေး၏။

သာမန် သိုင်းပညာရှင်များဆိုလျှင် ထိလိုက်သည်နှင့် သေသွားနိုင်လေသည်။

ကာကွယ်ရန်ခက်ခဲသည့်အပြင် သူက ပြုံးပြုံးလေးဖြင့် ခိုးဝှက်ကာတိုက်တတ်သေးလေ၏။

တစ်စက္ကန့်လောက် စကားပြောနေရင်း နောက်တစ်စက္ကန့်တွင် ပျံလွှားအပ်များရောက်လာတတ်သည်။

ထိုအရာနှင့် ယှဉ်လိုက်လျှင် ရှန်းယီက ပိုပြီးသန်မာသည့် ကျွမ်းကျင်သူတစ်ယောက်နှင့် တူပြီး အမြဲတမ်း သူ့ကိုအရင်စတိုက်ခွင့် ပေးတတ်လေ၏။

သို့သော် ထိုအရာက အားနည်းချက် ဖြစ်သွားနိုင်ခြေလည်း ပိုများသည်။

"ငါ အဲဒါကို ချီးကျူးစကားလို့ပဲ မှတ်ယူလိုက်မယ်"

ပိုင်ကျစ်မင် ဂရုမစိုက်ဘဲ ဝါးတဲထဲမှ ထွက်ခွာသွားပေသည်။

သူသည် တပ်မှူးအသစ်အကြောင်းကို တကယ် သိချင်စိတ်ရှိနေခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် ပြင်ပရေးရာ ခန်းမဆီသို့ အလျင်အမြန် သွားလိုက်ကြပေသည်။

ထိုနေရာတွင် တပ်မှူးအများအပြား စုရုံးနေကြပြီး ရုံးတော်ဝင်ပေါက်ကို အပြည့်အဝ ပိတ်ဆို့ထားကြသည်ကို တွေ့လိုက်ရပေသည်။

All Chapters