← Chapters

ကျောက်ယွင်ရှောင်း

Vol. 51 Ch. 710

ကျောက်ယွင်ရှောင်း

Vol. 51 Ch. 710

ယောင်ယောင်နှင့် ဝူယောင်တို့၏ တိုက်ပွဲမှာ အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသည့် လူငယ်လေး၏ ဇူယွမ်အပေါ် လျှို့ဝှက်တိုက်ခိုက်မှုကြေင့် ရပ်တန့်သွားရသည်။ ယောင်ယောင်၏ မျက်ဝန်းများမှာ နှလုံးသွေးခဲမတက် အေးစက်ခက်ထန်နေသည်။

ဝူယောင့်ကိုပင် ထိုမျှအေးစက်စွာ မကြည့်ခဲ့ဖူးပေ။

ယောင်ယောင် အမှန်တကယ် အမျက်ဒေါသ ထွက်သွားသည်မှာ ထင်ရှားလှသည်။

ဝူယောင်မှာ ယောင်ယောင်၏ စိတ်အခြေအနေ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမကိုယ်တိုင်သည်လည်း အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်လေး၏လုပ်ရပ်နှင့်ပက်သတ်၍ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ သူမသည် ဆုံးဖြတ်ချက် ခိုင်မာပြတ်သားသူဖြစ်၍ ဇူယွမ့်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးအား အလွန်အမင်း လိုအပ်နေသည့်တိုင် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမျှမယူပဲ သူမ၏ ကိုယ်ပိုင်အရည်အချင်းဖြင့်သာ ရယူလိုခြင်း ဖြစ်သည်။

ကျောက်ယွင်ရှောင်းဟု အမည်ရသော ထိုအနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသည့် လူငယ်လေးမှာ ဝူယောင်၏ ဒေါသဖြင့် အော်ဟစ်သံအား ကြားလိုက်ရသောကြောင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

သူကိုယ်တိုင်သည်လည်း ရည်ရွယ်ချက်ရှိစွာဖြင့် ဇူယွမ်အား တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ပထမ၌

နတ်ဘုံခန်းဝါ အခြေတည်အဆင့်သာ ရှိသေးသော ဇူယွမ်သည် ဝူယောင့်ထံမှ လွတ်မြောက်ရန် နည်းလမ်းမရှိဟု မှတ်ယူထားခဲ့သည်။

သို့သော် အလွန်ကြောက်မက်ဖွယ်ကောင်းသော ယောင်ယောင်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။ ထို့ကြောင့် ကျောက်ယွင်ရှောင်းမှာ ဝူယောင်သဘောကျစေရန် ဇူယွမ်အား လျှို့ဝှက်တိုက်ခိုက်၍ နဂါးကောင်းချီးအား ရယူပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝူယောင်မှာ ရက်စက်လှစွာဖြင့် သူ၏စဉ်းစားတွေးခေါ်မှုပြည့်ဝသောလုပ်ရပ်အား အလိုမကျခဲ့ပေ။

ကျောက်ယွင်ရှောင်းမှာ ဝူယောင်အား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "အားရာ...အားရာ....စိတ်မဆိုးပါနဲ့။ ငါဝင်မပါတော့ပါဘူး။ အဲ့ဒါဆို အဆင်ပြေတယ်မလား။"

သူသည် တောင်းပန်နေဟန်ဖြင့် ဝူယောင်အား သနားစဖွယ် ကြည့်ရှုနေလျက် ရှိသည်။ အစောပိုင်း၌ သူ၏လက်ဝါးချက်ဖြင့် မရဏလမ်း မြန်းရတော့မလို ဖြစ်သွားရသော ဇူယွမ်ကိုမူ တစ်ချက်မျှပင် လှည့်ကြည့်ခြင်းမရှိ။

ယောင်ယောင်မှာ ကျောက်ယွင်ရှောင်းအား အေးစက်ခက်ထန်စွာဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် မည်သည့်စကားမှမဆိုပဲ စိတ်ဝိဉာဉ်မီးလျှံကြာပွတ်ဖြင့် ကျောက်ယွင်ရှောင်းအား အညှာအတာကင်းမဲ့စွာ ရိုက်ချလိုက်သည်။

ကျောက်ယွင်ရှောင်းမှာ တိုးဝင်လာနေသော ကြာပွတ်အား ကြည့်ရှုကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ယောင်ယောင်၏ စိတ်ဝိဉာဉ်စွမ်းအင်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထို့ကြောင့် သူသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲပဲ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုကို ဖြစ်ပေါ်စေလိုက်သည်။

၎င်းကွမ်းဟွမ်ရောင်လျှံဝန်း တစ်ခုချင်းစီသည် ရောင်စဉ်ရှစ်သွယ် အလင်းတန်းများ စီခြယ်ထားလျက် ရှိသည်။

ကျောက်ယွင်ရှောင်းသည် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုကို ဖွင့်လှစ်ထားနိုင်သူ ဖြစ်သည်။

သူသည် ဝူယောင်ထက် အဆင့်နိမ့်နေပါသော်လည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီပင်။

ဝုန်း....

စိတ်ဝိဉာဉ်မီးလျှံကြာပွတ်မှာ ကွမ်းဟွမ်ရောင်လျှံဝန်းများအား ကြမ်းတမ်းခက်ထန်စွာ ရိုက်ခတ်လိုက်သည်။ ထို့နောက် လျှပ်စီးပေါက်ကွဲသံများကဲ့သို့ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာကာ ကွမ်းဟွမ်ရောင်လျှံဝန်းမှာလည်း ပြင်းထန်စွာ အက်ကွဲသွားရသည်။

စိတ်ဝိဉာဉ်မီးလျှံကြာပွတ်၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပိုမိုပြင်းထန်လာပြီး ကွမ်းဟွမ်ရောင်လျှံဝန်းများအားလုံး အက်ကွဲပျက်စီးရတော့မည့်အလား ဖြစ်လာရသည်။

ကျောက်ယွင်ရှောင်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ သူသည် ယောင်ယောင်အား အနည်းငယ်မျှ အထင်မသေးခဲ့ပါသော်လည်း သူမ၏ စိတ်ဝိဉာဉ်စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုအား ယခုမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်မိခဲ့ပေ။ ယောင်ယောင်၏ အနေအထားသည် ဟွမ်းယွမ်ကောင်းကင်ဒေသတွင်ပင် ထိပ်သီးအဆင့်၌ ရပ်တည်နေနိုင်သော အဆင့်မျိုး ဖြစ်သည်။

ဝုန်း....

ကျောက်ယွင်ရှောင်းမှ တွေးတောနေစဉ်မှာပင် ကွမ်းဟွမ်ရောင်လျှံဝန်းများသည် စွမ်းအင်အကန့်အသတ်သို့ ရောက်လာပြီး မခံနိုင်တော့သည့်အတွက် ပေါက်ကွဲသွားရသည်။

ကျောက်ယွင်ရှောင်း ခန္ဓာကိုယ်တလျှောက် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာကာ ထိုနေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ ထို့နောက် လေးနက်ခက်ထန်သည့် အမူအရာဖြင့် ဝေးကွာလှသော ကောင်းကင်တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။

ယောင်ယောင်မှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ကျောက်ယွင်ရှောင်းမှာ မျက်မြင်ကိုယ်တွေ့ သိရှိသွားရပြီ ဖြစ်သည်။

"မိန်းကလေး....အဲ့လောက်ကြီး တိုက်ခိုက်နေဖို့ မလိုအပ်ပါဘူး။"

ကျောက်ယွင်ရှောင်းမှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် အလွန်ပင် အံ့အားသင့်သွားရသည်။ သူသည် တွေ့မြင်ဖူးသမျှ မိန်းမလှလေးများတွင် ဝူယောင်အလှဆုံးဟု ထင်မှတ်ထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် အဆင့်အတန်းမြင့်လွန်းသော သူ၏နှလုံးသားတစ်ခုလုံးကို ဝူယောင့်ထံ ပေးအပ်ထားခဲ့ကာ သူမနှင့်အတူ ကန်းရွှမ်းကောင်းကင်ဒေသသို့ပင် ပျော်ရွှင်ဝမ်းမြောက်စွာ လိုက်ပါလာခြင်း ဖြစ်သည်။ သို့သော် ယောင်ယောင်သည် အရည်အချင်းမှစ၍ အလှအပအဆုံး ကောင်းကင်ဘုံဖျားထက်မှ နတ်ဘုရားမတစ်ပါးအလား ဝူယောင်ထက် အစစအရာရာ သာလွန်နေလေသည်။

ကျောက်ယွင်ရှောင်းမှာ မနာလိုစိတ်များစွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိသည်။ ဒီကြွက်စုတ်လိုကောင်က ငါ့ဘဝမှာ တွေ့ဖူးသမျှ အလှဆုံးမိန်းကလေးနှစ်ယောက်လုံးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတာပေါ့လေ....ဒီကောင် အရင်ဘဝတုန်းက သူတော်စင်အနေနဲ့ ကောင်းမှုတွေများ လုပ်ထားခဲ့လို့လား....

ဇူယွမ်မှာ မတ်တပ်ရပ်လိုက်ပြီးနောက် ငွေရောက်ချပ်ဝတ်ပေါ်ရှိ အက်ကွဲကြောင်းများအားကြည့်ကာ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။ သူ၏သတိရှိမှုကြောင့်သာ မဟုတ်ပါက အစောပိုင်းတိုက်ခိုက်မှုတွင် အသက်ပင် ပါသွားနိုင်ပေသည်။

ယောင်ယောင်မှာ ဇူယွမ်၏ဘေးသို့ ဆင်းသင်လာပြီးနောက် နေရာတစ်ခုအားကြည့်ကာ စကားဆိုလိုက်သည်။ "သတိထားဦး။ ဒီနေရာမှာ ကြောက်စရာကောင်းလောက်အောင်စွမ်းတဲ့ လူတစ်ယောက် ရှိနေသေးတယ်။"

ဇူယွမ်မှာ ယောင်ယောင်၏စကားကြောင့် လန့်သွားရသည်။

ထို့နောက် လူကြီးတစ်ဦး၏စကားသံ ထွက်ပေါ်လာလေသည်။ "ဟားဟား....တော်တော်ထက်တဲ့ ကောင်မလေးပဲ။"

ဇူယွမ်မှာ ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ်ရုံအား ဆင်မြန်းထားသည့် အကြီးအကဲတစ်ဦးကို တွေ့ရှိလိုက်ရသည်။

သူသည် အကြီးအကဲအား ကြည့်ရှုနေရင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာသကဲ့သို့ ခံစားနေရသည်။ ယင်းအကြီးအကဲထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားမှာ ကျောချမ်းဖွယ်ရာကောင်းလောက်အောင် ပြင်းထန်လှပေသည်။

ထိုအနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော အကြီးအကဲမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဘာမှလန့်မနေပါနဲ့ ကောင်လေး။ ဒီအဖိုးကြီးက ဝင်ပါမှာ မဟုတ်ပါဘူး။"

အကြီးအကဲမှ ကောင်းကင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ပြီးတော့ ငါဝင်ပါခဲ့ရင်လည်း တော်တော်ရှုပ်သွားလိမ့်မယ်။ ကန်ရွှမ်းကလန်ကလည်း ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်ဘူးလေ။"

သူသည် ဇူယွမ်နှင့် ဝူယောင်တို့၏ တိုက်ပွဲအား စောင့်ကြည့်နေကြသော ကလန်ခေါင်းဆောင်များနှင့် အကြီးအကဲများ၏ တည်ရှိမှုကို အာရုံခံမိပုံရသည်။

အကြီးအကဲမှ ဝူယောင်အားကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်မလေး...ဒီနေ့ကိစ္စက ဆက်လို့မရလောက်ဘူး ထင်တယ်။ လောလောဆယ်တော့ ဒီကိစ္စကို ဒီတိုင်းထားထားလိုက်ဖို့ အကြံပေးချင်တယ်။"

ဝူယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်ထက်မှ ဆင်းသက်လာလိုက်သည်။

သူသည် ယောင်ယောင်အား အချိန်တစ်ခုကြာအောင် ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်ဖက်သို့လှည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "နဂါးကောင်းချီးက တစ်ယောက်ယောက်က အပြည့်အဝ မရမချင်း ဒီပြဿနာပြီးမှာမဟုတ်ဘူး။ နင်နဲ့ငါ နှစ်​ယောက်ထဲက တစ်ယောက်သေရမယ်ဆိုရင်တောင် တိုက်ပွဲက ရှောင်လွှဲမရဘူး။"

"ဇူယွမ်....ကြည့်ရတာ ဟောကိန်းက မှန်တဲ့ပုံပဲ။ နင်နဲ့ငါနဲ့ကြားမှာ တစ်ယောက်ပဲ အသက်ရှင်ရလိမ့်မယ်။"

"မြင့်မြတ်သောနဂါးကောင်းချီးက နင့်အပိုင်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမယ့် ကျင့်ကြံရေးလမ်းက အရမ်းခက်ခဲပြီးတော့ မပြီးနိုင်တဲ့ စစ်ပွဲတစ်ခုမှာ ရှင်သန်နေရသလိုပဲ။ အဲ့ဒါကြောင့် ငါ့ဖက်က နည်းနည်းမှ အလျှော့ပေးမှာ မဟုတ်ဘူး။"

"နဂါးကောင်းချီးက ဒီလောကကြီးမှာ ငါအမုန်းဆုံးအရာဆိုပေမယ့် ငါ့ရဲ့ကျင့်ကြံရေးအတွက် အများကြီး အထောက်အပံ့ဖြစ်စေတယ်။ ဘာပဲဖြစ်ဖြစ် နင့်ဆီကနေ နဂါးကောင်းချီးကို မတရား ယူထားတဲ့အတွက် ငါနင့်အပေါ် အကြွေးတစ်ခုတင်နေတယ်လို့ ယူဆလို့ရတယ်။"

သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဆက်လက်ပြောလိုက်သည်။ "နဂါးကောင်းချီးအတွက် တိုက်ပွဲမဟုတ်ပဲ တခြားတစ်နေရာမှာ အခွင့်အရေးရှိခဲ့ရင် ငါအဲ့အကြွေးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။"

ဇူယွမ်မှာ အံ့အားသင့်သွားရဟန်ဖြင့် ဝူယောင်အား ကြည့်ရှုလိုက်မိသည်။ အတိတ်ကာလများ၌ ဝူဟောင်နှင့် ဝူဘုရင်သည် နဂါးကောင်းချီးမှာ သူ့အပိုင်ဖြစ်သည်ဟု တစ်ကြိမ်တစ်ခါမျှ မသတ်မှတ်ခဲ့ကြဖူးပေ။ ဝူဟောင်ဆိုလျှင် သူ့အား နဂါးအစုတ်အပြတ်ဟုပင် လှောင်ပြောင်ခဲ့ပြီး နဂါးကောင်းချီးထည့်ထားသည့် အရာဝတ္ထုတစ်ခုသာသာဟုပင် ပြောဆိုခဲ့သည်။

ဝူယောင်တစ်ဦးတည်းကသာ အဖြစ်မှန်များကို ဖုံးကွယ်ရန် မကြိုးစားပဲ အမှန်အတိုင်း လက်ခံထားသူ ဖြစ်သည်။ သူမသည် မိန်းကလေးတစ်ဦး ဖြစ်ပါသော်လည်း ဝူဟောင်နှင့် ဝူဘုရင်တို့ထက်ပို၍ ပွင့်လင်းပေသည်။

ဇူယွမ်မှာ ထိုသို့တွေးတောမိပါသော်လည်း ဝူယောင်အား အလျှော့ပေးရန် ဆန္ဒမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဝူဟောင်ထက် အဆပေါင်းများစွာ အရည်အချင်းရှိ၍ ဝူဘုရင်ထက် ထောင်သောင်းမက အန္တရာယ်ရှိသူဖြစ်သောကြောင့် ဖြစ်သည်။

"ငါကလည်း ငါပိုင်တဲ့အရာကို ရအောင်ပြန်ယူမှာပါ။ နဂါးကောင်းချီးဆိုတာ မင်းနဲ့သက်ဆိုင်တဲ့အရာ မဟုတ်ဘူး။" ဇူယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

ဝူယောင်မှာ အနက်ရောင်မိုးကြိုးသွားများကို ရုတ်သိမ်းလိုက်သောကြောင့် သူမ၏ဖွေးဖြူနေသော မျက်နှာလေးမှာ ကြည်လင်တောက်ပသွားသည်ဟု ထင်မှတ်ရသည်။

"တစ်နေ့နေ့မှာ နင်သာငါ့ဆီက နဂါးကောင်းချီးတွေကို ပြန်ယူနိုင်ခဲ့မယ်ဆိုရင် နင်တကယ် အရည်အချင်းရှိလို့ပဲ။ အဲ့ဒါကြောင့် အဲ့နေ့မှာ ငါသေသွားမယ်ဆိုရင်တောင် နင့်လုပ်ရပ်တွေက မတရားဘူးဆိုပြီး ငါပြောမှာမဟုတ်ဘူး။"

ဝူယောင်မှ ဇူယွမ်အားကြည့်ကာ ဆက်လက်စကားဆိုလိုက်သည်။ "ငါ့ဆီက နဂါးကောင်းချီး လာယူမယ့်သူက နင်ကိုယ်တိုင် ဖြစ်နေဖို့ပဲ ငါမျှော်လင့်တယ်။"

ထိုစကားနှင့်အတူ ဝူယောင်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်သည်။

ယောင်ယောင်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "ဒီနေ့ နင့်ကို ကာကွယ်ပေးမယ့်သူသာမရှိရင် နင်ဒီနေရာကနေ ထွက်သွားလို့ရမှာတောင် မဟုတ်ဘူး။"

ယောင်ယောင်မှာ အကြီးအကဲအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

ဝူယောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။ "နင့်ရဲ့စိတ်ဝိဉာဉ်စွမ်းအင်က ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း ငါနင်နဲ့တိုက်ရမှာ မကြောက်ဘူး။"

မိန်းမငယ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အချိန်ကြာမြင့်စွာ စိုက်ကြည့်နေကြသည်။

အကြီးအကဲမှာ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။ ဝူယောင်သည် ပုံမှန်အားဖြင့် မာနကြီးတက်သူ ဖြစ်ပါသော်လည်း အလွယ်တကူ ဒေါသဖြစ်တက်သူ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်မှာ အမှန်တကယ် ဝူယောင်၏စိတ်အား လောင်ကျွမ်းသွားအောင် လုပ်နိုင်ပေသည်။

မိန်းမငယ်နှစ်ဦးမှာ စူးရဲစွာ စိုက်ကြည့်နေကြပါသော်လည်း ထပ်မံတိုက်ခိုက်ရန်မှာ အဓိပ္ပါယ်မရှိသဖြင့် တစ်ဦးနှင့်တစ်ဦးသာ အကြည့်လွှဲလိုက်ကြသည်။

ဇူယွမ်မှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ဝူယောင်အားကြည့်ကာ ပြောလိုက်သည်။ "ဝူဟောင်က ကန်းမင်တိုက်ကြီးတစ်ခုလုံးကို အံ့သြစေလောက်အောင် ကျင့်ကြံရေးမှာ ထူးချွန်နေတဲ့အချိန်တုန်းက ငါဘာမှတောင် ကျင့်ကြံလို့ မရခဲ့ဘူး။ အဲ့အချိန်တုန်းကတောင် ငါမကြောက်ခဲ့တာ၊ အခုငါတို့နှစ်ယောက်လုံးက နတ်ဘုံခန်းဝါအဆင့်ချင်း တူတူပဲကို ငါကြောက်နေစရာလား။"

"အဲ့ဒါကြောင့် နင်ကောင်းကောင်းသတိထားသင့်တယ်။ နောက်တစ်ခါ ငါတို့ထပ်တွေ့ရင် နင်အခုလောက် ကံကောင်းမယ်မထင်နဲ့။"

"ဘဝင်မြင့်နေတဲ့ ကြွက်စုတ်ပဲ။" ဝူယောင်မှာ မည်သည့်စကားမှ မပြောပါသော်လည်း ကျောက်ယွင်ရှောင်းမှ အထင်သေးစွာ စကားဆိုလိုက်ခြင်း ဖြစ်သည်။ "ကန်ရွှမ်းကောင်းကင်ဒေသမှာ ကျင့်ကြံနေရတဲ့ မင်းအဆင့်က ဝူယောင့်ကို ယှဉ်နိုင်မယ် ထင်နေတာလား။"

"မင်းတို့ကန်ရွှမ်းကောင်းကင်ဒေသက ဟွမ်းယွမ်ကောင်းကင်ဒေသနဲ့ ယှဉ်ပြောဖို့တောင် မတန်ဘူးဆိုတာ သိသင့်တယ်။"

"ကမ္ဘာနှစ်ခုက ဘယ်လောက်တောင် ခြားနားလဲဆိုတာ မင်းကောင်းကောင်းကြီး နားလည်ထားသင့်တယ်။"

ဇူယွမ်မှ ကျောက်ယွင်ရှောင်းအားကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "နောက်အခွင့်အရေးရှိခဲ့ရင် မင်းဆီက လက်ဝါးတစ်ချက်စာအကြွေးကို ငါပြန်ယူကိုယူမှာ။"

ကျောက်ယွင်ရှောင်းမှ လက်ခုပ်တီးလျက် ရယ်မောကာ ပြောလိုက်သည်။ "ငါကလည်း ပျော်ပျော်ကြီးကို မင်းဆီကအကြွေး လက်ခံပေးရမှာပေါ့။"

ကျောက်ယွင်ရှောင်းသည် ဇူယွမ်၏စကားအား ဟာသတစ်ခုအဖြစ်သာ သဘောထားသည်မှာ ထင်ရှားလှသည်။

ဝူယောင်မှာ ဇူယွမ်အား လေးနက်စွာဖြင့် ကြည့်ရှုလိုက်သည်။ စင်စစ်အားဖြင့် ဇူယွမ်မှာ ဒုက္ခများစွာ ခံစားရကာ ပျောက်ကွယ်သွားသင့်ပါသော်လည်း ယခုအခြေအနေထိ ရောက်လာခဲ့ခြင်းက အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းလှသည်။

စွမ်းအင်ဝင်ပေါက်များကိုပင် ဖွင့်လှစ်နိုင်ခြင်းမရှိသော လူငယ်လေးအဖြစ်မှ ဝူဟောင်နှင့် ဝူဘုရင်အား သတ်ဖြတ်ကာ ဝူအင်ပါယာကို ဖျက်စီးနိုင်သည်အထိ အင်အားကြီးသော လူငယ်တစ်ယောက်အဖြစ်သို့ နှစ်အနည်းငယ်အတွင်း ပြောင်းလဲလာခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နဂါးကောင်းချီးနှင့် မွေးဖွားလာသော ဇူယွမ်သည် အမှန်တကယ်ပင် သာမန်ထက် အဆပေါင်းများစွာ ထူးခြားပေသည်။

မည်သို့ပင်ဆိုစေကာမူ ဝူယောင်မှာလည်း မည်သည့်အခါမှ မရှုံးနိမ့်နိုင်ဟု မိမိကိုယ်ကို ယူဆထားသော မာနကြီးသည့် မိန်းမငယ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမရင်ဆိုင်ရမည့်သူသည် ဇူမိသားစု၏ မြင့်မြတ်သောနဂါးဖြစ်သည့် ဇူယွမ်ပင် ဖြစ်နေပါစေ၊ အနည်းငယ်မျှ တွေဝေနေလိမ့်မည် မဟုတ်ပေ။

သူမသည် ဇူယွမ်အားကြည့်ကာ ခေါင်းညိတ်၍ပြောလိုက်သည်။ "ငါစောင့်နေမယ်။"

ထို့နောက် ဝူယောင်မှာ အထီးကျန်စွာရှိနေသော ခေါင်းတလားအားကြည့်ကာ ညင်သာစွာ စကားဆိုလိုက်သည်။ "အကြီးအကဲရန်....ကျွန်မရဲ့အမေကို နောက်ဆုံးအနေနဲ့ အရိုအသေပေးခွင့်ပြုပါ။"

အကြီးအကဲမှ ခေါင်းညိတ်ပြလိုက်သည်။

ဝူယောင်မှာ ခေါင်းတလားဆီသို့ ဖြည်းညင်းစွာ ​လျှောက်လှမ်းသွားပြီးနောက် အထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရေးထိုးထားသော မယ်တော်ဖြစ်သူ၏ အမည်နာမအားကြည့်ကာ သူမကို အမြဲတစေ ကာကွယ်ပေးခဲ့သော ​နူးညံ့ကြင်နာသည့် မယ်တော်ဖြစ်သူအား ပြန်လည်အမှတ်ရနေမိသည်။

သူမသည် ဒူးထောက်ထိုင်ချလိုက်ပြီးနောက် လေးနက်စွာဖြင့် အရိုအသေပြုကန်တော့လိုက်သည်။

"မယ်တော်....အခုချိန်ကစပြီး ဝူအင်ပါယာဆိုတာ မရှိတော့ဘူး။ အတိတ်က ကိစ္စတွေကိုလည်း သမီးဖြေရှင်းခဲ့ပြီ။"

"ဒီနေ့ကစပြီး ကမ္ဘာကြီးပေါ်မှာ ယောင်အာတစ်ယောက်တည်း ရှင်သန်ရတော့မယ်။ သမီးဆီမှာ ဘာသံယောဇဉ်ကြိုးမှ မရှိတော့ဘူး။"

"မယ်တော့်ကို နှုတ်ဆက်ခဲ့ပါတယ်။ အခုကစပြီး ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ။"

ဝူယောင်မှာ မျက်ဝန်းများကိုပိတ်ကာ အရိုအသေပေးလိုက်ချိန်တွင် သူမ၏ရှည်လျားကော့ညွတ်နေသော မျက်တောင်ဖျားများဆီမှ ကြည်လင်နေသော မျက်ရည်ပုလဲသွယ်များ ပါးတလျှောက် လိမ့်ဆင်းလာသည်။

သူမ ဤနေရာသို့ ပြန်လာဖြစ်တော့မည်မဟုတ်မှန်း ဝူယောင်မှ သိရှိနေသည်။

ယခုဆိုလျှင် သူမ၏အတိတ်များအားလုံးသည် အခိုးအငွေ့ကဲ့သို့ ကွယ်ပျောက်သွားရပြီ ဖြစ်သည်။

ဝူယောင်မှာ အချိန်ကြာမြင့်စွာ ဒူးထောက်နေခဲ့ပြီးနောက် သူမ၏နှလုံးသားအတွင်းမှ စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်သည်။

ဝူယောင် အရိုအသေပြုကာ ပြန်ထလာသောအချိန်တွင် အစောပိုင်းကထက် အဆပေါင်းများစွာ တည်ငြိမ်သွားသည်ကို ဇူယွမ်မှ သတိထားမိလိုက်သည်။ တည်ငြိမ်သည်ထက်ပို၍ သူမသည် မကျေနပ်ချက် အစိုင်အခဲများအားလုံးကို လွှတ်ချနိုင်လိုက်ပုံ ရသည်။

အတိတ်အကြောင်းအရာများအားလုံးကို ဝူယောင်သည် သူမ၏နှလုံးသားအတွင်းနက်နက်ထဲ၌ ချိပ်ပိတ်ထားနိုင်ခဲ့ပြီပင် ဖြစ်သည်။

တစ်ချိန်က ကြင်နာသနားတက်သော နှလုံးသားမှာလည်း အေးစက်မှုအထပ်ထပ်ဖြင့် ခက်ထန်နေခဲ့ရပြီ ဖြစ်သည်။

ဝူအင်ပါယာ၏ ချစ်စဖွယ် မင်းသမီးလေးဟူသော အသွင်အပြင်မှာ သေဆုံးသွားခဲ့ပြီပင်။

ယနေ့မှစ၍ ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ရောက်ရန် ကြိုးစားနေသော သန်မာခက်ထန်သည့် ဝူယောင်သာ ဆက်လက်တည်ရှိနေတော့မည် ဖြစ်လေတော့သတည်း....

All Chapters