← Chapters

ဟုန်ကျာ့မိုးကြိုးနယ်မြေ

Vol. 51 Ch. 712

ဟုန်ကျာ့မိုးကြိုးနယ်မြေ

Vol. 51 Ch. 712

ဝူအင်ပါယာ၏ ကံကြမ္မာမှာ ဝူဘုရင် သေဆုံးသွားချိန်မှစ၍ အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။

ဇူယွမ်မှာ ဝူဘုရင် သေဆုံးသွားသော သတင်းအားလွှင့်လျက် ဝူအင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ မြို့တော်၌ လက်နက်မချသေးပဲ ခုခံနေကြသော ဝူစစ်သည်များမှာလည်း ထိုသတင်းကြောင့် စိတ်ဓာတ်များ ပြိုပျက်ကုန်ကြရသည်။

ဤသို့ဖြင့် ရက်အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ကြီးမြတ်သောဇူအင်ပါယာမှာ ဝူအင်ပါယာအား သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်များရှိ အလံတော်များကို ဇူအင်ပါယာ အမှတ်တံဆိပ်ဖြင့် လဲလှယ်စိုက်ထူနိုင်ခဲ့သည်။

ငါးရက်မြောက်နေ့တွင် ဇူချင်ဦးဆောင်သော ကြီးမြတ်သောဇူအင်ပါယာ၏စစ်တပ်မှာ ဝူမြို့တော်၏ အပြင်ဖက်သို့ ရောက်ရှိလာခဲ့သည်။

မြို့တော်အပြင်ဖက်၌

ဇူချင်မှာ ဖွင့်ဟထားသော မြို့တော်တံခါးမှတဆင့် ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီးအား စိတ်ခံစားချက်များ ရောထွေးနေဟန်ဖြင့် ကြည့်ရှုနေလျက် ရှိသည်။

သူ၏နောက်တွင် ရှိနေသော ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း ခံစားချက်များကြောင့် မျက်ဝန်းများပင် နီရဲနေရသည်။ ဤမြို့တော်သည် တစ်ချိန်က ၎င်းတို့၏အိမ်ဖြစ်ခဲ့ပြီး ဝူဘုရင်ကြောင့်သာ မြောက်အရပ်သို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်အချိန်က ၎င်းတို့အားလုံးမှာ အိမ်ခြေယာမဲ့ ခွေးများကဲ့သို့ ထွက်ပြေးခဲ့ကြရသည်။

စစ်ဗိုလ်ချုပ်များအားလုံးမှာ ဇူချင်အပေါ် အဆုံးတိုင် သစ္စာရှိကြပါသော်လည်း ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာတို့၏ အခြေအနေမှာ ကွာဟလှသောကြောင့် ဇူအင်ပါယာ ပြန်လည်ထူထောင်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ထို့ကြောင့် ဤမြို့တော်ထံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်းတို့အားလုံးမှာ မယုံကြည်နိုင်ပင် ဖြစ်နေကြရသည်။

တိုက်ပွဲများမှာ စိတ်ကူးယဉ်နေသည်ထိ ထင်မှတ်ရလောက်အောင်ပင် ချောမွေ့နေခဲ့သည်။

"ငါပြန်လာနိုင်ခဲ့ပြီ...."

ဇူချင်မှာ မြို့တော်ကြီးအား ကြည့်ရှုနေရင်းဖြင့် မျက်ရည်များ ဝဲတက်လာရသည်။

ဤမြို့တော်ထံ ပြန်လာရန်မှာ မဖြစ်နိုင်တော့ဟုပင် တစ်ချိန်က ခံယူထားခဲ့သည်။

ဇူချင်၏နောက်မှ စစ်သည်များမှာလည်း ကျယ်လောင်စွာဖြင့် အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။

အော်ဟစ်သံများမှာ ကျယ်လောင်လွန်းလှသောကြောင့် မြို့တော်သည်ပင် တုန်ခါသွားသည်ဟု ထင်မှတ်ရသည်။ မြို့သူမြို့သားများမှာလည်း လေးစားရိုသေသော အကြည့်များဖြင့် ဇူချင်အား ကြည့်ရှုနေကြလေသည်။ အတိတ်ကာလများ၌ ဝူဘုရင်ကြောင့် မြောက်အရပ်သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့ရသော ၎င်းတို့၏ ဘုရင်မင်းမြတ်မှာ မြို့တော်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ မြို့ရိုးနံပေါ်မှတဆင့် ဇူချင်ထံသို့ ပျံဝဲဆင်းသက်လာသည်။ စစ်သည်တော်များအားလုံးမှာ ဇူယွမ်အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။

"ခမည်းတော်....ဝူဘုရင်သေသွားပြီ။ ဒီနေ့ကစပြီး ကန်းမင်တိုက်ကြီးထဲမှာ ဝူအင်ပါယာဆိုတာ မရှိတော့ဘူး။" ဇူယွမ်မှ ဇူချင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။

ဇူချင်မှာ သားဖြစ်သူအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေပြီးနောက် မြင်းပေါ်မှဆင်းကာ ဇူယွမ်၏ ပုခုံးအားပုတ်လျက် လေးနက်စွာဖြင့် ပြောလိုက်သည်။ "စစ်သည်တွေ အလေးပြု..."

ဇူချင်၏နောက်မှ စစ်သည်တော်များမှာ ၎င်းတို့၏ရင်ဘတ်အား လက်သီးဖြင့်ထုလျက် အလေးပြုလိုက်ကြသည်။

ဝေကန်းလန်၊ ဝေချင်းချင်းနှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြသည်။

ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာအား ပျက်စီးမည့်အရေးမှ ကယ်တင်ခဲ့သူဖြစ်ကြောင်း ၎င်းတို့အားလုံး ကောင်းစွာနားလည်သဘောပေါက်ကြသည်။

ဇူယွမ်ကြောင့်သာ မဟုတ်ပါက ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးလျက် တိုင်းပြည်တစ်ခုလုံးကို သွေးစိမ်းရှင်ရှင် ကျစေလိမ့်မည် ဖြစ်သည်။

ဝူဘုရင်မှ စစ်ချီလာချိန်တွင် ဇူချင်အပါအဝင် အားလုံးမှာ စိတ်ဓာတ်များ ပြိုပျက်နေခဲ့ရပြီး သေဆုံးသည်အထိ တိုက်ပွဲဝင်သွားရန်မှလွဲ၍ အခြားသောနည်းအား ရှာမတွေ့ခဲ့ကြပေ။

ကြီးမြတ်သောဇူအင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်သူသည် အမှောင်မိုက်ဆုံး အချိန်တွင် ရောက်ရှိလာပြီး ထောင်ပေါင်းများစွာသော ပြည်သူများ၏ နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။

မြစ်ကမ်းဘေးတွင် ဇူယွမ်အား တွေ့ရှိလိုက်ရစဉ်က ၎င်းတို့ ခံစားရသော ခံစားချက်မှာ ပြောမရတက်အောင်ပင် ဖြစ်ခဲ့ရသည်။

ဇူယွမ်မှာ စစ်သည်တော်များ၏ အလေးပြုမှုကြောင့် အနည်းငယ် အံ့အားသင့်သွားရပြီးနောက် ကူကယ်ရာမဲ့စွာ စကားဆိုလိုက်သည်။ "အရိုအသေပေးစရာ မလိုပါဘူး။ ကြီးမြတ်သောဇူအင်ပါယာရဲ့ မင်းသားတစ်ယောက်အနေနဲ့ တိုင်းပြည်ကို ကာကွယ်ရမှာ ကျွန်တော့်တာဝန်ပါ။"

ဇူချင်မှာ ပျော်ရွှင်ဂုဏ်ယူစွာဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါတို့ကြီးမြတ်သောဇူအင်ပါယာကို ကယ်တင်ပေးခဲ့တဲ့ လူတစ်ယောက်အနေနဲ့ မင်းကအလေးပြုခံရဖို့ ထိုက်တန်ပါတယ်။"

"အခုဆိုရင် မင်းကဘုရင်တောင် လုပ်လို့ရနေပြီ။"

ဇူယွမ်မှာ အားတင်းကာ ရယ်မောလိုက်သည်။

ဇူချင်မှ သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းရဲ့ရည်မှန်းချက်တွေက ကြီးမြတ်သောဇူအင်ပါယာလို တိုင်းပြည်တစ်ခုမှာ ဘုရင်ဖြစ်ဖို့ထက် အများကြီးပိုတယ်ဆိုတာ ခမည်းတော် သိပါတယ်။"

ဇူယွမ်၏ အရည်အချင်းများနှင့်ဆိုလျှင် သေးငယ်ကျဉ်းမြောင်းသော ကန်းမင်တိုက်ကြီးအတွင်းရှိ တိုင်းပြည်တစ်ခုတွင် ဘုရင်နေရာဖြင့်သာ အဆုံးသတ်သွားရမည်မှာ နှမြောစရာကောင်းလှကြောင်း ဇူချင်မှလည်း သိရှိနေသည်။

"ခမည်းတော်က အခုချိန်ထိ တိုင်းသူပြည်သားတွေ ချစ်ခင်အားကိုးရတဲ့ ဘုရင်တစ်ပါး ဖြစ်နေတုန်းပဲ။ အဲ့ဒါကြောင့် ထီးနန်းကိုလွှဲပေးဖို့ မစဉ်းစားသင့်ဘူး။" ဇူယွမ်မှပြုံးကာ ပြောလိုက်သည်။ သူသည် ကြီးမြတ်သောဇူအင်ပါယာ၏ ထီးနန်းအားရယူရန် ဆန္ဒမရှိပေ။

ဝူအင်ပါယာအား ဖြိုဖျက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ဇူယွမ်၏ စိတ်ပူပန်မှုများမှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။ အနာဂတ်တွင် ကြီးမြတ်သောဇူအင်ပါယာသို့ အလည်အပတ်လာရောက်သည်မှလွဲ၍ သူ၏အချိန်များအားလုံးကို ကန်ရွှမ်းကလန်၌သာ ကုန်ဆုံးစေတော့မည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပို၍ကြီးမားသော နေရာ၌သာ ပို၍သန်မာလာနိုင်သောကြောင့် ဖြစ်သည်။

ဇူချင်မှာ သားတော်ဖြစ်သူအား နားလည်ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ဇူချင်မှာ ဇူယွမ်၏ပုခုံးအား ပုတ်လိုက်ပြီးနောက် မြို့တော်ကြီးအားကြည့်ကာ သက်ပြင်းချ၍ စကားဆိုလိုက်သည်။ "မြို့တော်ထဲ ဝင်ကြရအောင်။ ဒီနေ့စကပြီးတော့ ကန်းမင်တိုက်ကြီးတစ်ခုလုံးက ကြီးမြတ်သောဇူအင်ပါယာ ပြန်လာပြီဆိုတာ သိစေရမယ်။"

.........

ဇူချင်မှာ မြို့တော်အတွင်းသို့ ခြေလှမ်းလိုက်သည့် အချိန်မှစ၍ ဝူအင်ပါယာမှာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားပြီပင် ဖြစ်သည်။

ရက်အနည်းငယ်အတွင်း ဇူချင်မှာ အမိန့်များချမှတ်ချက် ဝူအင်ပါယာ၏ အကြွင်းအကျန်များကို ရှင်းလင်းဖယ်ရှားနေလျက် ရှိသည်။ ကျန်ရှိနေသေးသော ဝူစစ်သည်အချို့မှာ လက်နက်ချရန် ငြင်းဆန်လိုပါသော်လည်း ဝူအင်ပါယာမှာ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် အချည်းနှီးသာ ဖြစ်ကြရသည်။

ဝူအင်ပါယာနှင့် ထိစပ်နိုင်သော အင်ပါယာများမှာလည်း တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

ပုံမှန်အားဖြင့် အင်ပါယာတစ်ခု ဖျက်စီးခံရပါက ၎င်းနှင့်ထိစပ်နေသော နိုင်ငံများမှာ ယင်းအခွင့်အရေးအား အသုံးချလျက် တိုင်းပြည်အား ချဲ့ထွင်နိုင်ရန် အလုအယက် ကြိုးစားကြလေ့ရှိပါသော်လည်း ယခုတွင်မူ အလွန်ပင် တိတ်ဆိတ်နေကြသည်။

အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဇူအင်ပါယာ၌ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ကိုပင် နှိမ်နင်းနိုင်သော အိမ်ရှေ့မင်းသားရှိနေကြောင်း ထိုအင်ပါယာများမှ ကောင်းစွာသိရှိထားကြသောကြောင့် ဖြစ်သည်။

ဝူဘုရင်သည်ပင် ကြီးမြတ်သောဇူအင်ပါယာမှ အိမ်ရှေ့မင်းသားထံတွင် ကျဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ ထိုမျှအစွမ်းထက်သူသည် ကန်းမင်တိုက်ကြီးအတွင်း အလွန်တရာမှ ရှားပါးလှသည်။ ထို့အပြင် ၎င်းအိမ်ရှေ့မင်းသားသည် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင်လည်း ဖြစ်သည်ဟု ကြားသိထားကြရသည်။

ထိုသို့သော အကြောင်းအရာများကြောင့် မည်သူကမှ ကြီးမြတ်သောဇူအင်ပါယာအား မထိပါးရဲကြပေ။

ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာသည် သူ့အားလိုအပ်နေသေးကြောင်း သိရှိနေသောကြောင့် အလျင်စလို ပြန်လည်ထွက်ခွာခြင်း မပြုသေးပဲ ရှိသည်။ ကြီးမြတ်သောဇူအင်ပါယာမှ အာဏာအခြေတည်သွားချိန်မှသာ ဇူယွမ်မှာ ကန်ရွှမ်းကလန်ထံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

ကြီးမြတ်သောဇူအင်ပါယာမှ အချိန်ကြာမြင့်စွာ ထွက်ခွာသွားခဲ့သော ဇူယွမ်မှာ ယခုအခါတွင် မြို့တော်၌ မယ်တော်ဖြစ်သူ ချင်ယုအား အဖော်ပြုကာ နေ့ရက်များကို ဖြတ်သန်းနေလေသည်။

........

ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာအတွင်း ရှိနေသောကြောင့် ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ဖြစ်ပျက်နေသော သတင်းများကို မသိရှိနေခဲ့ပေ။

ပုံမှန်အားဖြင့် သီးခြားကျင့်ကြံနေတက်သော စွမ်းအားမြင့်ကျင့်ကြံသူများမှာ ကမ္ဘာကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပြီ ဖြစ်သည်။

နန်းဆောင်သခင် ရှန့်ယွမ် ရှာဖွေတွေ့ရှိခဲ့သော ကံကြမ္မာ၏လျှို့ဝှက်ချက်အား ၎င်းတို့မှလည်း သိရှိလိုက်ကြပြီ ဖြစ်လေသည်။

ရှန့်ယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိနိုင်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း အားလုံးမှ သိရှိနေကြပြီပင်။

ထိုသတင်းမှာ အင်အားကြီးကလန်ကြီးများအား တုန်လှုပ်သွားစေသည်။

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း သက်ရှိထင်ရှားရှိစဉ်အခါက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားဖြင့် ကန်ရွှမ်းကောင်းကင်ဒေသအား ကြီးစိုးခဲ့ခြင်း ဖြစ်သည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင် သေဆုံးသွားချိန်တွင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရပြီး မည်မျှပင် ကြိုးစားရှာဖွေစေကာမူ သဲလွန်စမျှပင် တွေ့ရှိရခြင်း မရှိပေ။

ယခုအခါတွင် နန်းဆောင်သခင် ရှန့်ယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ တည်နေရာအား ရှာဖွေတွေ့ရှိခြင်းဖြင့် ကောင်းကင်ဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ရှန့်ယွမ်သည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရယူလျက် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးအား ကြီးစိုးနိုင်ရန် ကြံစည်နေခြင်းပင် ဖြစ်သည်။

ထိုအကြံအစည်မှာ အခြားသော အင်အားကြီးကလန်ကြီးများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

နန်းဆောင်သခင် ရှန့်ယွမ်သာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ရရှိသွားပါက သူသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ အစစ်အမှန် အရှင်သခင် ဖြစ်လာလိမ့်မည်ဖြစ်ပြီး မြင့်မြတ်သောနန်းတော်မှာလည်း အရှင်သခင်၏ကလန်ဖြစ်လာမည်ပင် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက အခြားသော ကလန်များအားလုံးမှာ ငြင်းပယ်ရန် မဖြစ်နိုင်ပဲ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရှိသူအား ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်အဖြစ် လက်ခံရလိမ့်မည်ပင်။

မည်သို့ပင်ဆိုစေကာမူ အင်အားကြီးကလန်ကြီးများမှာ ထိုသို့ဖြစ်လာမည်ကို မလိုလားကြပေ။

ထို့ကြောင့် ကန်ရွှမ်းကောင်းကင်ဒေသအတွင်းရှိ အခြေအနေများမှာ တဖြည်းဖြည်းနှင့် တင်းမာလာရသည်။

ထို့နောက် ကန်ရွှမ်းကောင်းကင်ဒေသအတွင်း သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။

"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ဟုန်ကျာ့မိုကြိုးနယ်မြေမှာ ရှိနေတယ်တဲ့။"

All Chapters