← Chapters

အရှုံးမပေးနဲ့ကြိုးစား

Vol. 14 Ch. 196

အရှုံးမပေးနဲ့ကြိုးစား

Vol. 14 Ch. 196

သူ၏ရမှတ်အား ကြေညာပြီးသည့်နောက်တွင် အန်လင်း အသိပြန်ဝင်လာလေသည်။

မျက်လုံးအပြူးသားဖြင့် သူ၏ပတ်လည်တွင် ရှိနေသည့် လူများအား ကြည့်လိုက်ပြီးနောက် ခေါင်းကုတ်လိုက်သည်။

“အ ... အသုံးမကျတဲ့ အသင်းဖော်တွေ”

သူ့နံဘေးမှ ဝမ်ရွှမ်ကျန့်၏ မချိတင်ကဲ ရေရွတ်သံ ထွက်ပေါ်လာသည်။

အန်လင်း : “…”

အန်လင်းသည်လည်း အနည်းငယ် တွေဝေနေမိသည်။ မည်သည်ကြောင့် ထိုသို့ဖြစ်ရသနည်း။

လျှို့ဝှက်နယ်မြေသည် သူမျှော်မှန်းထားသည်ထက် ပိုမိုကာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

ဒု-ကျောင်းအုပ် ယူဟွာအား သနားစဖွယ် ကြည့်လိုက်ပြီးနောက် …

“ဒု-ကျောင်းအုပ် ခင်ဗျ အဲဒီထဲမှာ တစ်ခုခု မှားနေတယ်လို့ ကျွန်တော်ထင်တယ်”

ဒု-ကျောင်းအုပ် ယူဟွာသည် ခေါင်းယမ်းလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာတွင် ထွက်ပြေးချင်စိတ် အတိုင်းသားပင်။

ကြယ်စင်ဝင်္ကပါသည် လွန်စွာထူးဆန်းသည့် လျှို့ဝှက်နယ်မြေ ဖြစ်လေသည်။ ပျက်ပြယ်ခြင်း အဆင့်ရှိ ပုဂ္ဂိုလ်များသည်ပင်လျှင် အထဲတွင်ရှိနေသည့် လျှို့ဝှက်ချက်များ ကုန်စင်အောင် မသိရှိနိုင်သေးချေ။

အန်လင်းရလဒ်သည် လက်တိုင်းအတွက် လက်ခံဖို့ ခက်လှပေသည်။ ယူဟွာကိုယ်တိုင် သည်ပင်လျှင် အန်လင်းအနေဖြင့် ဒုတိယခြေလှမ်း လှမ်းနိုင်ခြင်း မရှိသည်ကို မယုံကြည်နိုင်အောင် ဖြစ်ရသည်။

သို့သော်လည်း အဖြစ်မှန်အား ပြောင်းလဲ၍ မရနိုင်ချေ။

ထိုရလဒ်အတွက် အကြောင်းပြချက် ရှာဖွေရန်လည်း နည်းလမ်းမရှိချေ။ ထို့ကြောင့် ရလဒ်ကို ကြေညာရန်သာ တတ်နိုင်ပေသည်။

ကောင်းကင်ဘုံ ပိုင်နက်သည် တာအိုပွဲစဉ်တွင် စုစုပေါင်းရမှတ် ၈.၇ မှတ်ဖြင့် နောက်ဆုံးနေရာ၌ ရှိနေလေသည်။

လွန်စွာကြေကွဲဖွယ် ကောင်းသည့် ရလဒ်ဖြစ်ပေသည်။ ကျောင်းသားအချို့သည် မျက်ရည်များ ကျဆင်းလျက် ရှိကြသည်။ အများစုမှာမူ ထိုရလဒ်အား လက်မခံနိုင်ကြချေ။

“မဖြစ်နိုင်ဘူး။ ငါတို့ရဲ့ နတ်ဘုရား အန်က ဘယ်လိုဖြစ်ပြီး ခြေတစ်လှမ်းတည်းတဲ့တုန်း”

“ကောင်းကောင်း နေမကောင်းသေးလို့ များလား”

“လက်မခံနိုင်ဘူးဟေ့”

“မန္တန်ပြိုင်ပွဲတုန်းက ပေါက်ကွဲမှုရဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်”

“အူးဝါးးးး ကောင်းကင်ဘုံ ပိုင်နက်အတွက် အောင်မြင်မှုကို ရှာဖွေပေးရင်း ချို့ယွင်းသွားတာမျိုးလား”

“ခုနက -ျီးစားပြမယ် ဆိုတဲ့သူရောဟေ့”

“မင်းမှာ အသိစိတ်မရှိဘူး။ အခုလိုအချိန်မျိုးမှာ ဘယ်လိုဖြစ်ပြီး အဲဒီအကြောင်းကို တွေးနိုင်ရတာလဲ”

***

ပွဲကြည့်စင်မှ ကျောင်းသားများစွာသည် အချင်းချင်း ပြောဆိုဆွေးနွေး နေကြလေသည်။ အခြားသော အင်အားကြီး သုံးရပ်မှ သူများသည်လည်း အန်လင်း၏ ထူးခြားသည့် အမူအရာကို ကြည့်နေကြသည်။ တစ်ခုခု မူမမှန်သလိုပင်။ မန္တန်ပွဲစဉ်တွင် ၁၁ မှတ်အထိ ရရှိခဲ့သူသည် တာအိုပွဲစဉ်တွင် ၀.၁ မှတ်သာ ရရှိလေသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ဟုန်သိုသည် အန်လင်းအား လက်စားချေသည့် အနေဖြင့် လက်မထောင်ပြ လိုက်သည်။

“အန်လင်းရဲ့ တာအိုနှလုံးသား ကတော့ ကောင်းကင်အောက်မှာ နံပါတ် တစ်ပါပဲဗျာ”

အန်လင်းသည် ဟုန်သို၏ စကားများကြောင့် ရှုံ့မဲ့သွားလေသည်။ ဟုန်သိုကဲ့သို့သော အမှိုက်ကောင်၏ လှောင်ပြောင်ခြင်းအား ခံရသည့်နေ့သို့ ရောက်ရှိလာမည်ဟု တွေးမကြည့်ခဲ့ဖူးပေ။

စုစုပေါင်း ပွဲစဉ် ၅ ခုရှိပြီး လက်ရှိအချိန်တွင် နောက်ဆုံးနေရာ၌ ရှိနေသော်လည်း ကျန်ရှိနေသည့် ပွဲစဉ် ၃ ခုတွင် ကောင်းမွန်စွာ ကြိုးစားမည်ဆိုလျှင် အခြေအနေများအား ပြောင်းလဲပစ် နိုင်သေးသည်။ အရှုံးမပေးနိုင်ချေ။

အန်လင်းသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးဟန်ဖြင့် လက်သီး ဆုပ်လိုက်သည်။ အဆုံးထိ တိုက်ပွဲဝင်ပြီး သူ့ကိုယ်သူ ပြန်လည် ကယ်တင်ရန် စီစဉ်လိုက်သည်။

“ဝမ်ရွှမ်ကျန့်၊ လျှိုချင်ဟွမ် ဘာ ... ဘာဖြစ်နေကြတာလဲ”

အန်လင်းသည် သူ၏အသင်းဖော် နှစ်ဦးအား ကြည့်လိုက်သည့် အခါတွင် ထိတ်လန့် သွားလေသည်။

နှစ်ဦးစလုံးသည် မြေပြင်တွင် လဲလျောင်းကာဖြင့် ကောင်းကင်ရှိ တိမ်များအား ဗလာမျက်လုံးများဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။

“ငါ့ကို မနှောင့်ယှက်စမ်းပါနဲ့။ ငါက အရှုံးသမားပဲ။ ကောင်းကင်ဘုံ ပိုင်နက်ရဲ့ ကိုယ်စားလှယ်တွေထဲမှာ ငါက အသုံးမကျတဲ့သူပဲ။ ကဝေမ အဖြစ်နဲ့လည်း ငါက အရှက်ရခဲ့တယ်”

လျှိုချင်ဟွမ်သည် မျှော်လင့်ချက်မဲ့စွာဖြင့် ပြောသည်။

“လာမနှောင့်ယှက်နဲ့။ ငါ့ကို ဒီလိုပဲ နေခွင့်ပြု။ ပထမနေရာ ရတော့ကော ဘာဖြစ်မှာလဲ။ နောက်ဆုံးတော့ ရှုံးရတာပဲလေ။ ကြိုးစားတော့ကော ဘာဖြစ်မှာလဲ။ ရှုံးရမှာပဲ။ ဒါတွေအားလုံးက ကံတရားပါပဲ”

မှန်ပေသည်။ မည်မျှပင် ကြိုးစားစေကာမူ တချို့အရာများအား ရယူရန် မဖြစ်နိုင်ပေ။ အရာအားလုံးသည် ကံကြမ္မာအလိုအတိုင်း ဖြစ်လေသည်။

အန်လင်းသည် ခေတ္တမျှတိတ်ဆိတ် နေပြီးနောက်တွင် အတွေးတစ်ခု ပေါ်လာလေသည်။

ပြီးသွားပြီ။ နှစ်ယောက်စလုံးက တိုက်ခိုက်လိုစိတ် မရှိတော့ဘူး။

အသင်းတစ်သင်းသည် တိုက်ခိုက်လိုစိတ် မရှိတော့ဘူးဆိုလျှင် မည်သည့် အကြောင်းဖြင့် ယှဉ်ပြိုင်ရတော့မည်နည်း။

မဖြစ်ချေ။ သူတို့၏ စိတ်ဆန္ဒများ ပြန်လည် ရှင်သန်လာအောင် ပြုလုပ်ပေးရမည် ဖြစ်သည်။

“လျှိုချင်ဟွမ်”

“ဘာလဲ”

“ဂိမ်းဆော့လို့ ရှုံးသွားမယ်ဆိုရင် ဘာလုပ်မလဲ”

“အရှုံးပေးလိုက်မှာပေါ့”

“…”

အန်လင်းမှာ မျက်နှာ မဲ့သွားမိသည်။

ဖာ့ခ် အဲဒီလိုအဖြေမျိုး ကြားချင်တာ မဟုတ်ဘူးဟ။

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး …

“မှားတယ်။ ရှုံးနိမ့်သွားမယ်ဆိုရင် အခြေအနေကို ဘယ်လို ပြန်ပြောင်းလဲရမလဲ ဆိုတာကို စဉ်းစားသင့်တာ။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ကြိုးစား အားထုတ်မယ်ဆိုရင် လုံးဝကို ပြီးပြည့်စုံတဲ့ ကမ်းဘက်ခ် ဖြစ်သွားလိမ့်မယ်”

“ငါ့ကို အဲဒီလိုစကားတွေ နောက်ဆုံး ပြောသွားတဲ့သူက အောင်အောင်မြင်မြင်နဲ့ ၀.၁ မှတ် ရသွားတယ်လေ”

လျှိုချင်ဟွမ်သည် သူမ၏နှာခေါင်းအား ရှုံ့ကာဖြင့် တီးတိုးပြောနေလေသည်။

အန်လင်းမှာ သူမ၏ စကားလုံးများကြောင့် နာကျင်သွားရသည်။

သူမ၏ တုံ့ပြန်မှုကြေင့် သူ၏ တိုက်ခိုက်လိုစိတ်လေး ချိုးနှိမ်ခံလိုက်ရသည်။

အန်လင်းသည် လျှိုချင်ဟွမ်အား လတ်တလော လက်လျှော့ထားလိုက်ပြီး ဝမ်ရွှမ်ကျန့်ထံ အာရုံပြောင်းလိုက်သည်။

“စီနီယာက ကောင်းကင်ဘုံ ပိုင်နက်ရဲ့ ကိုယ်စားလှယ် ခေါင်းဆောင်လေ။ အခုလိုမျိုး အရှုံးကို လက်ခံပြီး လှိမ့်နေတော့ မလို့လား”

“အဲဒီတော့ ဘာဖြစ်လဲ။ ငါက တိုက်ခိုက်မယ်၊ ပထမနေရာကို ရလာမယ်၊ ဒါပေမဲ့လည်း ငါ့ရဲ့အသင်းကတော့ နောက်ဆုံးနေရာကို ရနိုင်ချေရှိတုန်းပဲလေ။ ငါကမင်းကို အပြစ်တင်နေတာ မဟုတ်ဘူးနော် အန်လင်း။ ဒါတွေအားလုံးက ကံတရားပဲလို့ ပြောနေတာ”

အန်လင်း : “…”

မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သာ ထိုစကားအား ကြားမည်ဆိုလျှင် ဝမ်ရွှမ်ကျန့်အား သေချာပေါက် သူ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်လိမ့်မည် ဖြစ်သည်။

အန်လင်းမှာ မည်သည့်စကားမျှပင် မဆိုနိုင်တော့ချေ။ ဝမ်ရွှမ်ကျန့်၏ စကားအား ကြားပြီးသည့်နောက်တွင် သူ၏နှလုံးသားအား နောက်ထပ်ဓား တစ်လက် စိုက်ဝင်လာသကဲ့သို့ ခံစားနေမိသည်။

အန်လင်းသည် သူတို့၏ တိုက်ခိုက်လိုစိတ်များကို ပြန်လည် ရှင်သန်လာစေချင် သော်လည်း သူကိုယ်တိုင်ပင် စိတ်ဓာတ် ကျသွားလေတော့သည်။ ခေါင်းမော့ကာဖြင့် ကောင်းကင်အား ကြည့်လိုက်ပြီးနောက် ခိုကိုးရာမဲ့စွာဖြင့် သက်ပြင်း ရှိုက်လိုက်မိတော့သည်။

ထိုမြင်ကွင်းကြောင့် ဒု-ကျောင်းအုပ် ယူဟွာသည် အတော်လေး စိတ်ထိခိုက်နေမိသည်။ သို့သော်လည်း ပြိုင်ပွဲအား ဆက်လက် ကျင်းပရပေမည် ဖြစ်သည်။ ထို့ကြောင့် ဖန်တီးခြင်းခန်းမ၏ ခြင်္သေ့မင်းအား စင်မြင်ထက်သို့ ဖိတ်ခေါ်လိုက်သည်။

တတိယပွဲစဉ်မှာ စိတ်ဆန္ဒပြိုင်ပွဲ ဖြစ်သည်။ လူတစ်ဦးစီ၏ ကိုယ်ပိုင်စိတ်ဆန္ဒကို ဆိုလိုသည်။ လောကကြီးတွင် စိတ်ဆန္ဒပေါင်းများစွာ ရှိလေသည်။ တာအိုရှာဖွေသူတို့၏ သက်ဆိုင်ရာ နယ်ပယ်များကို နားလည်မှုအပေါ် မူတည်ကာ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ခြင်္သေ့မင်းသည် စင်ပေါ်သို့ တက်လာပြီးနောက် သိုလှောင်လက်စွပ် အတွင်းမှ ကြီးမားသည့် အနက်ရောင် ဖန်ကျောက်တစ်ခုအား ထုတ်ယူလိုက်သည်။

“ဒါကို ဆန္ဒနယ်မြေ ဖန်ကျောက်လို့ ခေါ်တယ်။ မင်းတို့ရဲ့လက်ကို ဖန်ကျောက်ပေါ် တင်လိုက်ပြီး မင်းတို့ရဲ့ အစစ်အမှန် စိတ်ဆန္ဒကို ပို့လွှတ်ဖို့ပဲ လိုအပ်တယ်။ ပြီးရဲ့ မင်းရဲ့ အသိစိတ်က ဖန်ကျောက်ထဲမှာ ပေါ်လာမယ်။ အထဲမှာ စက်ရုပ် ၁၀ ရုပ် ရှိတယ။ မင်းရဲ့စိတ်ဆန္ဒနဲ့ပဲ တိုက်ခိုက်ရမယ်”

“စက်ရုပ်တွေက တစ်ကောင် သေသွားတာနဲ့ နောက်တစ်ကောင် ဆက်တိုက် ပေါ်လာလိမ့်မယ်။ တစ်ကောင် သတ်နိုင်ရင် တစ်မှတ် ရရှိလိမ့်မယ်။ မင်းတို့ရဲ့ တိုက်ပွဲတွေကို ဖန်သားပြင်မှာ ပြသနေမှာဖြစ်ပြီး ဖန်ကျောက်ထဲက အသိစိတ် ပျက်စီးသွားရင်တောင် မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှာမဟုတ်ဘူး”

ခြင်္သေ့မင်း၏ ရှင်းပြချက်အပြီးတွင် ကြည့်ရှုနေကြသူများသည် ပို၍စိတ်လှုပ်ရှား လာကြသည်။ ဤပွဲစည်သည် ရှုခင်းကောင်းကောင်း ကြည့်နေရသည်ထက် ပိုကောင်းပေသည်။

အန်လင်း၏ အသက်ရှူနှုန်းများ မြန်လာလေသည်။

ဆန္ဒနယ်မြေ ဖန်ကျောက်တဲ့လား။ ဘယ်လိုတောင် ရင်းနှီးနေတဲ့ နာမည်ပါလဲနော်။

သူ၏ အစစ်အမှန် စိတ်ဆန္ဒသည် လွန်စွာ စွမ်းအားကြီးသည်။ ခရမ်းကြယ်စင် ပြည်နယ်၏ ထိပ်တန်းဓား အင်မော်တယ်နှင့်ပင် ယှဉ်နိုင်သေးသည် မဟုတ်ပါလား။ ဤပြိုင်ပွဲသည် သူ့အတွက် ကလေး ကစားသလောက်ပင် ဖြစ်သည်။

ပွဲကြည့်စင်တွင် ရှိနေသည့် စုချန်းရန်သည် အသာပြုံးလိုက်သည်။

“အန်လင်းကတော့ သူ့ကိုယ်သူ ပြန်ပြီး အဖက်ဆယ် နိုင်တော့မယ်”

“အိုး ... ဘာလို့ အဲဒီလိုပြောရတာလဲ”

စုချန်းရန်၏ နံဘေးတွင် ရှိနေသည့် စုရှောင်လန်မှာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အန်လင်း၏ ရမှတ် ၀.၁ မှတ်ကို သိပြီးသည့်အခါ သူမ နှလုံးသားလေးပင် နာကျင်သွားလေသည်။

စုချန်းရန်၏ အရည်လဲ့နေသော မျက်လုံးလေးများသည် စင်ပေါ်ရှိသူအား စိုက်ကြည့်ကာဖြင့် ခရမ်းကြယ်စင် ပြည်နယ်တွင် အန်လင်းနှင့် ဓားအင်မော်တယ် ကျင်းယန်အန်တို့ အစစ်အမှန် စိတ်ဆန္ဒနယ်မြေဖြင့် ယှဉ်ပြိုင်ခဲ့သည့် အကြောင်းများအား ပြန်လည်ကာ ဖောက်သည် ချနေလေသည်။

စုချန်းရန် ပြောကြားသည်ကို နားထောင်ပြီးသည့် အခါတွင် စုရှောင်လန်၏ မျက်လုံးများ အရောင်လက်လာသည်။ ဆန္ဒနယ်မြေ ပြိုင်ပွဲအား စတင်စိတ်ဝင်စား လာမိလေပြီ ဖြစ်သည်။

ဤပြိုင်ပွဲတွင် ကောင်းကင်ဘုံ ပိုင်နက်မှ ဦးစွာယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ဝမ်ရွှမ်ကျန့်၊ လျှိုချင်ဟွမ် ကျွန်တော် အရင်သွားပါရစေ”

အန်လင်းသည် လေးနက်စွာ ပြောလိုက်သည်။

အန်လင်း၏ စကားများကြောင့် ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့အား အနည်းငယ် အံ့ဩသွားကြလေသည်။

“ဒီတစ်ကြိမ်မှာ ကျွန်တော် ပထမရခဲ့ရင် အစ်ကိုနဲ့အစ်မက ပထမနေရာအတွက် အတူတူတိုက်ခိုက်ဖို့ ဆန္ဒရှိလာမှာလား”

အန်လင်းသည် စကားလုံးတိုင်းကို လေးနက်စွာဖြင့် ပြောနေပြီး သူ၏ မျက်လုံးများသည်လည်း တောက်ပနေလေသည်။

မည်သည့် ကြောင့်ရယ်မသိ အန်လင်း၏ ယုံကြည်ချက်ရှိရှိ စကားလုံးများသည် ကျန်ရှိသည့် အဖွဲ့ဝင်နှစ်ဦးအား ပြန်လည်ရှင်သန်လာ စေခဲ့သည်။

“ကောင်းပြီ။ မင်းက အခုလိုပြောမှတော့ ငါက ဘယ်လို ငြင်းရတော့မလဲ”

ဝမ်ရွှမ်ကျန့်သည် အပြုံးတစ်ခုဖြင့် ပြန်ဖြေလေသည်။

“ကောင်းပြီ။ နင်သာ သေချာလုပ်ခဲ့”

လျှိုချင်ဟွမ်သည်လည်း ချိုသာစွာ ပြုံးလိုက်သည်။

အန်လင်းသည် တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“အရှုံးမပေးပါနဲ့။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိပါသေးတယ်”

အန်လင်းသည် စကားဆုံးသည့်အခါ အနက်ရောင် ဖန်ကျောက်ဆီသို့ လျှောက်လှမ်း သွားလေသည်။

သူ၏ လုပ်ဆောင်ချက်များဖြင့် လူတိုင်းကို လှုံ့ဆော်နိုင်ရန် ရည်ရွယ်ပါသည်။

***

All Chapters