အဖေနဲ့သမီး
Vol. 1 Ch. 2
မုန့်ဝမ်သည် ခေါင်းကို မော့လိုက်၏။ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စက်များက စီးကျလာသည်။
“ အဖေ... သမီး မှားသွားပါတယ်! ”
မုန့်ချင်းစုန်း၏ ဒေါသများမှာ ခဏတာ တုန့်ဆိုင်းသွားသော်လည်း ဗိမာန်တော်ထဲတွင် မြင်ခဲ့ရသမျှကို ပြန်တွေးမိသည်နှင့် သူ၏ အကြည့်များက ပြန်လည် အေးစက်မာကျောသွားရပြန်၏။
“ မင်း လိမ်နေတာပဲ! ကျွင်းရှင်းက ငယ်သေးလို့ မင်းရဲ့ လှည့်ကွက်ထဲမှာ ပါသွားတာ။ တကယ်တော့ မီးတောက်ကျားက သေချင်ယောင်ဆောင်နေတုန်းက မင်းက ကိုယ့်အသက်ကိုယ်လုပြီး ထွက်ပြေးနေတာလေ၊ အဲဒါကို အခုမှလာပြီး စကားလုံးလှလှလေးတွေနဲ့ ကျွင်းရှင်းကို လှည့်စားနေတာလား ”
“ ဖြောင်း... ဖြောင်း... ဖြောင်း! ”
မုန့်ဝမ်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူမ၏ ပါးကို ဘယ်ပြန်ညာပြန် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။ မကြာခင်မှာပင် သူမ၏ ပါးပြင်နှစ်ဖက်မှာ မို့တက်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေ၏။
“ သမီး မှားပါပြီ... သမီး မှားပါပြီ... သမီး မှားပါပြီ... ”
ရိုက်ချက်တိုင်းတွင် သူမ၏ အပြစ်ကို ဝန်ခံနေမိသည်။ ပါးကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးနောက်တွင်မူ ဖူးရောင်နေသော သူမ၏ မျက်နှာကို မော့ကာ အထက်တွင် ထိုင်နေသော မုန့်ချင်းစုန်းကို အသနားခံသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ အဖေ... အစ်ကိုက သမီးထက် ပိုထူးချွန်ပြီး လိမ်မာလွန်းလို့ သမီး မနာလိုဖြစ်ပြီး စိတ်ယုတ်မာတွေ ဝင်ခဲ့မိတာပါ။ သမီး တကယ်ကို နောင်တရနေပါပြီ! သမီးကို နောက်ဆုံးတစ်ခေါက်လောက် အခွင့်အရေး ပေးပါဦး။ နောက်ဆိုရင် သမီး အမြဲတမ်း နားထောင်ပါ့မယ်၊ အဖေတို့ မကြိုက်တာ ဘာတစ်ခုမှ မလုပ်တော့ပါဘူး... ”
မုန့်ချင်းစုန်း၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားရ၏။ ဤမိန်းမယုတ် မုန့်ဝမ်သည် တကယ့်ကို ပါးနပ်လွန်းပြီး သည်းခံနိုင်စွမ်းလည်း မြင့်မားလှပေသည်။ သူမ ပြောသမျှကို သူ တစ်လုံးမှ မယုံရဲချေ။
သို့သော်လည်း သူမသာ အဆိပ်ဆေးလုံးကို နားနားနေနေ မျိုချလိုက်မည်ဆိုလျှင် သူမ၏ စိတ်ဓာတ်က မြွေကဲ့သို့ ဘယ်လောက်ပင် ယုတ်မာပါစေ၊ ဘာပြဿနာမှ ပေးနိုင်တော့မည် မဟုတ်ပေ။
ဘေးနားရှိ လူများကလည်း ခေါင်းညိတ်လိုက်ကြ၏။ ယခင်ကလည်း မိသားစုထဲတွင် အပြင်ပန်းကြည့်လျှင် လိမ်မာသယောင်ရှိသော်လည်း အတွင်းစိတ်က ပုန်ကန်လိုသူများ ပေါ်ထွက်ခဲ့ဖူးသည်။ သို့သော် ထိုသူများ မည်မျှပင် ဟန်ဆောင်ပါစေ၊ စိတ်ကြည့်မှန်၏ စစ်ဆေးမှုကိုမူ လုံးဝ မလွတ်မြောက်နိုင်ချေ။
မိသားစုက အဖွဲ့ဝင်များကို ပျိုးထောင်ရန် အရင်းအမြစ်များစွာ သုံးစွဲထားသဖြင့် ဤကဲ့သို့ သစ္စာဖောက်များကို အလွယ်တကူ အသေမခံနိုင်ပေ။ ထို့ကြောင့် မိသားစုဝင်များကို ထိန်းချုပ်ရန်အတွက် အဆိပ်ဆေးလုံးကို အသုံးပြုရခြင်း ဖြစ်ပေသည်။
“ ဒါက အဆိပ်ဆေးလုံးပဲ။ ဒီကို တွားသွားလာပြီး ဒါကို စားလိုက်စမ်း၊ ဒါဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ် ”
အဆိပ်ဆေးလုံးနှင့် ထိန်းချုပ်ခြင်းမှာ နောက်ဆုံးလက်နက် ဖြစ်သော်လည်း ယခုအချိန်တွင်မူ ရွေးချယ်စရာ မရှိတော့ချေ။
“ ကျေးဇူးတင်ပါတယ် အဖေ... အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! ”
မုန့်ဝမ်သည် ဝမ်းသာအားရဖြင့် အကြိမ်ကြိမ် ဦးတိုက်လိုက်၏။ ထို့နောက် ဒူးထောက်တွားသွားကာ မုန့်ချင်းစုန်း လက်ထဲမှ အဆိပ်ဆေးလုံးကို ယူ၍ တစ်ကျိုက်တည်း မျိုချလိုက်လေတော့သည်။
“ အဖေ စိတ်ချပါ၊ နောက်ဆိုရင် သမီး စိတ်ယုတ်မာတွေ အကုန်ဖျောက်ပြီး 'ရွှေတိမ်တိုက်ဂိုဏ်း' မှာ အစ်ကို့အတွက် အစစအရာရာအဆင်ပြေအောင် လုပ်ပေးပါ့မယ် ”
မုန့်ချင်းစုန်းမှာ စိတ်ထဲမှ ကျေနပ်သွားရ၏။ မုန့်ဝမ်၏ စကားများက စိတ်ရင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူမ၏ 'စွမ်းအင်ဗဟိုချက်' ထဲတွင် အဆိပ်ဆေးလုံး ရှိနေသရွေ့ သူမ မိုက်မဲရဲမည် မဟုတ်ဟု သူ တွေးလိုက်သည်။
ရိုက်နှက်ပေးပြီးနောက်တွင်မူ ချော့မော့ပေးရမည့် အချိန်ရောက်ပြီ ဖြစ်၏။
“ ဝမ်အာ... မင်းက အမြဲတမ်း လိမ္မာတာပါ။ ဒါပေမဲ့ ဒီနေ့တော့ အဖေနဲ့ ဦးလေးတွေကို တကယ်ပဲ စိတ်ပျက်အောင် လုပ်ခဲ့တယ်။ မင်းသာ ဒီလောက်အထိ ဆိုးယုတ်တဲ့အပြစ်တွေကို မလုပ်ခဲ့ရင် အဖေက ဘာလို့ အဆိပ်ဆေးလုံး ပေးရမှာလဲ ”
မုန့်ချင်းစုန်းက ဝမ်းနည်းဟန် ပြလိုက်ရင်း -
“ ဒီကိုမြန်မြန်လာစမ်းပါဦး၊ မျက်နှာက ဒဏ်ရာတွေကို အဖေ ကြည့်ပါရစေ။ မင်းက တကယ့် ကလေးအနက်ပဲ၊ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင်ရက်ရက်စက်စက်ရိုက်ရသလား ”
မုန့်ဝမ်သည် မုန့်ချင်းစုန်း၏ ဘေးနားသို့ဒူးထောက်၍ လိမ္မာစွာ တွားသွားလိုက်၏။
မုန့်ချင်းစုန်းက သူမကို ကြင်နာသောအကြည့်ဖြင့် ကြည့်ကာ -
“ မင်းက ငါ့သမီးပဲလေ။ မင်းသာ နားထောင်မယ်ဆိုရင် အပြင်က လေလွင့်ကျင့်ကြံသူတွေလို ကုန်စည်တစ်ခုလို ဖြစ်သွားမှာ မဟုတ်ဘူး။ ဒီကျင့်ကြံခြင်းလောကမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တတ်ကြတာ၊ လေလွင့်ကျင့်ကြံသူတွေအတွက် ဘဝက ပိုခက်ခဲတယ်။ မိသားစုကသာ မင်းအပေါ် အကောင်းဆုံးပဲ။ ”
“ သမီး သိပါတယ် ”
မုန့်ဝမ်က ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ရင်း -
“ အဖေ လုပ်သမျှက သမီး အကောင်းဆုံးဖြစ်ဖို့အတွက်ပဲ ဆိုတာ သိပါတယ်! ”
မုန့်ချင်းစုန်းက အသာအယာ ပြုံးလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်ပင် စိတ်မရှည် ဖြစ်နေပြီ ဖြစ်၏။ မုန့်ဝမ်၏ ယနေ့လုပ်ရပ်များက သူ့ကို အကြီးအကျယ် မျက်နှာပျက်စေခဲ့သည်။ သူမအတွက် မိသားစုက ရင်းနှီးထားရသည့်အရင်းအမြစ်များသာ မရှိပါက ဤမိန်းမယုတ်ကို သူကိုယ်တိုင် လက်ဝါးဖြင့် ရိုက်သတ်ပစ်ချင်နေမိပေသည်။
“ ကဲ... သွားတော့။ ရွှေတိမ်တိုက်ဂိုဏ်းကို ရောက်တဲ့အခါ အရာရာမှာ မောင်လေးကိုပဲ ဦးစားပေးဖို့နဲ့ သူ့ကို ဒုက္ခမပေးမိဖို့ သတိရပါ။ အဆိပ်ဖြေဆေးကိုတော့ အချိန်တန်ရင် မင်းအစ်ကိုက မင်းကို ပေးပါလိမ့်မယ် ”
“ ဟုတ်ကဲ့ပါ ”
မုန့်ဝမ်က ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်း ထွက်မသွားဘဲ မုန့်ချင်းစုန်းကို သုံးကြိမ် ဦးတိုက်လိုက်၏။
“ သမီးက ကျေးဇူးကန်းတဲ့ သမီးဖြစ်ခဲ့မှန်း သိပါတယ်။ ရွှေတိမ်တိုက်ဂိုဏ်းကို သွားပြီးရင်တော့ အဖေ့ကို ပြုစုဖို့အခွင့်အရေး ရတော့မှာ မဟုတ်ပါဘူး ”
မုန့်ချင်းစုန်း၏ မျက်မှောင်များ ပြေလျော့သွားရ၏။ ဤမိန်းမယုတ်၏ အပေါ်ယံဟန်ဆောင်မှုကတော့ တကယ့်ကို ထိပ်တန်းပင်။ အားလုံး လှည့်စားခံခဲ့ရသည်မှာ မဆန်းချေ။ သို့သော် အပေါ်ယံ ဟန်ဆောင်တာကို ဘယ်သူက မလုပ်တတ်ဘဲနေမှာလဲ။
မုန့်ချင်းစုန်း၏ မျက်နှာထားက ပို၍ပင်နူးညံ့သွားပြီး ဆေးဘူးတစ်ဘူးကို ထုတ်ကာ ဖွင့်လိုက်၏။
“ ဒီကိုလာပါဦး၊ အဖေ ဆေးထည့်ပေးမယ်။ ခဏတော့ အောင့်ခံလိုက်နော် ”
“ အင်း ”
မုန့်ဝမ်က ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး မုန့်ချင်းစုန်းကို ကြည်ညိုသောအကြည့်ဖြင့် ကြည့်လိုက်၏။ မုန့်ချင်းစုန်းကလည်း သူမ၏ ဒဏ်ရာများကို ကြင်နာစွာ ဆေးထည့်ပေးနေသည်။ အပြင်ပန်းကြည့်လျှင်မူ ကြင်နာတတ်သော ဖခင်နှင့် လိမ်မာသော သမီးတို့၏ မြင်ကွင်းလေး ဖြစ်ပေသည်။
“ ဒုန်း—! ”
ရုတ်တရက် ထွက်ပေါ်လာသော ပေါက်ကွဲသံကြောင့် အားလုံး တုန်လှုပ်သွားကြ၏။ အားလုံးက ပေါက်ကွဲမှု ဗဟိုချက်ဆီသို့ ကြည့်လိုက်ကြရာ မုန့်ချင်းစုန်းသည် သူ၏ ဝမ်းဗိုက်ကို ဖိထားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သူ၏ အူများကို မြင်လိုက်ရတော့သည်။
“ အား... မိန်းမယုတ်!! မင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရဲတယ်ပေါ့! ”
မုန့်ချင်းစုန်း၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများစွာ ရရှိထားပေသည်။ သို့သော် အပြင်းထန်ဆုံးမှာ သူ၏ 'စွမ်းအင်ဗဟိုချက်' ရှိ ဒဏ်ရာပင် ဖြစ်၏။
မုန့်ဝမ်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်း ဖြစ်ပြီး သူမ၏ အပြစ်ဝန်ခံမှု၊ အညံ့ခံမှု အားလုံးမှာ အတုအယောင်များသာ ဖြစ်လေ၏။ သူမသည် သေခါနီးမှာတောင် သူ့ကို လုပ်ကြံသွားခဲ့သည်ပေ။ကျန်ရှိနေသော လူများ၏ မျက်နှာမှာ မည်းမှောင်သွားကာ -
“ တတိယညီ... မလှုပ်နဲ့ဦး၊ ငါသွားပြီး 'ဘိုးဘေး' ကို ပင့်လိုက်မယ် ”
“ ဟုတ်တယ် တတိယကိုကြီး... အဲဒီမိန်းမယုတ်ကတော့ သေသွားပြီ။ အခု အရေးကြီးဆုံးက အစ်ကို့အသက်ကို ကယ်ဖို့ပဲ! ”
ခုနက ပေါက်ကွဲမှုမှာ အလွန်ပင် ပြင်းထန်လှသော်လည်း မုန့်ချင်းစုန်းမှလွဲ၍ အခြားသူများမှာ ဒဏ်ရာ မရရှိခဲ့ကြချေ။
“ ဒါ မဖြစ်နိုင်တာ... တတိယညီက 'အခြေခံတည်ဆောက်ခြင်းအဆင့်' ကျင့်ကြံသူလေ။အဲဒီမိန်းမယုတ်က ကျင့်ကြံမှုအဆင့်လေးပဲရှိတာ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုတောင် မှီဖို့ အဝေးကြီးလိုသေးတယ်။သူမကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရင်တောင် တတိယညီလေးကို ဒီလောက်အထိ ဒဏ်ရာရအောင် မလုပ်နိုင်သင့်ဘူး ”
“ ခုနက ပေါက်ကွဲမှုက ကျင့်ကြံမှုအဆင့်အမြင့်ဆုံး ကျင့်ကြံသူ သုံးယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာနဲ့ ညီမျှတဲ့ စွမ်းအားရှိတယ်။ အဲဒီမိန်းမယုတ်က ကျင့်ကြံလာတာ ၇ နှစ်ပဲ ရှိသေးတာ၊ ဒါမျိုး ကျင့်ကြံမှုအဆင့် ရှိဖို့က မဖြစ်နိုင်ဘူး! ”
“ အခုတော့ ဒါတွေ ငြင်းနေလို့ အပိုပဲ။ သတ္တမညီေလးက ဘိုးဘေးကို သွားပင့်နေပြီ။ ဘိုးဘေး ရောက်လာရင် အားလုံး ရှင်းသွားမှာပါ! ”
တစ်နာရီခန့်အကြာတွင် 'ရွှေအမြုတေအဆင့် ဘိုးဘေး' ရောက်ရှိလာ၏။ မုန့်ချင်းစုန်း၏ သနားစရာ အခြေအနေကို မြင်သောအခါ သူ၏ အကြည့်များမှာ စူးရှသွားရသည်။
“ သူ့အသက်အတွက်တော့ အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ 'စွမ်းအင်ဗဟိုချက်' က ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ။ ပြန်မပြင်နိုင်ဘူးဆိုရင်တော့ သူရဲ့ ကျင့်ကြံမှုက အရင်ကထက် ၁၀ ပုံ ၁ ပုံလောက်ပဲ ကျန်တော့မယ်၊ ရှေ့ဆက်ပြီးတော့လည်း တိုးတက်လာမှာ မဟုတ်တော့ဘူး ”
မုန့်ချင်းစုန်းသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။ "မိန်းမယုတ်... မိန်းမယုတ်! မင်း သေသွားရင်တောင် မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး!"
“ ဘိုးဘေး... မုန့်ဝမ်က ကျင့်ကြံမှုအဆင့် လေးပဲ ရှိတာလေ။ သူမ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာက ဘာလို့ ဒီလောက်အထိ အင်အားပြင်းထန်ရတာလဲ ”
ဘိုးဘေးက မျက်လုံးကို မှိတ်၍ ခဏတာ အာရုံခံကြည့်ပြီးနောက် မျက်နှာပျက်သွားကာ -
“ မင်းတို့ မှားနေပြီ။ ခုနက ဖောက်ခွဲလိုက်တာ မုန့်ဝမ် မဟုတ်ဘူး၊ သူမ မွေးမြူထားတဲ့ 'ရုပ်သေးရုပ်' ပဲ! ”
“ ဘာ... အဲဒါက ရုပ်သေးရုပ်ပဲ ဟုတ်လား? ”
အားလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။
“ မဖြစ်နိုင်တာ! ဒီမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာကို ရုပ်သေးရုပ် တစ်ရုပ်က ငါတို့ရဲ့ အာရုံကို လှည့်စားသွားတယ် ဟုတ်လား ”
ဘိုးဘေးက ခေါင်းခါလိုက်ရင်း -
“ အချို့သော ရုပ်သေးပညာတွေက အလွန်ထူးခြားတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို လှည့်စားဖို့ လုံလောက်ပါတယ်။ မင်းတို့ နေ့တိုင်း တွေ့နေရတာက အဲဒီရုပ်သေးရုပ် ဖြစ်ဖို့ များတယ် ”
အစစ်အမှန် မုန့်ဝမ်မှာမူ မုန့်မိသားစုဆီမှ လွတ်မြောက်သွားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
“ တောက်! ငါတို့တွေ ကောင်မလေး တစ်ယောက်ရဲ့ ကစားတာကို ခံလိုက်ရတာပဲ! ”
“ မုန့်ဝမ်... မင်း တကယ်ကို သေသင့်တယ်! ”
“ မိသားစုမှာ ဒီလောက် နက်နဲတဲ့ရုပ်သေးပညာတွေ မရှိပါဘူး။ ဒီကောင်မက ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေကို ဘယ်က သင်လာတာလဲ ”
...မုန့်မိသားစု တစ်ခုလုံး ဤကိစ္စကြောင့် ပရမ်းပတာ ဖြစ်နေစဉ်မှာပင်၊ မိုင်ပေါင်း သောင်းချီဝေးသော နေရာတစ်ခုတွင် မုန့်ဝမ်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သွေးတစ်လုပ် အန်လိုက်ရ၏။
သွေးအန်နေရသော်လည်း သူမသည် ရယ်မောနေမိသည်။ ထိုရယ်သံမှာ အလွန်အန္တရာယ်များပြီး ရူးသွပ်မှုများ ပြည့်နှက်နေ၏။
“ ငါ့ရုပ်သေးက ကျင့်ကြံမှုအဆင့် အမြင့်ဆုံး ကျင့်ကြံသူ သုံးယောက်ရဲ့ ဖောက်ခွဲမှု ရှိတာတောင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို မသတ်နိုင်ဘူးပဲ ။ နှမြောစရာပဲ၊ ရုပ်သေးရုပ်ရဲ့ စွမ်းအင်ဗဟိုချက် ထဲမှာ 'မှော်အစီအရင်’ တွေ အများကြီး မထည့်နိုင်ခဲ့လို့။ ဒါပေမဲ့ တစ်ခါတလေမှာ မျှော်လင့်ချက်မရှိဘဲ အသက်ရှင်နေရတာက ချက်ချင်းသေရတာထက် ပိုပြီး နာကျင်ဖို့ ကောင်းပါတယ် ”
မုန့်ဝမ်သည် ပျော်ရွှင်စွာ ရယ်မောလိုက်မိ၏။ သူမ၏ မိခင်သည် မသေဆုံးမီမှာပင် သူမအား ရုပ်သေးပညာကို သင်ကြားပေးခဲ့ပြီး သူမကိုယ်သူမ ရုပ်သေးရုပ်အဖြစ်ဖန်တီးကာ အစားထိုး လဲလှယ်သည့် နည်းလမ်းဖြင့် မုန့်မိသားစုဆီမှ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် မုန့်မိသားစုဆီမှ ထွက်ပြေးရုံမျှဖြင့် သူမ၏မိခင် ခံစားခဲ့ရသော ဒုက္ခများနှင့်သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဖိနှိပ်မှုများအတွက် မထိုက်တန်ချေ။ ထို့အပြင် အပြင်လောကသည်လည်း ခက်ခဲလှပေသည်။ သူမ၏ စွမ်းအားမလုံလောက်သေးခင် မုန့်မိသားစုဆီမှာ ဖုံးကွယ်ပြီး အရင်းအမြစ်တွေကို ရသလောက်ယူတာကမှ သူမအတွက် အကောင်းဆုံး ဖြစ်ပေသည်။
မုန့်မိသားစုက သူမကို မုန့်ကျွင်းရှင်းအတွက် အစေခံအဖြစ် 'ရွှေတိမ်တိုက်ဂိုဏ်း' သို့ ပို့ရန် မကြိုးစားခဲ့ပါက မုန့်ဝမ်သည် မုန့်မိသားစုနှင့် ဤမျှ မြန်မြန် ဆက်ဆံရေး ဖြတ်တောက်ချင်ဦးမည် မဟုတ်ချေ။
အနှေးနဲ့အမြန် မုန့်မိသားစုနှင့်စိတ်ပျက်စရာကောင်းသောကျင့်ကြံခြင်းလောကကြီးကို ဖျက်ဆီးပစ် ဦးမည်ဖြစ်ပေသည်။