စည်းမျဉ်းစည်းကမ်း
Vol. 1 Ch. 4
“ ဝင်ခဲ့။ ”
မုန့်ဝမ်သည် အခန်းထဲသို့ ဝင်လိုက်၏။ ခုနက သူမ ပြခဲ့သည့် မောက်မာမှုများမှာ ပျောက်ကွယ်သွားပြီး အလွန်ပင် ရိုကျိုးသော ပုံစံဖြင့် သိုလှောင်အိတ် အနည်းငယ်ကို လေးစားစွာ ဆက်သလိုက်သည်။
“ စီနီယာတို့... ကျွန်မ သူတို့ကို ရွှန်းယင်ဂိုဏ်းရဲ့ စည်းကမ်းတွေ သင်ပေးပြီးပါပြီ။ ”
“ တော်တယ်။ ”
ရွှယ်လျန်ကျိသည် မုန့်ဝမ်၏ လက်ထဲမှ သိုလှောင်အိတ်များကို ယူလိုက်ပြီးနောက် အိတ်တစ်အိတ်ကို တမင်ပြန်ထုတ်ကာ သူမထံ ပစ်ပေးလိုက်၏။ “ ဒါက မင်းအတွက် ဆုလာဘ်ပဲ။ ”
“ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် စီနီယာ! ”
ရွှယ်လျန်ကျိသည် မုန့်ဝမ်ကို ကျေနပ်စွာ ကြည့်လိုက်ရင်း - “ ကဲ... သွားတော့။ ”
အခန်းအပြင်ဘက်ရှိလူများမှာမူ တံခါးဝကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ မုန့်ဝမ် အထဲဝင်သွားပြီးနောက် မိစ္ဆာခေါင်းဆောင် သုံးယောက်က သူမကို ပါးရိုက်သတ်လိုက်ဖို့ သူတို့ မျှော်လင့်နေကြခြင်း ဖြစ်သည်။
သို့သော် ရလဒ်က သူတို့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့၏။ မုန့်ဝမ်သည် မကြာခင်မှာပင် အခန်းထဲမှ ပြန်ထွက်လာပြီး သူမ၏ ခါးမှာတော့ သိုလှောင်အိတ် အပိုတစ်ခုပါယူလာခဲ့လေသည်။ အားလုံးသည် မုန့်ဝမ်၏ အကြည့်နှင့် ဆုံမိသည်နှင့် အလိုလို ခေါင်းငုံ့သွားကြပြီး သူမကို စိုက်မကြည့်ရဲကြတော့ချေ။
စည်းကမ်းတွေလည်း သင်ပေးပြီးပြီမို့ မုန့်ဝမ်သည် ဤလူများအပေါ် အချိန်ထပ်မဖြုန်းချင်တော့ပေ။ သူမသည် လေသင်္ဘောပေါ်တွင် အကောင်းဆုံးနေရာကို အသာအယာယူလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ အနားယူလိုက်တော့သည်။
တစ်ရက်အကြာတွင် လေသင်္ဘောသည် ရွှန်းယင်ဂိုဏ်း၏ တောင်တံခါးဝရှေ့၌ ရပ်တန့်သွား၏။ ရွှယ်လျန်ကျိက မုန့်ဝမ်ကို ကြည့်ကာ -
“ သတ္တုတွင်းကိုသွားပြီး ငါ့နာမည်ကို ပြောလိုက်၊ တစ်ယောက်ယောက်က မင်းအတွက် အလုပ် စီစဉ်ပေးလိမ့်မယ်။ ”
“ ဟုတ်ကဲ့ပါ။ ”
မုန့်ဝမ်သည် လေသင်္ဘောပေါ်မှ ဆင်းကာ သတ္တုတွင်းဆီသို့ တစ်ဦးတည်း လျှောက်လှမ်းသွား၏။ ရွှန်းယင်ဂိုဏ်းသို့ ဖမ်းဆီးခေါ်ဆောင်လာသည့် အခြားကျင့်ကြံသူများကို ဘယ်နေရာပို့မည်၊ ဘာအလုပ်တွေ ပေးမည်ဆိုသည်ကိုတော့ သူမ ဂရုမစိုက်ချေ။
မုန့်ဝမ်သည် လမ်းလျှောက်နေရင်း လမ်းတစ်လျှောက်ရှိ မြေမျက်နှာသွင်ပြင် အားလုံးကို မှတ်သားထားလိုက်၏။ လမ်းတွင် ရွှန်းယင်ဂိုဏ်း တပည့်အချို့နှင့် ရံဖန်ရံခါ ဆုံမိသော်လည်း အများစုမှာ အဆင့်အတန်းမရှိသော သာမန်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ လူအချို့က သူမကို လောဘဇောတိုက်နေသော မျက်လုံးများဖြင့် မောက်မာစွာ ကြည့်နေကြ၏။
ရွှန်းယင်ဂိုဏ်းသို့ အခုမှ ရောက်ကာစဖြစ်၍ မုန့်ဝမ်မှာ စိတ်အခြေအနေ ကောင်းနေသဖြင့် ထိုအကြည့်များကို လျစ်လျူရှုထားလိုက်သည်။ တကယ်တော့ သူမ အရေးမလုပ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ထိုငပိန်းများ၏ကိုယ်ပေါ်တွင် တန်ဖိုးရှိသည့်အရာ ဘာမှမပါသောကြောင့်ပင်။
သတ္တုတွင်းသို့ ရောက်သောအခါ သူမ၏မည်သူမည်ဝါဖြစ်ကြောင်း ပြောပြပြီးနောက် မုန့်ဝမ်အား သတ္တုအရည်ကျို အလုပ်ရုံတစ်ခုတွင် တာဝန်ပေးလိုက်၏။ သူမ အလုပ်ရုံထဲသို့ ဝင်လိုက်သည်နှင့် အတွင်းရှိ လမ်းစဉ်တပည့် အနည်းငယ်မှာ သူမအား မကောင်းသောအကြည့်များဖြင့် ဝိုင်းကြည့်ကြတော့သည်။
“ လူသစ်... နင့်နာမည် ဘယ်လိုခေါ်လဲ? ငါ နင့်ကို အရင်က မမြင်ဖူးပါဘူး။ ”
“ ကျင့်ကြံမှုအဆင့် ခြောက်ပဲ ရှိတာကို ထူးထူးခြားခြား လမ်းစဉ်တပည့် ဖြစ်လာတာပေါ့။ စီနီယာရွှယ်လျန်ကျိကို ရတနာတွေ အများကြီး ပေးခဲ့ရမှာပဲ မဟုတ်လား? ”
မုန့်ဝမ်က ဘာမှပြန်မပြောဘဲ တိတ်နေသည်ကို မြင်သောအခါ လမ်းစဉ်တပည့်များက ကြောက်စရာကောင်းအောင် တဟားဟား ရယ်မောလိုက်ကြ၏။
“ ဒီလူသစ်က စည်းကမ်းမသိသေးပုံပဲ! ”
“ စည်းကမ်းမသိသေးမှတော့ ငါတို့ကပဲ ကောင်းကောင်း သင်ပေးရမှာပေါ့! ”
လမ်းစဉ်တပည့်များမှာ စိတ်လှုပ်ရှားနေကြ၏။ လမ်းစဉ်တပည့်ချင်း ဖြစ်နေသဖြင့် မုန့်ဝမ်၏ အသက်ကို တိုက်ရိုက် မသတ်နိုင်သော်လည်း လူကို နှိပ်စက်ဖို့ နည်းလမ်းတွေကတော့ အများကြီးရှိပေသည်။ သေချင်စိတ်ပေါက်သွားစေရမည်ဟု သူတို့ ကြုံးဝါးနေကြ၏။
သို့သော် ထိုလူများ မလှုပ်ရှားရသေးမီမှာပင် မုန့်ဝမ်က အရင်ဦးအောင် လှုပ်ရှားလိုက်သည်။ သူမသည် မြေပြင်ပေါ်ရှိသတ္တုအညစ်အကြေးများ ထည့်ထားသော ခြင်းတောင်းကို ကောက်ယူကာ ရုတ်တရက် ဝှေ့ယမ်းပြီး အထဲမှ အရာများကို မှောက်ချလိုက်၏။
အညစ်အကြေးများမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီး သန့်စင်ပြီးသား သတ္တုများထဲသို့ အမှိုက်သဲများစွာ ရောနှောသွားတော့သည်။ လူတိုင်းမှာ ရုတ်တရက် ဖြစ်သွားသော အဖြစ်အပျက်ကြောင့် ဆွံ့အသွားကြ၏။ သူတို့ သတိဝင်လာသည့် အခါတွင်မူ အားလုံးမှာ ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူလျော်ကုန်ကြတော့သည်။
“ သွားပြီ! သတ္တုကျိုမီးဖိုက စီနီယာက ပစ္စည်းလာယူတော့မှာ၊ အခုမှ ရှင်းဖို့ဆိုရင်တော့ မမီတော့ဘူး။ ”
“ တကယ်လို့ ပစ္စည်းတွေ အချိန်မီ မပို့နိုင်လို့ စီနီယာ့အလုပ်ကို နှောင့်နှေးစေခဲ့ရင် ငါတို့အားလုံး သေရချည်ရဲ့! ”
လမ်းစဉ်တပည့်များမှာ မုန့်ဝမ်ကို သတ်ချင်သောအကြည့်များဖြင့် စိုက်ကြည့်ကြ၏။ ဒါတွေအားလုံး သူမကြောင့်ပဲ! သူမသာ မရှိရင် ဒီလောက်ကြီးမားတဲ့ အမှားမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး။ သူမဟာ တကယ်ကို သေထိုက်တဲ့သူပဲ!
“ နင်သေချင်ရင်လည်း တစ်ယောက်တည်း သွားသေစမ်းပါ၊ ငါတို့ကို ဆွဲမထည့်နဲ့! ”
တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် မုန့်ဝမ်ကို အော်ဟစ်ကာ တိုက်ခိုက်ဖို့ ကြိုးစားသော်လည်း အခြားသူများက တားလိုက်ကြ၏။
“ စိတ်အေးအေးထားကြစမ်းပါ၊ စီနီယာရွှယ်လျန်ကျိက အကျိုးအကြောင်းမသိတဲ့သူ မဟုတ်ပါဘူး။ ငါတို့ စီနီယာ့ကို အမှန်အတိုင်း တိုင်လိုက်ရင် မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်။ ”
အားလုံးက စိတ်အေးအေးထားပြီး သတ္တုကျိုမီးဖိုက စီနီယာထံ ဤကိစ္စကို သွားတိုင်ကြ၏။ သတင်းလက်ခံရရှိသော လမ်းစဉ်တပည့်သည်လည်း မပေါ့ဆရဲချေ။ အဆင့်ဆင့် သတင်းပို့ပြီးနောက် ဤကိစ္စမှာ ရွှယ်လျန်ကျိ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
“ အော်... ငါက သူ့ကို သတ္တုတွင်းမှာ တာဝန်ပေးလိုက်ရုံပဲ ရှိသေးတယ်၊ ငါ့အတွက် ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖန်တီးပေးလိုက်တာပေါ့? ”
ရွှယ်လျန်ကျိ၏ မျက်ဝန်းထဲတွင် မိစ္ဆာစွမ်းအင်များ လက်ခနဲ ဖြစ်သွားပြီး သတ္တုတွင်းဆီသို့ တိုက်ရိုက် ပျံသန်းလာခဲ့တော့သည်။ သတ္တုအရည်ကျို အလုပ်ရုံသို့ ရောက်သောအခါ သူမ၏စိတ်ဖြင့် အာရုံခံ လိုက်သည်နှင့် ဘာဖြစ်ခဲ့သည်ကို ချက်ချင်းသိရှိသွားပြီး ဘာမှမဖြစ်သလိုပုံစံဖြင့် အထဲသို့ ဝင်လာ၏။
ရွှယ်လျန်ကျိ ကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ လမ်းစဉ်တပည့်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး မြေပြင်ပေါ်တွင် ဝပ်စင်းလိုက်ကြသည်။
“ စီနီယာ... သေချာ စဉ်းစားပေးပါဦး! ဒီအမှားက လူသစ်ကြောင့်သာဖြစ်တာပါ၊ ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး! ”
ရွှယ်လျန်ကျိက သူတို့အပေါ် ဒေါသပုံချမည်ကို ကြောက်သဖြင့် သူတို့၏ အသံများမှာ တုန်ရီနေကြ၏။
ရွှယ်လျန်ကျိ၏ အကြည့်မှာ ဓားကဲ့သို့ အေးစက်လှပြီး လူတိုင်းကို ဖြည်းဖြည်းချင်း ဝေ့ကြည့်ကာ နောက်ဆုံးတွင် မုန့်ဝမ်ထံ၌ ရပ်တန့်သွားသည်။ သူမသည် ချက်ချင်း အရေးမယူဘဲ အသံကို နှိမ့်ကာ မေးလိုက်၏ - “ မုန့်ဝမ်... မင်းဘာပြောစရာ ရှိလဲ? ”
မုန့်ဝမ်၏ မျက်နှာမှာ တည်ငြိမ်နေပြီး စိတ်မလောဘဲ ပြန်ဖြေလိုက်၏။
“ စီနီယာ... ကျွန်မက ဒီကို အခုမှ ရောက်ကာစမို့ စည်းကမ်းတွေကို မသိသေးပါဘူး။ ခုနက ကျွန်မလုပ်ရပ်က တကယ်ပဲမဆင်မခြင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ဒီလို လုပ်ခဲ့မိတာပါ။ ”
ဤစကား ထွက်လာသည်နှင့် လမ်းစဉ်တပည့်များ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကြ၏။ တစ်ယောက်က မအောင့်နိုင်ဘဲ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“ နင်က စီနီယာ့ရဲ့ အရေးကြီးတဲ့ အလုပ်ကို ဖျက်ဆီးခဲ့ပြီးတော့ အခုထိ ဆင်ခြေပေးနေတုန်းလား? ”
မုန့်ဝမ်က သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ရင်း -
“ ငါက ဘယ်တုန်းက စီနီယာ့အလုပ်ကို ဖျက်ဆီးခဲ့လို့လဲ? ”
“ နင် အခုတင်ပဲ... ”
ပြောနေသည့်သူက မြေပြင်ပေါ်ရှိ ပရမ်းပတာ ဖြစ်နေသည်များကို ညွှန်ပြကာ တစ်ခုခု ပြောဖို့ ပြင်လိုက်သော်လည်း သူမ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်သွားရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်ရှိ အညစ်အကြေးများနှင့် အမှိုက်များ အားလုံး ပျောက်ကွယ်သွား၏။ ပစ္စည်းများ အားလုံးသည် မူလနေရာတွင် သေသေသပ်သပ် ပြန်ရှိနေပြီး အမှိုက်သဲ တစ်စေ့တောင် ရောနှောမနေတော့ချေ။ မုန့်ဝမ် ခုနက မလိုက်သည့် အမှိုက်တောင်းမှာလည်း မြေပြင်ပေါ်တွင် အကောင်းအတိုင်း ရှိနေပေသည်။
လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးစေးများ ချက်ချင်း ထွက်လာတော့သည်။ ဘာတွေ ဖြစ်ကုန်တာလဲ? ခုနက မုန့်ဝမ်က ထိုအမှိုက်တောင်းကို ကိုယ်တိုင် မှောက်ချလိုက်တာကို သူတို့ အထင်အရှား မြင်ခဲ့ကြတာလေ။
“ တော်ကြစမ်း! ”
ရွှယ်လျန်ကျိက အေးစက်စွာ ပြောလိုက်ပြီး ဤပြဇာတ်ကို အဆုံးသတ်လိုက်၏။
“ ဒါက သာမန်လှည့်ကွက်တစ်ခုပဲ။ မင်းတို့က ဒီလောက်အခြေခံကျတဲ့ လှည့်ကွက်ကိုတောင် မသိဘဲ ဒီလောက် ဆူညံအောင် လုပ်ရသလား။ မင်းတို့လို အသုံးမကျတဲ့ကောင်တွေက ငါ့အတွက် ဘာအသုံးကျမှာလဲ? ”
လမ်းစဉ်တပည့်များမှာ ထိတ်လန့်တကြားဖြင့် အကြိမ်ကြိမ် ဦးတိုက်ကာ အသနားခံကြတော့သည်။
“ စီနီယာ... အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ မှားပါပြီ! ”
သာမန်လှည့်ကွက်! သူတို့တွေ ခုနက မုန့်ဝမ့်ရဲ့လှည့်ကွက်ထဲမှာ မိသွားခဲ့တာပဲ။ တော်တော်ကို ယုတ်မာလွန်းလှပေသည်။
“ စကားတွေ အများကြီး ပြောမနေနဲ့တော့။ ကြိမ်ဒဏ် အချက် ၃၀ ခံယူကြ၊ ဒါဆိုရင် ဒီကိစ္စကို အဆုံးသတ်ပေးမယ်! ”
ရွှယ်လျန်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဦးတိုက်နေသော လမ်းစဉ်တပည့်များကို ဂရုမစိုက်တော့ဘဲ မုန့်ဝမ်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ မင်းက တော်တော် သတ္တိရှိတာပဲ၊ သေမှာ မကြောက်ဘူးလား? ”
မုန့်ဝမ်သည် ချက်ချင်း ဒူးထောက်လိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်၏။ “ စီနီယာ့ကို ဖြေရရင်... ကျွန်မ ကြောက်လို့ ယခုလိုလုပ်ခဲ့မိတာပါ မဟုတ်ရင် သူတို့ထက် ပိုဆိုးတဲ့ ဘဝမျိုးကို ရောက်သွားရမှာပါ။ ”
ရွှယ်လျန်ကျိ၏ မျက်မှောင်များ အနည်းငယ် ပြေလျော့သွားပြီး - “ မင်းရဲ့ လှည့်ကွက်က တော်တော်ကောင်းပါတယ်။ နောက်တစ်ခါကျရင်တော့ ဒီလိုဆူဆူညံညံ မဖြစ်အောင် ဆင်ခြင်ပါ။ ”
“ ဟုတ်ကဲ့ပါ။ ”
မုန့်ဝမ် ခေါင်းပြန်မော့လိုက်သည့် အချိန်တွင်မူ ရွှယ်လျန်ကျိ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။ အခြားသော လမ်းစဉ်တပည့်များမှာမူ သူမကို အငြိုးအတေးများဖြင့် ကြည့်နေကြသလို ထိုအကြည့်များထဲတွင် ကြောက်ရွံ့မှုများလည်း ကိန်းအောင်းနေပေသည်။
ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပြီးတဲ့နောက်မှာ အဓိက တရားခံက ဘာမှမဖြစ်ဘဲ ဘေးကနေ ပါသွားတဲ့ သူတို့တွေသာ ကြိမ်ဒဏ် အချက် ၃၀ ခံလိုက်ရတာကိုး။ အပြစ်ပေးတဲ့လူတွေကလည်း တကယ်ကို အသေသတ်မတတ် ရိုက်ကြတာလေ! ဒီအငြိုးအတေးကို သူတို့ မှတ်ထားလိုက်ပြီ။
သတ္တုတွင်းကို ပြန်ရောက်တဲ့အခါ အမောတောင် မဖြေရသေးခင်မှာတင် မုန့်ဝမ်၏ စကားသံကို ကြားလိုက်ရပြန်၏။
“ ငါ ပြန်တော့မယ်။ မင်းတို့ ငါ့ရဲ့ အလုပ်ဝေစုကိုပါ ကျေကျေနပ်နပ်နဲ့ ပြီးအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
ဤစကားကို ကြားလိုက်ရသောအခါ လမ်းစဉ်တပည့်များမှာ သူတို့ အခုတင်မှ သက်သာစပြုနေသော ဒဏ်ရာများမှာ ဒေါသကြောင့် ပြန်ကွဲထွက်မတတ် ခံစားလိုက်ရတော့သည်။ ဒါက လူပြောရမယ့် စကားလား? သူတို့က ဒဏ်ရာရထားတဲ့ လူအုပ်စုဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်တောင်ပြီးအောင် လုပ်ဖို့ ခက်ခဲနေတာကို မုန့်ဝမ်ရဲ့ အလုပ်ကိုပါ ထပ်လုပ်ပေးရဦးမယ် ဟုတ်လား?