← Chapters

ပြဿနာ

Vol. 1 Ch. 5

ပြဿနာ

Vol. 1 Ch. 5

လူတိုင်း၏ မကျေမနပ်ဖြစ်မှုကို သတိပြုမိလိုက်သဖြင့် မုန့်ဝမ်၏ အကြည့်များက သူတို့အပေါ် စူးရှစွာ ဝေ့ကြည့်လိုက်၏။ "ဘာပြဿနာရှိလို့လဲ?"

"မ... မရှိပါဘူး..."

သူမ၏ အကြည့်နှင့် ဆုံမိသူများမှာ အလိုလို တံတွေးမြိုချမိရင်း ပျာပျာသလဲ ပြန်ဖြေကြတော့သည်။

ဒဏ်ရာမရခင်ကတောင် မုန့်ဝမ်၏ လှည့်ကွက်ပညာတွေအောက်မှာ အရှုံးပေးခဲ့ရတာ၊ အခုလို ဒဏ်ရာတွေနဲ့ဆိုရင်တော့ သူမကို ယှဉ်ဖို့ ပိုတောင် စိတ်မကူးရဲကြတော့ချေ။

"အရမ်းကောင်းတယ်။ ကြိုးကြိုးစားစားလုပ်ကြ၊ အရေးကြီးတာမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့။"

မုန့်ဝမ် ထွက်သွားပြီးနောက် သတ္တုအရည်ကျိုအလုပ်ရုံထဲတွင် ပြင်းထန်သော အငြင်းပွားမှုများ ပေါ်ပေါက်လာတော့သည်။

"မင်းတို့ ရူးနေလား? ဘာလို့ အဲ့ကောင်မပြောတာကို သဘောတူလိုက်ရတာလဲ?"

"ငါကရော သဘောတူချင်လို့လား? မင်းကရော အဲ့ကောင်မရှိတုန်းက ဘာလို့ တစ်ခွန်းမှ မဟခဲ့တာလဲ? ငါ့ကို လာရန်တွေ့နေတာက မင်းကို လူစွမ်းကောင်း ဖြစ်သွားစေမှာမို့လို့လား?"

"အဲ့ကောင်မကို ဒုက္ခရောက်အောင် အညံ့ဆုံး ပစ္စည်းတွေကိုပဲ ပေးလိုက်ရင်ရော ဘယ်လိုလဲ?"

"မေ့လိုက်စမ်းပါ။ ဒီနေ့ ကြိမ်ဒဏ်ခံရတာ မဝသေးဘူးလား?"

တစ်ယောက်ကိုတစ်ယောက် ဆဲဆိုပြီးနောက်တွင်မူ အားလုံးမှာ မကျေမနပ်ဖြင့် ဒဏ်ရာရထားသော ခန္ဓာကိုယ်များကို တောင့်ခံကာ သတ္တုကျိုသည့်အလုပ်ကို ဆက်လုပ်ကြရတော့သည်။ မုန့်ဝမ်သာ ဒီလောက် အစွမ်းထက်မှန်း သိခဲ့ရင် သူမ ရောက်ကာစကတည်းက အာဏာပြဖို့ ကြိုးစားခဲ့မှာ မဟုတ်ဘူးဟု နောင်တရနေကြ၏။

အားလုံး အလုပ်ရှုပ်နေချိန်တွင် မုန့်ဝမ်မှာမူ သတ္တုတွင်းထဲမှ ဆင်းလာခဲ့ပြီး ရွှန်းယင်ဂိုဏ်းအတွင်း၌ အေးအေးလူလူ လျှောက်သွားနေလေသည်။ ရွှန်းယင်ဂိုဏ်းသည် နာမည်ကြီးဂိုဏ်းကြီးပီပီ မုန့်မိသားစု၏ ပိုင်နက်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းလှပေသည်။

ကျင့်စဉ်တွေကက ဘယ်မှာလဲ၊ ဂိုဒေါင်တွေက ဘယ်မှာလဲ၊ ရတနာတွေကို ဘယ်မှာ ဝှက်ထားတာလဲ ဆိုတာကိုပဲ သူမ သိချင်နေမိသည်။ မုန့်ဝမ်သည် ဘာမှဂရုမစိုက်ဟန် ပေါက်နေသော်လည်း တကယ်တော့ လမ်းတစ်လျှောက် ဖြတ်သန်းသွားသမျှ အရာအားလုံးကို အလွတ်မှတ်သားနေခြင်း ဖြစ်၏။

ဝိညာဉ်စိုက်ခင်းတစ်ခုအနားမှဖြတ်သွားစဉ် ရင်းနှီးသောမျက်နှာနှစ်ခုနှင့်တွေ့လိုက်ရ၏။ လူတစ်ယောက်သည် အလောင်းများကို မုန်လာဥများ စိုက်သကဲ့သို့ ကျွမ်းကျင်စွာ မြေကြီးထဲသို့ စိုက်ထည့်နေ၏။ အလောင်းနှစ်ခုမှာ လေသင်္ဘောပေါ်တွင် မုန့်ဝမ် ခြေထောက်နှင့် နင်းခြေခဲ့သော လူနှစ်ယောက်ပင် ဖြစ်ပေသည်။

သူမသည် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မုန်လာဥစိုက်သလို အလောင်းစိုက်နေသော တပည့်ထံသို့ စကားစရန် ရှေ့တိုးလိုက်၏။

"အလုပ်ရှုပ်နေတာလား?"

အလောင်းစိုက်နေသော တပည့်မှာလည်း ကျင့်ကြံမှုအဆင့် ၆ ပင် ဖြစ်၏။ သူသည် အစကတော့ ခပ်အေးအေးပင် ပြန်ဖြေဖို့ ကြံရွယ်သော်လည်း သူမခါးက သစ်သားတံဆိပ်ပြားကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ သဘောထားမှာ ချက်ချင်းပင် ရိုသေပျူငှာသွားတော့သည်။ သူ၏ ကျင့်ကြံမှုမှာ မမြင့်သော်လည်း လူမှုရေးအကဲခတ်ကတော့ တော်တော်လေး မြင့်ပေသည်။

သူ ရွှန်းယင်ဂိုဏ်းသို့ ရောက်နေသည်မှာ တစ်နှစ်၊ နှစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း လမ်းစဉ်တပည့်တောင် မဖြစ်သေးချေ။ သူသည် အကဲခတ်တော်မှုနှင့် လူဖားတတ်မှုကြောင့်သာ မသေရုံတမယ် ရှင်သန်နေရခြင်း ဖြစ်၏။

"ဟုတ်ကဲ့ပါ စီနီယာအစ်မ။ ကျွန်တော့်ဘက်က ကူညီပေးရမယ့်အရာ ရှိပါသလား?"

"ဘာမှမရှိပါဘူး။ မင်းဘာသာမင်း အေးအေးဆေးဆေး စိုက်ပါ၊ ငါက ကြည့်ရုံတင် ကြည့်မှာပါ။"

မုန့်ဝမ်မှာ အံ့သြစွာဖြင့် လေ့လာနေမိသည်။ သူမ အချို့အရာများကို သဘောပေါက်သွား၏။ ဤဝိညာဉ်စိုက်ခင်းအောက်တွင် မှော်အစီအရင်တစ်ခု မြှုပ်ထားပြီး သေဆုံးသွားသော ကျင့်ကြံသူများသည် စိုက်ခင်းထဲမှ ကောက်ပဲသီးနှံများအတွက် အာဟာရဖြစ်စေမည့် မြေသြဇာများ ဖြစ်လာကြခြင်းပင်။

သူမက အမှတ်မထင် မေးလိုက်၏။ "ဒီနှစ်ယောက်က ဘယ်လိုသေတာလဲ?"

"လူသစ်တွေလေ... စည်းကမ်းမသိလို့ပေါ့။"

အလောင်းစိုက်နေသော တပည့်မှာ ကျင့်သားရနေပုံပေါ်သည်။ "ဒီလိုလူသစ်တွေက အသေအမြန်ဆုံးပဲ။ ပုံမှန်ဆိုရင် လူဆယ်ယောက်မှာ နှစ်ယောက်၊ သုံးယောက်လောက် အသက်ရှင်ရင်ကို ကံကောင်းလှပြီ။"

မုန့်ဝမ် ခေါင်းညိတ်လိုက်သည်။ သေဆုံးနှုန်းက ၇၀ ကနေ ၈၀ ရာခိုင်နှုန်းတဲ့—သူမ နေရာမှန်ကို ရောက်လာတာပဲ၊ ဒီရွှန်းယင်ဂိုဏ်းက သူမအတွက် အသင့်တော်ဆုံးပဲ။

အလောင်းစိုက်တာကို ကြည့်ပြီးနောက် မုန့်ဝမ်သည် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ဝိညာဉ်စိုက်ခင်းအနီးမှ မထွက်ရသေးမီမှာပင် လူတစ်ယောက်က သူမကို တားလိုက်၏။

"နင်က မုန့်ဝမ် မဟုတ်လား? နင်က တော်တော်လေး ကြွားချင်တဲ့သူလို့ ငါကြားထားတယ်။ ဂိုဏ်းထဲရောက်တာနဲ့ ဆူညံအောင် လုပ်ခဲ့တာပဲ။"

မုန့်ဝမ် လှည့်ကြည့်လိုက်သည့်အခါ စိမ်းသက်သော မုတ်ဆိတ်ဗလပွနှင့် မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် ခင်မင်ဖွယ် အပြုံးတစ်ခု ပြလိုက်၏။

"မေးပါရစေဦး... ရှင်က ဘယ်သူလဲ?"

မုတ်ဆိတ်ဗလပွနှင့် လူက နှာခေါင်းရှုံ့လိုက်ရင်း "ငါက စီနီယာဒန်ကျွယ်ကျိ ရဲ့ လက်အောက်က လမ်းစဉ်တပည့် ဟူတာဝေ ပဲ!"

ဒန်ကျွယ်ကျိ... ဒီနာမည်ကို မုန့်ဝမ် တံဆိပ်ပြားပေါ်မှာ တွေ့ဖူးသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ပြီး ရွှယ်လျန်ကျိနှင့် မတည့်သောသူ ဖြစ်၏။ ရွှန်းယင်ဂိုဏ်းကဲ့သို့ နေရာမျိုးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်း၌ ကိုယ်ပိုင်အင်အားစုနှင့် ဂိုဏ်းဂဏများ ရှိကြပြီး သူတို့၏ လမ်းစဉ်တပည့်များသည်လည်း ထိုဂိုဏ်းဂဏ တိုက်ပွဲများ၏ ရိုက်ခတ်မှုကို ခံကြရစမြဲ ဖြစ်သည်။

မုန့်ဝမ် သဘောပေါက်လိုက်ပြီ။ ဒီဟူတာဝေ ထွက်လာတာက သူမကို နှိမ်ဖို့၊ ရွှယ်လျန်ကျိကို အရှက်ခွဲဖို့နဲ့ အဲဒီကနေတစ်ဆင့် ဒန်ကျွယ်ကျိရဲ့ မျက်နှာသာပေးမှုကို ရဖို့ပဲ ဖြစ်လိမ့်မည်။ လမ်းစဉ်တပည့် အဆင့်အတန်းမှာ သာမန်ကျင့်ကြံသူထက် မြင့်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့ဟာ မျက်စိပသာဒဖြစ်စေမည့် ပုရွက်ဆိတ်များသာ ဖြစ်ပေသည်။

ဟူတာဝေ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သဖြင့် မုန့်ဝမ် နောက်ဆုတ်ချင်သွား၏။ သူမသည် ရွှယ်လျန်ကျိကို အရှက်မကွဲစေချင်သလို၊ ဂိုဏ်းဂဏတိုက်ပွဲတွေထဲကို ဒီလောက်အစောကြီး ဝင်ပါပြီး အခြေခံတည်ဆောက်ခြင်းအဆင့် လူကြီးတစ်ယောက်ကိုလည်း မပြစ်မှားချင်သေးပေ။ သူမက သစ်ပင်ကြီးအောက်မှာ ခိုလှုံရင်း ဘဝတူတပည့်တွေကို အနိုင်ကျင့်ကာ အရင်းအမြစ်တွေကိုပဲ စုဆောင်းချင်နေတာ ဖြစ်သည်။

သို့သော် ဟူတာဝေက အလွတ်မ‌ပေးချေ။ မုန့်ဝမ် လစ်ထွက်ဖို့ ကြိုးစားနေတာကို မြင်တော့ သူက လှောင်ပြုံးပြုံးရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"စီနီယာရွှယ် လက်ခံထားတဲ့ လမ်းစဉ်တပည့်သစ်က အရေးပါတဲ့သူ ထင်နေတာ၊ တကယ်တော့ လူကြောက်တစ်ယောက်ပဲကိုး။ စီနီယာရွှယ်ရဲ့ မျက်နှာကို တကယ် အရှက်ခွဲတာပဲ။"

မုန့်ဝမ်၏ မျက်ဝန်းများ မှောင်ကျသွား၏။

သူတို့နှစ်ယောက်ကြားက အခြေအနေက လူအများ၏ အာရုံစိုက်မှုကို ရနေပြီ ဖြစ်သည်။ ဟူတာဝေ၏ ဆူညံမှုကြောင့် ပိုပြီးတော့တောင် လူသိများသွားပြီ။ တကယ်လို့ သူမ အခု ထွက်သွားမယ်ဆိုရင် ပြန်ရောက်တဲ့အခါ ရွှယ်လျန်ကျိရဲ့ ပါးရိုက်သတ်တာကို ခံရပေလိမ့်မည်။

"ရှင်က ဟူတာဝေ မဟုတ်လား? ရှင့်အနေနဲ့ ကျွန်မကို စော်ကားလို့ ရပေမယ့် စီနီယာရွှယ်လျန်ကျိလို ပုဂ္ဂိုလ်မျိုးကိုတော့ ဘယ်လိုလုပ်ပြီး စော်ကားရဲရတာလဲ?"

မုန့်ဝမ်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း - "ဒီနေ့တော့ စီနီယာ့ကိုယ်စား ရှင့်ကို ကျွန်မ ကောင်းကောင်း ပညာပေးရမှာပဲ!"

"မောက်မာလှချေလား!"

မုတ်ဆိတ်ဗလပွနှင့်လူက လက်ချောင်းများကို လက်သည်းကဲ့သို့ ပြောင်းလဲကာ မုန့်ဝမ်၏ မျက်နှာကို လှမ်းဖမ်းလိုက်၏။ "ကျင့်ကြံမှုအဆင့် ၆ ပဲရှိတဲ့ အမှိုက်က ငါ့ရှေ့မှာ လာပြီး မောက်မာရဲတယ်ပေါ့!"

မုန့်ဝမ်က နောက်ကို အနည်းငယ်ဆုတ်ကာ အဖမ်းကို ရှောင်လိုက်ပြီး သူ့နောက်ကို လက်ညှိုးညွှန်ပြလိုက်၏။

"မြန်မြန်ကြည့်ဦး! ရှင့်ရဲ့ ဝိညာဉ်စိုက်ခင်းမှာ မီးလောင်နေပြီ!"

ဟူတာဝေက နှာခေါင်းရှုံ့လိုက်ရင်း "ဒီလို အပေါစား လှည့်ကွက်ကို ငါက ယုံမယ် ထင်နေလား..."

သူ စကားမဆုံးခင်မှာတင် မီးလောင်နံ့ကို ရလိုက်သဖြင့် သူ၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"နင် ရူးနေလား? ဝိညာဉ်စိုက်ခင်းကို မီးရှို့ရဲတယ်ပေါ့?"

သူက အမြန်လှည့်ကြည့်လိုက်သည့်အချိန်တွင်မူ မုန့်ဝမ်၏ လက်သီးချက်က သူ့ခေါင်းကို အရှိန်နှင့် ထိမှန်သွား၏။ သူ၏ မျက်ခွံများ လန်တက်သွားကာ သတိလစ်ပြီး လဲကျသွားတော့သည်။

မုန့်ဝမ်က လက်သီးကို ပြန်ရုတ်လိုက်ပြီး သူ့ရင်ဘတ်ကို ခြေထောက်နှင့်နင်းကာ ခါးက သိုလှောင်အိတ်ကို ကျွမ်းကျင်စွာ ဖြုတ်ယူလိုက်၏။

"ငတုံး... ဝိညာဉ်စိုက်ခင်းက မှော်အစီအရင်နဲ့ ကာကွယ်ထားတာလေ။ ငါက အပြင်က ပေါင်းပင်တွေကိုပဲ မီးရှို့တာ!"

မုန့်ဝမ်၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှသည်။ သိုလှောင်အိတ်ကိုယူပြီးနောက် သူ့ရဲ့ဝတ်ရုံက အကောင်းစားဖြစ်နေတာကို မြင်တော့ သူ့အဝတ်အစားတွေကိုပါ ချွတ်ယူလိုက်ပြန်၏။ သူ့ကိုယ်ပေါ်မှာ "ငတုံး" ဟု ရေးသားခဲ့ပြီးမှ မောက်မာစွာ ထွက်ခွာသွားတော့သည်။

ဟူတာဝေနှင့်ဖြစ်ပွားခဲ့သော ဤတိုက်ပွဲသည် ဒန်ကျွယ်ကျိကို ပြစ်မှားမိသွားစေမည်မှာ အသေအချာပင်။ သို့သော် မုန့်ဝမ် စဉ်းစားမိသည်မှာ ရွှယ်လျန်ကျိနှင့် ဒန်ကျွယ်ကျိမှာ မတည့်ကြဘဲ သူမကလည်း ရွှယ်လျန်ကျိ၏တပည့်အဖြစ် အမည်တပ်ခံထားရပြီးသား ဖြစ်၍ ဤပဋိပက္ခထဲမှ ရှောင်ထွက်ရန် မဖြစ်နိုင်တော့ချေ။ အခြေအနေက ဤသို့ဖြစ်နေမှတော့ ရွှယ်လျန်ကျိ၏ ခြေသလုံးကိုသာ တင်းတင်းဖက်ထားဖို့ လိုအပ်ပေသည်။ ကျန်တဲ့ကိစ္စတွေကတော့ သူမကဲ့သို့ အဆင့် ၆ ကျင့်ကြံသူလေး စိုးရိမ်ရမည့် ကိစ္စများ မဟုတ်ပေ။

မုန့်ဝမ်သည် လမ်းလျှောက်နေရင်း ယနေ့ရရှိခဲ့သော အကျိုးအမြတ်များကို ပျော်ရွှင်စွာ ရေတွက်နေမိသည်။ ရွှန်းယင်ဂိုဏ်းသည် တကယ်ကို ချမ်းသာဖို့ကောင်းတဲ့ နေရာတစ်ခုပဲ! သူမ ဒီကို ရောက်တာ မကြာသေးပေမယ့် အကျိုးအမြတ်တွေ တော်တော်လေး စုမိနေပြီ။

ကျင့်ကြံမှုအဆင့် ၇ သို့ တက်လှမ်းဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကတော့ လောလောဆယ် အလုံအလောက် ရှိသွားပြီ။ မုန့်ဝမ်သည် တပည့်များနားနေဆောင်သို့ ပြန်လာပြီး တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ကာ မှော်အစီအရင်တစ်ခု ချလိုက်၏။ နားနေဆောင်မှာတော့ တပည့်အချင်းချင်းတိုက်ခိုက်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ရှိတာမို့ အတော်လေး ဘေးကင်းပေသည်။

သို့သော် မုန့်ဝမ်၏ ဂရုစိုက်တတ်မှုမှာ သူမ၏ အရိုးထဲအထိ စွဲနေသဖြင့် ပေါ့ဆမည် မဟုတ်ချေ။ ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ပြီးနောက် သူမသည် ထိုင်ခုံပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်လိုက်၏။

ထို့နောက်တွင်မူ သူမသည် သူမ၏ ဘယ်ဘက်ခြေသလုံးကို လှီးချလိုက်သည်။ သူမသည် မျက်တောင်တစ်ချက် မခတ်ဘဲ ဟက်တက်ကွဲသွားသော အသားထဲမှ "သိုလှောင်လက်စွပ်" တစ်ခုကို ထုတ်ယူလိုက်ပြီး အထဲမှ ဝိညာဉ်ကျောက်တုံးအားလုံးကို သွန်ချလိုက်တော့သည်။

ဝိညာဉ်ကျောက်တုံးများသည် တောင်ငယ်တစ်ခုပမာ ပုံကျလာ၏။ သာမန်ကျင့်ကြံသူများသည် အဆင့် ၇ သို့ တက်လှမ်းရန် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းသာ လိုအပ်သည်။ ဤမျှများပြားသော ကျောက်တုံးများသည် ကျင့်ကြံသူ တစ်ရာကျော်ကို အဆင့် ၆ မှ အဆင့် ၇ သို့ တက်လှမ်းစေနိုင်လောက်ပေသည်။

သူမ၏ ဘေးပတ်ပတ်လည်တွင် ပုံနေသော ဝိညာဉ်ကျောက်တုံးတောင်ကြီးကို ကြည့်ပြီးမှ မုန့်ဝမ်သည် ဘေးကင်းလုံခြုံမှုကို ခံစားလိုက်ရတော့သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် မုန့်ဝမ်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ မျက်လုံးမှိတ်၍ သူမ၏ ကျင့်စဉ်ကို စတင် ကျင့်ကြံလေတော့သည်။

သူမကျင့်ကြံသော ကျင့်စဉ်မှာ သူမ၏မိခင်ချန်ရစ်ခဲ့သော အမွေအနှစ်ဖြစ်ပြီးအလွန်ပင် ထူးခြားလှသော "သွေးမိစ္ဆာ ကောင်းကင်ဘုံအသူရာကျင့်စဉ်" ဖြစ်သည်။

All Chapters