ပြဿနာရှာခြင်း
Vol. 1 Ch. 7
မုန့်ဝမ်သည် စကားအများကြီး မပြောတော့ဘဲ ပစ္စည်းများကို ကောက်ယူကာ လက်နက်သွန်းလုပ်သည့် မီးဖိုထဲသို့ ပစ်ထည့်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် မနှစ်မြို့ဖွယ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ နေဦး... အဲဒီပစ္စည်းတွေမှာ ပြဿနာရှိတယ်! ”
လမ်းစဉ်တပည့်တစ်ယောက် ရှေ့ထွက်လာပြီး မုန့်ဝမ်၏ လက်ထဲရှိ ပစ္စည်းများကို ညွှန်ပြကာ ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မုန့်ဝမ် မော့ကြည့်လိုက်သည့်အခါ သူမ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။ တစ်ယောက်ယောက်က သူမကို တမင်တကာ ပြဿနာရှာဖို့ ကြိုးစားနေမှန်း သူမ သိလိုက်ပြီ။
“ အော်... ဘာပြဿနာရှိလို့လဲ? ”
မုန့်ဝမ်၏အသံမှာ တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှုမှ ပါဝင်မနေချေ။ ထိုတပည့်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး မုန့်ဝမ်လက်ထဲရှိ သတ္တုရိုင်းကို ညွှန်ပြလိုက်သည်။
“ ဒီ 'မီးတောက်နီကျောက်' က သိသိသာသာကို အနာအဆာပါတဲ့ ပစ္စည်းအညံ့ပဲ။ ဒါကိုသုံးပြီး လက်နက်သွန်းလုပ်ရင် ဝိညာဉ်လက်နက်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ”
ပတ်ဝန်းကျင်ရှိ လူများက တိုးတိုးတိတ်တိတ် စတင်ပြောဆိုလာကြပြီး မုန့်ဝမ်ကို ကြည့်သည့် အကြည့်များမှာ အထင်သေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
“ ဒီလောက် ရိုးရှင်းတဲ့ ပြဿနာကိုတောင် သူမက မမြင်နိုင်ဘူးပဲ။ တကယ်ကို အလကားကောင်မလေးပဲ! ”
“ သူမလိုလူမျိုးက လက်နက်သွန်းလုပ်ရေးအလုပ်ရုံမှာ နေဖို့ မတန်ဘူး! ”
“ ငါသာ နင့်နေရာမှာဆိုရင် စီနီယာ့ရဲ့ အပြစ်ပေးမှုကို မခံရအောင် မီးဖိုထဲပဲ ခုန်ချသေလိုက်တော့မယ်။ ”
မုန့်ဝမ်က ပြန်မငြင်းပါ။ သို့သော် သူမ ပြောလိုက်သောစကားကြောင့် ထိုတပည့်၏ အပြုံးများ တောင့်တင်းသွားသည်။
“ ငါမယုံဘူး။ ”
“ ဘာ... ဘာပြောတယ်? ”
အပြစ်ရှာလိုက်သော တပည့်မှာ ဆွံ့အသွားရသည်။
“ ငါပြောတာက... ဒီမီးတောက်နီကျောက်က အညံ့ဆိုတာကို ငါမယုံဘူး။ မင်းပဲ ငါ့အတွက် စမ်းပြပေးပါ။ ”
ပြောပြောဆိုဆိုနှင့်ပင် မုန့်ဝမ်သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုဖြင့် မီးတောက်နီကျောက်ကို ထိုသူ့လက်ထဲသို့ အတင်းထိုးထည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို အင်အားသုံးကာ ဆွဲယူလိုက်ပြီး သူ၏လက်နှင့် ကျောက်တုံးကို မီးဖိုထဲသို့ အတူတူ ဖိသွင်းချလိုက်တော့သည်။
“ အား... မလုပ်နဲ့— ”
ထိုသူ၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြစ်သွားရသည်။ သူ အသည်းအသန် ရုန်းကန်သော်လည်း မုန့်ဝမ်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ချေ။ မီးဖိုထဲမှ မီးတောက်များမှာ ဟုန်းဟုန်းတောက်နေပြီး ထိုတပည့်၏ လက်ဖဝါးကို ချက်ချင်းပင် ဝါးမြိုသွားတော့သည်။ မီးတောက်နီကျောက်မှာလည်း အပူရှိန်ကြောင့် နီရဲတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုတပည့်၏ အော်ဟစ်သံမှာ လက်နက်သွန်းလုပ်ရေးအလုပ်ရုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ မုန့်ဝမ်က ဤကဲ့သို့ လုပ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ခုနက တိုးတိုးတိတ်တိတ် အတင်းပြောနေကြသော တပည့်များမှာလည်း မုန့်ဝမ်ကို ထိတ်လန့်တကြား ကြည့်နေကြပြီး ဘာတစ်ခွန်းမှ မဟရဲကြတော့ချေ။
မုန့်ဝမ်သည် ထိုတပည့်ကို လွှတ်ပေးလိုက်ပြီး မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေသည်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်၏။
“ အင်း... အခုတော့ ငါယုံသွားပြီ။ မင်းငါ့ကိုပေးတဲ့ မီးတောက်နီကျောက်က တကယ်ပဲ အညံ့ဖြစ်နေတာကိုး။ ”
မီးလောင်ခံရသော တပည့်မှာ သူ၏လက်မောင်းကို ဆုပ်ကိုင်ထားရင်း နာကျင်စွာ အော်ဟစ်နေရသည်။ သူ၏လက်ဖဝါးမှာ မည်းတူးနေပြီး မီးတောက်နီကျောက်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ မီးဖိုထဲမှ တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး အနာအဆာပါသော ကျောက်တုံးကြောင့် သွန်းလုပ်နေသည့် ဝိညာဉ်လက်နက်မှာလည်း ပျက်စီးသွားတော့သည်။
ဤမြင်ကွင်းကြောင့် မုန့်ဝမ်သည် တကယ့်ကို ကြောက်စရာကောင်းသူမှန်း လူတိုင်း သဘောပေါက်သွားကြ၏။ မဟုတ်ဘူး... သူမက ကောလာဟလတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတာပဲ! သူမက တကယ့်ကို အရူးတစ်ယောက်ပဲ!
လက်နက်သွန်းလုပ်ရေးအလုပ်ရုံကို တာဝန်ယူထားသူမှာ အပြေးအလွှား ရောက်လာ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အလွန်ပင် ပျက်သွားရသည်။ သူက မုန့်ဝမ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ ဒဏ်ရာရထားသော တပည့်ကို ဆေးကုသရန် ခေါ်သွားဖို့သာ အမိန့်ပေးလိုက်၏။
“ ခဏနေဦး... သူက ငါ့ကို လျော်ကြေးပေးရဦးမှာ မဟုတ်ဘူးလား? ”
မုန့်ဝမ်က အလုပ်ရုံတာဝန်ခံကို တားလိုက်ပြီး ခေါ်သွားတော့မည့် တပည့်ကို ညွှန်ပြလိုက်၏။
“ လျော်ကြေး? ”
တာဝန်ခံ၏ မျက်မှောင်များမှာ တင်းကျပ်သွားပြီး ဒေါသကို မနည်းထိန်းချုပ်ထားရသည်။ ဒီလူက ဒီလောက်ထိ ဒဏ်ရာရနေပြီ၊ ဝိညာဉ်လက်နက်လည်း ပျက်စီးသွားပြီ။ သူမကို အပြစ်မတင်တာပဲ တော်လှပြီကို သူမက ဘယ်လိုမျက်နှာမျိုးနဲ့ လျော်ကြေးတောင်းနေရတာလဲ?
“ ဟုတ်တာပေါ့။ ”
တာဝန်ခံ၏ ဒေါသကို သတိမထားမိဟန်ဖြင့် မုန့်ဝမ်က တည်ငြိမ်စွာ ဆက်ပြောလိုက်၏။
“ သူက ငါ့ကို တမင်တကာ အနာအဆာပါတဲ့ ကျောက်တုံးကို ပေးခဲ့တယ်၊ အဲဒါကြောင့် ငါ့ရဲ့အချိန်တွေ ကြန့်ကြာသွားရတယ်၊ ငါ့ရဲ့တာဝန်ကို နှောင့်နှေးစေတယ်၊ ဝိညာဉ်လက်နက် သွန်းလုပ်တာလည်း ပျက်စီးသွားရတယ်။ ဒါတွေအတွက် သူက ငါ့ကို လျော်ကြေးပေးသင့်တာ မဟုတ်ဘူးလား? ”
တာဝန်ခံမှာ ဒေါသကို မနည်းထိန်းနေရ၏။ နားထောင်ကြည့်စမ်းပါ... ဒါက လူပြောရမယ့် စကားလား? သူမက ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖန်တီးခဲ့ပြီးတော့ ခုနက ကိစ္စသေးသေးလေးကိုပဲ ဖက်တွယ်နေတုန်းလား? သို့သော် မုန့်ဝမ် လှုပ်ရှားလိုက်စဉ်က အလွန်မြန်ဆန်သော အရှိန်အဟုန်ကို စဉ်းစားမိလိုက်သဖြင့် သူ၏ ဒေါသကို ပြန်လည် ဖိနှိပ်လိုက်ရသည်။
မုန့်ဝမ် ပြသထားသော ကျင့်ကြံမှုမှာ အဆင့် ၇ သာရှိသော်လည်း သူမ၏ အစွမ်းအစအစစ်အမှန်မှာ ခန့်မှန်းရ ခက်လှပေသည်။ ရွှန်းယင်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်ရတာကို ဝါသနာပါကြသော်လည်း သူတို့မှာ ဦးနှောက်မရှိသူများ မဟုတ်ကြပေ။
“ နင် ဘယ်လောက် လိုချင်လို့လဲ? ”
မုန့်ဝမ်က လက်ချောင်းငါးချောင်းကို ထောင်ပြလိုက်ပြီး - “ ဝိညာဉ်ကျောက်တုံး ၅၀၀၀၊ သိပ်မများဘူး မဟုတ်လား? ”
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အသက်ရှူမှားသွားကြ၏။ ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဆိုတာ အဆင့် ၆၊ အဆင့် ၇ ကျင့်ကြံသူတစ်ယောက်အတွက် မနည်းလှသော ပမာဏ ဖြစ်သည်။ လူအများစု၏ တစ်သက်တာ စုဆောင်းငွေမှာတောင် အဲဒီလောက် ရှိချင်မှ ရှိပေလိမ့်မည်။
တာဝန်ခံ၏ မျက်နှာမှာ မဲမှောင်နေပြီး မုန့်ဝမ်ကို အကြာကြီး စိုက်ကြည့်နေကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ရတော့သည်။
“ ကောင်းပြီ... သူ့ကိုယ်စား ငါပဲ လျော်ပေးမယ်။ ”
သူသည် သတိလစ်နေသော တပည့်ထံမှ သိုလှောင်အိတ်ကို ဖြုတ်ယူကာ မုန့်ဝမ်ထံ ပစ်ပေးလိုက်၏။ မုန့်ဝမ်သည် အိတ်ကို လှမ်းဖမ်းကာ ကျေနပ်စွာ သိမ်းလိုက်ပြီးနောက် အခြားသူများကို လှည့်ကြည့်လိုက်ပြန်သည်။
“ ပြီးတော့... မင်းတို့အားလုံးလည်း ငါ့ကို လျော်ကြေးပေးဖို့ လိုအပ်သေးတယ်။ ”
“ ငါတို့ကပါ လျော်ရမယ်? နင်ကတော့ ဝိညာဉ်ကျောက်တုံးတွေ မမြင်ဖူးလို့ ရူးနေတာလား? ”
“ ဟုတ်တယ်လေ... ငါတို့က နင့်ကို ရန်စခဲ့တာမှ မဟုတ်တာ! ”
အခြားသူများက မုန့်ဝမ်ကို အရူးတစ်ယောက်လို ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်ကြ၏။ “ ဒီလောက် လောဘကြီးနေရင်တော့ နင် အဆုံးသတ်မကောင်းပဲနေမယ်။”
မုန့်ဝမ်က မော့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကလူတွေကို ဝေ့ကြည့်လိုက်၏။
“ မင်းတို့က တကယ်ပဲ မပါဝင်ခဲ့ဘူးလို့ ပြောချင်တာလား? သူက ငါ့ကို အနာအဆာပါတဲ့ ကျောက်တုံးကို ပေးခဲ့တာလေ။ ဒီကိစ္စကို မင်းတို့အားလုံး လုံးဝ မသိခဲ့ဘူးလို့ ပြောရဲသလား? ”
လူတိုင်းမှာ ခဏတာဆွံ့အသွားကြသည်။ သူတို့ သိတာပေါ့။ ထိုသူ၏လက်ကို မီးဖိုထဲ မထည့်ခင်တုန်းက မုန့်ဝမ် ဒုက္ခရောက်မှာကို သူတို့ တိတ်တဆိတ် မျှော်လင့်နေခဲ့ကြတာလေ။ ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ? မုန့်ဝမ်က လူသစ်ပဲလေ။ သူမမှာ အရည်အချင်းရှိရင်တောင် လက်နက်သွန်းလုပ်ရေးအလုပ်ရုံ တစ်ခုလုံးကလူတွေကို ယှဉ်နိုင်မှာတဲ့လား?
အခြေအနေက မကောင်းမှန်း သိလိုက်သဖြင့် တာဝန်ခံက အခြားသူတွေကို အကြည့်တစ်ချက်ပေးကာ စေ့စပ်ပေးလိုက်၏။
“ မုန့်ဝမ်... နင် လျော်ကြေး ရပြီးပြီပဲ။ တခြားသူတွေကိုတော့ ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့။ ”
မုန့်ဝမ်က မတုန်မလှုပ် ရှိနေဆဲပင်။ သူမ၏ အကြည့်မှာ ဓားကဲ့သို့ စူးရှနေပြီး ထိုတပည့်များကို တစ်ယောက်ချင်းစီ ဝေ့ကြည့်လိုက်၏။
“ ကောင်းပြီ.....ဒီနေ့တော့ ငါ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ မင်းတို့အားလုံး မှတ်ထားကြ နောက်တစ်ခါဆို လွယ်လွယ်နဲ့ မပြီးဘူး ” ဟု
ပြောပြီးနောက် မုန့်ဝမ်သည် လူအုပ်ကြီးကို လျစ်လျူရှုကာ လှည့်ထွက်သွားပြီး သူမ၏ရှေ့ရှိ ဝိညာဉ်လက်နက်ကို စတင်ကိုင်တွယ်တော့သည်။ အခြားသူများမှာမူ မုန့်ဝမ်၏ စကားကို ကြားပြီးနောက် မျက်နှာများ ပျက်သွားကြ၏။
“ တော်တော်ကို လေကြီးတာပဲ။ သူမက ငါတို့ သူမကို ကြောက်နေတယ်လို့ တကယ် ထင်နေတာလား? ”
“ သူမက လှည့်ကွက်တွေပဲ သုံးတတ်တာပါ။ တကယ့်တိုက်ပွဲဆိုရင် သူမက ဘယ်သူ့ကို နိုင်မှာလဲ? ”
“ ငါတို့အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြမယ်၊ ပြီးရင် သူမရဲ့ သိုလှောင်အိတ်ကို လုယူလိုက်မယ်! ”
သို့သော် ထိုသူများသည် သတင်းပို့အဆောင် များသုံးပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်သတင်းပို့နေကြသော်လည်း အပြင်ပန်းမှာတော့ မည်သူတစ်ဦးတစ်ယောက်မှ မကျေနပ်မှုကို မပြရဲကြချေ။ အမှန်ပင် သူတို့အားလုံး ပေါင်းတိုက်လျှင် မုန့်ဝမ်ကို နိုင်ကောင်းနိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပြဿနာက... ဘယ်သူက အစောဆုံး ရှေ့ထွက်ပြီး အသေခံမှာလဲ?
ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် မုန့်ဝမ်က လျော်ကြေးတောင်းပေမယ့် သူတို့က မပေးခဲ့ဘူးပဲ။ သူတို့ဘက်က ဘာမှ မဆုံးရှုံးတာကြောင့် ထိုအရူးမနှင့် အသေအလဲ တိုက်ခိုက်နေဖို့ မလိုအပ်ပေ။ သူတို့ မုန့်ဝမ်ကို မကျေနပ်ကြသော်လည်း သူမ၏ အစွမ်းနှင့် နည်းလမ်းတွေက လူကို ရင်လေးစေမှန်းတော့ ဝန်ခံကြရပေသည်။
ဒါ့အပြင် အချို့သော ပါးနပ်သူများသည် နောင်တွင် အရူးမနှင့် မဆုံမိအောင် လက်နက်သွန်းလုပ်ရေးအလုပ်ရုံမှာ ပိုပြီး သတိထားဖို့ စတင်စဉ်းစားနေကြပြီ ဖြစ်သည်။
မုန့်ဝမ်ကတော့ အခြားသူတွေ ဘာတွေးနေလဲဆိုတာကို ဂရုစိုက်ဖို့ အချိန်မရှိချေ။ သူမသည် လက်ထဲရှိ ပစ္စည်းများကို ကိုင်တွယ်ကာ မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး မီးတောက်များထဲတွင် တဖြည်းဖြည်း အရည်ပျော်သွားသည်ကို ကြည့်နေလိုက်သည်။ လူသစ်တစ်ယောက်အနေနဲ့ သိုးတွေကို အမွှေး အတင်းမညှပ်သင့်သေးဘူးလေ။ သူတို့ကို ပြန်နာလန်ထူဖို့ အချိန်ခဏ ပေးရဦးမည်။
လက်နက်သွန်းလုပ်ရေးအလုပ်ရုံ တာဝန်ခံသည် မုန့်ဝမ်၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ လက်ခနဲ ဖြစ်သွားပြီး ရင်ထဲတွင်လည်း ကြီးမားသော စိုးရိမ်စိတ်တစ်ခု ပေါ်ပေါက်လာတော့သည်။ မုန့်ဝမ်ကဲ့သို့ လူမျိုးသည် မသေဆုံးသရွေ့ သူမ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေမည်မှာ အသေအချာပင်။
မဟုတ်ဘူး... သူ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်တော့ဘူး!