တုံ့ပြန်မှု
Vol. 1 Ch. 8
လက်နက်သွန်းလုပ်ရေးအလုပ်ရုံ တာဝန်ခံ၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး အလုပ်ရုံထဲမှ လှည့်ထွက်သွားတော့သည်။ နောက်ရက်အနည်းငယ်အတွင်း လက်နက်သွန်းလုပ်ရေးအလုပ်ရုံ၌ အရာအားလုံးမှာ ပုံမှန်အတိုင်းပင်ဖြစ်နေပြီး မည်သူမျှ မုန့်ဝမ်ကို ပြဿနာလာရှာခြင်း မရှိတော့ချေ။
မုန့်ဝမ်ကတော့ အနည်းငယ် နှမြောသလို ဖြစ်နေသော်လည်း သူမကိုယ်တိုင် ပြဿနာရှာရန်မှာလည်း အချိန်မရှိချေ။အကြောင်းမှာ သူမသည် ရုပ်သေးပညာကိုအသုံးပြုသူဖြစ်သဖြင့်လက်နက်သွန်းလုပ်ခြင်း ပညာရပ်ကို အမြဲတမ်း စိတ်ဝင်စားခဲ့သောကြောင့်ပင်။ ဤအခွင့်အရေးကို အသုံးချပြီး လက်နက်သွန်းလုပ်ခြင်းကို လေ့လာရသည်မှာလည်း မဆိုးလှပေ။
တစ်နေ့တွင် မုန့်ဝမ်သည် အလုပ်ရုံမှ ထွက်လာပြီး နားနေဆောင်သို့ အပြန်လမ်းတွင် ကျင့်ကြံမှုအဆင့် ၉ ရှိသော လမ်းစဉ်တပည့် သုံးယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“ မုန့်ဝမ်... နင်က အခုတလော တော်တော်လေး ဟုတ်နေတယ်လို့ ငါတို့ ကြားထားတယ်နော်။ ”
ဘယ်ဘက်တွင်ရှိသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူက အထင်သေးစွာ ပြုံးရင်း ပြောလိုက်၏။ သူ၏ မျက်ဝန်းထဲတွင် ရန်လိုမှုနှင့် စိန်ခေါ်မှုများမှာ အထင်အရှားပင်။ မုန့်ဝမ်က ရပ်လိုက်ပြီး သူမရှေ့မှ လူအုပ်ကို အကဲခတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ပင် တုန်ယင်နေပြီ ဖြစ်သည်။
သူမသည် လက်နက်သွန်းလုပ်ခြင်းနှင့် အလုပ်ရှုပ်နေသဖြင့် ဝင်ငွေရှာရန် အချိန်မရဘဲ ဖြစ်နေချိန်တွင် ယခုတော့ ဝိညာဉ်ကျောက်တုံးများက သူမ၏ ခြေရင်းအထိ အလိုအလျောက် ရောက်ရှိလာခြင်းပင် ဖြစ်၏။ သို့သော် ထိုသူများကမူ မုန့်ဝမ် တုန်ယင်နေသည်ကို ကြောက်ရွံ့နေသည်ဟု ထင်မှတ်ပြီး လှောင်ပြုံး ပြုံးလိုက်ကြသည်။
“ ကြောက်နေတာလား? နင့်ရဲ့ သတ္တိကလည်း အဲဒီလောက်ပဲကိုး။ ”
“ အသုံးမကျတဲ့ ဟူတာဝေကသာ နင့်ရဲ့ လှည့်ကွက်တွေအောက်မှာ ရှုံးခဲ့တာ။ ”
“ မှတ်ထားဦး... ငါတို့က စီနီယာဒန်ကျွယ်ကျိရဲ့ လက်အောက်က လမ်းစဉ်တပည့်တွေပဲ။ နင် ဖျက်ဆီးထားတဲ့ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လာယူတာ... ”
သူ စကားမဆုံးခင်မှာတင် ရုတ်တရက် အသံတစ်ချက် ထွက်လာပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ အသက်ရှိသလား၊ သေသလား မသိရဘဲ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ကျန်ရှိနေသော နှစ်ယောက်မှာ ရုတ်တရက် ဖြစ်သွားသော အခြေအနေကြောင့် လန့်သွားကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ မုန့်ဝမ်ကို သတိထားပြီး စိုက်ကြည့်နေကြ၏။
“ မုန့်ဝမ်... နင် သူ့ကို ဘာလုပ်လိုက်တာလဲ? ”
မုန့်ဝမ်က ပြန်မဖြေပါ။ သူမ၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားမှုကို အာရုံခံလိုက်ပြီး ဒုတိယမြောက် "ဝိညာဉ်ခွဲ သံမှို" ကို စုစည်းလိုက်ပြန်သည်။ သူမတွင် တိုက်ခိုက်ခြင်းမပြုမီ တစ်ဖက်လူနှင့် စကားဖောင်ဖွဲ့တတ်သော အလေ့အကျင့် မရှိချေ။
တစ်ယောက်က ရုတ်တရက် တစ်ခုခုကို သတိပြုမိသွား၏။
“ပုံရိပ်ယောင်ပဲ !ဒါ..... ငါတို့ ပုံရိပ်ယောင်အောက် ရောက်နေတာပဲ။ ဒီလို လှည့်စားမှုတွေက အပေါ်ယံ ဟန်ပြရုံပဲ၊ ဘာတိုက်ခိုက်နိုင်စွမ်းမှ မရှိဘူး! ”
အခြားတစ်ယောက်ကလည်း အိမ်မက်က နိုးလာသကဲ့သို့ - “ ဟုတ်တယ်! လှည့်စားမှုတွေက ပုံရိပ်ယောင်ပညာရပ်တွေပဲ။ ဒီလို ကလေးကစားစရာတွေနဲ့ ငါတို့ကို ခြောက်လို့ မရဘူး! ”
သူတို့သည် မြေပြင်ပေါ်တွင် လဲနေသော အဖော်ကို ဂရုမစိုက်တော့ဘဲ မုန့်ဝမ်ဆီသို့ တစ်ပြိုင်နက် ပြေးဝင်လာကြသည်။ သို့သော် သူတို့သည် မုန့်ဝမ်၏ အဝတ်စကိုပင် မထိရသေးမီမှာပင် အရင်လူကဲ့သို့ပင် ညည်းတွားသံနှင့်အတူ နှစ်ယောက်လုံး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
မုန့်ဝမ်က လျှောက်သွားပြီး သူတို့၏ ကိုယ်ခန္ဓာကို ခြေထောက်နှင့် ကန်ကြည့်လိုက်၏။ သူတို့ မသေကြသေးပါ။ သူတို့၏ ဝိညာဉ် ဒဏ်ရာရသွားရုံသာ ဖြစ်ပြီး လအနည်းငယ်ကြာ နားနားနေနေ နေလိုက်လျှင် ပြန်ကောင်းလာမည် ဖြစ်သည်။ မုန့်ဝမ် သူတို့ကို မသတ်ခဲ့ပါ။ ခွေးကို ရိုက်ရင်တောင် ခွေးပိုင်ရှင်ကို ကြည့်ရမည် မဟုတ်ပါလား။ ဂိုဏ်းတွင်း အားပြိုင်မှုများမှာ ရှောင်လွှဲမရသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော စီနီယာတစ်ယောက်၏ ပစ်မှတ်ထားခြင်းကိုတော့ သူမ မခံယူချင်သေးချေ။
ဤ "ဝိညာဉ်ခွဲ သံမှို" ဆိုသည်မှာ သူမ၏ ကျင့်ကြံမှုအဆင့် နှောင်းပိုင်းသို့ရောက်ပြီးနောက် ကျင့်စဉ်မှ သင်ယူလိုက်ရသော အာရုံခံစိတ်ဖြင့် တိုက်ခိုက်သည့် နည်းလမ်းသစ်တစ်ခု ဖြစ်သည်။ ဤသည်မှာ သူမ ပထမဆုံးအကြိမ် သုံးခြင်းဖြစ်သော်လည်း အာနိသင်မှာ တော်တော်လေး ကောင်းမွန်လှပေသည်။
မုန့်ဝမ်သည် လက်ကို မြှောက်လိုက်ပြီး ထိုသုံးယောက်၏ ခါးမှ သိုလှောင်အိတ်များကို ယူလိုက်၏။ ထို့နောက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ သူမ၏ နောက်ဘက်ရှိ ဦးတည်ချက်တစ်ခုသို့ ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“ကြည့်လို့ ကောင်းလား? ”
မှောင်ရိပ်ထဲတွင် ပုန်းနေသူ၏ မျက်ခုံးများမှာ တွန့်သွားရသည်။ သူအသုံးပြုထားသော ကိုယ်ပျောက်အဆောင်မှာ အလွန်တန်ဖိုးကြီးလှသော ပစ္စည်းတစ်ခု ဖြစ်သောကြောင့် မုန့်ဝမ်က သူပုန်းနေသော နေရာကို မြင်နိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။ သူမက သူ့ကို စမ်းသပ်ကြည့်နေခြင်းသာ ဖြစ်ရမည်!
သို့သော်လည်း တစ်ခဏတွင်မူ သူ၏မျက်လုံးများ ပြူးထွက်သွားလောက်မည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။ မုန့်ဝမ်က သူပုန်းနေသောနေရာသို့ တစ်လှမ်းချင်း လျှောက်လာနေခြင်း ဖြစ်၏! မုန့်ဝမ်သည် ခြေလှမ်း ၁၀ လှမ်းအကွာတွင် ရပ်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
“ မင်း ထွက်မလာဘူးဆိုရင် မင်းရဲ့ ခြေထောက်တွေကို ငါ ချိုးပစ်မယ်။ ”
ကျန်းလင်း၏ ဦးခေါင်းတွင် ချွေးစေးများ ထွက်လာတော့သည်။ စောစောက လဲကျသွားသော လူသုံးယောက်၏ ထူးဆန်းသော အခြေအနေကို ပြန်စဉ်းစားမိလိုက်သည့်အခါ သူသည် နောက်ဆုံးတွင် မလောင်းရဲတော့ဘဲ အရိပ်ထဲမှ ထွက်လာခဲ့ရတော့သည်။
“ တကယ်ပဲ မင်းကိုး။ ”
မုန့်ဝမ်က ခေါင်းကို စောင်းလိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။ ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ လက်နက်သွန်းလုပ်ရေးအလုပ်ရုံ တာဝန်ခံ၊ တည်ကြည်သော မျက်နှာထားရှိသည့် အသက်လတ်ပိုင်း ကျင့်ကြံသူ ကျန်းလင်းပင် ဖြစ်သည်။
ကျန်းလင်းက မုန့်ဝမ်၏ အစွမ်းကို စမ်းသပ်ရန် ရက်အနည်းငယ်ကြာ ဦးနှောက်မရှိသော လူအချို့ကို မြှူဆွယ်စည်းရုံးခဲ့ရခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူမ၏ အစွမ်းကို မသိလိုက်ရသည့်အပြင် သူကိုယ်တိုင်ပင် အမိခံလိုက်ရပြီ ဖြစ်သည်။ မုန့်ဝမ်၏ ပုံမှန်အပြုအမူနှင့် ခုနက လူသုံးယောက်၏ အခြေအနေကို စဉ်းစားပြီး ကျန်းလင်း မပေါ့ရဲတော့ချေ။ သူသည် အမြန်ပင် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးထုပ်ကို ထုတ်ပြီး ပေးလိုက်ရတော့သည်။
“ ဂျူနီယာညီမလေး မုန့်ဝမ်... အရင်က ငါခဏတာ ဝေဖန်ပိုင်းခြားမှု မှားယွင်းသွားလို့ ညီမလေးကို ပြစ်မှားမိသလိုဖြစ်သွားစေမိတယ်...။ ”
ကျန်းလင်းသည် ဝိညာဉ်ကျောက်တုံးများကို မုန့်ဝမ်၏ အနားသို့ တိုးပေးလိုက်ပြီး အထဲတွင် အရည်အသွေးမြင့်မားသော အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြောင်း မုန့်ဝမ် မြင်နိုင်စေရန် အိတ်ကို တမင်ဖွင့်ပြလိုက်၏။
“ ဒီကျောက်တုံးတွေက ငါ့ရဲ့ တောင်းပန်မှုပါ။ ညီမလေးက စိတ်သဘောထားကြီးစွာနဲ့ ငါ့အပေါ် အငြိုးမထားဖို့ မျှော်လင့်ပါတယ်။ ”
မုန့်ဝမ်၏ အကြည့်မှာ ကျန်းလင်း၏ မျက်နှာပေါ်သို့ ဝေ့ကြည့်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် ပြောင်ချော်ချော် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးတွေကို ရရှိထားတာ ကြည့်ရတာ ဒီတာဝန်ခံမှာလည်း သူ့ရဲ့ ရာထူးကို သုံးပြီး ကိုယ်ကျိုးရှာထားတာ မနည်းလှမှန်း သိသာလှသည်။
“ မဆိုးပါဘူး... မင်းက တော်တော်လေး ပါးနပ်သားပဲ။ ငါက ပါးနပ်တဲ့သူတွေနဲ့ ဆက်ဆံရတာကို သဘောကျတယ်။ ”
မုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံးအိတ်ကို ယူပြီး ချိန်ကြည့်လိုက်သော်လည်း ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ ဒါတွေတင်ပဲလား? မင်းက ငါ့ကို သူတောင်းစားလို့ ထင်နေတာလား? ”
ကျန်းလင်း၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း ပျက်သွားရသည်။ မုန့်ဝမ်၏ လောဘက ဤမျှ ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ! သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀ အထိ ပေးခဲ့ခြင်း ဖြစ်သည်။ ဤမျှဆိုလျှင် မုန့်ဝမ်၏ ဒေါသကို ပြေစေနိုင်မည်ဟု သူ ထင်ခဲ့သော်လည်း သူမက ဤမျှ လောဘကြီးလိမ့်မည်ဟု မထင်ခဲ့မိပေ!
“ ဂျူနီယာညီမလေး မုန့်ဝမ်... ဒါက အကို့မှာ ရှိတာ ဒါအကုန်ပဲ ........”
ကျန်းလင်း၏ အသံမှာ ဝမ်းနည်းသံ ပါနေ၏။ သူ၏ လက်ထဲတွင် တကယ်လည်း ဝိညာဉ်ကျောက်တုံး အများကြီး မကျန်တော့ချေ။
မုန့်ဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ လေသံမှာ ပို၍ မကျေမနပ် ဖြစ်လာသည်။
“ စီနီယာအစ်ကို ကျန်းလင်း... မင်းက ငါ့ရဲ့ စိတ်ရှည်မှုကို စမ်းသပ်နေတာလား? အကယ်၍ စီနီယာသာ မင်းက ပြင်ပလူတွေနဲ့ ပေါင်းပြီး ကိုယ့်လူအချင်းချင်းကို ပြန်တိုက်ခိုက်ဖို့ ကြံစည်တာကို သိသွားရင် သူ မင်းကို ဘာလုပ်မယ်ထင်လဲ.....? ”
ကျန်းလင်း၏ရင်ထဲ ထိတ်လန့်သွားရပြီး အမြန်ပင် ရှင်းပြလိုက်၏။
“ ညီမလေး အထင်မှားနေပါပြီ... ငါ့မှာ အဲဒီလို စိတ်ကူးမျိုး လုံးဝ မရှိပါဘူး။ ငါ့ရဲ့ လက်ထဲမှာလည်း တကယ်ပဲ ပိုက်ဆံ ပြတ်နေလို့ပါ၊ နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေ ထပ်မထုတ်ပေးနိုင်တော့လို့ပါ။ ”
မုန့်ဝမ်၏ အကြည့်မှာ ဓားကဲ့သို့ စူးရှနေပြီး ကျန်းလင်း၏ အတွေးကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသည့်နှယ် ရှိသည်။ ကျန်းလင်းသည် သူမ၏ အကြည့်ကြောင့် ကျောချမ်းသွားရပြီး စိတ်မချမ်းမသာ ဖြစ်လာတော့သည်။
“ ကောင်းပြီလေ... စီနီယာ့ကို ကျွန်မ အခက်တွေ့အောင်မလုပ်တော့ပါဘူး။ ”
မုန့်ဝမ်က နောက်ဆုံးတွင် လေသံကို အနည်းငယ် လျှော့ကာ ပြောလိုက်၏။
“ ဝိညာဉ်ကျောက်တုံးတွေ မပေးနိုင်ရင်လည်း ရပါတယ်။ စီနီယာအစ်ကိုရဲ့ အဆင့်အတန်းအရ လက်နက်သွန်းလုပ်ရေးအလုပ်ရုံမှာ ညီမအတွက် အဆင်ပြေအောင် အခွင့်အလမ်းအချို့ ဖန်တီးပေးနိုင်တယ် .. မဟုတ်လား..? ”
ကျန်းလင်းမှာ အံ့သြသွားပြီး အနည်းငယ် တွန့်ဆုတ်နေ၏။
“ လက်နက်သွန်းလုပ်ရေးအလုပ်ရုံမှာ ရှိသမျှအရာအားလုံးက စီနီယာရွှယ်လျန်ကျိရဲ့ ပိုင်ဆိုင်မှုတွေလေ။ ငါတောင် အဲဒီကအရင်းအမြစ်တွေကို စိတ်ကြိုက် သုံးစွဲလို့ မရဘူး... ”
“ ဒါလည်း မဖြစ်ဘူး၊ ဟိုဟာလည်း မရဘူး... ကြည့်ရတာ စီနီယာအစ်ကို ကျန်းလင်းက ငါ့ကို မျက်နှာသာပေးဖို့ တကယ်ပဲ စိတ်မပါဘူးနဲ့ တူတယ်။ ”
ဤခြိမ်းခြောက်နေသည့် အသံကို ကြားလိုက်ရသည့်အခါ ကျန်းလင်းသည် အလိုလို တုန်လှုပ်သွားပြီး စကားကို အမြန်ပင် ပြောင်းလိုက်ရတော့သည်။
“ ညီမလေး ပြောပါ... ငါ လုပ်ပေးနိုင်တဲ့ အရာဆိုရင် အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ”
“ ကောင်းပြီ... အဲဒါဆိုရင် ငါ အားမနာတော့ဘူးနော်။ ”
မုန့်ဝမ်က သူမ ကြိုတင်စဉ်းစားထားသည့် အချက်များကို ပြောလိုက်၏။ “ ငါ့ကို လက်နက်သွန်းလုပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာတွေနဲ့ မှတ်တမ်းတွေ ပေးပါ၊ များလေ ကောင်းလေပဲ။ ဒါ့အပြင် လက်နက်သွန်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းအစုံအလင်နဲ့ သီးသန့် လက်နက်သွန်းလုပ်ခန်း တစ်ခုကိုပါ ငါ့အတွက် ပြင်ဆင်ပေးပါ…”
ကျန်းလင်း၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။ ကျမ်းစာများနှင့် မှတ်တမ်းများမှာ လွယ်ကူသော်လည်း လက်နက်သွန်းလုပ်ရန် ပစ္စည်းများနှင့် သီးသန့် အခန်းပေးရမည်မှာ သူ၏ အကျိုးစီးပွားများနှင့် သက်ဆိုင်နေသောကြောင့်ပင်။
သို့သော်လည်း မုန့်ဝမ်၏ တောင်းဆိုချက်ကို မလိုက်လျောဘဲ ဤကိစ္စကို သူမကသာ ဖွင့်ချလိုက်လျှင် စီနီယာမှာ ဒေါသထွက်ပြီး သူ၏ အသက်ပင် အာမခံချက် ရှိလိမ့်မည် မဟုတ်ချေ။ အကျိုးအပြစ်ကို ချိန်ဆပြီးနောက် ကျန်းလင်းက အံကြိတ်ကာ သဘောတူလိုက်ရတော့သည်။
“ ကောင်းပြီ... ငါ သဘောတူတယ်။ ဒါပေမဲ့ လက်နက်သွန်းလုပ်တဲ့ပစ္စည်းတွေကို တော်တော်လေး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာမို့ အများဆုံး သုံးစုံလောက်ပဲ ညီမလေးအတွက် ပေးနိုင်မယ်။ ”
“ သုံးစုံဆိုရင် ရပါပြီ။ ”
မုန့်ဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ လက်နက်သွန်းလုပ်တဲ့ ပစ္စည်းတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်လို့ရသော်လည်း သူမ ပိုပြီး တန်ဖိုးထားတာကတော့ သီးသန့် လက်နက်သွန်းလုပ်ခန်း ရရှိခြင်းပင် ဖြစ်သည်။ ဤသည်မှာလည်း ကျန်းလင်းနှင့် သူမ လုံးဝ ပြတ်ပြတ်သားသား ရန်မဖြစ်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။ ထိန်းချုပ်ရလွယ်ကူသော တာဝန်ခံတစ်ယောက် ရှိနေခြင်းက သူမအတွက် ပို၍ အဆင်ပြေစေမည် မဟုတ်ပါလား။
“စီနီယာအစ်ကိုကျန်းလင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ငါသိသားပဲ။ မနက်ဖြန် မနက်မှာ ငါလိုချင်တဲ့ အရာတွေကို မြင်ရဖို့ မျှော်လင့်ပါတယ်။ ”
ထွက်ခွာသွားသော မုန့်ဝမ်၏ ကျောပြင်ကို ကြည့်ရင်း ကျန်းလင်း၏ မျက်ဝန်းများမှာ ငြိမ်သက်နေ၏။ သူမ လုံးဝ ထွက်သွားသည့်အခါမှသာ သူ၏ မျက်ဝန်းထဲတွင် ရက်စက်မှုနှင့် နာကြည်းမှုများ ပြည့်နှက်လာတော့သည်။
“ မုန့်ဝမ်... နင် ဘယ်လောက်ကြာကြာ မောက်မာနိုင်မလဲဆိုတာ... ကြည့်ကြသေးတာပေါ့! ”