အလိုက်သိခြင်း
Vol. 1 Ch. 9
ကျန်းလင်းသည် သတိလစ်နေသော သူများထံသို့ လျှောက်သွားပြီး သူတို့၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ထိုသုံးယောက်လုံး၏ ဒဏ်ရာမှာ တစ်ပုံစံတည်းပင် - သူတို့၏ ဝိညာဉ် များ ထိခိုက်သွားခြင်း ဖြစ်သည်။
မုန့်ဝမ်က ဤအရာကို ဘယ်လိုလုပ်လိုက်သည်ကို သူ လုံးဝ မသိချေ။ ကံကောင်းထောက်မစွာဖြင့် သူသည် သူမကို ထိပ်တိုက်မတွေ့ခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက သူလည်း ဤနေရာမှာတင် ရှုံးနိမ့်သွားလိမ့်မည်။ ကျန်းလင်းသည် မုန့်ဝမ်ကို ပို၍ပင် သတိထားလာမိတော့သည်။ သူမသည် ပုံရိပ်ယောင်ပညာရပ်တွင် ကျွမ်းကျင်ရုံသာမက လှုပ်ရှားမှုမှာလည်း အံ့မခန်း မြန်ဆန်ပြီး စိတ်အာရုံဖြင့် တိုက်ခိုက်သည့် နည်းလမ်းကိုပါ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သူသည် ဤမကောင်းဆိုးဝါးမကို တမင်တကာ သွားရောက်ရန်စခဲ့မိသည့်အတွက် နောင်တပင် အနည်းငယ်ရမိတော့သည်။ အတိုချုပ်ပြောရလျှင် သူမကို တုံ့ပြန်နိုင်မည့်နည်းလမ်းမရှိသေးမီအထိ သူမကို ဆန့်ကျင်ရန် မသင့်တော်ချေ။ ကျန်းလင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ထိုသုံးယောက် သတိမရလာခင်မှာပင် အမြန် ထွက်ခွာသွားခဲ့သည်။
မုန့်ဝမ်ကတော့ သူမလိုချင်သောအရာများကို ရရှိပြီးနောက် အချိန်အတန်ကြာ ငြိမ်သက်သွားခဲ့သည်။ နေ့ဘက်တွင် လက်နက်သွန်းလုပ်ခြင်းပညာရပ်၌ နစ်မြုပ်နေပြီး ညဘက်တွင် ကျင့်ကြံခြင်းကို ပြုလုပ်သည်။ ကျန်းလင်းပေးထားသော ဝိညာဉ်ကျောက်တုံးများ သုံးလို့ကုန်သွားမှသာ သူမသည် အခြားသူများဆီသို့ မျက်စိကျလာတော့သည်။
တစ်နေ့တွင် မုန့်ဝမ်သည် လက်နက်သွန်းလုပ်ရေး အလုပ်ရုံထဲသို့ လျှောက်ဝင်လာစဉ် တပည့်တစ်စု စုဝေးပြီး မကျေမနပ် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရ၏။ သူမ အနားသို့သွား၍ နားထောင်ကြည့်လိုက်မှ ထိုကိစ္စမှာ သူမနှင့် ပတ်သက်နေမှန်း သိလိုက်ရသည်။ စီနီယာဒန်ကျွယ်ကျိ၏ လမ်းစဉ်တပည့်များသည် မုန့်ဝမ်၏လက်ထဲတွင် ထပ်ခါတလဲလဲ အရှုံးပေးခဲ့ရသဖြင့် ထိုအရှက်ရမှုကို မမျိုသိပ်နိုင်ကြချေ။သို့သော် မုန့်ဝမ်ကို ပြဿနာလာရှာဖို့ မရဲကြသဖြင့် အခြားသူများကို ပစ်မှတ်ထားလိုက်ကြခြင်း ဖြစ်သည်။
လက်နက်သွန်းလုပ်ရေး အလုပ်ရုံမှ သူမ၏ လုပ်ဖော်ကိုင်ဖက် အများအပြား ချောင်းမြောင်းတိုက်ခိုက်ခြင်းခံခဲ့ရ၏။ သူတို့ထဲမှ နှစ်ယောက်မှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့အထိ အိပ်ရာပေါ်မှ မထနိုင်သေးချေ။
“ ဒါက တော်တော်လေး လွန်သွားပြီ! ”
မုန့်ဝမ်၏ မျက်နှာတွင် ပြင်းထန်သော နာကြည်းမှု အမူအရာတစ်ခု ပေါ်လာ၏။ “ သူတို့က တကယ်ကို လူကို အနိုင်ကျင့်လွန်းနေပြီ! ”
“ ဟုတ်တယ်! ဒါက သိသိသာသာကို မုန့်ဝမ်ရဲ့ အမှားလေ၊ ဒါပေမဲ့ သူမကို မရှာဘဲ ငါတို့အပေါ်ကို ဒေါသပုံချနေကြတာ... ”
ထိုသို့ပြောပြီးမှ ထိုသူမှာ တစ်ခုခုမှားနေမှန်း သတိရသွားကာ မုန့်ဝမ်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်မှ ဒေါသများမှာ ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ စီနီယာအစ်မ မုန့်?! ”
ထိုသူ၏ အသံမှာ ငိုတော့မည့်အတိုင်းပင်။ “ စီနီယာ... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်... ”
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် စီနီယာအစ်ကို ကျန်းလင်း၏ အလျှော့ပေးမှုကို မြင်ပြီးနောက် အားလုံးသည် စီနီယာအစ်မ မုန့်ဝမ်နှင့် သူတို့ကြားက အင်အားကွာခြားမှုကို သဘောပေါက်သွားကြကာ အရင်ကလို သူမကို မစိန်ခေါ်ရဲကြတော့ချေ။
မုန့်ဝမ်က သူ၏ ပုခုံးကို နွေးထွေးစွာ ပုတ်ပေးလိုက်ပြီး - “ မင်း ဘာတွေ ပြောနေတာလဲ? ဒါက မင်းအမှား မဟုတ်ပါဘူး။ အဲဒီလူတွေက အရမ်းမောက်မာလွန်းနေကြတာ! ”
ထိုသူမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ စီနီယာအစ်မ မုန့်ဝမ်က သူ့ကို အပြစ်မတင်ရုံတင်မကဘဲ သူ့ဘက်ကနေပါ စကားပြောပေးနေတာလား? အခြားသူများလည်း မယုံနိုင်ဟန်ဖြင့် ကြည့်နေကြစဉ် ပါးနပ်သော တပည့်တစ်ယောက်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး အံ့သြမှုများကို ဖျောက်ကာ ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။
“ စီနီယာအစ်မ မုန့်ဝမ် ပြောတာ မှန်ပါတယ်! စီနီယာက တကယ်ပဲ ငါတို့ကို နားလည်ပေးတာပဲ။ နောင်ကျရင် စီနီယာရဲ့ လမ်းညွှန်မှုကိုပဲ အားကိုးရတော့မှာပါ။ ”
ပြောပြီးနောက် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးအိတ် တစ်အိတ်ကို အလိုက်တသိထုတ်ကာ ရိုရိုသေသေ ပေးအပ်လိုက်၏။
“ စီနီယာ... ဒါက ကျွန်တော့်ရဲ့ လက်ဆောင် အနည်းငယ်ပါ။ ကျေးဇူးပြုပြီး ငြင်းမပယ်ပါနဲ့။ ”
မုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ပြီး ကျေနပ်သော အကြည့်ဖြင့် - “ မင်းနာမည် ဘယ်လိုခေါ်လဲ? ”
“ စီနီယာ့ကို ပြန်ဖြေရရင် ကျွန်တော့်နာမည်က ချင်းကျူ ပါ။ ”
“ ချင်းကျူပေါ့? အခုကစပြီး ငါ မင်းကို ကာကွယ်ပေးမယ်။ အကယ်၍ အဲဒီလူတွေက မရပ်တန့်ဘဲ မင်းကို ထပ်ပြီး အနိုင်ကျင့်ရဲသေးတယ်ဆိုရင် ငါ့နာမည်ကိုသာ ပြောလိုက်။ ”
“ ကျေးဇူးတင်ပါတယ် စီနီယာ! ”
ချင်းကျူမှာ အတိုင်းမသိ ပျော်ရွှင်သွားရသည်။ စီနီယာအစ်မ မုန့်ဝမ်၏ စကားအရ အဲဒီလူတွေက နောက်ပိုင်းမှာ သူ့ကို အနိုင်ကျင့်ဖို့ အကြိမ်ကြိမ် စဉ်းစားရတော့မည် မဟုတ်ပါလား။
အခြားသူများသည်လည်း အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ချင်းကျူကို အတုယူကာ မုန့်ဝမ်ကို ဖားကြတော့သည်။
“ စီနီယာအစ်မ မုန့်... ဒါက စီနီယာ့အတွက် ကျွန်တော့်ရဲ့ လက်ဆောင်အနည်းငယ်ပါ။။ ဘာပဲဖြစ်ဖြစ် လက်ခံပေးပါ။ ”
“ ဟုတ်ပါတယ် စီနီယာ... စီနီယာက လက်နက်သွန်းလုပ်ရတာ ပင်ပန်းနေမှာဆိုတော့ အားရှိအောင် အစားကောင်းကောင်းလေးတွေ ပိုစားပေးရမယ်။ ”
“ စီနီယာ... ဒီ 'ရွှေနီကျောက်တုံး' လေးက ကျွန်တော့်ဆီမှာ ဖုန်တက်နေတာပါ။ ရတနာဆိုတာ ထိုက်တန်တဲ့သူနဲ့ပဲ ဆိုင်တာမို့ ဒါက စီနီယာ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သင့်ပါတယ်။ ”
မုန့်ဝမ်က လူတိုင်း၏ အလိုက်တသိပေးခြင်းအား ပြုံးရွှင်စွာ လက်ခံလိုက်၏။ “ အရမ်းကောင်းတယ်။ မင်းတို့အားလုံးက အလားအလာရှိတဲ့ လူငယ်တွေပဲ။ ”
အကျိုးအမြတ် အမြောက်အမြား ရရှိပြီးနောက် မုန့်ဝမ်သည် စိတ်အခြေအနေကောင်းစွာဖြင့် လက်နက်သွန်းလုပ်ခန်းထဲသို့ဝင်ကာ ဝိညာဉ်လက်နက် သစ်တစ်ခုကို စတင်သွန်းလုပ်တော့သည်။
သူမသည် က 'ကောင်းကင်မိုးကြိုးလုံး' တစ်လုံး သွန်းလုပ်ရန် စီစဉ်ထားခဲ့သည်။ ကောင်းကင်မိုးကြိုးလုံးသည် သေးငယ်သော်လည်း အဆင့် ၈ သို့မဟုတ် အဆင့် ၉ ကျင့်ကြံသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့် ဖျက်ဆီးအားနှင့် ညီမျှသဖြင့် သတ်ဖြတ်လုယက်ရန် အကောင်းဆုံး ပစ္စည်းဖြစ်သည်။
သို့သော်လည်း ကောင်းကင်မိုးကြိုးလုံး သွန်းလုပ်ရန်မှာ 'မိုးကြိုးသဲ' ဟုခေါ်သော ဈေးကြီးသည့် ပစ္စည်းတစ်ခု လိုအပ်သည်။ ရွှေနီကျောက်တုံး အကြီးစား တစ်တုံးကို ရရှိပြီးနောက် မုန့်ဝမ်သည် ဒုတိယအကောင်းဆုံးအဖြစ် 'ရွှေမီးလုံး' ကို သွန်းလုပ်ရန် ဆုံးဖြတ်လိုက်၏။ ၎င်းသည် ကောင်းကင်မိုးကြိုးလုံးထက် အစွမ်းအနည်းငယ် လျော့နည်းသော်လည်း အရေအတွက် များများရှိလျှင်တော့ အစွမ်းမှာ လျော့နည်းမည် မဟုတ်ချေ။
မုန့်ဝမ်သည် ဦးစွာ လက်နက်သွန်းလုပ်ခန်းရှိ ဝိညာဉ်ဓားကို သုံး၍ ရွှေနီကျောက်တုံးကို အစိတ်စိတ်အမွှာမွှာ ဖြတ်လိုက်ပြီး ၎င်းတို့ထဲမှ တစ်ခုကို ယူကာ မီးဖို၌ အရည်ပျော်စေပြီး စက်လုံးပုံ အခွံတစ်ခု ပြုလုပ်လိုက်သည်။ ၎င်းထဲတွင် အထူးစီမံထားသော ယမ်းကျောက်(ပေါက်ကွဲစေသောကျောက်) နှင့် မီးသလင်းကျောက်' အမြောက်အမြား ထည့်လိုက်ပြီးနောက် မုန့်ဝမ်သည် ၎င်းတို့ကို ဝိညာဉ်စွမ်းအင် ဖြင့် လွှမ်းခြုံကာ မီးဖိုမှ မီးတောက်ကို သတိထား ထိန်းချုပ်ပြီး စက်လုံးအခွံကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။
ဤလုပ်ငန်းစဉ်မှာ အလွန်အရေးကြီးပါသည်။ အမှားတစ်ခုခု ဖြစ်သွားလျှင် သွန်းလုပ်ခြင်း ကျရှုံးရုံတင်မကဘဲ မပြီးပြတ်သေးသော ရွှေမီးလုံးမှာ တိုက်ရိုက် ပေါက်ကွဲသွားလိမ့်မည်။ အနည်းငယ် ပေါ့ဆရုံနှင့်ပင် သွန်းလုပ်သူအား ဒဏ်ရာရစေနိုင်သည်။
သူမ၏အစွမ်းထက်သော ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင်အပေါ် တိကျသော ထိန်းချုပ်မှုကြောင့် မုန့်ဝမ်သည် မည်သည့်အမှားမှ မကျူးလွန်ခဲ့ပေ။ အမွှေးတိုင်တစ်တိုင်စာ ခန့်ကြာသောအခါ ရွှေမီးလုံး၏ အခွံမှာ လုံးဝပိတ်သွားပြီ ဖြစ်သည်။ သူမသည် မီးဖိုမှ မီးကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှေမီးလုံး၏ မျက်နှာပြင်ပေါ်တွင် မှော်အစီအရင် စတင် ရေးထိုးတော့သည်။
အစီအရင် ရေးထိုးခြင်းမှာ အဓိကအားဖြင့် ရွှေမီးလုံးအတွင်းရှိ မတည်ငြိမ်သော ပစ္စည်းများကို ဖိနှိပ်ရန်ဖြစ်ပြီး အချိန်မတိုင်မီ ပေါက်ကွဲခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ မုန့်ဝမ်သည် အစီအရင်စုတ်တံကို ကိုင်ကာ ရွှေမီးလုံး၏ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်သော ပုံစံများကို ရေးဆွဲလိုက်၏။
သူမ၏ လှုပ်ရှားမှုများမှာ လွယ်ကူပုံပေါ်သော်လည်း လက်တွေ့တွင် အလွန်အမင်း အာရုံစိုက်မှုနှင့် ဝိညာဉ်စွမ်းအင်ကို တိကျစွာ ထိန်းချုပ်ရန် လိုအပ်သည်။ မဟုတ်ပါက ရွှေမီးလုံးကို တိုက်ရိုက် ပေါက်ကွဲစေနိုင်ပြီး ကြိုးစားထားသမျှ အလကား ဖြစ်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် မုန့်ဝမ်၏ အစီအရင် ရေးထိုးသည့် နည်းစနစ်မှာ အလွန်ကျွမ်းကျင်လှသဖြင့် နောက်ဆုံး အချက်အလက်အထိ မည်သည့် အားနည်းချက်မှ မရှိခဲ့ပေ။ ပြီးပြည့်စုံသော ရွှေမီးလုံးတစ်လုံး မုန့်ဝမ်၏ လက်ထဲတွင် ပေါ်လာတော့သည်။ ၎င်း၏ အပြင်ပန်းမှာ ထူးခြားမှု မရှိသော်လည်း အတွင်း၌မူ စွမ်းအင်များ ကိန်းအောင်းနေ၏။
မုန့်ဝမ်သည် ရွှေမီးလုံးကို သိမ်းလိုက်ပြီး တစ်နာရီခန့် အနားယူကာ သူမ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှ ဒုတိယမြောက် ရွှေမီးလုံးကို စတင် သွန်းလုပ်တော့သည်။
ရွှေမီးလုံး တစ်လုံး၏ အစွမ်းမှာ အဆင့် ၇ သို့မဟုတ် အဆင့် ၈ ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုနှင့် ညီမျှသည်။ ရွှေမီးလုံးသည် လုံလောက်သော ဖျက်ဆီးအား ထွက်ပေါ်စေရန်အတွက် အရေးပေါ် အခြေအနေများတွင် သုံးနိုင်ရန် သူမအနေဖြင့် ပို၍ များများ သွန်းလုပ်ထားဖို့ လိုအပ်ပေသည်။
အချိန်များ မည်မျှကုန်ဆုံးသွားသည်ကို မသိပဲ ရွှေမီးလုံး သုံးလုံး သွန်းလုပ်ပြီးနောက် မုန့်ဝမ်သည် သူမ၏ လက်နက်သွန်းလုပ်ခြင်းကို အဆုံးသတ်ကာ တံခါးကို တွန်းဖွင့်လိုက်ရာ လက်နက်သွန်းလုပ်ခန်း အပြင်ဘက်တွင် လူများ စုရုံးနေသည်ကို တွေ့လိုက်ရသည်။
“ စီနီယာအစ်မ မုန့်... ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါဦး! ”
“ ဟုတ်ပါတယ် စီနီယာ... အဲဒီလူတွေက အရမ်း အနိုင်ကျင့်လွန်းနေပြီ! ကျွန်တော်က စီနီယာ့နာမည်ကို ပြောလိုက်တော့ သူတို့က စီနီယာက သူတို့ရဲ့ ဖိနပ်ကို လျှာနဲ့ လျက်ဖို့တောင် မတန်ဘူးလို့ ပြောလိုက်တယ်! ”
“ စီနီယာ... သူတို့က စီနီယာ့ကို လုံးဝ မျက်စိထဲ မထားကြဘူး! ”
မုန့်ဝမ်သည် ဖူးရောင်နေသောဒဏ်ရာများဖြင့် လူအုပ်ကိုဝေ့ကြည့်လိုက်ရာ မျက်မှောင်များ ကျုံ့ သွားပြီး အရှေ့ဆုံးတွင် ရပ်နေသော ချင်းကျူကို ကြည့်လိုက်၏။
“ ချင်းကျူ... ဘာဖြစ်တာလဲ? ငါ့ကို ပြောစမ်း။ ”
သူမ၏ နာမည်ကို ခေါ်လိုက်သဖြင့် ချင်းကျူက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တစ်လှမ်း တက်လာ၏။
“ စီနီယာ... ဒီလိုပါ၊ လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွန်တော်တို့ လက်နက်သွန်းလုပ်ရေး အလုပ်ရုံကနေ ထွက်လိုက်တာနဲ့ စီနီယာဒန်ကျွယ်ကျိရဲ့ လမ်းစဉ်တပည့်တွေက ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြတာပါ။ ”
ပြောရင်းနှင့်ပင် ချင်းကျူက ဒေါသတကြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“ သူတို့ တိုက်ခိုက်ပြီးတဲ့နောက် ကျွန်တော်က စီနီယာ့ရဲ့ နာမည်ကို ချက်ချင်း ပြောလိုက်ပါတယ်၊ ဒါပေမဲ့ သူတို့က ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ဆီက ဝိညာဉ်ကျောက်တုံးတွေနဲ့ လျော်ကြေးမပေးရင် ဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ခဲ့ကြတယ်! ”
“ စီနီယာ... သူတို့က စီနီယာ့ကို စော်ကားနေတာပါ၊ ဒါကို ဒီအတိုင်း လွှတ်မထားပါနဲ့။ ”
“ သူတို့ အခု အပြင်မှာ စောင့်နေကြတုန်းပဲ။ ”
မုန့်ဝမ်မှာ မကျေမနပ်ဖြစ်သွားပြီး လူအုပ်ကို ဝေ့ကြည့်ကာ “ မင်းတို့ ဒီလောက် လူအများကြီး ရှိနေတာကို သူတို့ကို မနိုင်ဘူးလား? ”
တပည့်များမှာ အနည်းငယ် ရှက်သွားကြပြီး - “ သူတို့ဘက်မှာ လူပိုများတယ်လေ၊ အဆင့် ၉ ကျင့်ကြံသူတင် ငါးယောက်တောင် ရှိတယ်။ ကျွန်တော်တို့ဘက်မှာ စုစုပေါင်း ခုနစ်ယောက်ပဲ ရှိတာဆိုတော့ ဘယ်လိုလုပ်နိုင်မှာလဲ... ”
“ ကျန်းလင်းကော? ”
“ စီနီယာအစ်ကို ကျန်းလင်း မရှိပါဘူး၊ စီနီယာရွှယ်လျန်ကျိက သူ့ကို ခေါ်သွားပါတယ်။ ”
မုန့်ဝမ်က ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာတော့သည်။