သတ်ဖြတ်ခြင်း
Vol. 1 Ch. 10
“ သွားကြစို့၊ ငါတို့ သူတို့ကို သွားတွေ့မယ်။ ”
ထိုစကားကို ကြားလိုက်ရသည့်အခါ တပည့်များမှာ စိတ်ဓာတ်တက်ကြွသွားကြသော်လည်း ခဏအကြာတွင် ပြန်လည် တွန့်ဆုတ်သွားကြပြန်သည်။ သူတို့သည် စီနီယာအစ်မ၏ အစွမ်းကို ယုံကြည်ကြသော်လည်း တစ်ဖက်နှင့် လူအင်အားမှာ ကွာခြားလွန်းလှသည်။ သူတို့ တကယ်နိုင်ပါ့မလား?
ချင်းကျူက သူမကို တိုးတိုးလေး သတိပေးလိုက်၏။ “ စီနီယာအစ်မ... အပြင်မှာ အဆင့် ၉ ကျင့်ကြံသူ ငါးယောက်အပြင်၊ အဆင့် ၈ ရှစ်ယောက်နဲ့ အဆင့် ၇ တပည့် တစ်ဆယ့်နှစ်ယောက် ရှိနေတာပါ။ ကျွန်တော်တို့ စီနီယာအစ်ကို ကျန်းလင်းကို အကြောင်းကြားထားပေမဲ့ အကြောင်းပြန်မလာသေးဘူး။ ခဏလောက် ထပ်စောင့်ကြည့်ရင် မကောင်းဘူးလား... ”
“ မလိုဘူး။ ”
မုန့်ဝမ်က ပြောပြောဆိုဆိုနှင့်ပင် တံခါးဆီသို့လျှောက်သွားတော့သည်။ သူမ အခြေအနေကို အရင်ကြည့်မည်၊ အခြေအနေမဟန်လျှင် ပြန်ဝင်လာရုံသာ။ တပည့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံကြိတ်ကာ နောက်မှ လိုက်သွားကြတော့သည်။
မုန့်ဝမ်က လက်နက်သွန်းလုပ်ရေးအလုပ်ရုံ၏ တံခါးမကြီးကို တွန်းဖွင့်လိုက်သည့်အခါ အေးစက်စက် အရှိန်အဝါတစ်ခုက ဆီးကြိုနေသည်။ တံခါးအပြင်ဘက်တွင် ရန်လိုနေသော ကျင့်ကြံသူတစ်စု ရပ်နေကြပြီး အပေါ်ပိုင်းဗလာနှင့် သန်မာထွားကြိုင်းသော လူတစ်ယောက်က ဦးဆောင်နေ၏။
သူက မုန့်ဝမ်ကို မနှစ်မြို့ဖွယ် ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
“ နင်က ငါ့ဂျူနီယာညီလေးကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ မုန့်ဝမ်ဆိုတာလား? ”
“ ငါပဲ။ ”
မုန့်ဝမ်၏ အကြည့်က တစ်ဖက်လူများကို ဝေ့ကြည့်လိုက်သည်။ “ မင်းတို့ ဒီမှာ တံခါးပိတ်ပြီး ငါ့အလုပ်ရုံကလူတွေကို ရိုက်နှက်ကာ လျော်ကြေးတောင်းနေတယ်ဆိုတာ ဟုတ်သလား? ”
“ သူတို့တင် မဟုတ်ဘူး၊ နင်လည်း ပေးရမှာ! ”
ထိုလူက လက်ပိုက်လိုက်ပြီး မုန့်ဝမ်ကို အေးစက်စွာ စိုက်ကြည့်ကာ - “ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၂၀၀၀ နှုန်းနဲ့ တွက်မယ်၊ နင်ကတော့ သုံးဆ ပေးရမယ်! ပိုက်ဆံပေးပြီးမှ ဒီနေရာကနေ ထွက်သွားလို့ ရမယ်။ ”
မုန့်ဝမ်သည် မူလက အလုပ်ရုံထဲသို့ ပြန်ဝင်ရန် ပြင်နေသော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ လှည့်မေးလိုက်၏။
“ ငါ့မှာ ဝိညာဉ်ကျောက်တုံး မရှိရင် တန်ဖိုးတူ တခြားပစ္စည်းတွေနဲ့ လဲလို့ရမလား? ”
ထိုလူမှာ ကြောင်သွားရသည်။ မုန့်ဝမ်က ဤမျှ အလွယ်တကူ အလျှော့ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ထို့နောက် သူက မောက်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ “ ရတာပေါ့။ ”
မုန့်ဝမ်၏ နောက်ကွယ်မှ တပည့်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့ ဘာမှ မပြောရသေးမီမှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“ အဲဒါဆိုရင် နင့်ရဲ့ အသက်နဲ့ပဲ လဲလိုက်တော့။ ”
ထိုစကား အဆုံးမှာပင် ထိုလူကြီးသည် သူ၏ အာရုံများမှာ တစ်ခုခုဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝေဝေဝါးဝါး ဖြစ်သွားတော့သည်။ သူသည် တစ်ဖက်လူ၏ ပုံရိပ်ယောင် ပညာရပ်အောက် ရောက်သွားမှန်း သိလိုက်ပြီး ရုန်းကန်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ ရင်ဘတ်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။
သူ အလိုလို ငုံ့ကြည့်လိုက်သည့်အခါ သူ၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ လှပသော လက်တစ်စုံက သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး သူ၏ နှလုံးသားကို ချေမွပစ်လိုက်ခြင်းပင်။
မုန့်ဝမ်သည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထိုလူ၏ ခါးမှ သိုလှောင်အိတ်ကို ယူကာ မူလနေရာသို့ ပြန်ရောက်သွားသည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ မျက်တောင်နှစ်ခတ်စာပင် မကြာလိုက်ချေ။ ထိုသူ၏ ခန္ဓာကိုယ် "ဗုန်း" ကနဲ မြေပေါ်သို့ လဲကျသွားမှသာ လူတိုင်း ဘာဖြစ်သွားမှန်း သဘောပေါက်လိုက်ကြတော့သည်။
မုန့်ဝမ်က သူတို့ခေါင်းဆောင်ဖြစ်သူ အဆင့် ၉ စီနီယာအစ်ကိုကို တစ်ကွက်တည်းနှင့် သတ်ပစ်လိုက်ခြင်းပင်!
ဤသည်ကို မြင်လိုက်ရသည့်အခါ လက်နက်သွန်းလုပ်ရေး အလုပ်ရုံမှလူများမှာ စိတ်ဓာတ်တက်ကြွသွားကြပြီး မုန့်ဝမ်၏ အနားသို့ အလိုလို တိုးကပ်လာကြသည်။ တစ်ဖက်လူများမှာမူ မျက်နှာပျက်သွားကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြကာ မုန့်ဝမ်က နောက်ထပ် သတ်ဖြတ်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်တကြီး ကြည့်နေကြတော့သည်။
“ မုန့်ဝမ်... နင်က စီနီယာအစ်ကိုရှောင်ကို တကယ် သတ်လိုက်တာလား! ”
မုန့်ဝမ်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမလက်မှ သွေးများကို သန့်စင်ခြင်းမှော်ပညာ ဖြင့် ပေါ့ပေါ့ပါးပါး ဆေးကြောလိုက်၏။ သူတို့က လူအင်အားဖြင့် ငွေလာညှစ်နေမှတော့ သူမဘက်က လူတစ်ယောက် နှစ်ယောက် သတ်ပစ်လိုက်တာက ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး မဟုတ်လား?
“ နင်တို့အမြင်မှာ သူ့အသက်က ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့ တန်ရဲ့လား? ”
“ နင် ဒီလောက်အထိ လက်ရဲဇက်ရဲ သတ်ဖြတ်လိုက်ရင် စီနီယာဒန်ကျွယ်ကျိရဲ့ ဒေါသကို မကြောက်ဘူးလား? ”
ကွဲပြားခြားနားသော အစုအဖွဲ့များမှ လမ်းစဉ်တပည့်များကြားတွင် ပြိုင်ဆိုင်မှု ပြင်းထန်သော်လည်း အချင်းချင်း၏ အသက်ကိုတော့ မသတ်ရဲကြချေ....အကြောင်းမှာ ထိုသို့လုပ်ခြင်းက တစ်ဖက်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်သောကြောင့်ပင်။
“ မင်းတို့က အရင်ပြဿနာစရှာခဲ့တာလေ။ ဓားဆိုတာ မျက်စိမပါဘူး။ ဒီစီနီယာအစ်ကိုရှောင်က ရုတ်ရုတ်သဲသဲ တိုက်ပွဲကြားမှာ သေသွားတာပဲ၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ? ”
မုန့်ဝမ်က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သော်လည်း စကားပြောပုံမှာ အလွန်တည်ကြည်နေ၏။
“ နင်... နင် လျှောက်ပြောနေတာပဲ! ”
တစ်ဖက်လူများမှာ ဒေါသတကြီးဖြင့် ခြေဆောင့်နေကြသည်။ “ ဒီအကြောင်းတွေကို စီနီယာဒန်ကျွယ်ကျိဆီ ငါတို့ အမှန်အတိုင်း သတင်းပို့မယ်။ မုန့်ဝမ်... စီနီယာ့ရဲ့ ဒေါသကို ရင်ဆိုင်ဖို့သာ ပြင်ထားတော့! ”
“ နေဦး။ ”
တစ်ဖက်လူများ ထွက်သွားရန် ပြင်နေစဉ် မုန့်ဝမ်က အေးစက်စွာ ပြောလိုက်၏။ “ ငါ မင်းတို့ကို ထွက်သွားလို့ ရပြီလို့ ပြောလို့လား? ”
ထိုစကားကို ကြားလိုက်ရသည့်အခါ တစ်ဖက်လူအားလုံး ကိုယ်ရှိန်သတ်သွားကြသည်။ သူတို့ အမြန်ထွက်သွားချင်သော်လည်း မုန့်ဝမ်၏ ကျွမ်းကျင်မှုနှင့်ရက်စက်သော ပုံစံကို စဉ်းစားမိသည့်အခါ မည်သူမျှ မလှုပ်ရဲကြတော့ချေ။
“ မုန့်ဝမ်... နင် နောက်ထပ် ဘာလိုချင်သေးတာလဲ? ”
အဆင့် ၉ တပည့်တစ်ယောက်က အံကြိတ်ကာ မုန့်ဝမ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ “ နင် စီနီယာအစ်ကိုရှောင်ကိုတောင် သတ်ပြီးပြီပဲ၊ မလုံလောက်သေးဘူးလား? ”
“ မင်းတို့တောင်းတဲ့ တန်ဖိုးကို ငါပေးပြီးပြီလေ။ ဒါပေမဲ့ ငါ့ကို မင်းတို့အသက်အတွက် တန်ဖိုးကို မပေးရသေးဘူး မဟုတ်လား။ ”
မုန့်ဝမ်က အနည်းငယ် ပြုံးလိုက်ပြီး - “ မင်းတို့ ထွက်သွားလို့ ရပါတယ်၊ ဒါပေမဲ့ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပေးရမယ်။ မဟုတ်ရင်တော့ တစ်ယောက်မှ အသက်မပါပဲ ထွက်သွားလို့ ရမယ်မထင်နဲ့...... ”
“ မုန့်ဝမ်... ငါ နင့်ကို အသက်နဲ့လဲပြီး တိုက်မယ်! ”
ထိုအဆင့် ၉ တပည့်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး အော်ဟစ်ကာ သူ၏ ကိုယ်ပေါ်သို့ ကာကွယ်ရေးအဆောင်များစွာ ကပ်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်ဓားကို အသက်သွင်းကာ မုန့်ဝမ်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။
မုန့်ဝမ်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီး သူမ၏ ကိုယ်ခန္ဓာမှာ ရေလှိုင်းတစ်ခုကဲ့သို့ လှုပ်ခတ်သွားကာ မူလနေရာမှ ပျောက်ကွယ်သွား၏။ သူမ ပြန်ပေါ်လာသည့်အခါတွင်မူ ထိုကျင့်ကြံသူ၏ နောက်ဘက်သို့ရောက်နေပြီဖြစ်ကာ အသံတိတ် လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။
ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်ပြီးနောက် ထိုသူ့ကိုယ်ပေါ်မှ အဆောင်အလင်းတန်းများ ပျက်စီးသွားကာ မြေပေါ်သို့လဲကျသွားပြီး သွေးများတဆက်တည်း အန်တော့သည်။ မုန့်ဝမ်က မြေပေါ်မှာရှိတဲ့ ဝိညာဉ်ဓားကို ကောက်ယူလိုက်ပြီး တစ်ဆက်တည်းမှာပင် သိုလှောင်အိတ်ကို ယူလိုက်ကာ ကျန်ရှိသောသူများကိုကြည့်လိုက်သည်။
“ မင်းတို့ အလိုက်တသိပေးမလား၊ ဒါမှမဟုတ် ငါ တစ်ယောက်ချင်းစီ လာယူတာကို စောင့်မလား ....အေး.... ငါလာယူရင်တော့ သိုလှောင်အိတ်တင် မကတော့ဘူးနော်........ ”
ကျန်ရှိနေသော သူများမှာ ချွေးစေးများ ထွက်လာတော့သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က ရှေ့ထွက်ကာ မုန့်ဝမ်ထံသို့ ဝိညာဉ်ကျောက်တုံးများ အရင်ပေးအပ်လိုက်၏။ တစ်ယောက်က အညံ့ခံလိုက်သည့်အခါ အခြားသူများမှာလည်း မလိုလားသော်လည်း အခြေအနေအရ မတတ်နိုင်မှန်း သိလိုက်ကြသည်။ သူတို့သည် မကျေမနပ်ဖြစ်နေသော မျက်နှာထားများဖြင့် သူတို့အသက်အတွက် ပေးလိုက်ရတော့သည်။
ဝိညာဉ်ကျောက်တုံး မလုံလောက်သော လူတစ်ယောက်ကမူ တုန်တုန်ရင်ရင်ဖြင့် ပြောလာ၏။ “ စီနီယာအစ်မ မုန့်... ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး အဲဒီလောက် အများကြီး မရှိလို့ပါ... ”
“ ဝိညာဉ်ကျောက်တုံး မလုံလောက်ရင် တခြားပစ္စည်းတွေနဲ့ အပေါင်ထားလို့ ရပါတယ်။ အဲဒါမှ မလုံလောက်သေးရင်တော့ အကြွေးမှတ်တမ်း ရေးခဲ့ပြီး နေ့စဉ် အတိုးပေးရမယ်။ ”
မုန့်ဝမ်က အေးအေးဆေးဆေးပင် ပြောလိုက်သော်လည်း အလွန်ကျိုးကြောင်းဆီလျော်ပုံ ပေါက်နေသော်လည်း ထိုစကားကို ကြားလိုက်ရသော လူများ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ပစ္စည်းတွေကို မုန့်ဝမ်လက်ထဲ ပေးလိုက်မှတော့ တန်ဖိုးက ဘယ်လောက်ဆိုတာ သူမကပဲ ဆုံးဖြတ်မှာ မဟုတ်ပါလား။ ဝိညာဉ်ကျောက်တုံး ရာဂဏန်းတန်တဲ့ ပစ္စည်းက သူမလက်ထဲမှာ တစ်ရာတောင် တန်ချင်မှ တန်တော့မည်။
ချက်ချင်းပင် လူတစ်ချို့က သူတို့၏ ဆေးလုံးများနှင့် ပစ္စည်းများကို ထုတ်ကာ အခြားသူများနှင့် ဝိညာဉ်ကျောက်တုံး လဲလှယ်ကြတော့သည်။ ချေးသူက ချေးနှင့် နောက်ဆုံးတွင် လုံလောက်သော ပမာဏကို ရရှိခဲ့သည်။
မုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိလိုက်သဖြင့် စိတ်အခြေအနေ အလွန်ကောင်းနေပြီး လက်ဝေ့ရမ်းကာ ထိုလူများကို လွှတ်ပေးလိုက်၏။
“ ကောင်းကောင်းသွားကြပါဦး... အားရင် နောက်လည်း လာခဲ့ကြပါဦးနော်။ ”
ဤစကားက ထိုလူအုပ်ကို ခြောက်လှန့်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့မှာ အရင်ထက် ပိုမြန်သော အရှိန်ဖြင့် ထွက်ပြေးသွားကြတော့သည်။
မုန့်ဝမ် နောက်သို့လှည့်ကြည့်လိုက်ပြီး လက်နက်သွန်းလုပ်ရေး အလုပ်ရုံမှလူများကို တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါတစ်ခုကို အာရုံခံလိုက်ရသည်။
၎င်းမှာ ရွှယ်လျန်ကျိ ပင် ဖြစ်သည်။ သူမသည် လက်နက်သွန်းလုပ်ရေးအလုပ်ရုံအနီးသို့ မည်သည့်အချိန်ကရောက်နေမှန်း မသိရဘဲ ထိုလူများ ထွက်သွားမှသာ ကိုယ်ထင်ပြလာခြင်း ဖြစ်သည်။
မုန့်ဝမ်သည် ဘာမှမစဉ်းစားတော့ဘဲ ချက်ချင်းပင် မြေပြင်ပေါ်၌ ဝပ်စင်းကာ ဦးချလိုက်၏။
“ စီနီယာ ရွှယ်လျန်ကျိ ကို ဂါရဝပြုပါတယ်! ”
အခြားသူများလည်း ဝပ်စင်းလိုက်ကြပြီး သူတို့၏ မျက်နှာများတွင် လေးစားမှုများလည်း ပြည့်နေသည်။
“ မုန့်ဝမ်... နင်က တော်တော်လေး လက်ရဲဇက်ရဲရှိတာပဲ။ ရှောင်ယိုကျန်း ဆိုတာ ဒန်ကျွယ်ကျိရဲ့ မျက်နှာသာပေးခံရတဲ့သူလေ၊ နင်က သူ့ကိုတောင် သတ်ရဲတယ်ပေါ့။ ”
ရွှယ်လျန်ကျိသည် မျက်မှောင်ကြုတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော မုန့်ဝမ်ကို စိုက်ကြည့်လိုက်၏။
“ စီနီယာ့ကို ပြန်ဖြေရရင်... ရှောင်ယိုကျန်းဟာ စီနီယာဒန်ကျွယ်ကျိကို အားကိုးပြီး အလွန်အမင်း မောက်မာရိုင်းစိုင်းနေတာပါ။ သူက လူတွေကို ခေါ်လာပြီး ကျွန်မတို့ လက်နက်သွန်းလုပ်ရေး အလုပ်ရုံကို ပိတ်ဆို့ပြီး ငွေညှစ်နေတာက စီနီယာ့ကို လုံးဝ အလေးမထားတာပဲ ဖြစ်ပါတယ်။ ”
မုန့်ဝမ်က ခေါင်းမော့လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် နှိမ့်ချမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေ၏။
“ ကျွန်မက ဒီဂိုဏ်းထဲကိုရောက်တာ မကြာသေးပါဘူး။ ကျွန်မရဲ့ ဒီနေ့ဒီအောင်မြင်မှုတွေဟာ စီနီယာ့ရဲ့ ကျေးဇူးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ အသက်ကို ရင်းရမယ်ဆိုရင်တောင် စီနီယာ့ရဲ့ နယ်မြေမှာ ဘယ်လိုခွေးမသားမျိုးမှလာပြီး ရမ်းကားလို့ မရဘူးဆိုတာကို သူတို့ကို သိအောင်လုပ်ပေးရမှာပါ။ ”
ပြောပြောဆိုဆိုနှင့်ပင် မုန့်ဝမ်သည် ခုနက ရရှိထားသော ဝိညာဉ်ကျောက်တုံးများကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။
“ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့အဲ့ဒီရှောင်ယိုကျန်းရဲ့အသက်ဟာ စီနီယာ့ရဲ့ ဂုဏ်သိက္ခာကို မလေးမစား လုပ်တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ ဖြစ်ပါတယ်။ ”