← Chapters

သတင်းအချက်အလက်

Vol. 2 Ch. 12

သတင်းအချက်အလက်

Vol. 2 Ch. 12

“ စီနီယာအစ်မ မုန့်... ကျွန်တော် ပြောသမျှ စကားတိုင်းက အမှန်တွေပါလို့ ကျိန်ဆိုရဲပါတယ်။ တကယ်လို့ တစ်ခွန်းလေးပဲ လိမ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို မိုးကြိုးပစ်ပြီး ဆိုးဆိုးဝါးဝါး သေပါစေဗျာ။ ”

ကျန်းလင်း၏ အသံမှာ အလွန်ပင် အရေးတကြီး ဖြစ်နေသည်။ သူသည် ဝိညာဉ်လက်နက် အလုပ်ရုံမှ ထွက်လာသည်နှင့် မုန့်ဝမ်က သူ့ကို အပြစ်ရှာမည် စိုးရိမ်သဖြင့် ချက်ချင်း သတင်းပို့ခဲ့ခြင်း ဖြစ်သည်။

မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ပို၍ စိတ်မရှည်သည့် လေသံဖြင့် -

“ အဲဒီလို ကျိန်ဆိုတာမျိုးက ငါ အသက်သုံးနှစ်ကတည်းက လုပ်ခဲ့တာ။ ငါ့ကို လက်တွေ့ကျတာ တစ်ခုခုပဲ ပြောစမ်းပါ။ ”

အခြားသူများအားလုံးက သူမကို လက်ဆောင်ပဏ္ဏာများ အလိုက်တသိပေးပြီးပြီဖြစ်သော်လည်း ဤကျန်းလင်းမှာမူ ဘာမှမသိနားမလည်စွာဖြင့် အချိန်ဆွဲနေဆဲပင်။

ကျန်းလင်း ရင်ထဲတွင် ခါးသီးသွားသည်။ ဤမုန့်ဝမ်သည် အတော်ပင် ကျိုးကြောင်းဆီလျော်မှု မရှိလွန်းဘူးမလား? သို့သော် သူ၏ စွမ်းအားက သူမကို မယှဉ်နိုင်သည့်အပြင် သူမ၏ လက်ထဲတွင်လည်း သူ၏ အားနည်းချက် ရှိနေသည် မဟုတ်ပါလား။ မုန့်ဝမ်၏ ဒေါသကို ပြေလျော့စေရန် သူ အလျှော့ပေးရ ပေတော့မည်။

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလင်းက သူ၏ အပေးအယူကို တင်ပြလိုက်သည်။

“ စီနီယာအစ်မ မုန့်... မနက်ဖြန်ကျရင် စီနီယာက ထိပ်တန်းဝိညာဉ်လက်နက်ဖြစ်တဲ့ 'ကောင်းကင်သံစဉ် စောင်း' ကို သွန်းလုပ်ဖို့ မီးဖိုဖွင့်ပါလိမ့်မယ်။ ကျွန်တော်က မီးဖိုခန်းထဲမှာ ဝိညာဉ်ထင်းတွေကို စီစဉ်ရတဲ့ တာဝန်ကို ယူထားရတာပါ။ ကျွန်တော် စီနီယာအစ်မကို အလုပ်ရုံထဲ ခေါ်သွားပြီး အဲဒီလက်နက် သွန်းလုပ်မှုမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးနိုင်ပါတယ်။ ”

အော်... အဲဒီတော့ စီနီယာ ရွှယ်လျန်ကျိ မနက်ဖြန် သွန်းလုပ်မယ့် လက်နက်က 'ကောင်းကင်သံစဉ် စောင်း' ပေါ့လေ။

“ ရှင့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ကျန်း။ ဒါပေမဲ့ ဒီကိစ္စကို ငါ သိပြီးသားပါ။ ရှင် ခေါ်သွားဖို့ မလိုဘူး၊ ကိုယ့်ဘာသာ အလုပ်ရုံထဲကို ဝင်နိုင်ပါတယ်။ ”

ကျန်းလင်းမှာ ကြောင်အသွားသည်။ မုန့်ဝမ်က ဤကိစ္စတွင် ပါဝင်ခွင့် ရနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စီနီယာသည် မကြာသေးမီက သူ့ကို အလုပ်ရုံသို့ ပြန်မလာခိုင်းဘဲ တားဆီးထားခြင်းမှာ မုန့်ဝမ်ကို စမ်းသပ်ရန်အတွက်သာ ဖြစ်ရ ပေမည်။

စီနီယာက သူမအပေါ် ထားရှိသည့် အလေးထားမှုမှာ သူ ထင်ထားသည်ထက်များစွာ ပို၍ နက်ရှိုင်းပုံရသည်။ ကျန်းလင်းသည် သူ၏ စိတ်နေစိတ်ထားကို အမြန်ပင် ပြောင်းလဲလိုက်ပြီး -

“ အဲဒါဆိုရင်တော့ ကျွန်တော် စီနီယာအစ်မကို အလုပ်ရုံထဲက အတွင်းရေးတွေနဲ့ လက်နက်သွန်းလုပ်ချိန်မှာ သတိထားရမယ့် အချက်အလက်တွေကို ပြောပြပေးပါ့မယ်။ အဲဒါက စီနီယာအစ်မအတွက် အထောက်အကူ ဖြစ်နိုင်မှာပါ။ ”

မုန့်ဝမ်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ဤကဲ့သို့သော သတင်းအချက်အလက်မျိုးမှာ သူမ တကယ် လိုအပ်နေသည့်အရာ ဖြစ်သည်။

“ အရင်ပြောပြကြည့်......။ ”

“ ဝိညာဉ်လက်နက် အလုပ်ရုံဆိုတာ စီနီယာ ကိုယ်တိုင် လက်နက်သွန်းလုပ်တဲ့ နေရာပါ။ အဲဒီနေရာကို ဝင်ခွင့်ရပြီး စီနီယာ့ကို ကူညီခွင့်ရတဲ့ တပည့်တိုင်းဟာ စီနီယာ့ရဲ့ ယုံကြည်ရသူတွေ ဖြစ်သလို တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်တွေလည်း ဖြစ်ကြပါတယ်။ ”

မုန့်ဝမ်က အံ့သြသလို မျက်ခုံးပင့်လိုက်ကာ - “ ပြိုင်ဘက်တွေ ဟုတ်လား? ”

“ အတိအကျပါပဲ။ ”

ကျန်းလင်းက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

“ ဒီကိစ္စတွေက စီနီယာအစ်မ မသိလောက်ပေမဲ့..... အဆင့် ၉ ကျင့်ကြံသူတွေ ဖြစ်တဲ့ ကျွန်တော်တို့လို တပည့်ဟောင်းတွေအတွက်တော့ ဒါက 'အခြေခံတည်ဆောက်ခြင်း ဆေးလုံး' ရရှိရေးနဲ့ သက်ဆိုင်နေလို့ပါ။ ”

အခြေခံတည်ဆောက်ခြင်း ဆေးလုံးနှင့် ပတ်သက်လာသောအခါ မုန့်ဝမ်က စိတ်ဝင်တစား ရှိလာသည်။

“ စိတ်ဝင်စားစရာပဲ။ ပြောပါဦး... အဲဒီဆေးလုံးတွေနဲ့ ဘယ်လိုဆိုင်တာတုန်း....... ”

“ ရွှမ်ယင်ဂိုဏ်းမှာ အဲဒီဆေးလုံးကို ရနိုင်တဲ့ အဓိကနည်းလမ်းကတော့ တပည့်တွေ သစ္စာခံထားတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာတွေဆီကပါ။ ကျွန်တော်တို့ အဲဒီဆေးလုံးကို လိုချင်ရင် စီနီယာ ရွှယ်လျန်ကျိကိုပဲ အားကိုးရမှာပါ။ ”

မုန့်ဝမ်က တွေးတောလိုက်သည်။ ရွှမ်ယင်ဂိုဏ်းသည် လူတို့၏ စိတ်နှလုံးကို ကစားသည့်နေရာတွင် အလွန် ကျွမ်းကျင်လှသည်ဟု ဆိုရမည်။

“ ဆက်ပြောဦး။ ”

“ စီနီယာ ရွှယ်လျန်ကျိက လက်နက်သွန်းလုပ်ခြင်းကို အလွန် ဝါသနာပါသူပါ။ သူမရဲ့ မျက်နှာသာပေးမှုကို ရဖို့ဆိုရင် ထူးကဲတဲ့ ခွန်အား ရှိရမယ်၊ ဒါမှမဟုတ် လက်နက်သွန်းလုပ်ခြင်းမှာ အံ့သြစရာ ပါရမီရှိကြောင်း ပြရပါမယ်။ ဒါပေမဲ့ ဒီလို တပည့်မျိုးတွေဟာ အခြားတပည့်တွေရဲ့ မနာလိုမှုနဲ့ လုပ်ကြံမှုတွေကို ခံရဖို့လည်း ပိုများပါတယ်။ ”

မုန့်ဝမ်သည် ကျန်းလင်း၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ စီနီယာ ရွှယ်လျန်ကျိ၏ မျက်နှာသာပေးမှုကို ရရှိခြင်းမှာ ပထမအဆင့်သာ ရှိသေးပြီး အရေးကြီးဆုံးမှာ အခြားတပည့်များ၏ ဖိနှိပ်မှုနှင့် လက်စားချေမှုများကို ကြံ့ကြံ့ခံနိုင်ရန် ဖြစ်သည်။

“ နောက်ပြီးတော့ အလုပ်ရုံထဲမှာ စီနီယာ့ရဲ့ မျက်နှာသာပေးမှုကို အခံရဆုံးနဲ့ အခြေခံတည်ဆောက်ခြင်း ဆေးလုံးအတွက် အားအကောင်းဆုံး ပြိုင်ဘက် စီနီယာအစ်မ သုံးယောက် ရှိပါတယ်။ သူတို့ကို အထူးသတိထားရပါမယ်။ ”

ကျန်းလင်းသည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း ထိုလူအချို့၏ အချက်အလက်များကို ပြောပြလိုက်သည်။ မုန့်ဝမ်ကို ထိုသူများ၏ လက်ထဲတွင် ဒုက္ခရောက်စေချင်သော်လည်း၊ သူမသာ သေမသွားဘဲ ဒုက္ခပဲရောက်ခဲ့လျှင် သူ့ကို ပြန်ပြီး လက်စားချေမည်မှာ သေချာသည်။

မုန့်ဝမ်သည် ထိုနာမည်သုံးခုကို မှတ်သားထားလိုက်ပြီး သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု တဖြည်းဖြည်း ပေါ်လာတော့သည်။ မနက်ဖြန်တွင် သူမ အရင်ဦးစွာ နှိမ့်ချစွာ နေမည်။ အကယ်၍ ထိုသူများက ပြဿနာရှာမည်ဆိုလျှင်တော့ သူမအနေဖြင့် အခြေအနေကို မွှေနှောက်ရုံသာ ရှိတော့သည်။

နောက်တစ်နေ့တွင် မုန့်ဝမ်နှင့် ကျန်းလင်းတို့သည် ဝိညာဉ်လက်နက် အလုပ်ရုံထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။

“ ဟိုမှာ ခရမ်းရောင်ဝတ်ထားပြီး တည်တင်းတဲ့ မျက်နှာထားနဲ့သူက စီနီယာအစ်မ ဇီလင် ပဲ။ ”

ကျန်းလင်းက တိုးတိုးလေး ပြောသည်။

“ စီနီယာအစ်မ ဇီလင်က အေးစက်ပြီး မောက်မာတဲ့ စရိုက်ရှိတယ်။ လက်နက်သွန်းလုပ်ခြင်းမှာ သူမရဲ့ ပါရမီက အံ့သြစရာပဲ။ ”

ဇီလင်က မုန့်ဝမ်ကို မြင်သည်နှင့် မကျေမနပ်ဖြစ်သလို မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ ထက်ရှသော အကြည့်ဖြင့် မုန့်ဝမ်ကို တစ်ကိုယ်လုံး ဝေ့ကြည့်လိုက်ကာ သူမဘေးက ကျန်းလင်းကို ကြည့်လိုက်၏။

“ ကျန်းလင်း... နင်က တကယ့်ကို သတ္တိကောင်းတာပဲ! ဒီနေ့ စီနီယာ သွန်းလုပ်မယ့် ဝိညာဉ်လက်နက်က ဘယ်လောက် အရေးကြီးလဲဆိုတာ နင်သိရဲ့သားနဲ့။ နင်က ဘယ်လိုသတ္တိမျိုးနဲ့ အဆင့် ၇ ကျင့်ကြံသူတစ်ယောက်ကို ခေါ်လာရဲရတာလဲ? ”

ကျန်းလင်းက အမြန် ရှင်းပြလိုက်သည်။

“ စီနီယာအစ်မ ဇီလင်... စီနီယာအစ်မ မုန့်က ကျွန်တော်နဲ့အတူ လာတာမှန်ပေမဲ့၊ သူမကို အလုပ်ရုံထဲ ဝင်ခွင့်ရအောင် ကျွန်တော် ထောက်ခံပေးခဲ့တာ မဟုတ်ပါဘူး။ ”

“ ဩော်... နင် ထောက်ခံတာ မဟုတ်ရင် သူမက အခွင့်မရှိဘဲ ခိုးဝင်လာတာလား? ”

ဇီလင်၏ ဖိအားကို ရင်ဆိုင်နေရသော်လည်း မုန့်ဝမ်ကတော့ ပြုံးလိုက်ကာ -

“ စီနီယာအစ်မ... ရှင် နားလည်မှု လွဲနေပါပြီ။ ကျွန်မ ဒီနေရာကို ရောက်နေရတဲ့ အကြောင်းရင်းက စီနီယာ ရွှယ်လျန်ကျိရဲ့ မျက်နှာသာပေးမှုကြောင့်ပါ။ ”

ဇီလင်၏ မျက်လုံးထဲက အေးစက်မှုများ ပိုမို ပြင်းထန်လာသည်။

“ အဆင့် ၇ ကျင့်ကြံသူလေးက စီနီယာ့ရဲ့ မျက်နှာသာပေးမှုကို ရတယ်ဆိုတော့... နင့်ရဲ့ လက်နက်သွန်းလုပ်ခြင်း ပါရမီက တကယ်ကို ထူးခြားပုံရတယ်ပေါ့။ ”

မုန့်ဝမ်က ရှက်ပြုံးလေး ပြုံးလိုက်ကာ -

“ စီနီယာအစ်မက နောက်နေတာပဲ။ ကျွန်မ လက်နက်သွန်းလုပ်ခြင်းနဲ့ ထိတွေ့တာ တစ်လကျော်ပဲ ရှိပါသေးတယ်။ ပါရမီရှိတယ်ဆိုရင်တောင် စီနီယာအစ်မကို ဘယ်လိုယှဉ်နိုင်မှာလဲ? ကျွန်မမှာ မိသားစု ချမ်းသာကြွယ်ဝမှု အနည်းငယ် ရှိနေလို့ တခြားနည်းလမ်းတွေနဲ့ စီနီယာ့ကို သဘောကျအောင် လုပ်နိုင်ခဲ့တာပါ။ ”

ဤစကားကို ကြားသောအခါ ဇီလင်၏ မျက်လုံးထဲက အေးစက်မှုများ သိသိသာသာ လျော့ပါးသွားပြီး ရန်လိုမှုမှာလည်း အနည်းငယ်လျော့ကျသွား၏။

“ ဒါက စီနီယာ့ရဲ့ မျက်နှာသာပေးမှုဆိုရင်လည်း နင် သေချာ သင်ယူပါ။ ဒီအလုပ်ရုံက တခြားနေရာတွေနဲ့ မတူဘူး။ နင်သာ တစ်ခုခု မရိုးမသား လုပ်ဖို့ ကြံရွယ်ခဲ့ရင် ငါကိုယ်တိုင် နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး။ ”

မုန့်ဝမ်က ခေါင်းကို နိမ့်ချကာ - “ ဟုတ်ကဲ့ပါ၊ မုန့်ဝမ်က စီနီယာအစ်မရဲ့ သင်ခန်းစာကို မှတ်သားထားပါ့မယ်။ ”

“ ကောင်းပြီ... နင် ကျန်းလင်းနဲ့ အတူလာတာဆိုတော့ နင်တို့ နှစ်ယောက်လုံး မီးဖိုခန်းက ဝိညာဉ်ထင်းတွေအတွက် အတူတူ တာဝန်ယူလိုက်ကြ။ ”

မုန့်ဝမ် ထွက်သွားသည်ကို ကြည့်ရင်း ဇီလင်နှင့် နီးစပ်သည့် တပည့်တစ်ဦးက ချက်ချင်းပင် အကြံပေးလိုက်သည်။

“ စီနီယာအစ်မ... ဒီမုန့်ဝမ်ဆိုတာ အခုတလော နာမည်ကြီးနေတဲ့ တပည့်အသစ်ပဲ။ သူမ ရောက်လာကတည်းက သတ္တုအရည်ကျိုရုံနဲ့ သွန်းလုပ်ရေးရုံတွေမှာ ပြဿနာတွေ ရှာခဲ့တာ။ နောက်ဆုံး ရှောင်ယိုကျန်းတောင် သူမလက်ချက်နဲ့ သေသွားရတယ်! ”

ဇီလင်၏ မျက်နှာတွင် အံ့သြရိပ်တစ်ခု ပေါ်လာသည်။ “ ရှောင်ယိုကျန်း သေသွားပြီလား? ”

“ ဟုတ်ကဲ့၊ မနေ့ကပဲ သေသွားတာပါ။ မုန့်ဝမ်က လက်မြန်လွန်းလို့ ဘယ်သူမှ သေချာ မမြင်လိုက်ရဘူး။ ဒါပေမဲ့ သွန်းလုပ်ရေးရုံက တပည့်တွေ ပြောတာတော့ သူမက အဖိုးတန် ဝှက်ဖဲတစ်ခုကို သုံးပြီး ရှောင်ယိုကျန်းကို မထင်မှတ်ဘဲ သတ်လိုက်တာလို့ ဆိုပါတယ်။ ”

ဤကဲ့သို့သော ဝှက်ဖဲမျိုး ပိုင်ဆိုင်ထားသည်ဆိုလျှင် မုန့်ဝမ်သည် သူမ ထင်သလောက် ရိုးရှင်းမည် မဟုတ်ပေ။ ဇီလင်၏ ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ပေါ်လာ ပေသည်။ သူမ၏ အတောင်ပံတွေ မစုံခင်မှာ ငါ သူမကို အပြတ်ရှင်းပစ်ရမယ်.........!

All Chapters