← Chapters

အပြစ်ဝန်ခံခြင်း

Vol. 2 Ch. 14

အပြစ်ဝန်ခံခြင်း

Vol. 2 Ch. 14

ရွှယ်လျန်ကျိ သည် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ဆိုလိုက်၏။

“ ကောင်းပြီ... ပြောတာတော်တော်ဟုတ်တာပဲ။ ငါ့သင်ကြားထားတာတွေက အလဟဿ မဖြစ်ခဲ့ဘူးပေါ့။ မင်းတို့အားလုံးကရော စောင်းကြိုးတွေ ပြတ်တောက်သွားတာဟာ ဝိညာဉ်စွမ်းအင် ထိန်းချုပ်တာ မညီမညာဖြစ်လို့လို့ပဲ ထင်ကြတာလား? ”

လူတိုင်း အသက်ရှူပင် မဝဝံ့ကြဘဲ နှုတ်ဆိတ်နေကြသည်။ ရွှယ်လျန်ကျိသည် အဖြေတစ်ခုကို တောင်းဆိုနေခြင်း မဟုတ်ဘဲ ကျရှုံးသွားသော လက်နက်သွန်းလုပ်မှုအတွက် သူမ၏ ဒေါသကို ပုံချရန် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်ကြောင်း အားလုံး သိကြသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် စကားစမိသူသည် ဇီဝိန်ချုပ်ရမည်မှာ အသေအချာပင်။

မည်သူမျှ စကားမပြောကြသော်လည်း ရွှယ်လျန်ကျိက အမည်များကို ထပ်မံခေါ်ယူပြန်သည်။ ယခုတစ်ခေါက်တွင်မူ သူမသည် အမျိုးသမီးတပည့်တစ်ဦးကို ခေါ်လိုက်၏။

“ ရှုယွင် ..... နင် ပြောကြည့်စမ်း ”

ရှုယွင်သည် တစ်ကိုယ်လုံး ချွေးပြန်နေပြီး စကားများပင် ထစ်ငေါ့နေတော့သည်။

“ တပည့်... တပည့်တော်... ထင်တာကတော့ စောင်းကြိုးပြတ်တောက်တာဟာ ဝိညာဉ်စွမ်းအင် လွှမ်းခြုံမှု မညီလို့ မဟုတ်ပါဘူး .. ”

ရွှယ်လျန်ကျိ၏ မျက်နှာထားမှာ မပြောင်းလဲဘဲ - “ ဒါဆိုရင် ဘာကြောင့်လို့ နင် ထင်သလဲ? ”

“ အဲဒါက... အဲဒါက... ”

ရှုယွင်သည် "အဲဒါက" ဟုသာ ထပ်ခါတလဲလဲ ပြောနေပြီး အကြောင်းပြချက်ကို မရှင်းပြနိုင်ပေ။ ရွှယ်လျန်ကျိသည် စိတ်မရှည်တော့ဘဲ သူမကို ရိုက်သတ်ပစ်လိုက်တော့သည်။

“ အသုံးမကျတဲ့ကောင်မ! ငါ့နောက်ကို ဒီလောက်ကြာအောင် လိုက်ခဲ့ပြီး ပြဿနာအသေးအမွှားလေးကိုတောင် မမြင်နိုင်ဘူးလား? နင့်ကို ထားထားလို့ ဘာအသုံးကျမှာလဲ? ”

နောက်ထပ် လူတစ်ယောက် သေဆုံးသွားပြန်ရာ တပည့်များ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်လာတော့သည်။ ရွှယ်လျန်ကျိက သူတို့နာမည်ကို မခေါ်ပါစေနှင့်ဟုသာ ဆုတောင်းနေကြ၏။

ဤသည်ကို မြင်လိုက်ရသောအခါ ဇီလင် ၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူမ၏ အမြင်ကို တင်ပြရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူမထက် တစ်လှမ်း စောသွားခဲ့သည်။

၎င်းမှာ မုန့်ဝမ် ပင် ဖြစ်သည်။ သူမသည် ရှေ့သို့ ထွက်လာသည်နှင့် ချက်ချင်းပင် ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး ရွှယ်လျန်ကျိကို အကြိမ်ကြိမ် ဦးတိုက်ကာ ဝန်ခံလိုက်တော့သည်။

“ စီနီယာ... ကျွန်မ မှားသွားပါတယ်! ”

ရွှယ်လျန်ကျိ၏ မျက်နှာတွင် စိတ်ဝင်စားဟန် တစ်ခု ပေါ်လာပြီး - “ ဩော်... နင် ဘာမှားခဲ့လို့လဲ? ”

“ စောင်းကြိုးတွေကို ထူးခြားတဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတာမို့ အရည်ဖျော်တဲ့အခါ အပူချိန် လိုအပ်ချက်က အရမ်းမြင့်မားပါတယ်။ အပူချိန်က အရမ်းများသွားရင် ဖြစ်ဖြစ်၊ နည်းသွားရင် ဖြစ်ဖြစ် ကုန်ကြမ်းတွေကို ပျက်စီးစေနိုင်ပြီး စောင်းကြိုးတွေရဲ့ ခိုင်ခံ့မှုကို ထိခိုက်စေနိုင်ပါတယ်။ ”

မုန့်ဝမ်သည် အပြစ်ရှိသလို မျက်နှာထားဖြင့် ဆက်ပြော၏။

“ စောင်းကြိုးတွေ ပြတ်တောက်သွားတာဟာ တကယ်တော့ အပူချိန်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့လို့ပါ။ တပည့်အသစ် တစ်ယောက်အနေနဲ့ ကျွန်မက မီးဖိုခန်းမှာ ထင်းထည့်ရတဲ့ တာဝန်ကို ယူထားရတာပါ။ ခဏတာ စိတ်လှုပ်ရှားသွားပြီး ဝိညာဉ်ထင်းတွေကို အချိန်မီ မထည့်နိုင်ခဲ့လို့ စီနီယာရဲ့ အရေးကြီးတဲ့ ကိစ္စကို ပျက်စီးစေခဲ့တာပါ။ စီနီယာ ကျွန်မကို အပြစ်ပေးပါ! ”

ရွှယ်လျန်ကျိသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ ကိုယ်တိုင်က လက်နက်သွန်းလုပ်ရေး ပါရဂူတစ်ဦး ဖြစ်သဖြင့် စောင်းကြိုးတွေ ဘာကြောင့် ပျက်စီးသွားသည်ကို ဘာကြောင့် မသိဘဲ နေမည်နည်း။

၎င်းမှာ အပူချိန် သို့မဟုတ် ဝိညာဉ်ထင်းများနှင့် လုံးဝ မသက်ဆိုင်ပေ! ၎င်းမှာ သူမ၏ မှားယွင်းသော ခန့်မှန်းမှုကြောင့်သာ ဖြစ်သည်။ သတ္တုရည်ကို စောင်းကြိုးအဖြစ် သွန်းလုပ်ရန် အလွန်အမင်း အလျင်စလို လုပ်ခဲ့မိသဖြင့် ဝိညာဉ်စွမ်းအင် လွှမ်းခြုံရာတွင် လွဲချော်မှု ဖြစ်သွားခဲ့ခြင်းပင်။

သို့သော် သူမကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဤကဲ့သို့သော အဆင့်နိမ့် အမှားမျိုးကို တပည့်ငယ်များ ရှေ့တွင် ဝန်ခံရမည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှသည်။

သူမ စိတ်အနှောင့်အယှက် ဖြစ်နေရခြင်းမှာလည်း ဤအချက်ကြောင့်ဖြစ်ပြီး မျက်စိစပါးမွှေးစူးစရာ တပည့်အချို့ကို သတ်ဖြတ်ကာ ဒေါသဖြေဖျောက်နေခြင်း ဖြစ်သည်။ ယခုမူ မုန့်ဝမ်က အပြစ်ကို မိမိဘာသာ တာဝန်ယူပေးလိုက်ခြင်းကြောင့် သူမအတွက် ထွက်ပေါက်တစ်ခု ရသွားခဲ့ပြီ ဖြစ်သည်။

“ ဟုတ်တယ်... စောင်းကြိုး သွန်းလုပ်တာ ကျရှုံးသွားတာဟာ အပူချိန် ထိန်းချုပ်မှု မမှန်ကန်လို့ပဲ။ ဒီလောက် သိသာတဲ့ ပြဿနာကို တပည့်အသစ်ဖြစ်တဲ့ မုန့်ဝမ်တောင် မြင်နိုင်ပေမဲ့ ငါ့နောက်ကို ဒီလောက်ကြာအောင် လိုက်ခဲ့တဲ့ နင်တို့တွေကတော့ မမြင်နိုင်ကြဘူး။ တကယ်ကို စိတ်ပျက်စရာပဲ ”

ရွှယ်လျန်ကျိသည် တပည့်များကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်မှာ မုန့်ဝမ်ထံသို့ ပြန်ရောက်လာရာ ထိုအကြည့်ထဲတွင် ချီးကျူးမှုများ ပြည့်နှက်နေ၏။

“ နင့်ရဲ့ အမှားဖြစ်ပေမဲ့ နင့်ရဲ့ ရိုးသားစွာ ဝန်ခံတတ်တဲ့ စိတ်ထားကို ထောက်ထားပြီး နင့်ကို ၃ လစာ ရိက္ခာကြေး ဖြတ်တောက်တဲ့ အပြစ်ပဲ ပေးမယ် ”

မုန့်ဝမ်သည် အလွန်ဝမ်းသာသွားကာ - “ ဟုတ်ကဲ့ပါ... စီနီယာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ”

၃ လစာ ရိက္ခာကြေးမှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ပင် မပြည့်သဖြင့် ဤအပြစ်ပေးမှုမှာ ဟန်ပြသက်သက်သာ ဖြစ်သည်။

“ ကောင်းပြီ... ဒီနေ့အတွက် လက်နက်သွန်းလုပ်တာ ဒီမှာပဲ ရပ်လိုက်မယ်။ အားလုံး ပြန်ကြတော့၊ မုန့်ဝမ် တစ်ယောက်ပဲ နေခဲ့ ”

အခြားသူများ ထွက်သွားပြီးနောက် ရွှယ်လျန်ကျိသည် မုန့်ဝမ်ကို ကြင်နာစွာ ကြည့်၍ - “ ထတော့ ”

မုန့်ဝမ်သည် လိမ်မာစွာဖြင့် မတ်တပ်ရပ်လိုက်၏။

“ နင်က အပြစ်ကို ကိုယ်စား တာဝန်ယူခဲ့ပေမဲ့ ငါက နင့်ကို အပြစ်ပေးခဲ့တယ်။ နင့်ရင်ထဲမှာ မကျေနပ်တာမျိုး ရှိသလား? ”

ဤစကားကို ကြားသည်နှင့် မုန့်ဝမ်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ပြန်လည် ဒူးထောက်လိုက်ပြန်သည်။

“ ကျွန်မ ရွှမ်ယင်ဂိုဏ်းကို ရောက်လာတာနဲ့ ဒီနေ့ ဒီလို အခြေအနေမျိုး ရနေတာတွေဟာ စီနီယာ့ရဲ့ ကျေးဇူးတွေကြောင့်ပါ။ စီနီယာက ကျွန်မကို ၃ လစာ လခပဲ အပြစ်ပေးတာ မပြောနဲ့၊ ကျွန်မရဲ့ အသက်ကို ယူမယ်ဆိုရင်တောင် ကျွန်မမှာ ဘာမှ ငြိုငြင်စရာ မရှိပါဘူး! ”

ရွှယ်လျန်ကျိသည် စိတ်လှုပ်ရှားသွားပြီး မုန့်ဝမ်ကို ကိုယ်တိုင် ဆွဲထူလိုက်ကာ -

“ နင်က ငါ့အပေါ် သစ္စာရှိပြီး ငါ့ရဲ့ စိုးရိမ်မှုတွေကို ကူညီဖြေရှင်းပေးခဲ့တာဆိုတော့ နင့်ကို ငါ နစ်နာခွင့် မပေးနိုင်ဘူး! ”

ရွှယ်လျန်ကျိသည် ခဏမျှ စဉ်းစားပြီးနောက် ဖိနပ်တစ်စုံကို ထုတ်၍ မုန့်ဝမ်ကို ကမ်းပေးလိုက်သည်။

“ ဒီဖိနပ်ကို 'လေပြေဖိနပ်' လို့ ခေါ်တယ်။ အလျင်နှုန်းကို မြှင့်တင်ပေးတဲ့ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုပဲ။ နင့်မှာ စွမ်းအားရှိတယ် ဆိုပေမဲ့ နင့်ရဲ့ ကျင့်ကြံမှုက အဆင့် ၇ ပဲ ရှိသေးတယ်။ မနိုင်တဲ့ရန်သူနဲ့ တွေ့ရင် အရမ်း စိတ်အားမထက်သန်ပဲ ကိုယ့်အသက်ကို ကာကွယ်ဖို့က အဓိကပဲ ”

မုန့်ဝမ်သည် ဖိနပ်ကို မြင်သော်လည်း ချက်ချင်း လက်မခံဘဲ လက်ကာပြလိုက်၏။

“ အဆင့်မြင့် ဝိညာဉ်လက်နက်ဆိုတာ ဘယ်လောက်တောင် တန်ဖိုးကြီးတာလဲ? ကျွန်မလို လူတစ်ယောက်က ဒီလို ဆုလာဘ်မျိုးကို ဘယ်လိုလုပ် ခံယူထိုက်မှာလဲ? ”

ရွှယ်လျန်ကျိက မျက်နှာတင်းလိုက်ပြီး ငြင်းခွင့်မပေးဘဲ ဖိနပ်ကို မုန့်ဝမ်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

“ ငါပေးတာကို ယူထားလိုက်ပါ။ နင် အသက်ရှင်နေမှ နောက်နောင် ငါ့ရဲ့ စိုးရိမ်မှုတွေကို ဆက်ပြီး ဝေမျှပေးနိုင်မှာပေါ့ ”

မုန့်ဝမ်သည် 'လေပြေဖိနပ်' ကို ကျေးဇူးတင်စွာဖြင့် ပိုက်ထားလိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ညှိတ်လိုက်သည်။

“ စီနီယာ စိတ်ချပါ။ ကျွန်မ ကျင့်ကြံခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်းမှာ ကြိုးစားအားထုတ်ပြီး စီနီယာ့ရဲ့ ဂုဏ်သတင်းကို ဘယ်တော့မှ မညှိုးနွမ်းစေရပါဘူး! ”

“ ကောင်းပြီ... သွားတော့ ”

မုန့်ဝမ်သည် ဝိညာဉ်လက်နက် အလုပ်ရုံထဲမှ စိတ်လှုပ်ရှားစွာဖြင့် ထွက်လာခဲ့သည်။ ရွှယ်လျန်ကျိသည် တကယ်ကို ရက်ရောသူဖြစ်ကြောင်း သူမ တွေးမိသည်။ အဆင့်မြင့် ဝိညာဉ်လက်နက်ကို ဤမျှ လွယ်လွယ်ကူကူ ပေးလိုက်ခြင်းမှာ အံ့မခန်းပင်။ သာမန် အဆင့် ၇ ကျင့်ကြံသူများသည် အနိမ့်စား ဝိညာဉ်လက်နက် တစ်ခုရရန်ပင် ကံကောင်းလှပေပြီ။

ရွှယ်လျန်ကျိ၏ ခြေထောက်ကိုသာ မြဲမြဲတွယ်ထားလျှင် ရွှမ်ယင်ဂိုဏ်းတွင် နေရသည်မှာ အတော်ပင် သက်တောင့်သက်သာ ရှိလာပေလိမ့်မည်။ သို့သော် မုန့်ဝမ်သည် တပည့်များ နေထိုင်ရာ အရပ်သို့ မရောက်မီမှာပင် တပည့်နှစ်ဦးက သူမ၏ လမ်းကို ပိတ်ရပ်လိုက်ကြသည်။ သူတို့မှာ ဝိညာဉ်လက်နက် အလုပ်ရုံထဲတွင် မြင်တွေ့ခဲ့ရသော ဇီလင်နှင့် နီးစပ်သည့် သူများပင် ဖြစ်သည်။

“ မုန့်ဝမ်... စီနီယာအစ်မ ဇီလင် က နင့်ကို တွေ့ချင်နေတယ် ”

“ ဇီလင်က နင်တို့ကို ဘာတွေ ပေးထားလို့ နင်တို့က သူမအတွက် ဒီလောက်အထိ အသက်စွန့်ပြီး လုပ်ပေးနေကြတာလဲ? ”

မုန့်ဝမ်က ရှေ့က လူနှစ်ယောက်ကို စူးစမ်းသလို အပြုံးဖြင့် မေးလိုက်၏။

“ ရိုင်းလှချည်လား! စီနီယာအစ်မ ဇီလင်ရဲ့ နာမည်ကို နင်က ခေါ်ရဲတယ်ပေါ့ ဟုတ်လား? ”

“ ရှောင်ယိုကျန်းကို ကံကောင်းလို့ သတ်နိုင်ခဲ့တာနဲ့ ငါတို့ကို ယှဉ်နိုင်ပြီလို့ မထင်နဲ့! ”

မုန့်ဝမ်က မျက်တောင်လေး ခတ်လိုက်ကာ - “ ဩော်... တောင်းပန်ပါတယ်နော်။ စီနီယာအစ်မ ဇီလင်က ဖိတ်ခေါ်တယ်ဆိုမှတော့... ကဲ ရှေ့က လမ်းပြပေးပါဦး ”

မုန့်ဝမ်က အလျှော့ပေးလိုက်သည်ကို မြင်သောအခါမှသာ ထိုနှစ်ဦးမှာလည်း စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် မုန့်ဝမ်၏ ဝှက်ဖဲကို စိုးရိမ်နေကြသော်လည်း ဇီလင်၏ အမိန့်ကို မဖီဆန်ရဲကြပေ။ ယခုမူ မုန့်ဝမ်သည် ဇီလင်၏ ဂုဏ်သတင်းကို ကြောက်သွားပြီဖြစ်သလို သူမ၏ ဝှက်ဖဲမှာလည်း ကုန်သွားပြီဖြစ်နိုင်သည်ဟု သူတို့ တွေးလိုက်ကြသည်။

သူတို့သည် မုန့်ဝမ်ကို ဝန်းရံထားသော ခြံဝန်းငယ်တစ်ခုထံသို့ ခေါ်ဆောင်သွားခဲ့သည်။

“ အထဲဝင်သွားလိုက်။ စီနီယာအစ်မ ဇီလင်က အထဲမှာ စောင့်နေတယ် ”

ပြောပြီးသည်နှင့် ထိုနှစ်ဦးမှာ မုန့်ဝမ် ထွက်မပြေးနိုင်အောင် တံခါးဝတွင် တစ်ဖက်တစ်ချက်စီ စောင့်နေကြတော့သည်။ မုန့်ဝမ်က ထိုသူနှစ်ဦးကို ကြင်နာစွာ ပြုံးပြလိုက်ပြီးနောက် ဘာမှမသိနားမလည်သည့်ပုံစံဖြင့် ခြံဝန်းထဲသို့ ရဲဝံ့စွာ ဝင်သွားခဲ့သည်။

“ စီနီယာအစ်မ ဇီလင်... အထဲမှာ ရှိလားရှင်? ”

ရုတ်တရက် ခြံဝန်းအတွင်း လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ခြံဝန်းတံခါးမှာ ဝုန်းခနဲ ပိတ်သွားတော့သည်။ ဇီလင်၏ ပုံရိပ်သည် မုန့်ဝမ်၏ ရှေ့မှောက်၌ ပေါ်လာ၏။ သူမသည် မုန့်ဝမ်ကို ကြည့်ကာ အေးစက်သော လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

“ နင် တကယ် လာရဲတယ်ဆိုတော့ တော်တော်လေး သတ္တိရှိတာပဲ! ”

မုန့်ဝမ်က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ကာ - “ စီနီယာအစ်မက လှပစွာ ဖိတ်ခေါ်ထားတာကို ကျွန်မက ငြင်းလိုက်ရင် ရိုင်းရာကျမှာပေါ့ ”

“ ကောင်းပြီ ”

ဇီလင်က မုန့်ဝမ်ကို ဂရုမစိုက်သလို ကြည့်လိုက်ကာ - “ နင် တကယ်လို့ မလာခဲ့ရင် ငါ နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ အခုတော့ နင် ရောက်လာပြီဆိုမှတော့ ငါ့ရဲ့ 'ထျန်းကန်းမိစ္ဆာနှိမ်အစီရင် ရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်ပေတော့! ”

ထျန်းကန်း မိစ္ဆာအစီအရင်!

ဤအစီအရင်မှာ အလွန်ပင် စွမ်းအားကြီးလှပြီး မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းရာတွင် ထူးကဲသော စွမ်းအားရှိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများသည် ဤအစီအရင်ထဲသို့ ရောက်သွားသည်နှင့် သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားပင် ဖြစ်တော့သည်။

All Chapters