← Chapters

ရုပ်သေးရုပ်

Vol. 2 Ch. 15

ရုပ်သေးရုပ်

Vol. 2 Ch. 15

ဇီလင် ၏ အသံ ဆုံးသည်နှင့် သူမ၏ ပုံရိပ်မှာ ကွယ်ပျောက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

မုန့်ဝမ်သည် ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မိမိကိုယ်ကို လူသူကင်းမဲ့သော ကျက်တီးလွင်ပြင်ထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်ယံ၌ ကြယ်စု (၃၆) ခုသည် တစ်ခုပြီးတစ်ခု လင်းထိန်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများဖြင့် တစ်ပြင်လုံးကို လွှမ်းခြုံထားတော့သည်။ မမြင်နိုင်သော ဖိအားများမှာ အရပ်မျက်နှာ အနှံ့မှ ကျရောက်လာပြီး မုန့်ဝမ်ကို ဖိနှိပ်ထားလေသည်။

“ စီနီယာအစ်မ ဇီလင်... ရှင့်ရဲ့ အစီအရင်က တကယ်ကို စွမ်းအားကြီးတာပဲ ”

မိမိခန္ဓာကိုယ်ပေါ် ကျရောက်နေသော ဖိအားများကို ခံစားရင်း မုန့်ဝမ်က တိုးတိုးလေး ဆိုလိုက်သည်။

“ ဟွန်း... နင်က စကားပြောနိုင်သေးတာပဲ ”

ဇီလင်၏ အသံမှာ လေထဲတွင် ဝဲပျံနေပြီး မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ခန့်မှန်းရခက်လှပေသည်။

သူမသည် 'ထျန်းကန်း မိစ္ဆာနှိမ် အစီအရင်' ကို ကြိုတင်ပြင်ဆင်ထားပြီး အကြွင်းမဲ့ အသာစီးရနေသော်လည်း ရန်သူဖြစ်သူ မုန့်ဝမ်ကိုမူ အလျှော့မပေးပေ။ သူမသည် အစီအရင်အတွင်း ပုန်းကွယ်နေပြီး မုန့်ဝမ်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်ရန် အခွင့်အရေးကို စောင့်ကြည့်နေ၏။

“ စီနီယာအစ်မ ဇီလင်... ရှင်က ကျွန်မကို သတ်ဖို့ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာက ကျွန်မက ရှင့်ရဲ့ လမ်းကို ပိတ်နေလို့လား? ”

ဇီလင်က စကားမပြန်ဘဲ အစီအရင်၏ စွမ်းအားအောက်တွင် မုန့်ဝမ်၏ အခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်နေသည်။ အင်းကွက်၏ ဖိအားကြောင့် မုန့်ဝမ်၏ မျက်နှာမှာ ဖြူဖျော့လာပြီး ကျောရိုးများပင် ကွေးညွတ်လာသည်ကို မြင်ရသောအခါ သူမက ဖြည်းညှင်းစွာ ဆိုလိုက်၏။

“ နင့်မှာ ခွန်အားရှိသလို ပါးနပ်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ နင်က ပါးနပ်လွန်းသွားတယ်။ ဒီနေ့အထိ ရွှမ်ယင်ဂိုဏ်းမှာ ကျင့်ကြံနေတဲ့သူတွေက အရူးတွေလို့ နင်ထင်နေလား? နင်က လူသိရှင်ကြား အရမ်း ထင်ပေါ်လွန်းနေတယ်။ အကယ်၍ ဒီနေ့ ငါ မလှုပ်ရှားခဲ့ရင်တောင် စုရှင်းနဲ့ ရှန်ယုတို့က နင့်ကို သည်းခံနေမှာ မဟုတ်ဘူး ”

“ အဲဒီလိုလား? ကျွန်မက ပိုပြီး သန်မာချင်ရုံတင်ပါ... အဲဒါက မှားလို့လား? ”

ခွန်အား ကုန်ခမ်းနေသယောင် ရှိသော မုန့်ဝမ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ဝေခွဲမရဖြစ်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော လေသံဖြင့် မေးလိုက်သည်။ ထျန်းကန်း ကြယ်စု ၃၆ ခုမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ထူးခြားသော ပုံစံဖြင့် သူမကို လုံးဝ ဖိနှိပ်ထားတော့သည်။

“ မှားတာပေါ့။ အေး ပိုဆိုးတာက........ နင့်ရဲ့ အမှားက ငါနဲ့မှ လာတွေ့မိတာပဲ! ”

မုန့်ဝမ်တွင် ခုခံနိုင်စွမ်း မရှိတော့သည်ကို မြင်သောအခါ ဇီလင်သည် နောက်ဆုံးတွင် တိုက်ခိုက်လိုက်တော့သည်။ သူမသည် လှံရှည်ကို ကိုင်စွဲကာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် မုန့်ဝမ်၏ ဦးခေါင်းကို တည့်တည့် ချိန်ရွယ်လိုက်၏။

သေချာပေါက် ထိမှန်တော့မည့် ထိုလှံဖျားမှာ မုန့်ဝမ်၏ ဦးခေါင်းကို မဖောက်ထွက်မီမှာပင် ရပ်တန့်သွားသည်။ မုန့်ဝမ်သည် သူမ၏ နုနယ်သော လက်ကလေးကို အသာအယာ မြှောက်လိုက်ရုံဖြင့် ဇီလင်၏ လှံရှည်ကို ဖမ်းဆွဲထားလိုက်ခြင်းပင်။

ဇီလင်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ထိတ်လန့်တကြားဖြစ်သွားပြီး လှံကို စွန့်လွှတ်ကာ နောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သော်လည်း မုန့်ဝမ်က သူမထက် ပိုမြန်နေသည်။ မုန့်ဝမ်သည် ပတ်ဝန်းကျင်ရှိ အစီအရင်ဖိအားများကို လျစ်လျူရှုကာ အေးဆေးစွာပင် မတ်တပ်ရပ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ဇီလင်၏ အနားသို့ ကပ်သွားခဲ့သည်။

'ဒါက... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?'

ဇီလင်၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ အစီအရင် ကျရှုံးသွားပြီလား?

မုန့်ဝမ်သည် ဇီလင်၏ မျက်လုံးထဲက ကြောက်ရွံ့မှုများကို မြင်သော်လည်း ရှင်းပြရန် ဆန္ဒမရှိပေ။ သူမ၏ ဓားကဲ့သို့ ထက်မြက်သော လက်ဝါးဖြင့် ဇီလင်၏ လည်ပင်းကို တစ်ချက်တည်း ရိုက်ချလိုက်သည်။

အဆင့် ၉ ကျင့်ကြံသူ ဖြစ်သော ဇီလင်မှာ ထိုတစ်ချက်တည်းနှင့်ပင် ပျော့ခွေကာ လဲကျသွားတော့သည်။ ဇီလင် လဲကျသွားသည်နှင့် မုန့်ဝမ်သည် သူမ၏ စိတ်အာရုံဖြင့် ဇီလင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ သူမ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တော့သည်။

ဤထျန်းကန်း မိစ္ဆာနှိမ် အစီအရင်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏ ခန္ဓာကိုယ်သည် 'သွေးမိစ္ဆာ ကောင်းကင်အရှင် ကျင့်စဉ်' မှ ရရှိသော သွေးနီရောင် မိစ္ဆာစွမ်းအားများဖြင့် ပြောင်းလဲထားပြီးဖြစ်ရာ ဤမျှသော ဖိအားမှာ သူမအတွက် ယားယံရုံသာ ရှိတော့သည်။

မုန့်ဝမ်သည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်စဉ် ဇီလင်၏ မျက်မှောင်များမှာ ရုတ်တရက် ကြုတ်သွားကာ ပြင်းထန်စွာ ခုခံရန် ကြိုးစားနေ၏။ သို့သော် သူမ၏ ခုခံမှုမှာ ခဏမျှသာ ခံပြီးနောက် မုန့်ဝမ်၏ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားအောက်တွင် လုံးဝ နစ်မြုပ်သွားကာ သတိလစ်သွားတော့သည်။

ဇီလင် သေဆုံးသွားပြီးနောက် မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ သိမ်းပိုက်လိုက်သည်။ ရွှမ်ယင်ဂိုဏ်းသို့ စတင်ဝင်ရောက်ကတည်းက သူမသည် နောက်ထပ် ရုပ်သေးရုပ် တစ်ခုပြုလုပ်ရန် ကောင်းမွန်သော ကုန်ကြမ်းကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ဇီလင်မှာ အကောင်းဆုံး ရွေးချယ်မှု မဟုတ်သော်လည်း သူမဘာသာ တံခါးဝအထိ လာပို့နေသဖြင့် မုန့်ဝမ်က လက်ခံလိုက်ခြင်းပင်။

နှစ်ပေါင်းများစွာ တစ်ပါးသူအဖြစ် ဟန်ဆောင်နေထိုင်ခဲ့ရသော မုန့်ဝမ်သည် အမြဲတမ်း နောက်ထပ် အစီအစဉ်များ ထားရှိတတ်သည်။ သူမ ရွှမ်ယင်ဂိုဏ်းသို့ မဝင်မီကပင် လူ့လောက၌ သူမအတွက် အသက်စွန့်ပေးမည့် သွေးသားရုပ်သေးရုပ် တစ်ခုကို ချန်ထားခဲ့သော်လည်း အရန်အသက်များ များလေလေ ကောင်းလေလေ မဟုတ်ပါလား။

မုန့်ဝမ်သည် ဇီလင်၏ မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးရင်း သူမ၏ ဝိညာဉ်အစိတ်အပိုင်းအချို့ကို ဇီလင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ 'သွေးမိစ္ဆာ ကောင်းကင်အရှင် ကျင့်စဉ်' မှ ရရှိသော ရုပ်သေးသွန်းလုပ်နည်းမှာ အလွန်ပင် ရက်စက်ပြီး အာဏာရှင်ဆန်လှသည်။ ဤနည်းဖြင့် လုပ်ထားသော သွေးသားရုပ်သေးရုပ်များသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်ရုံတင်မကဘဲ သခင်ဖြစ်သူက လွယ်ကူစွာ ထိန်းချုပ်နိုင်ကာ ဘေးအန္တရာယ်များ ကျရောက်ချိန်တွင် သခင်ကိုယ်စား အသေခံပေးနိုင်စွမ်း ရှိသည်။

၎င်းမှာ ခန္ဓာကိုယ် သိမ်းပိုက်ခြင်း နှင့် ဆင်တူသော်လည်း ပိုမို ဆန်းကြယ်လှသည်။ သို့သော် ဤကဲ့သို့သော ရုပ်သေးရုပ်များတွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်မှာ ကျင့်ကြံမှုအဆင့်ကို ထပ်မံ မြှင့်တင်၍ မရခြင်းပင်။ မူလပိုင်ရှင် သေဆုံးချိန်တွင် ရှိနေသော ကျင့်ကြံမှုအဆင့်မှာသာ အမြဲတမ်း တည်ရှိနေမည် ဖြစ်သည်။

လက်ရှိတွင် မုန့်ဝမ်၏ ဝိညာဉ်အင်အားအရ ဤကဲ့သို့သော ရုပ်သေးရုပ် (၃) ခုအထိသာ အများဆုံး ပြုလုပ်နိုင်သည်။ နာရီဝက်ခန့် ကြာပြီးနောက် သေဆုံးသွားသော ဇီလင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် သွေးနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

“ ဒီနေ့ကစပြီး... ငါက ဇီလင်ပဲ ”

ဇီလင်သည် သူမ၏ လည်ပင်းကို ပွတ်လိုက်ရာ မုန့်ဝမ်၏ လက်ချက်ဖြင့် ရိုက်မိထားသော နေရာမှာ နာကျင်နေဆဲပင်။ မုန့်ဝမ်သည် သူမ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်ပြီးနောက် 'ရွှေမီးလုံး' သုံးလုံးကို ထုတ်ကာ အရပ်မျက်နှာတစ်ခုသို့ ပစ်ခတ်လိုက်၏။

“ ဝုန်း... ”

ရွှေမီးလုံး သုံးလုံးမှာ တစ်ပြိုင်နက် ပေါက်ကွဲသွားပြီး ထျန်းကန်း အစီအရင်ကြီးတွင် အပေါက်ငယ်တစ်ခု ဖြစ်သွားစေသည်။ ထိုအခွင့်အရေးကို သုံး၍ မုန့်ဝမ်သည် သူမ၏ 'လေပြေ ဖိနပ်' ကို အသက်သွင်းကာ အပြင်သို့ အမြန် ပြေးထွက်သွားတော့သည်။

ဇီလင်၏ သတ်ဖြတ်လိုသော ဆန္ဒမှာ အလွန်ပြင်းထန်သဖြင့် အပြင်မှာ စောင့်နေသူများ ယုံကြည်စေရန် ဤသို့ ဟန်ဆောင်ရခြင်းပင်။

“ မုန့်ဝမ်... နင် သေဖို့သာ ပြင်ထားတော့! ”

ရုပ်သေးရုပ် ဇီလင်မှာ သူမ၏ အခန်းကဏ္ဍအတိုင်း လိုက်လံသရုပ်ဆောင်လေသည်။ သူမသည် မြေပြင်ပေါ်က လှံကို ကောက်ကိုင်ကာ မုန့်ဝမ်နောက်သို့ အားကုန် လိုက်လံတိုက်ခိုက်တော့၏။

သို့သော် 'လေပြေ ဖိနပ်' ကို စီးထားသော မုန့်ဝမ်မှာ အလွန်မြန်လှသဖြင့် အပြင်မှာ စောင့်နေသော တပည့်နှစ်ဦးမှာ မုန့်ဝမ်ကို မတားနိုင်လိုက်ဘဲ လွတ်သွားခဲ့သည်။

ဇီလင်သည် ဒေါသထွက်နေသော မျက်နှာဖြင့် တံခါးစောင့် တပည့်နှစ်ဦးကို တစ်ယောက် တစ်ချက်စီ ပါးရိုက်လိုက်ကာ -

“ အသုံးမကျတဲ့ အကောင်တွေ! ”

ထိုနှစ်ဦးမှာ မကျေနပ်ချက်ကို မပြရဲဘဲ ဒူးထောက်ကာ အသနားခံနေကြရသည်။

“ စီနီယာအစ်မ... ခွင့်လွှတ်ပေးပါ။ သူမစီးထားတဲ့ ဖိနပ်က အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်နေလို့ ကျွန်တော်တို့ မမှီလိုက်တာပါ! ”

“ ဟုတ်ပါတယ်... အခု မုန့်ဝမ်ကို ရန်ငြိုးဖွဲ့လိုက်ပြီဆိုတော့ သူမက တစ်နေ့မှာ လက်စားချေလာမှာ သေချာပါတယ်! ”

ဇီလင်၏ မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားကာ -

“ သူမလက်ထဲမှာ ရွှေမီးလုံး သုံးလုံး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အစီအရင်နဲ့တောင် သူမကို မတားနိုင်ခဲ့ဘူးပေါ့... ဒီမိန်းမကို မရှင်းနိုင်သရွေ့ ငါ အေးဆေးနေရမှာ မဟုတ်ဘူး! ”

ဘယ်ဘက်က တပည့်ဖြစ်သူက မျက်လုံးလေး ကစားလိုက်ရင်း -

“ စီနီယာအစ်မ... မုန့်ဝမ်က ဂိုဏ်းထဲ ရောက်တာ မကြာသေးတော့ သူမရဲ့ အခြေခံက မခိုင်မာသေးပါဘူး။ ဂိုဏ်းရဲ့ အခြေအနေတွေကိုလည်း သူမ သေချာ မသိသေးတော့ ဒါကို အခွင့်ကောင်းယူပြီး သူမကို ထောင်ချောက်ထဲ ဆွဲသွင်းလို့ ရပါတယ် ”

All Chapters