မဆိုင်သူများ
Vol. 52 Ch. 714
မြို့တော်၏ ကောင်းကင်ထက်၌ ကြောက်မက်ဖွယ် စွမ်းအင်နှင့်သူများ ရှိနေကြသောကြောင့် မြို့သူမြို့သားများမှာ တုန်လှုပ်ခြောက်ခြားနေကြရသည်။
များပြားလှသောသူများမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် ကွမ်းဟွမ်ရောင်လျှံဝန်းများအား ကြည့်ရှုနေကြသည်။
နတ်ဘုံခန်းဝါအဆင့်မှာ ကန်းမင်တိုက်ကြီးတွင် ထိပ်သီးအဆင့် ဖြစ်သည့်အပြင် ရောက်ရှိလာသူများမှာ အယောက်နှစ်ဆယ်ကျော်ခန့် ဖြစ်သောကြောင့် တိုင်းပြည်တစ်ခုအား လွယ်ကူစွာ ဖျက်စီးပစ်လိုက်နိုင်သော အနေအထား ဖြစ်သည်။
"ဘာလို့ နတ်ဘုံခန်းဝါအဆင့်တွေ အများကြီး ရောက်လာကြရတာလဲ။"
"ဝူအင်ပါယာအတွက် လက်စားချေပေးမလို့များလား။"
"အဲ့လိုဆိုရင်တော့ ကြီးမြတ်သောဇူအင်ပါယာက အကြီးအကျယ် ဒုက္ခရောက်တော့မှာပဲ.."
"......"
ကောလဟာလများမှာ တစ်ခဏအတွင်း ပျံ့နှံ့သွားသည်။ ဝူအင်ပါယာအား ကြီးမြတ်သောဇူအင်ပါယာမှ သိမ်းယူခဲ့သည့်အပေါ် တိုင်းသူပြည်သားများမှာ အနည်းငယ် မသေမချာ ဖြစ်နေကြသေးသည်။ ယခုလက်ရှိတွင် ကြီးမြတ်သောဇူအင်ပါယာအပေါ် တိုက်ရိုက်မဆန့်ကျင်ရဲသော ဝူအင်ပါယာအား ထောက်ခံနေသေးသည့်သူအချို့ ရှိနေလေသည်။ ၎င်းတို့သည် နတ်ဘုံခန်းဝါအဆင့်ရှိသူများ များစွာရောက်ရှိလာခြင်းမှာ ဝူအင်ပါယာအတွက် လက်စားချေပေးရန် ဖြစ်လိမ့်မည်ဟု ထင်မှတ်နေကြသဖြင့် လျှို့ဝှက်စွာ ပျော်ရွှင်ကျေနပ်နေကြသည်။
၎င်းတို့ဝူအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဝူဟောင်သည် မြင့်မြတ်သောနန်းတော်၌ အဆင့်မြင့်နေရာအား ရယူထားသူ မဟုတ်ပါလော။
နန်းတော်ရှေ့၌
ဇူချင်မှာ စစ်ဗိုလ်ချုပ်များအား ဦးဆောင်လျက် ပတ်ဝန်းကျင် အခြေအနေအား လာရောက်သုံးသပ်လျက် ရှိသည်။ ကောင်းကင်ထက်ရှိ နတ်ဘုံခန်းဝါအဆင့်ရှိသူများအား မြင်တွေ့လိုက်ရသောအခါ၌ ၎င်းတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
နတ်ဘုံခန်းဝါ အဆင့်ရှိသူများထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဘာလို့ နတ်ဘုံခန်းဝါ အဆင့်ရှိတဲ့သူတွေ အများကြီးက ဒီကိုရောက်လာကြတာလဲ။" ဝေကန်းလန်မှာ ထိတ်လန့်နေဟန်ဖြင့် ဇူချင်အား မေးမြန်းလိုက်သည်။
အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း ကြောက်လန့်တုန်လှုပ်နေကြရသည်။ ကြီးမြတ်သောဇူအင်ပါယာအနေဖြင့် ထိုမျှများပြားသော နတ်ဘုံခန်းဝါ အဆင့်ရှိသူများအား ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
"တခြားနေရာက အဆင့်မြင့်ကျင့်ကြံသူတွေ ကန်းမင်တိုက်ကြီးထဲ ရောက်နေတယ်လို့ ငါကြားထားတယ်။"
ဇူချင်မှ လေးနက်စွာဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် သူတို့က ဒီကိုဝူအင်ပါယာကြောင့်လာတာ မဖြစ်နိုင်ဘူး။ ဝူအင်ပါယာ အဆင့်လောက်နဲ့ အဲ့လောက်သြဇာရှိမှာ မဟုတ်ဘူး။"
မည်သို့ပင်ဆိုစေကာမူ သိုးသူငယ်များ ကျင်လည်ကျက်စားရာ မြက်ခင်းလွင်ပြင်ဆီသို့ ဝံပုလွေအုပ် ရောက်ရှိလာခြင်းမှာ ကောင်းသောအနေအထားတစ်ခု မဟုတ်ပေ။
ဝူအင်ပါယာအား သိမ်းယူခဲ့ပြီးနောက် ကြီးမြတ်သောဇူအင်ပါယာအား တိုင်းသူပြည်သားများမှ အပြည့်အဝ လက်ခံသေးခြင်း မရှိသေးချေ။ ယခု နတ်ဘုံခန်းဝါ အဆင့်ရှိသူများမှသာ ကြီးမြတ်သောဇူအင်ပါယာအား ကိုင်လှုပ်ခဲ့ပါက အနာဂတ်တွင် တိုင်းသူပြည်သားများ၏ နှလုံးသားအား ရရှိရန် လွယ်ကူတော့မည် မဟုတ်။
ဇူချင်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ကျွန်တော်က ကြီးမြတ်သောဇူအင်ပါယာရဲ့ဘုရင် ဇူချင်ပါ။ ဒီလိုအဆင့်မြင့်ကျင့်ကြံသူတွေ အများကြီး ရောက်လာကြတာကို ဂုဏ်ယူမိပါတယ်။ စိတ်မရှိဘူးဆိုရင် နန်းတော်ထဲ ဝင်ကြပါဦး။ အိမ်ရှင်တိုင်းပြည်အနေနဲ့ လာတဲ့ဧည့်သည်တော်တွေအပေါ် တာဝန်ကျေပွန်ပါရစေ။"
ကောင်းကင်ထက်တွင် ရှိနေသော အုပ်စုအား ဦးဆောင်ထားလျက်ရှိသည့် အရပ်မြင့်မြင့်နှင့်လူငယ်တစ်ဦးမှ ဇူချင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဇူဘုရင်...ငါက ရှန်ဇူတိုက်ကြီးရဲ့ ကောင်းကင်တိမ်နန်းကလန်က ကုကျုံးပဲ။ ဧည့်ခံဖို့တွေ ဘာတွေလုပ်မနေနဲ့။ ငါတို့ဒီလောက်အဝေးကြီးကိုလာရတာ နတ်ဘုံခန်းဝါဆေးကို တောင်းဖို့ပဲ။ ကိစ္စတွေ ပိုရှုပ်အောင် လုပ်မနေနဲ့။"
ဇူချင်မှ ရှင်းပြလိုက်သည်။ "မောင်ရင်တို့ မသိသေးဘူးထင်တယ်။ ကြီးမြတ်သောဇူအင်ပါယာက အခုတလောမှ တိုက်ပွဲဖြစ်ထားတာပါ။ ကျွန်တော်တို့မှာ ပုံမှန်ဆေးဝါးတွေ ရှိပေမယ့် နတ်ဘုံခန်းဝါဆေးလို့ခေါ်တဲ့ဟာတော့ တကယ်မရှိပါဘူး။"
ကုကျုံးမှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမပြုပဲ နှုတ်ခမ်းအစုံ တွန့်ကွေးသွားအောင် ပြုံးလိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ် ချီစွမ်းအင်လှိုင်းအား ထုတ်လွှတ်ကာ ဇူချင်နောက်ရှိ အဆောက်အဦးတစ်ခုအား ဖျက်စီးလိုက်လေသည်။
ကုကျုံးနောက်တွင်ရှိနေသော နတ်ဘုံခန်းဝါ အဆင့်ရှိသူများမှာ ဇူချင်တို့အားကြည့်လျက် လှောင်ပြောင်ရယ်မောလိုက်ကြသည်။
ကြီးမြတ်သောဇူအင်ပါယာ၏ စစ်တပ်အတွင်းတွင် လတ်တလောမှ လာရောက်ပူးပေါင်းထားကြသော ဝူအင်ပါယာမှ စစ်သည်များစွာ ရှိသည်။ ၎င်းတို့မှာ အတွေးများစွာဖြင့် ထိုမြင်ကွင်းအား ကြည့်ရှုနေကြလေသည်။
ချီစွမ်းအင်လှိုင်းမှာ အဆောက်အဦးကိုသာ ဖျက်စီးလိုက်ခြင်းမဟုတ်ပဲ ကြီးမြတ်သောဇူအင်ပါယာမှ လောလောလတ်လတ် တည်ဆောက်ထားခဲ့ရသော သြဇာအာဏာများကိုပါ ဖျက်စီးသွားခြင်း ဖြစ်သည်။
ကုကျုံးမှ အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။ "စကားတစ်ခွန်းကို မပြောခင် သေချာစဉ်းစားစမ်းပါ။ ငါတို့လာတဲ့လမ်းမှာ အင်ပါယာတစ်ခုစီ ရောက်ခဲ့သေးတယ်။ အဲ့ကဘုရင်က အကောင်းအဆိုးကို မခွဲခြားတက်ဘူးလေ။ အဟက်....ဆိုတော့ အဆုံးသတ်မှာ အဲ့ဒီအင်ပါယာကလည်း ဘုရင်မဲ့သွားရတာပေါ့။"
ဇူချင်၏ မျက်ဝန်းများမှာ ခက်ထန်သွားရသည်။ ထိုကုကျုံးဆိုသော လူငယ်သည် အဆောက်အဦးအား ဖျက်စီးကာ သူ့အားလှောင်ပြောင်ရုံမျှမက ယခုတွင် ကြောက်မက်ဖွယ်လေသံဖြင့် ခြိမ်းခြောက်စကားပင် ဆိုနေပြီ ဖြစ်သည်။
ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ အလွန်ဒေါသထွက်နေကြပါသော်လည်း နတ်ဘုံခန်းဝါအဆင့်နှင့် ၎င်းတို့အဆင့်မှာ လွန်စွာကွာခြားလှသောကြောင့် မည်သည့်စကားမှ မဆိုနိုင်ပဲ ဖြစ်နေကြရသည်။
ဇူချင်မှာ ခံစားချက်များအား လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ ကြီးမြတ်သောဇူအင်ပါယာတွင် ဤဝံပုလွေများအား အဝေးသို့ ထွက်သွားစေနိုင်လောက်မည့် နတ်ဘုံခန်းဝါဆေး အလုံအလောက် ရှိနေသေးသည် မဟုတ်ပါလော။
သို့သော် ဇူချင်မှ မည်သည့်စကားမှ မဆိုရသေးမှာပင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူတွေများ ရောက်လာကြတာလဲလို့...လက်စသတ်တော့ ကောင်းကင်တိမ်နန်းကလန်ကပဲ။"
ဇူချင်၊ ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှ လှည့်ကြည့်လိုက်သောအခါတွင် အဆောက်အဦးတစ်ခုပေါ်တွင်ရပ်နေသော ဇူယွမ်အား တွေ့ရှိလိုက်ကြရသည်။
"ယွမ်အာ....." ဇူချင်မှာ စိုးရိမ်ပူပန်သွားရသည်။ သူသည် ဇူယွမ်အား ထွက်မလာစေချင်ပေ။ တစ်ဖက်တွင် နတ်ဘုံခန်းဝါအဆင့် များစွာရှိနေသောကြောင့် ဇူယွမ်အတွက် တွေးပူနေရခြင်း ဖြစ်သည်။
ကောင်းကင်ထက်တွင် ရှိနေသော ကုကျုံးတို့အုပ်စုမှာ ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်ကြသည်။ ဤကဲ့သို့သော သေးငယ်လှသည့် တိုင်းပြည်မျိုးတွင် ၎င်းတို့အား ပြောဆိုရဲမည့်သူ ရှိလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
"မင်းကလည်း နတ်ဘုံခန်းဝါအဆင့်ပဲလား။"
ကုကျုံးမှာ အံ့အားသင့်သွားဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "မင်းအသက်အရွယ်နဲ့ နတ်ဘုံခန်းဝါအဆင့်ကိုတက်နိုင်တာ တော်တော်ကံကောင်းတာပဲ။ နတ်ဘုံခန်းဝါဆေးလေး နည်းနည်းလောက်အတွက်နဲ့ ငါတို့ကို အမှားမလုပ်မိစေနဲ့ ကောင်လေး..."
ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "ရှန်ဇူတိုက်ကြီးထဲမှာတော့ ကောင်းကင်တိမ်နန်းက ဒီလောက်မမောက်မာရဲပါဘူး။"
ကုကျုံး၏ အမူအရာမှာ အေးခဲသွားရသည်။ "မင်းကဘယ်သူလဲ။"
ဇူယွမ်သည် ကန်းမင်တိုက်ကြီးထံမှ ကျင့်ကြံသူတစ်ဦး မဟုတ်ကြောင်း ၎င်းတို့သဘောပေါက်သွားကြရသည်။ ကုကျုံးတို့လာရာလမ်းတလျှောက်တွင် အင်ပါယာအချို့မှ နတ်ဘုံခန်းဝါအဆင့်ရှိသူ ဘုရင်များနှင့် တွေ့ဆုံခဲ့ပါသော်လည်း ၎င်းတို့ကောင်းကင်တိမ်နန်းအုပ်စုအား ဆန့်ကျင်ပြောဆိုရဲခြင်း မရှိခဲ့ပေ။
ဇူယွမ်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ကန်ရွှမ်းကလန်က ရွေးချယ်ခံခေါင်းဆောင် ဇူယွမ်ပါ။"
ကုကျုံးတို့၏ အမူအရာများမှာ အေးစက်တောင့်တင်းသွားရသည်။ "ကန်ရွှမ်းကလန်က ရွေးချယ်ခံခေါင်းဆောင် ဇူယွမ်ဟုတ်လား။"
"အခုတလောတင်ကမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့ ဇူယွမ်နဲ့ တူတူပဲလား။"
ကုကျုံးတို့မှာ မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိသည်။ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင် အဆင့်ရှိသူအား ယခုကဲ့သို့ တိုင်းပြည်ငယ်လေးတွင် တွေ့ဆုံရလိမ့်မည်ဟု အနည်းငယ်မျှ ထသ်မှတ်မထားကြချေ။
၎င်းတို့အားလုံးမှာ ဇူယွမ်၏အကြောင်းအား ကြားသိခဲ့ကြဖူးသည်။ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်ကြားမှ တိုက်ပွဲသည် ဇူယွမ်ဟူသော ရွေးချယ်ခံခေါင်းဆောင်အပေါ်တွင် မှီတည်နေသောကြောင့် ရှန်ဇူတိုက်ကြီးအတွင်းရှိ ကလန်များအားလုံးမှာ သူ့အပေါ် အာရုံစိုက်ခဲ့ကြရသည်။
သို့သော် ထိုအကြောင်းအရာများမှာ ကုကျုံးသိသမျှ အကုန်ပင် ဖြစ်သည်။ ဇူယွမ်၏ မူလဇစ်မြစ်နှင့်ပက်သတ်၍ ၎င်းတို့အနည်းငယ်မျှပင် သိရှိခဲ့ရခြင်း မရှိပေ။
ကောင်းကင်ထက်တွင် ရှိနေကြသော နတ်ဘုံခန်းဝါ အဆင့်ရှိသူများမှာ အမူအရာ အနည်းငယ် ပြောင်းသွားကြရသည်။ ၎င်းတို့သည် နတ်ဘုံခန်းဝါ အခြေတည်အဆင့်ရှိသော ဇူယွမ်အား မကြောက်ရွံ့ပါသော်လည်း ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကိုမူ ထိတ်လန့်ကြရသည်။
ဇူယွမ်၏ နောက်ခံအင်အားဖြစ်သော ကန်ရွှမ်းကလန်သည် ကောင်းကင်တိမ်နန်းအနေဖြင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်သော အင်အားကြီးကလန်ကြီးတစ်ခု ဖြစ်သည်။
ဇူချင်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ ဇူယွမ်သည် ရှန်ဇူတိုက်ကြီးအတွင်း ထိုမျှပင် ဂုဏ်ပုဒ်ရှိသူဖြစ်ကြောင်း သူ့အနေဖြင့် မသိရှိခဲ့ပေ။
ကုကျုံးမှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤမျှသေးငယ်သော တိုင်းပြည်မျိုးတွင် ဇူယွမ်ကဲ့သို့ သူမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော် ကုကျုံးမှာ ဇူယွမ်၏ နောက်ခံအင်အားနှင့်ပက်သတ်၍ များစွာစိတ်ပူပန်ခြင်း မဖြစ်မိပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တိမ်နန်းကလန်မှာ ကန်ရွှမ်းကလန်ထက်စာလျှင် မြင့်မြတ်သောနန်းတော်အား ပို၍မှီခိုနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ကုကျုံးမှာလည်း နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိထားသူတစ်ဦးဖြစ်သဖြင့် နတ်ဘုံခန်းဝါ အခြေတည်အဆင့်သာရှိသေးသော ဇူယွမ်အား ကြောက်လန့်နေစရာ အကြောင်းမရှိပါချေ။
ကုကျုံးမှ ပြုံးကာပြောလိုက်သည်။ "မင်းက ကန်ရွှမ်းကလန်ရဲ့ ဂုဏ်ယူရတဲ့ တပည့်တစ်ယောက် ဖြစ်မယ်ထင်တယ်။ ငါတို့ကြားမှာ နားလည်မှုလွဲသွားရုံလေးပါ။ ငါတို့ဒီက ထွက်သွားတော့မယ်။"
ကုကျုံး၏ စိတ်ကူးထဲတွင်မူ ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးပစ်ချင်သည်အထိ ရက်စက်ကြမ်းကြုတ်သောအတွေးများ တွေးနေခြင်း ဖြစ်သည်။
ဇူချင်၊ ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သို့သော် ဇူယွမ်မှာ မျက်မှောင်ကျုံ့လျက် ကျယ်လောင်စွာဖြင့် စကားဆိုလိုက်သည်။ "ကြီးမြတ်သောဇူအင်ပါယာရဲ့ အဆောက်အဦးကို ဖျက်စီးပြီးတော့ ဒီတိုင်းထွက်သွားဖို့ စဉ်းစားနေတာလား။"