← Chapters

လျော်ကြေး

Vol. 52 Ch. 715

လျော်ကြေး

Vol. 52 Ch. 715

ကောင်းကင်ထက်၌

ဇူယွမ်၏ပြောစကားကြောင့် ကုကျုံး၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် အားယူ၍ပြုံးကာ ပြောလိုက်သည်။ "ရွေးချယ်ခံ ဇူယွမ်...ဒါက နားလည်မှုလွဲရုံသက်သက်ပဲလေ။ ကိစ္စတွေ ရှည်နေစရာ မလိုတော့ပါဘူး။ ဟုတ်တယ်မလား။"

သို့သော် သူ၏ မျက်ဝန်းများမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေလျက် ရှိသည်။

ဇူယွမ်ဆိုတဲ့ကောင်က တကယ်အကောင်းအဆိုးကို နားမလည်ဘူးပဲ....ငါခြေတစ်လှမ်း နောက်ဆုတ်ပေးထားတာတောင် အခုထိ ရိုင်းစိုင်းဘဝင်မြင့်နေတယ်.....

ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံဆိုတာနဲ့ ငါကကြောက်ရမှာလား.....

ဇူယွမ်မှာမူ စိတ်ခံစားချက် ကင်းမဲ့နေဟန် ရှိသည်။ ယခုအချိန်သည် ကြီးမားသောဇူအင်ပါယာအနေဖြင့် ဝူအင်ပါယာအား သိမ်းပိုက်ကာ သြဇာအာဏာ အခြေတည်ရန် ကြိုးစားနေရသော အချိန်ဖြစ်သည်။ ကုကျုံးတို့အုပ်စုမှာ လူအများရှေ့မှောက်၌ အဆောက်အဦးတစ်ခုအား လွယ်ကူစွာ ဖျက်စီးပြခဲ့သည်။ ၎င်းတို့သည် ကြီးမြတ်သောဇူအင်ပါယာ၏ အခြေတည်ရန် ကြိုးစားနေရသော ကြိုးစားမှုများကို ဖြိုခွင်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့် ကြီးမြတ်သောဇူအင်ပါယာ၏ အုပ်ချုပ်မှုအပေါ် မေးခွန်းများစွာ ထုတ်ခံရနိုင်သည်။

ဇူယွမ်သည် ကြီးမြတ်သောဇူအင်ပါယာ၌ ထာဝရနေနိုင်မည် မဟုတ်သောကြောင့် ဇူချင်အား သြဇာအခြေတည်စေရန် ကူညီပေးရမည် ဖြစ်သည်။

ထို့အပြင် ယခုလတ်တလော၌ အခြားတိုက်ကြီးများမှ အဆင့်မြင့်ကျင့်ကြံသူများ ကန်းမင်တိုက်ကြီးထံ ရောက်ရှိနေသည်ဟု ကြားသိထားရသည်။ ကုကျုံးတို့သည် ထိုများစွာသော သူများထဲမှ အုပ်စုငယ်လေးတစ်ခုသာ ဖြစ်သည်။ ထိုပြင်ပတိုက်ကြီးများမှ ရောက်ရှိလာကြသူများသည် ကန်းမင်တိုက်ကြီးအတွင်းမှ အင်ပါယာများကို အနည်းငယ်မျှပင် ဂရုမစိုက်ပဲ ပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။

ထို့​ကြောင့်ပင် ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာ၏ လုံခြုံရေးအတွက် တစ်စုံတစ်ခုလုပ်မှရမည်ဟု တွေးတောထားမိသည်။ ဥပမာအားဖြင့် မျောက်များကိုခြောက်ရန် ကြက်အားသတ်ပြသော လုပ်ရပ်မျိုး ဖြစ်သည်။

ကုကျုံးတို့သည် ဇူယွမ်အတွက် အကောင်းဆုံး ကြက်များပင်။

"အဆင့်နိမ့် နတ်ဘုံခန်းဝါဆေး ငါးဆယ်ကိုလွှဲပေးရင် ဒီကိစ္စကို မရှိခဲ့သလို သဘောထားပေးပါ့မယ်။" ဇူယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

ဇူချင်၊ ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ ဇူယွမ်၏စကားကြောင့် အံ့အားသင့်သွားကြရသည်။ ဇူယွမ်သည် လျော်ကြေးအနေဖြင့် နတ်ဘုံခန်းဝါဆေး ငါးဆယ်အား တောင်းဆိုနေခြင်း ဖြစ်သည်။ ထိုမျှများပြားသော ပမာဏသည် ဝူအင်ပါယာ၏ ရတနာတိုက်ထဲ၌ပင် ရှိမနေပါချေ။

ကုကျုံး၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "တော်တော်လောဘကြီးတာပဲ။ ရွေးချယ်ခံ ဇူယွမ်...မဖြစ်နိုင်တာတွေကို မပြောပါနဲ့။"

"အဲ့ဒါဆို မင်းတို့က လျော်ကြေးမပေးဘူးပေါ့။" ဇူယွမ်မှ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် မေးမြန်းလိုက်သည်။

ကုကျုံးမှ လက်ကိုပိုက်ကာ အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ "ငါတို့ လျော်ကြေးမပေးဘူးကွာ။ မင်းဘာလုပ်ချင်လဲ။"

ဇူယွမ်မှာ နတ်ဘုံခန်းဝါ အခြေတည်အဆင့်သာရှိသေးပြီး တစ်ဦးတည်း ဖြစ်သည်။ တစ်ဖက်တွင်မူ ၎င်းတို့အုပ်စုမှာ နတ်ဘုံခန်းဝါအဆင့် အယောက်နှစ်ဆယ်ကျော်ခန့် ရှိလေသည်။ ကုကျုံးမှာ ဇူယွမ် အလွန်အမင်း သတ္တိရှိနေရခြင်းအပေါ် မည်သို့မျှ နားမလည်နိုင် ဖြစ်မိရသည်။

"ဒီကောင်လေးက အရည်အချင်းရှိပေမယ့် အရမ်းကျင့်ကြံလွန်းလို့ ရူးသွားပြီထင်တယ်။"

"ဟားဟားဟား....."

ကုကျုံးတို့အုပ်စုမှာ ကျယ်လောင်စွာဖြင့် လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ဇူယွမ်မှာ ခေါင်းတညိတ်ညိတ်ဖြင့် နန်းတော်ဖက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။ "တံခါးဖွင့်ပြီး...ထန်ထန့်ကိုလွှတ်ပေးလိုက်။"

"ဝေါင်း....."

ဇူယွမ်၏စကားသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲတစ်ကောင်၏ ဟိန်းဟောက်သံမှာ မိုးကောင်းကင်အား ပဲ့တင်ထပ်သွားလေသည်။

ထို့နောက် လူတိုင်းမှာ နန်းတော်အနောက်ဖက်မှ ထွက်ပေါ်နေသော ရွှေရောင်လင်းလက်တောက်ပနေသည့် သားရဲကြီးတစ်ကောင်အား မြင်တွေ့လိုက်ရသည်။ ယင်းသားရဲ၏ နှုတ်သီးတဝိုက်တွင် မဟူရာအလင်းရောင်များ ကြီးစိုးထားပြီး ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကြေးခွံများမှာ နေရောင်နှင့်အတူ တလက်လက် တောက်ပနေလျက် ရှိသည်။

"ဝေါင်း...."

ထန်ထန်မှာ မိုးချိန်းသံများအလား ကျောချမ်းဖွယ်ကောင်းစွာ ဟိန်းဟောက်လိုက်သည်။

ထန်ထန်၏ တိုက်ခိုက်ရေးပုံစံသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တောင်ငယ်တစ်လုံးမျှ အရွယ်အစားခန့် ရှိသည်။ ထန်ထန်သည် သူ၏ပါးစပ်အား ဖွင့်ဟလျက် စကြာဝဠာချီများအား အဆုံးအစမဲ့ စုပ်ယူလိုက်လေသည်။

ယောင်ယောင်၏ ကျင့်ကြံခြင်းအဆင့် တက်သွားပြီးနောက် ထန်ထန်မှာလည်း နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထန်ထန်မှာ ဆန်းကြယ်ပြီး အင်အားကြီးသော သွေးမျိုးဆက်မှလာသူဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့် တက်လာသည်နှင့်အ​တူ သူ၏ခွန်အားမှာလည်း အလွန်အမင်း ကြီးထွားလာခဲ့သည်။

ထန်ထန်ရောက်ရှိလာမှုကြောင့် ကုကျုံးတို့၏ အမူအရာများမှာ ပြောင်းလဲသွားရသည်။ ၎င်းတို့အားလုံးမှာ ထန်ထန်အား ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်မိကြသည်။ ထန်ထန်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားမှာ လွန်စွာကျောချမ်းဖွယ်ကောင်းလှသည်။

"ဒါဘယ်လို မူလသားရဲမျိုးလဲ။ ဘာလို့ စွမ်းအင်ဖိအားတွေ ထွက်နေရတာလဲ။" ကုကျုံး၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ သူသည် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း ထန်ထန်ထံမှ စွမ်းအင်ဖိအားများကို ခံစားနေရလေသည်။

သူ၏မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ သာမန်မူလသားရဲတစ်ကောင် မည်သို့မျှ မဖြစ်နိုင်ပေ။

"ဝေါင်း...."

ထန်ထန်မှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လျင်မြန်လှသောအရှိန်ဖြင့် လေဟာနယ်အား ကုတ်ဖြဲကာ ကုကျုံးထံ ချိန်ရွယ်ပျံသန်းသွားသည်။

ကုကျုံးမှာ ထိတ်လန့်သွားရပြီးနောက် ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုအား လည်ပတ်စေလျက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးဖြင့် ထန်ထန်အား ထိုးချလိုက်သည်။

ဝုန်း....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားသည်။

ထန်ထန်မှာ တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိပါသော်လည်း ကုကျုံးမှာ အဝေးသို့ ပြင်းထန်စွာ လွင့်စင်သွားရပြီး လက်တစ်ခုလုံး သွေးများရဲရဲနီသွားရသည်။

ကုကျုံးမှာ ပထမဆုံး တိုက်ခိုက်မှုဖြင့်ပင် အထိနာသွားရပြီ ဖြစ်သည်။

အခြားသော နတ်ဘုံခန်းဝါ အဆင့်ရှိသူများ၏ အမူအရာမှာလည်း ဖြူရော်သွားရသည်။

"ပြန်ဆုတ်ကြ..."

ကုကျုံးမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးဆုတ်ခွာရန် ပြင်ဆင်တော့သည်။ ဇူယွမ်မှ ၎င်းတို့အပေါ် ရိုင်းပြစွာ ဆက်ဆံပြုမူနေခြင်းကို ကောင်းကောင်းသဘောပေါ​က်သွားရပြီ ဖြစ်သည်။ ဇူယွမ့်ထံ၌ ထူးခြားဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းလှသော မူလသားရဲတစ်ကောင် ရှိနေသောကြောင့် ဖြစ်လေသည်။

အခြားသော နတ်ဘုံခန်းဝါအဆင့်ရှိသူများမှာလည်း အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲပဲ အလျင်အမြန် ထွက်ပြေးဆုတ်ခွာလိုက်ကြသည်။

သို့သော် ၎င်းတို့လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုမှ ကြီးမားလှသော တောင်ကြီးတစ်လုံးသဖွယ် ၎င်းတို့အား ဖိနှိပ်ထားလိုက်သည်။

ကုကျုံးသည်ပင် လှုပ်ရှားနိုင်ခြင်းမရှိပဲ တောင့်တင်းနေရသည်။

၎င်းတို့မှ ကြောက်ရွံ့စွာဖြင့် ကြည့်ရှုလိုက်သောအခါတွင် ကောင်းကင်ထက်၌ ခြေဗလာဖြင့် ရှိနေသော နတ်ဘုရားမလေးသဖွယ် လှပလွန်းလှသည့် မိန်းမငယ်လေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။

ထိုမိန်းမငယ်လေးထံမှ ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေလျက် ရှိသည်။

ကုကျုံးမှာ ကျောပြင်များ ချမ်းစိမ့်သွားရသည်။ ဆန်းကြယ်လှသော မူလသားရဲသည်ပင် ၎င်းတို့ကိုင်တွယ်ရန် ခက်ခဲနေပြီ ဖြစ်သည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိဉာဉ်စွမ်းအင်အား ပိုင်ဆိုင်ထားသည့် မိန်းမငယ်တစ်ဦး ထပ်မံရှိနေလိမ့်မည်ဟု ၎င်းတို့မထင်မှတ်ထားခဲ့ပေ။

ဝှစ်....

ထန်ထန်မှာ ကြမ်းတမ်းခက်ထန်စွာဖြင့် လေဟာနယ်အား ဆုတ်ဖြဲလိုက်သည်။

ကုကျုံးမှ ကြောက်လန့်စွာဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရွေးချယ်ခံ ဇူယွမ်...ကျွန်တော်တို့ လျော်ကြေးအနေနဲ့ နတ်ဘုံခန်းဝါဆေးတွေပေးဖို့ သဘောတူပါတယ်။"

ထန်ထန်မှာ ကုကျုံး၏အနီးမှ လေဟာနယ်အား ဆုတ်ဖြဲလိုက်ခြင်း ဖြစ်ပါသော်လည်း ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ​ကြောင့် ကုကျုံးပေါ်၌ ထိခိုက်ဒဏ်ရာများ ဖြစ်သွားရသည်။

ဇူယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "အခုချိန်မှ လျော်ကြေးပေးမယ်ဆိုရင် နတ်ဘုံခန်းဝါဆေး တစ်ရာပေးမှ ရမယ်။"

ကုကျုံးမှာ သွေးအန်မတက် ဖြစ်သွားရသည်။ အဆင့်နိမ့် နတ်ဘုံခန်းဝါဆေး တစ်ရာမှာ ၎င်းတို့အတွက် လွန်စွာတန်ဖိုးရှိလေသည်။ ကန်းမင်တိုက်ကြီးတလျှောက် အင်ပါယာပေါင်းများစွာအား လုယက်ခဲ့ပါသော်လည်း နတ်ဘုံခန်းဝါဆေး အလုံးခြောက်ဆယ်မျှသာ ရရှိနိုင်ခဲ့သည်။ ထိုသည်ကို ဇူယွမ်တို့အား အလုံးတစ်ရာမျှ လျော်ကြေးပေးရမည်တဲ့လား။

သို့သော် အနီးတွင်ရှိနေသော ထန်ထန်အား ကြောက်ရွံ့လွန်းလှသဖြင့် ကုကျုံးမှာ မည်သို့မျှ မတက်နိုင်ပဲ အံကိုကြိတ်ကာ သဘောတူလိုက်ရသည်။ "ကောင်းပြီ။"

ကုကျုံး၏ စကားသံနှင့်အတူ ယောင်ယောင်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ၎င်းတို့အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဇူချင် ၊ ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ တစ်ဦးကိုတစ်ဦး​ကြည့်ကာ တံထွေးများ မြိုချလိုက်မိသည်။ ဇူယွမ်နှင့်ယောင်ယောင်မှာ နတ်ဘုံခန်းဝါအဆင့် အယောက်နှစ်ဆယ်ကျော်ခန့်အား တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ဝူအင်ပါယာအပေါ် သစ္စာရှိနေကြသော အမတ်များမှာလည်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်ကြောက်ရွံ့ကာ မည်သည့်အတွေးမှ မတွေးရဲကြတော့ပေ။ ၎င်းတို့အားလုံးမှာ ဇူယွမ်ရှိနေသော ကြီးမြတ်သောဇူအင်ပါယာသည် ဝူအင်ပါယာထက်ပို၍ အခြေတည်လိမ့်မည်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြပြီ ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကုကျုံးမှာ နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာတိတိအား ဇူယွမ်တို့ထံ ပေးအပ်လိုက်သည်။

ကုကျုံးမှာ နောင်တတရားများဖြင့် ပြည့်နှက်နေရသည်။ သူသည် အစွမ်းပြချင်ရုံသက်သက်ဖြင့်သာ အဆောက်အဦးအား ဖြိုချပစ်ခဲ့ခြင်း ဖြစ်ပါသော်လည်း ယခုတွင်မူ ဇူယွမ်အား ပြန်လည်ပေးဆပ်နေရပြီ ဖြစ်သည်။

ဇူယွမ်မှာ နတ်ဘုံခန်းဝါဆေး အလုံးနှစ်ဆယ်ကိုယူလျက် ထန်ထန့်အား ကျွေးလိုက်ပြီးနောက် ကျန်သည်များကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ကုကျုံးတို့အားကြည့်ကာ သတိပေးဟန်ဖြင့် စကားဆိုလိုက်သည်။ "အစောကြီးထဲကသာ ပြောတဲ့အတိုင်း သဘောတူလိုက်ရင် ဒီလောက်လျော်ရမှာ မဟုတ်ဘူး။"

ကုကျုံးတို့မှာ အားယူပြုံးလျက် ခေါင်းညိတ်ပြလိုက်ရပါသော်လည်း မကျေမနပ် ဖြစ်နေကြရသည်။ ၎င်းတို့သည် အဆောက်အဦးတစ်ခုကိုသာ ဖျက်စီးခဲ့ခြင်း ဖြစ်ပါသော်လည်း နတ်ဘုံခန်းဝါဆေး တစ်ရာတိတိဖြင့် ပြန်လည်လျော်ပေးလိုက်ရသည်။ စင်စစ်အားဖြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာ၏ တန်ကြေးဖြင့်ဆိုလျှင် ကန်းမင်တိုက်ကြီး၌ မြို့တော်တစ်ရာမျှပင် ဝယ်၍ရနိုင်လေသည်။

"ရွေးချယ်ခံ ဇူယွမ်...ကျွန်တော်တို့ သွားလို့ရပြီလား။" ကုကျုံးမှာ မျက်စိတမှိတ်စာမျှပင် ဤနေရာ၌ မနေလိုတော့ပေ။

ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "မရသေးဘူး။ ငါမေးချင်တာ တစ်ခုရှိသေးတယ်။"

"ငါက ကန်းမင်တိုက်ကြီးထဲ ရောက်တာကြာနေပြီဆိုတော့ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ ဘာဖြစ်လို့ အခုတလော ကန်းမင်တိုက်ကြီးထဲ အပြင်ကလူတွေ အများကြီး လာနေကြတာလဲ။"

ကုကျုံးမှာ ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် ဇူယွမ်အားကြည့်ကာ ပြောပြလိုက်သည်။ "ကန်းမင်တိုက်ကြီးတင် မဟုတ်ဘူး။ တခြားတိုက်ကြီးတွေကိုလည်း လူတွေသွားနေကြတာပါ။"

"ဘာတွေဖြစ်နေကြတာလဲ။" ဇူယွမ်မှ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ပြောကြတာကတော့ နန်းဆောင်သခင် ရှန့်ယွမ်က ကောင်းကင်လျှို့ဝှက်ချက်ဖြစ်တဲ့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရဲ့ တည်နေရာကို သဲလွန်စရသွားပြီတဲ့။ အဲ့ဒါကြောင့် လူတိုင်းက အဲ့ဒါကို လိုက်ရှာနေကြတယ်။"

ဇူယွမ်၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများနှင့် ပြည့်နှ​က်သွားရသည်။

"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားဟုတ်လား..."

ရှန်ဇူတိုက်ကြီး၌ ထိုမျှကြီးမားသော အကြောင်းအရာများ ဖြစ်ပျက်နေလိမ့်မည်ဟု ဇူယွမ်မှ ထင်မှတ်မထားခဲ့ပေ။

ထို့အပြင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှ သူတော်စင်မှော်စာလုံး သုံးခုမှာ သူ၏ကိုယ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုသာ နန်းဆောင်သခင် ရှန့်ယွမ်မှ ရရှိသွားပါက သူတော်စင်မှော်စာလုံးများ၏ တည်နေရာကိုလည်း အာရုံခံမိသွားလိမ့်မည်မှာ သေချာပေသည်။

ထို့သို့ဖြစ်လာပါက ရှန့်ယွမ်မှာ သူ့ဆီမလွဲမသေ ရောက်ရှိလာလိမ့်မည်ပင်။ ပြောရမည်ဆိုလျှင် ထိုသတင်းသာ ပျံ့နှံ့သွားပါက ရောက်ရှိလာမည့်သူမှာ ရှန့်ယွမ်တစ်ယောက်တည်း မကလောက်....

စကားပုံအတိုင်းပင်...."ကျောက်စိမ်းလက်စွမ်းအား ပိုင်ဆိုင်ထားသောသူသည် ဒုက္ခများနှင့် မလွဲမသေ ကြုံစုံရလိမ့်မည်" ဆိုသကဲ့သို့ပင်....

ဇူယွမ်မှာ ထိုသို့တွေးတောလိုက်မိပြီးနောက် ခြေဖျားမှစ၍ ဦးခေါင်းအထိ အေးစိမ့်သွားရကာ ကြက်သီးမွှေးညှင်းများပင် ထလာရလေတော့သတည်း.....

All Chapters