← Chapters

ရင်းနှီးနေသောနေရာတစ်ခု

Vol. 52 Ch. 716

ရင်းနှီးနေသောနေရာတစ်ခု

Vol. 52 Ch. 716

"ဟုန်ကျာ့မိုးကြိုးနယ်မြေ...."

ထွက်ခွာသွားသော ကုကျုံးတို့အား ကြည့်ရှုနေရင်းဖြင့် ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်လာရသည်။ သူသည် ကုကျုံးပြောပြသွားသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရှိရာ သဲလွန်စနေရာအား အထပ်ထပ်အခါခါ ရေရွတ်နေလျက် ရှိသည်။

"တကယ်ပြဿနာပဲ..."

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် သူတော်စင်မှော်စာလုံး သုံးလုံးအား ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် အခြားသူတစ်ဦးတစ်ယောက်သာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိသွားပါက သူတော်စင်မှော်စာလုံးများ၏ တည်နေရာကိုလည်း အာရုံခံမိသွားမည် ဖြစ်သည်။

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မည်သူပင် ရရှိသွားပါစေ ပထမဆုံးအနေဖြင့် တံဆိပ်ပြားအား ပြန်လည်ပြုပြင်ရမည် ဖြစ်ပေသည်။ ထို့ကြောင့် သူ့ထံမှ သူတော်စင်မှော်စာလုံးများအား လာရောက်ရယူကြမည်မှာ မုချမလွဲပင် ဖြစ်သည်။

ဇူယွမ်၏ လက်ရှိအနေအထားဖြင့်ဆိုပါက ၎င်းတို့အား ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ယောင်ယောင်မှာ ဇူယွမ်၏ဘေးသို့ ရောက်လာကာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းကောင်းကင်ဒေသမှာ အပြောင်းအလဲကြီးကြီး ဖြစ်တော့မယ် ထင်တယ်။"

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ သဲလွန်စအား ရရှိထားသည်ဟူသော သတင်းမှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးအား ပျံ့နှံ့လွှမ်းခြုံနေလျက် ရှိသည်။ မြင့်မြတ်သောနန်းတော်၊ ကန်ရွှမ်းကလန် သို့မဟုတ် မည်သည့်အင်အားကြီးကလန်ကြီးမဆို ထိုကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအတွက် အစွမ်းကုန် အားထုတ်ကာ တိုက်ခိုက်ကြတော့မည်ပင် ဖြစ်သည်။

ထိုတိုက်ပွဲမှာ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်မှ တပည့်များ၏တိုက်ပွဲထက် အဆပေါင်းထောင်သောင်းမက ကြီးကျယ်ခမ်းနားပေလိမ့်မည်။

၎င်းတိုက်ပွဲသည် ကမ္ဘာကြီးကိုပင် မီးလောင်တိုက်သွင်းနိုင်သည်အထိ ဖြစ်သွားနိုင်သည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်မိသည်။ သူသည် မကြာသေးခင်ကမှ ဝူအင်ပါယာအား ရှင်းထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အပြည့်အဝ အနားမယူရသေးမှာပင် ကြီးမားသောကိစ္စတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။

သူတော်စင်မှော်စာလုံး သုံးခုကိုသာ ရယူထားခဲ့ခြင်း မရှိပါက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနှင့်ပက်သတ်၍ ဖြစ်ပေါ်လာသော ယခုကိစ္စများအပေါ် အနည်းငယ်မျှပင် စိတ်ဝင်တစား ဖြစ်မိမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအခြေအနေသည် သူ့အဆင့်ဖြင့် ပါဝင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

"ဘာလုပ်ရမလဲ...." ဇူယွမ်မှာ ခေါင်းပင်ကိုက်လာရသည်။

"ဒီလိုတွေဖြစ်လာပြီဆိုမှတော့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ပက်သတ်တဲ့ သဲလွန်စတွေကို ရအောင်ရှာပြီး ငါတို့အရင်ယူနိုင်အောင် ကြိုးစားမှဖြစ်မယ်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုမြင့်မြတ်သောနန်းတော် ရသွားတာထက်စာရင် ကန်ရွှမ်းကလန်ရဲ့ လက်ထဲမှာပဲ ရှိနေစေချင်တယ်။" ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

နန်းဆောင်သခင် ရှန့်ယွမ်သာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိသွားပါက သူသည် ဤနယ်မြေ၏ အရှင်သခင်အသစ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး မည်သူကမှ တားဆီးရနိုင်မည် မဟုတ်တော့ပေ။ ထိုသို့ဖြစ်လာပါက ရှန့်ယွမ်မှာ သူတော်စင်မှော်စာလုံးများကို ပြန်လည်ရယူနိုင်ရန်အတွက် ဇူယွမ့်ထံ ရောက်ရှိလာမည်မှာ မုချမလွဲပင် ဖြစ်သည်။

အတိတ်ကာလများ၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် နန်းဆောင်သခင် ရှန့်ယွမ်မှာ ဇူယွမ့်ကို သတ်ပစ်သည်အထိပင် ဖြစ်လာနိုင်ပြီး ကြီးမြတ်သောဇူအင်ပါယာကိုလည်း ထိခိုက်စေနိုင်ပေသည်။

ထို့ကြောင့် ကန်ရွှမ်းကလန်မှသာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိသွားပါက ဇူယွမ်အနေဖြင့် အနည်းဆုံး ကောင်းမွန်စွာ နေထိုင်နိုင်ပြီ ဖြစ်သည်။

"ဒါပေမယ့် သဲလွန်စရှာရတာ မလွယ်ဘူးလေ။ ဟုန်ကျာ့မိုးကြိုးနယ်မြေဆိုတာ ဘယ်နေရာကို ပြောတာလဲ။ သူ့သဲလွန်စက အရမ်းကျယ်ပြန့်လွန်းတယ်။ တခြားနေရာမပြောနဲ့ အဲ့ဟုန်ကျာ့မိုးကြိုးနယ်မြေက ကန်းမင်တိုက်ကြီးထဲမှာပဲ ထားပါဦး။ ဒီကန်းမင်တိုက်ကြီးထဲမှာတင် ဟုန်ကျာ့မိုးကြိုးနယ်မြေတွေက အများကြီးပဲ။"

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံသန်းကာ ဇူချင်၏ရှေ့သို့ ဆင်းသက်လာလိုက်သည်။

ဝေကန်းလန်၊ အဆိပ်ဘုရင်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ ဇူယွမ်အား လေးစားစွာဖြင့် အလျင်အမြန် အရိုအသေပြုလိုက်ကြသည်။ ဇူယွမ်မှ နတ်ဘုံခန်းဝါအဆင့် အယောက်နှစ်ဆယ်ကျော်ခန့်အား ကြီးမြတ်သောဇူအင်ပါယာအတွင်းမှ နှင်ထုတ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့အတွက် ကြီးကျယ်လှသော ကိစ္စတစ်ခု ဖြစ်သည်။

ထိုနတ်ဘုံခန်းဝါ အဆင့်ရှိသူများမှာ ကြီးမြတ်သောဇူအင်ပါယာ တစ်ခုလုံးကိုပင် ဖျက်စီးနိုင်သည့် အစွမ်းရှိပါသော်လည်း ဇူယွမ်အား မလွန်ဆန်နိုင်ခဲ့ချေ။ ထိုသည်ကို ကြည့်ခြင်းအားဖြင့်ပင် ဇူယွမ်၏ အရည်အချင်းအား သိရှိနိုင်ပေသည်။

ယခုလက်ရှိအချိန်တွင် ဇူယွမ်သည် ကြီးမြတ်သောဇူအင်ပါယာ၏ အဓိက မှီခိုအားထားရသူ ဖြစ်လာပြီ ဖြစ်သည်။

ဇူယွမ် ရှိနေသမျှ ကာလပတ်လုံး ကြီးမြတ်သောဇူအင်ပါယာလည်း တည်ရှိနေလိမ့်မည်ပင်။

ဇူချင်မှာ ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော သွင်ပြင်အား ကြည့်ရှုနေရင်းဖြင့် နှလုံးသားအတွင်း စိတ်ခံစားချက်များ ပြည့်လျှံလာရသည်။ တစ်ချိန်က တိုင်းပြည်အား ကာကွယ်နိုင်ရန် အိမ်ကထွက်ခွာသွားခဲ့သော လူငယ်ကလေးသည် ယခုအခါတွင် နိုင်ငံတစ်ခုလုံးမှ အမှီသဟဲ ပြုနိုင်သည်အထိ သန်မာနေပြီပင် ဖြစ်သည်။

ဇူချင်မှာ သားတော်ဇူယွမ်အတွက် အလွန်ဂုဏ်ယူနေမိသည်။

"ယွမ်အာ....သူတို့တွေက လက်စားချေတဲ့အနေနဲ့ တခြားနေရာတွေကိုတော့ လျှောက်မဖျက်စီးလောက်ဘူးမလား။" ဇူချင်မှာ ကုကျုံးတို့အုပ်စု ထွက်ခွာသွားရာအရပ်အားကြည့်ကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

ကြီးမြတ်သောဇူအင်ပါယာမှာ ဝူအင်ပါယာအား သိမ်းပိုက်ထားရုံ အနေအထားတွင်သာရှိပြီး သြဇာအာဏာ အခြေမတည်သေးသဖြင့် ပြဿနာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။

"သူတို့ အဲ့လောက်အတင့်မရဲပါဘူး။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ ကုကျုံးတို့သာ မဆင်မခြင်ပဲ လက်စားချေမည်ဆိုပါက ဖြစ်ပေါ်လာမည့် ပြဿနာများအား နတ်ဘုံခန်းဝါဆေးဖြင့် ထပ်၍ဖြေရှင်းရနိုင်တော့မည်မဟုတ်ကြောင်း ၎င်းတို့လည်း ကောင်းစွာသိရှိထားကြပေလိမ့်မည်။

ဇူယွမ်၏ သက်တောင့်သက်သာဟန်ပန်ကိုကြည့်ကာ ဇူချင်လည်း စိတ်အေးသွားရသည်။

"ခမည်းတော်.....သားတော် အကူအညီတစ်ခု တောင်းစရာရှိတယ်။" ဇူယွမ်မှ ဇူချင်အားကြည့်ကာ ပြောလိုက်သည်။

"ဟမ်..." ဇူချင်မှာ အံ့အားသင့်သွားဟန်ဖြင့် စကားဆိုလိုက်သည်။ "သားတော် အကူအညီတောင်းတာ မရှိသလောက်ရှားတယ်။ ဘာအကူအညီ လိုနေတာလဲ...ခမည်းတော်ကိုပြော..."

"ဒီကန်းမင်တိုက်ကြီးထဲမှာ ဟုန်ကျာ့မိုးကြိုးနယ်မြေ ဘယ်နားရှိလဲ သိချင်လို့ပါ။"

ဇူချင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဟုန်ကျာ့မိုးကြိုးနယ်မြေက ရှားပါးနယ်မြေမှ မဟုတ်တာ။ ဒီကန်းမင်တိုက်ကြီးထဲမှာ အများကြီး ရှိတာပေါ့။"

"ထူးခြားတဲ့ ဟုန်ကျာ့မိုးကြိုးနယ်မြေတွေဘာတွေ မရှိဘူးလား။"

ဇူချင်မှ လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ခမည်းတော်...တစ်ယောက်ယောက်ကိုလွှတ်ပြီး စုံစမ်းလိုက်မယ်။"

အဆိပ်ဘုရင်မှ ဝင်၍ပြောဆိုလိုက်သည်။ "ထူးခြားတဲ့ ဟုန်ကျာ့မိုးကြိုးနယ်မြေတစ်ခုကိုကျွန်တော်သိထားတယ်။"

"ဟုတ်လား..."

"အရှင့်သား....ကျွန်တော်တို့စတွေ့တဲ့နေရာကို မှတ်မိသေးလား။" အဆိပ်ဘုရင်မှ ပြုံးကာပြောလိုက်သည်။

ဇူယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားရသည်။ "မဟူရာရေကန်လား...."

ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာ၍ ပထမဆုံး တိုက်ပွဲစွမ်းရည်များအတွက် လေ့ကျင့်ရန် သွားရောက်ခဲ့သည့်နေရာမှာ မဟူရာရေကန် ဖြစ်သည်။

ယောင်ယောင်မှာလည်း ထန်ထန်အားပွေ့ချီလျက် ကောင်းကင်ထက်မှ ဆင်းသင်လာပြီးနောက် အံ့အားသင့်ဟန်ဖြင့် စကားဆိုလိုက်သည်။ "တိုက်ပွဲဂိုလမ်ဂိုဏ်းကို မှတ်မိသေးလား။"

ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ငွေအရိပ်အား ထိုနေရာတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

"အဲ့တိုက်ပွဲဂိုလမ်ဂိုဏ်းရဲ့ မြေအောက်ခန်းထဲမှာ ငါတို့ တွေ့ခဲ့ရတဲ့ အကြွင်းအကျန် အရိပ်မြင်ကွင်းတွေကိုရော မှတ်မိသေးလား။"

ဇူယွမ်မှ နှလုံးခုန်မြန်လာရပြီး မှတ်ဉာဏ်များအား ပြန်လည်တွေးတောလိုက်မိသည်။

"ငါတို့တော်ဝင်နန်းတော်က လူတွေ ဒီနေရာမှာ သေဆုံးခဲ့ရတယ်။ အဲ့ဒါကြောင့် ဒီနေကာကနေ မိုင်ရှစ်သောင်းအတွင်းက သက်ရှိတွေအကုန်လုံး သေကြေပျက်စီးရမယ်။ ဒါက မြင့်မြတ်တဲ့ အပြစ်ဒဏ်ပဲ။"

မြေအောက်နန်းတော်အတွင်း တွေ့ရှိခဲ့ရသော အကြွင်းအကျန် အရိပ်မြင်ကွင်းများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး မိုးကြိုးတစ်ချက်ဖြင့် မဟူရာရေကန် ပတ်ဝန်းကျင်တခွင်ရှိ သက်ရှိသတ္တဝါများအားလုံးကို သေကြေပျက်စီးစေခဲ့သည်။

ဇူယွမ်မှာ ထိုနေ့တွင် တော်ဝင်နန်းတော်၏ တည်ရှိမှုအား ပထမဆုံး သိရှိခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဇူယွမ်မှာ ကန်ရွှမ်းကလန်အတွင်းရှိ ရှေးဟောင်းစာပေများအား ဖတ်ရှုကာ တော်ဝင်နန်းတော်၏အကြောင်းအား လေ့လာခဲ့သည်။ ရှေးယခင်အချိန်များ ကန်ရွှမ်းကောင်းကင်ဒေသမှာ တော်ဝင်နန်းတော်၏လက်အောက်တွင် ရှိနေခဲ့ရခြင်း ဖြစ်သည်။ သို့သော် ပဋိပက္ခအချို့ ဖြစ်ပေါ်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိနိုင်ခဲ့ပြီး ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တော်ဝင်နန်းတော်မှာ ကန်ရွှမ်းကောင်းကင်ဒေသအား လက်လွှတ်ခဲ့ရလေသည်။

မဟူရာရေကန်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သော မိုးကြိုးအပြစ်ဒဏ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မရရှိသေးခင်အချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မဟူရာရေကန်ဒေသသည် ဇူယွမ် ရှာဖွေနေသော ဟုန်ကျာ့မိုးကြိုးနယ်မြေ ဖြစ်နိုင်ပေသည်။

ယောင်ယောင်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "မဟူရာရေကန်က အရမ်းထူးခြားတဲ့ နေရာတစ်ခုပဲ။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ ထိုနေရာသည် တော်ဝင်နန်းတော်မှ အုပ်ချုပ်ခဲ့သော အရပ်ဒေသဖြစ်ပြီး ကျင့်ကြံသူများစွာမှာ ၎င်းနေရာသို့သွားရန် ကြောက်ရွံ့ကြသည်။

မဟူရာရေကန်သည် လူအများ ဖယ်ကြဉ်ထားရာ နေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသည် သူ၏သူတော်စင်တံဆိပ်ပြားအား ထိုနေရာ၌ ဖွက်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဇူယွမ်မှာ ထိုသို့တွေးတောမိကာ နှလုံးခုန်သံများ မြန်လာရသည်။

ထို့နောက် ဇူယွမ်နှင့် ယောင်ယောင်မှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြသည်။

"မဟူရာရေကန်ကို နောက်တစ်ခါ ထပ်သွားရတော့မယ် ထင်တယ်။"

ဇူယွမ်မှာ ခံစားချက်များဖြင့် ပြည့်လျှံသွားရသည်။ အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာကာ ပထမဆုံး သွားခဲ့ရသော နေရာသည်လည်း မဟူရာရေကန် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် မဟူရာရေကန်သည် သူနှင့်ရင်းနှီးနေသော နေရာတစ်ခုပင်။

ကြည့်ရသည်မှာ ကံကြမ္မာစက်ဝိုင်းသည် အချိန်နှင့်အမျှ လည်ပတ်နေပုံ ရသည်။

All Chapters