မဟူရာရေကန်၌ရှာဖွေခြင်း
Vol. 52 Ch. 717
ကြီးမြတ်သောဇူအင်ပါယာ၏နယ်စပ် မဟူရာရေကန်၌
တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေကြသော ဇူယွမ်နှင့် ယောင်ယောင်မှာ နှစ်ပေါင်းများစွာတိုင်အောင် အပျက်အစီးများကြား နစ်မြုပ်နေသော မြေပြင်အား ကြည့်ရှုနေလျက် ရှိသည်။ အဆိပ်ဘုရင်အား ထိန်းချုပ်နိုင်ခဲ့ပြီးသည့်နောက်တွင်ပင် ယင်းရှုပ်ထွေးနေသော အပျက်အစီးများမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
အခြားသော တိုင်းပြည်များစွာမှ ယုတ်မာကောက်ကျစ်သောသူများမှာ မဟူရာရေကန်တွင် လာရောက်ပုန်းခိုကြလေ့ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အခြားနေရာများ၌ ၎င်းတို့မလုံခြုံနိုင်သောကြောင့် ဖြစ်သည်။ မဟူရာရေကန်မှာမူ သွေးများဖြင့် ဖုံးလွှမ်းနေသော၊ မည်သည့်အမှားအယွင်းမဆို လုပ်ခွင့်ရှိနေသော နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။
သို့သော် နှစ်ပေါင်းများစွာအတွင်း မဟူရာရေကန်ဒေသ၌ ကလန်ငယ်များစွာ၊ ယုတ်မာသူများစွာ ရှိနေခဲ့ပါသော်လည်း မည်သူကမှ ကြီးမြတ်သောဇူအင်ပါယာထံ လာရောက်ကျူးကျော်ခြင်း မရှိခဲ့ချေ။ ၎င်းတို့အားလုံးမှာ အဆိပ်ဘုရင် ဖိနှိပ်ခံလိုက်ရခြင်းအား သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူထားကြလေသည်။
ယခုကြီးမြတ်သောဇူအင်ပါယာမှ ဝူအင်ပါယာအား သိမ်းပိုက်လိုက်နိုင်သောကြောင့် မဟူရာရေကန်ဒေသမှ လူများမှာ ယခင်ကထက်ပင်ပို၍ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။
"ဒီကစွမ်းအင်လှိုင်းတွေက တော်တော်ကြောက်စရာကောင်းတာပဲ။"
ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်နေလျက် ရှိသည်။ မိုးကြိုးအပြစ်ဒဏ်ပေးခြင်းမှ ကျန်ရစ်ခဲ့သော စွမ်းအင်လှိုင်းများသည် နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင်အောင် ဤပတ်ဝန်းကျင်၌ ကျန်ရစ်နေဆဲ ဖြစ်သည်။
မဟူရာရေကန်သို့ စတင်ရောက်ရှိစဉ်အခါက ဇူယွမ်မှာ ချီစွမ်းအင် စုဆောင်းခြင်းအဆင့်သို့ပင် မရောက်ရှိသေးသည့်အတွက် ၎င်းစွမ်းအင်လှိုင်းများအား အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို အလိုအလျောက် ခံစားနေရသည်။
"မဟူရာရေကန်က အရမ်းကျယ်ဝန်းပြီးတော့ ကန်းမင်တိုက်ကြီးရဲ့ မြောက်ဘက်အဆုံးမှာ ရှိတဲ့ဒေသပဲ။ မဟူရာရေကန်ရဲ့ အပြင်ပိုင်းဒေသတွေမှာပဲ သက်ရှိတွေ နေထိုင်လို့ရပြီးတော့ အဓိကနေရာဖြစ်တဲ့ မဟူရာရေကန်ကတော့ မိုးကြိုးအပြစ်ဒဏ်ကြောင့် ကြောက်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေရတယ်။ တော်ရုံသက်ရှိတွေ မဟူရာရေကန်နားကို မလာရဲကြဘူး။"
ဇူယွမ်မှာ မဟူရာရေကန်ဒေသ၏ အတွင်းပိုင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီတစ်ခါတော့ မဟူရာရေကန်ရဲ့ အနက်ဆုံးနေရာအထိ သွားကြတာပေါ့။"
ထန်ထန်အား ပွေ့ချီထားသော ယောင်ယောင်မှာ အတိတ်အား ပြန်လည်အမှတ်ရသွားဟန်ဖြင့် ပြောလိုက်သည်။ "ငွေအရိပ်ကိုလည်း ဒီနေရာမှာပဲ ရခဲ့တာနော်။"
ဇူယွမ်မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် အခုငွေအရိပ်က ကျွန်တော့်ရဲ့ ကျင့်ကြံရေးအဆင့်နဲ့ မကိုက်ညီတော့ဘူး။"
နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ငွေအရိပ်မှာ ယခင်ကကဲ့သို့ ထူးခြားဆန်းကြယ်လောက်အောင် ကြီးကျယ်ခမ်းနားသော စွမ်းအင်များ မထုတ်ပေးနိုင်တော့ပေ။
"ဘာလို့လဲဆိုတော့ ငွေအရိပ်က မူလစဦးအဆင့်ပဲ ရှိတာလေ။"
ယောင်ယောင်မှာ ထန်ထန်အား ပွတ်သပ်ပေးနေရင်းဖြင့် ပြုံးကာစကားဆိုလိုက်သည်။ "ဒါပေမယ့် နင်ငွေအရိပ်ကို အထင်မသေးသင့်ဘူး။ ငွေအရိပ်က တိုက်ပွဲဂိုလမ်ဂိုဏ်းရဲ့ အကြီးကျယ်ဆုံး တီထွင်မှုတစ်ခုပဲ။ အဲ့ဒါကြောင့် ငွေအရိပ်မှာ အဆင့်တက်နိုင်တဲ့ အစွမ်းရှိတယ်။"
"ဘာပဲပြောပြော ဒီလောက်နှစ်တွေအကြာကြီး ရှာနေတာတောင် အခုချိန်ထိ ငွေအရိပ်အဆင့်တက်အောင် ဘာလုပ်ရမလဲဆိုတာ ယောင်ယောင်တောင် မသိသေးဘူးမလား။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
ယောင်ယောင်မှာ အံကိုကြိတ်ကာ ဇူယွမ်အား မျက်စောင်းထိုးလျက် ပြောလိုက်သည်။ "နင်က ငါ့ကို အရာအားလုံး လုပ်နိုင်တဲ့ နတ်ဘုရားမထင်နေလား။"
ယောင်ယောင်မှာ အရှက်ကွဲလိုက်ရသလို ခံစားနေမိသည်။ ဤနှစ်များအတွင်း သူမသည် အမြဲလိုလိုပင် အစဉ်အမြဲ ပြီးပြည့်စုံနေသော ပုံရိပ်ကိုသာ ပြသခဲ့သည်။ သို့သော် ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သော တိုက်ပွဲဂိုလမ်ဂိုဏ်း၏ ထူးခြားဆန်းကြယ်သော တီထွင်ဖန်တီးမှုဖြစ်သည့် ငွေအရိပ်ကိုမူ နှစ်နှင့်ချီ၍ လေ့လာနေခဲ့ပါသော်လည်း ယခုအချိန်ထိ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
ဇူယွမ်မှာ ယောင်ယောင်၏ ရှားပါးလွန်းလှသော ဒေါသထွက်နေပုံလေးကိုကြည့်ကာ အသည်းယားနေမိသည်။ ပုံမှန်မိန်းမငယ်လေးတစ်ဦးကဲ့သို့ အံကြိတ်ကာ စိတ်ဆိုးနေသော ယောင်ယောင်၏ ပုံစံလေးမှာ အလွန်ချစ်စဖွယ်ကောင်းလွန်းလှသည်။
ဇူယွမ်မှာ ယောင်ယောင်အား အချိန်အတော်ကြာ ငေးမောနေပြီးနောက် စိတ်မထိန်းနိုင်စွာ ရေရွတ်လိုက်သည်။ "လှလိုက်တာကွာ..."
ယောင်ယောင်အား ထိုအမူအရာမျိုးဖြင့် မြင်တွေ့ရရန်မှာ ရှားပါးခက်ခဲလှသည်။
ယောင်ယောင်မှာ ဇူယွမ်အား မျက်စောင်းထိုးလိုက်ပြီးနောက် သူမ၏နက်မှောင်ရှည်လျားသော ဆံနွယ်များကိုသပ်ကာ စကားဆိုလိုက်သည်။ "သွားမှာလား မသွားဘူးလား။"
"ဟီးဟီး....သွားကြတာပေါ့။"
ဇူယွမ်မှာ ရယ်မောလိုက်ပြီးနောက် ရွှေရောင်ချီစွမ်းအင်လှိုင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ယင်းရွှေရောင်ချီစွမ်းအင်လှိုင်းများမှာ သူနှင့်ယောင်ယောင်အား ရစ်ပတ်လွှမ်းခြုံသွားကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလျက် မဟူရာရေကန်၏ အနက်ရှိုင်းဆုံးဒေသဆီသို့ ပျံသန်းသွားတော့သည်။
လူနှစ်ဦးနှင့် သားရဲတစ်ကောင်မှာ နှစ်နာရီမျှသော အချိန်အတွင်း မဟူရာရေကန်၏ အပြင်ပိုင်းဒေသများကို ဖြတ်ကျော်ကာ အနက်ရှိုင်းဆုံး ဒေသများထံ ရောက်ရှိလာခဲ့သည်။
အတွင်းပိုင်းသို့ ပိုမိုရောက်ရှိလာလေလေ...အသက်စွမ်းအင်များကို တွေ့ရှိရရန် ပိုမိုခက်ခဲလာလေလေ ဖြစ်သည်။ ပတ်ဝန်းကျင်တခွင်လုံးမှာ အသက်ဓာတ်များကင်းမဲ့လျက် လေထုသည်ပင် ခြောက်သွေ့နေသည်ဟု ထင်မှတ်ရသည်။
မိုးကြိုးအပြစ်ဒဏ်ကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် သက်ရှိသတ္တဝါ တစ်ကောင်တစ်လေမှမရှိပဲ ပတ်ဝန်းကျင်မှာ အထီးကျန်နေရဆဲ ဖြစ်သည်။
အချိန်တစ်ရက်မျှ ကုန်ဆုံးသွားသည့်တိုင်အောင် ဇူယွမ်တို့မှာ အသက်ဓာတ်အား ရှာဖွေတွေ့ရှိခြင်း မရှိသည့်အပြင် အတွင်းပိုင်းဒေသသို့ ရောက်လာလေ လေထုအတွင်းရှိ ပြင်းထန်လှသော အဖျက်စွမ်းအင်များကို ခံစားရလာလေ ဖြစ်နေရသည်။
ထို့အပြင် ယင်းအဖျက်စွမ်းအင်များမှာ နှလုံးသားအား ထိခိုက်နိုင်ပြီး ရူးသွပ်သွားစေနိုင်သည့် စွမ်းအင်လှိုင်းများပင် ပါဝင်နေလေသည်။ သို့သော် ဇူယွမ်တို့မှာ ထိုမျှအားနည်းသူများ မဟုတ်သည့်အတွက် ချီစွမ်းအင်များဖြင့် လေထုအတွင်းရှိ အဖျက်စွမ်းအင်များထံမှ ကာကွယ်ထားကြသည်။
ညအချိန်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် မဟူရာရေကန်၏ ကောင်းကင်ထက်မှ မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ကြည်လင်နေသော ကောင်းကင်ထက်တွင် လျှပ်စီးမျှပင် ရှိမနေပါသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာထံမှ မိုးကြိုးသံများမှာ ယခုထက်တွင် ကြားနေရဆဲ ဖြစ်သည်။
အဆက်မပြတ် ထွက်ပေါ်နေသော မိုးကြိုးသံများနှင့်အတူ ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်နေလျက် ရှိသည်။ လေထု၏ အကျိုးသက်ရောက်မှုမှာ ညအချိန်တွင်ပို၍ ပြင်းထန်လာလေသည်။
ထို့ကြောင့် ဇူယွမ်မှာ ညအချိန်၌ ဆက်လက်မစွန့်စားရဲတော့ပဲ အနားယူရန် လိုဏ်ဂူတစ်ခု ရှာဖွေပြီးနောက် အဖျက်စွမ်းအင်များအား ကာကွယ်နိုင်ရန် ဂူပေါက်ဝ၌ မူလမှော်စာလုံးများဖြင့် အကာအကွယ်တစ်ခု ပြုလုပ်ထားလိုက်ရသည်။
ဇူယွမ်မှာ အဆက်မပြတ် ကြားနေရသော မိုးကြိုးသံများနှင့် ညအချိန်၌ ပိုမိုပြင်းထန်လာသော အဖျက်စွမ်းအင်များကို ခံစားလိုက်ရပြီးနောက် မဟူရာရေကန်အား အတော်ကြောက်ရွံ့သွားမိသည်။
ညကာလ ကုန်လွန်သွားပြီးနောက် ဇူယွမ်တို့မှာ လိုဏ်ဂူထဲမှထွက်၍ မဟူရာရေကန်၏ အတွင်းပိုင်းဒေသများအား ဂရုတစိုက်ဖြင့် ဆက်လက်စူးစမ်းရှာဖွေကြလေသည်။
........
သုံးရက်ကြာမြင့်ပြီးနောက်
မဟူရာရေကန်ဒေသ၏ အနက်ရှိုင်းဆုံး နေရာတစ်ခုဖြစ်သော လွင်တီးခေါင်ပြင် တောင်ကတုံးတစ်ခုပေါ်တွင် ဇူယွမ်မှာ အဆုံးမသတ်နိုင်သော အသက်ဓာတ်ကင်းမဲ့နေသည့် မြေပြင်ကြီးအား ပင်ပန်းနွမ်းနယ်စွာဖြင့် ကြည့်ရှုနေလျက် ရှိသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရှာဖွေမှု အခြေအနေမှာ အနည်းငယ်မျှပင် မတိုးတက်လာခဲ့ပေ။
မဟူရာရေကန်မှာ အသက်ဓာတ်ကင်းမဲ့နေသည်မှလွဲ၍ မည်သည့်ထူးခြားမှုမှ မရှိပေ။
"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ပက်သတ်တဲ့ သဲလွန်စကို ရှာရတာလည်း တကယ်မလွယ်ဘူးနော်။" ဇူယွမ်မှာ ယောင်ယောင်အားကြည့်လျက် ခါးသက်စွာပြုံးရင်းဖြင့် ပြောလိုက်သည်။
ယောင်ယောင်မှာ မျက်မှောင်ကျုံ့ကာ အသက်ဓာတ်ကင်းမဲ့နေသည့် မြေပြင်ကိုကြည့်ရင်း စကားဆိုလိုက်သည်။ "မဟူရာရေကန်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကလွဲရင် ဘာမှမထူးခြားသလိုပဲ။"
"ပုံမှန်နဲ့မတူပဲ ထူးခြားနေတာဆိုလို့...."
ယောင်ယောင်မှာ တစ်ချက်မျှ တွေးတောလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ညဘက်တွေမှာ ကြားရတဲ့ မိုးကြိုးသံပဲ..."
ဇူယွမ်မှာ ညအချိန်တွင် ကြားရလေ့ရှိသော မိုးကြိုးသံများနှင့် လေထုထဲတွင် ပြင်းထန်စွာ ပြည့်နှက်နေသော အဖျက်စွမ်းအင်များအကြောင်း တွေးတောလိုက်မိသည်။ ညအချိန်ဆိုလျှင် ဇူယွမ်တို့မှာ လိုဏ်ဂူထဲတွင် ပုန်းအောင်းလျက် ၎င်းမိုးကြိုးသံများ၊ အဖျက်စွမ်းအင်များထံမှ မိမိကိုယ်ကို ကာကွယ်ထားကြလေ့ ရှိသည်။
မဟူရာရေကန်မှာ ညအချိန်ဆိုလျှင် အလွန်ကြောက်မက်ဖွယ် ကောင်းပါသော်လည်း လျှို့ဝှက်ချက်အား ဖော်ထုတ်သိရှိလိုသောကြောင့် အမှောင်ထုများကြား စွန့်စားရတော့မည် ဖြစ်သည်။
ဇူယွမ်မှာ တွေးတောလိုက်ပြီးနောက် အနည်းငယ်မျှပင် တွေဝေမနေတော့ပဲ အံကိုကြိတ်ကာ ပြောလိုက်သည်။ "ဒီည ပုန်းမနေတော့ပဲ အပြင်ကို ထွက်ကြည့်ကြတာပေါ့။"
ယောင်ယောင်မှ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့တွင် စွန့်စားကြည့်ရုံမှလွဲ၍ အခြားသော ရွေးချယ်စရာ မရှိပေ။
ဇူယွမ်မှာ တောင်ကုန်းပေါ်တွင်လျက် နေဝင်ဆည်းဆာအား ကြည့်ရှုလိုက်သည်။ ညအချိန်သို့ရောက်ရန် သိပ်မလိုတော့ပေ။
ဤသို့ဖြင့် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
သူရိန်နေမင်းမှာ အနောက်ဖက်ကောင်းကင်သို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် တိမ်စိုင်များမှာလည်း နက်မှောင်လေးနက်လာပြီ ဖြစ်သည်။ ဇူယွမ်မှာ ကျယ်လောင်လှသော မိုးကြိုးသံအား ကြားလိုက်ရလေသည်။
"ဝုန်း...."
မိုးကြိုးသံနှင့်အတူ လေထုအတွင်းရှိ အဖျက်စွမ်းအင်များမှာလည်း ကြီးထွားလာသည်။
ဇူယွမ်၏ ခန္ဓာကိုယ်တဝိုက်တွင် ရစ်ဝဲနေသော ရွှေရောင်ချီစွမ်းအင်များမှာ ထိုမျှပြင်းထန်သော အဖျက်စွမ်းအင်အား မကာကွယ်နိုင်သောကြောင့် ကြမ်းတမ်းခက်ထန်စွာ ပျက်ပြယ်သွားရသည်။ ဇူယွမ်မှာ နှလုံးသားအတွင်း ဝင်ရောက်လာသော ရူးသွပ်သွားစေနိုင်သည့် အဖျက်စွမ်းအင်အား ခံစားလိုက်ရသည်။
ဇူယွမ်မှာ မျက်ဝန်းများ နီရဲလာရပြီးနောက် အသက်ရှူရသည်မှာလည်း ခက်ခဲလာရသည်။
"ဒီညအချိန်က အဖျက်စွမ်းအင်တွေက ချီစွမ်းအင်တွေအပေါ် သက်ရောက်မှု ရှိတယ်။ အဲ့ဒါကြောင့် စိတ်ဝိဉာဉ်စွမ်းအင်နဲ့ ကာကွယ်မှရမယ်။" ဇူယွမ်၏နောက်တွင် ရှိနေသော ယောင်ယောင်မှ ကြည်လင်ပြတ်သားသောအသံဖြင့် စကားဆိုလိုက်သည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် မျက်ဝန်းများကို ပိတ်လိုက်သည်။
ထို့နောက် သူ၏မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဥာဥ်စွမ်းအင်မှာ လင်းလက်တောက်ပလာတော့သည်။
"ဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးရဲ့ စက္ခုအာရုံ..."
ဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးထံမှ ရှေးကျသည့် စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာကာ အဖျက်စွမ်းအင်များအား တားဆီးကာကွယ်လိုက်သည်။
နတ်ဘုရားကျောက်တုံးမှာ ဖြည်းညင်းစွာဖြင့် ပိုမိုစွမ်းအားကြီးလာကာ မိုးကြိုးသံများကိုပင် လွှမ်းခြုံစိုးမိုးသွားသည်။
ဇူယွမ်၏ နှလုံးသားအတွင်း ခံစားနေရသော ရူးသွပ်သွားတော့မည့် ခံစားချက်များလည်း ပျောက်ကွယ်သွားလေသည်။
ဇူယွမ်မှာ တောက်ပစွာဖြင့် မျက်ဝန်းများကို ပြန်လည်ဖွင့်ဟလိုက်သည်။ မိုးကြိုးသံများမှာ တိုးညင်းစွာဖြင့် ဆက်လက်ထွက်ပေါ်နေလျက်ရှိပြီး သေချာနားထောင်ကြည့်မည်ဆိုပါက အသံလာရာမှာ ယခင်ကကဲ့သို့ မဝေးကွာတော့ကြောင်း သိရှိနိုင်ပေသည်။
"နင်တစ်ခုခုကြားသေးလား။" ယောင်ယောင်မှ မေးမြန်းလိုက်သည်။
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်သည်။ "မိုးကြိုးသံရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီထင်တာပဲ။"
ဖျက်စီးခြင်းနတ်ဘုရားကျောက်တုံး၏ အစွမ်းဖြင့် မိုးကြိုးပဲ့တင်ထပ်သံများကို လျှော့ချနိုင်လိုက်သောကြောင့် ယခုအခါတွင် အသံလာရာရင်းမြစ်အား သိရှိနိုင်ပြီ ဖြစ်သည်။
"သွားရအောင်..."
ဇူယွမ်မှာ အသံလာရာအရပ်သို့ ဦးဆောင်၍ သွားလိုက်သည်။
သို့သော် မိုးကြိုးသံမှာ အစအနမရှိပဲ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသောကြောင့် ဇူယွမ်နှင့် ယောင်ယောင်မှာ အသံရင်းမြစ်နေရာအား ရှာဖွေရန် ခက်ခဲသွားရသည်။ ၎င်းတို့မှာ စိတ်ဝိဉာဉ်စွမ်းအင်များ အသုံးပြုလျက် ရှာဖွေပါသော်လည်း သဲလွန်စမျှပင် တွေ့ရှိရခြင်း မရှိချေ။
ယောင်ယောင်မှာ စိတ်ဝိဉာဉ်စွမ်းအင်များ အသုံးပြုနေရသည်မှာ ပင်ပန်းနွမ်းနယ်လာသကဲ့သို့ ဇူယွမ်မှာမူ မျက်ခုံးနှစ်ခုအကြားမှ နေရာသည်ပင် နာကျင်ကိုက်ခဲလာရပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏ ရှာဖွေခြင်းခရီးစဉ်မှာ နှစ်နာရီခန့်အကြာတွင် အဆုံးသတ်သွားခဲ့သည်။
ဇူယွမ်နှင့် ယောင်ယောင်မှာ ကြီးမားလှသော ကျောက်ဆောင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ထိုနေရာမှာ အလွန်အမင်း မည်းမှောင်နေပြီး အမှောင်ထုတစ်ခုတည်းကသာ ပတ်ဝန်းကျင်ကို ကြီးစိုးထားလျက် ရှိသည်။
ဇူယွမ်မှာ ရွှေရောင်ချီစွမ်းအင်လှိုင်းတစ်ခုအား ဖန်တီးလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဝုန်း.....
ချီစွမ်းအင် ကျဆင်းသွားသည်နှင့်အတူ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
မြေပြင်မှာ ကွဲအက်သွားပြီးနောက် အတွင်းပိုင်းထံမှ မှိန်ပြပြ အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ မိုးကြိုးသံများမှာလည်း ကမ္ဘာမြေပြင်အနှံ့ အဆက်မပြတ် ပြန်လည်ထွက်ပေါ်နေလျက် ရှိသည်။
မြေပြင်မှာ အဆက်မပြတ် ပြိုကျလျက် အဆုံးမဲ့သော အလင်းတန်းများ ဆက်လက်ထွက်ပေါ်လာခြင်းကြောင့် ဇူယွမ်မှာ အံ့အားသင့်သွားရသည်။
မိုးကြိုးသံနှင့်အတူ ဇူယွမ်မှာ ပြင်းထန်လှသော အဖျက်စွမ်းများကိုလည်း ခံစားနေမိလေသည်။
"ဒါက မိုးကြိုးအပြစ်ဒဏ်ကနေ ကျန်ခဲ့တဲ့ အဖျက်စွမ်းအားတွေပဲ။ အဲ့စွမ်းအင်တွေက အခုချိန်ထိ ဒီနေရာမှာ ရှိနေမှတော့ မဟူရာရေကန်မှာ သက်ရှိမရှိတာ အထူးအဆန်း မဟုတ်တော့ဘူး။"
"ဒီစွမ်းအင်တွေက ပတ်ဝန်းကျင်မှာရှိတဲ့ အသက်စွမ်းအင်တွေကို အမြဲတမ်း ဖျက်စီးပစ်နေမှာပဲ။" ယောင်ယောင်မှာ မြေပြင်မှ ထွက်ပေါ်နေသော အလင်းတန်းများအားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်းမရှိပဲ နာကျင်မှုတစ်ခုခုအား ခံစားနေရဟန် ရှိသည်။
"ဘာဖြစ်လို့လဲ..." ယောင်ယောင်မှ မေးမြန်းလိုက်သည်။
ဇူယွမ်၏ မျက်ဝန်းအတွင်းမှ အနက်ဖော်သူတော်စင်မှော်စာလုံးမှာ ကြမ်းတမ်းစွာ လည်ပတ်လာသောကြောင့် သူ၏မျက်ဝန်းများ လောင်ကျွမ်းတော့မည်လားဟုပင် ထင်မှတ်ရသည်။
မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးမှာလည်း သူ၏အသွေးအသားထဲမှ ဖောက်ထွက်နေမည့်အလား ပြင်းထန်စွာ လှုပ်ရှားနေသောကြောင့် သွေးများပင် ကျဆင်းလာရသည်။
သူ၏ နတ်ဘုံခန်းဝါ ပက်လယ်အတွင်းမှာလည်း ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ပြင်းထန်စွာ အော်ဟစ်နေလျက် ရှိသည်။
ဇူယွမ်၏ မျက်ဝန်းများထဲ၌ အံ့အားသင့်မှု အရိပ်အယောင်များ ကြီးစိုးသွားရသည်။
သူသည် ယောင်ယောင်အားကြည့်လျက် တုန်ရီစွာဖြင့် စကားဆိုလိုက်သည်။ "သူတော်စင်မှော်စာလုံးတွေက တုံ့ပြန်နေကြတယ်။"
ယောင်ယောင်မှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရဲ့ တည်နေရာကိုများ သူတို့ရှာတွေ့ခဲ့ပြီလား...