← Chapters

သူတော်စင်တံဆိပ်ပြားရှေ့

Vol. 52 Ch. 719

သူတော်စင်တံဆိပ်ပြားရှေ့

Vol. 52 Ch. 719

ဝုန်း.....

မိုးကြိုးလျှပ်စီးကန်ထဲသို့ ခုန်ချလိုက်သောဇူယွမ်မှာ ကျယ်လောင်လှသော ပေါက်ကွဲသံများကို အတိုင်းသား ကြားနေရပြီး တစ်စုံတစ်ခုမှ သူ့ထံလာနေသည်ကို ခံစားနေမိသည်။

ဇူယွမ်မှာ နှစ်ပေခန့်သော လောကသစ်၏ အပြင်ဖက်တွင် လျှပ်စီးမိုးကြိုးအလင်းတန်းများ ပန်းများသဖွယ် ဖြာထွက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ ဇူယွမ်၏ကိုယ်ပိုင် လောကသစ်မှာ အမှန်တကယ်ပင် ပြင်ပကမ္ဘာထံမှ ၎င်းတို့အား ကာကွယ်ထားဟန် ရှိသည်။

"ဟူး...."

ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေစဉ်မှာပင် မိုးကြိုးလျှပ်စီးများမှာ သူ့အား အာရုံခံမိခြင်း မရှိသည့်အလား ​အနီးသို့ ရောက်လာသည်နှင့် စက်ဝိုင်းသဏ္ဍာန်လည်ပတ်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားကြရသည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူ၏ရင်ခွင်အတွင်း ရှိနေသော ယောင်ယောင်အား ကြည့်ရှုလိုက်သည်။ သူမ၏ နူးညံ့လှပသော မျက်နှာလေးမှာ ကန်ရေပြင်တစ်ခုအလား တည်ငြိမ်နေသောကြောင့် ဇူယွမ်မှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။

ထို့နောက် ဇူယွမ်မှာ မလိုအပ်သော အတွေးများအား ဖယ်ရှားလိုက်ပြီးနောက် သွားနေသောအရှိန်အား မြှင့်တင်လိုက်သည်။

မိုးကြိုးလျှပ်စီးကန်ကြီးမှာ အမျက်ဒေါသထွက်နေသော မိုးကြိုးနဂါးများ ပြည့်နှက်နေသည့်အလား ဆူညံနေသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများကြောင့် မြေပြင်သည်လည်း တသိမ့်သိမ့် တုန်နေရလေသည်။

ဇူယွမ်မှာ ပေါက်ကွဲနေသော မိုးကြိုးလျှပ်စီးများအား ဂရုတစိုက်ဖြင့် ရှောင်ကွင်းသွားနေလျက် ရှိသည်။ နှစ်ပေခန့်သော လောကသစ်မှာ ၎င်းတို့အား ပြင်ပကမ္ဘာထံမှ ကာကွယ်ပါသော်လည်း ပြီး​ပြည့်စုံသည့် အကာအရံတစ်ခုမဟုတ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားသည်။ ဇူယွမ်၏ ယခုအခြေအနေနှင့်ဆိုပါက မိုးကြိုးလျှပ်စီး တစ်ခုခုနှင့်သာ ထိတွေ့သွားလျှင် နှစ်ပေခန့်သော လောကသစ်ပင် သူ့အား ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်။

ထို့ကြောင့် ကန်အတွင်းပိုင်းသို့ ရောက်လာလေ..ဇူယွမ်မှာ ပို၍သတိထားလေ ဖြစ်နေသည်။

ယောင်ယောင်မှာ အနှောင့်အယှက် ပေးမိမည်စိုးသောကြောင့် မည်သည့်စကားမှမဆိုပဲ ဇူယွမ်၏ခါးအား မြဲမြဲဖက်ထား​ကာ ကန်အတွင်း ပြည့်နှက်နေသော မိုးကြိုးလျှပ်စီးများကိုသာ ကြည့်ရှုနေသည်။

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနှင့် နီးကပ်လာသည်နှင့်အမျှ သွားလာရသည်မှာ ပိုမိုခက်ခဲလာကြောင်း ယောင်ယောင်မှ သတိထားမိသည်။

ယောင်ယောင်၏ အမြင်တွင်မူ လက်ရှိအချိန်၌ အဆင့်အတန်းချင်း အလွန်ကွာခြားနေသောကြောင့် ဇူယွမ်အနေဖြင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မရယူသင့်သေးပေ။ သို့သော် အခြေအနေများအရ ၎င်းတို့တွင် ရွေးချယ်စရာ မရှိသောကြောင့်သာ ယခုကဲ့သို့ လာရောက်ရှာဖွေနေရခြင်း ဖြစ်သည်။

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ ၎င်းတို့၏ အေးချမ်းနေသော ဘဝလေးအား ဖျက်စီးပစ်နိုင်သော အရာဝတ္ထုတစ်ခု ဖြစ်သည်။

ယောင်ယောင်မှာ ဇူယွမ်၏ခါးအား တင်းတင်းဖက်ထားလိုက်ပြီးနောက် သူမ၏ပါးအား ဇူယွမ်၏ရင်ခွင်တွင်အပ်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ဇူယွမ်....ဒီနှစ်တွေအတွင်း ငါအရမ်းပျော်ခဲ့ရတယ်...."

"ဘာပြောတာလဲ...." ဇူယွမ်မှာ ကျယ်လောင်လှသော မိုးကြိုးပေါက်ကွဲသံများကြောင့် ယောင်ယောင်၏ တိုးညင်းသော ရေရွတ်သံအား မကြားလိုက်ရပေ။

ယောင်ယောင်မှာ မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ ဇူယွမ်၏ရင်ခွင်ကိုမှီ၍ ခပ်ဖွဖွ ပြုံးလိုက်သည်။

ဇူယွမ်မှာလည်း စကားထပ်မဆိုတော့ပဲ ယောင်ယောင်၏ ခါးလေးကိုသာ တင်းကြပ်နေအောင် ဖက်ထားလျက် သွားနေသောအရှိန်အား ထပ်မံမြှင့်တင်လိုက်သည်။

ဇူယွမ်မှာ မိုးကြိုးလျှပ်စီးကန်အား ​လျှော့တွက်ခဲ့မိဟန် ရှိသည်။ သူသည် ကန်အတွင်း ဆင်းသက်လာသည်မှာ အချိန်အတော်ကြာမျှ ရှိပြီဖြစ်ပါသော်လည်း ယခုအချိန်ထိ ကန်အောက်ခြေအား မြင်တွေ့ရခြင်း မရှိသေးပေ။ ယင်းအစား အောက်သို့ဆင်းလာလေ မိုးကြိုးလျှပ်စီးများမှာ ပိုမိုပြင်းထန်လာလေသာ ဖြစ်နေသည်။

ဇူယွမ်၏ မျက်ဝန်းများမှာ လေးနက်ခက်ထန်နေလျက် ရှိသည်။

မိုးကြိုးလျှပ်စီးများနှင့် တိုက်ရိုက်မထိတွေ့ပါသော်လည်း ၎င်းတို့ထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကပင် သူ၏နှစ်ပေမျှသော လောကသစ်အား ပြင်းထန်စွာ တုန်ခါစေလေသည်။

ဇူယွမ်မှာ ဤကန်အတွင်းသို့ဆင်းရန် အလွန်အားနည်းနေဆဲ ဖြစ်သည်။ မိုးကြိုးလျှပ်စီး တစ်ချက်ကပင် သူ့အား အပိုင်းပိုင်းအစစ ဖျက်စီးပစ်လိုက်ရန် လုံလောက်ပေသည်။

သူ၏နှစ်ပေမျှသော လောကသစ်ကပင် လက်ရှိအခြေအနေ၌ ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများအား ကောင်းစွာခုခံထားနိုင်ခြင်း မရှိတော့ပေ။

"ဒီအတိုင်းဆို အောက်ကိုထပ်ဆင်းသွားရင် အခုနှစ်ပေလောက်ပဲရှိတဲ့ လောကသစ်က ဆက်ပြီးခုခံထားနိုင်မှာ မဟုတ်တော့ဘူး။" ဇူယွမ်မှ တိုးညင်းစွာ စကားဆိုလိုက်သည်။

ယောင်ယောင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ကြည့်ရတာ ဒီမိုးကြိုးလျှပ်စီးကန်ကြီးက အဆုံးမရှိဘူးနဲ့ တူတယ်။"

ဇူယွမ်မှာ ယောင်ယောင်၏စကားကြောင့် အံ့အားသင့်သွားရသည်။ "အဆုံးမရှိဘူးဟုတ်လား။"

"ဘာလို့လဲဆိုတော့ မိုးကြိုးလျှပ်စီးတွေက အဖျက်စွမ်းအား အရမ်းပြင်းလွန်းတယ်လေ။ အဲ့ဒါကြောင့် သူတို့ရှိနေတဲ့ ဒီနေရာက အဆုံးမရှိတဲ့ တွင်းကြီးတစ်ခု ဖြစ်နေလောက်ပြီ။ ငါမှန်းတာမမှားရင် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းက ဒီကန်ကြီးထဲမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုဖွက်ထားဖို့ ထူးခြားတဲ့ နည်းလမ်းတစ်ခုခု သုံးထားလောက်တယ်။"

"ငါတို့ အဲ့ဒါကို ရအောင်ရှာမှဖြစ်မယ်။ မဟုတ်ရင် ငါတို့နောက်ပြန်လှည့်ရုံပဲ ရှိတော့တယ်။" ယောင်ယောင်မှ တိုးညင်းစွာ ပြောလိုက်သည်။

"ဒါပေမယ့် ဒီနေရာမှာရှိတဲ့ အဖျက်စွမ်းအားတွေက အရမ်းပြင်းလွန်းတယ်။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ဖွက်ထားတဲ့နေရာကို လွယ်လွယ်ရှာလို့ရမှာ မဟုတ်ဘူး။"

ဇူယွမ်မှာ အတွေးတစ်ခုအား တွေးတောမိပြီးနောက် စကားဆိုလိုက်သည်။ "မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။"

ဇူယွမ်မှာ မျက်ဝန်းများကို ပိတ်လိုက်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ပြန်လည်ဖွင့်ဟလိုက်သည်။အနက်ဖော်သူတော်စင်မှော်စာလုံးမှာ သူ၏မျက်ဝန်းအတွင်း လည်ပတ်နေလျက် ရှိသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ဖွက်ထားခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းနှင့်ဆက်နွယ်နေသော အနက်ဖော်သူတော်စင်မှော်စာလုံးမှာ တစ်စုံတစ်ခုအား အာရုံခံနိုင်လိမ့်မည် ဖြစ်သည်။

အနက်ဖော်သူတော်စင်မှော်စာလုံးမှာ အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်လေသည်။

ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးဖြင့် ပတ်ဝန်းကျင်အား အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ဤသို့ဖြင့် အချိန်အနည်းငယ် ကြာမြင့်လာပြီးနောက် သူ၏မျက်လုံးထောင့်မှ သွေးစများ ယိုစီးကျလာသည်။

ဇူယွမ်မှာ နှစ်ပေမျှသော လောကသစ်၏ စွမ်းအင်အကန့်အသတ်သို့ ရောက်ရှိလာပါက အရာအားလုံး ပိုမိုဆိုးရွားလာမည်ကို သိရှိနေသဖြင့် ၎င်းသွေးစများအား ဂရုပင်မစိုက်ပဲ ပတ်ဝန်းကျင်ကိုသာ စစ်ဆေးနေလိုက်သည်။

အချိန်အနည်းငယ်မျှ ဆက်လက်ကြာမြင့်သွားပြီးနောက် နှစ်ပေမျှသော လောကသစ်၏ ခုခံနိုင်စွမ်းမှာ ပိုမိုပျက်ယွင်းလာလေသည်။

ယောင်ယောင်မှာ စိုးရိမ်မှုများကြောင့် နှုတ်ခမ်းအစုံအား တင်းကြပ်စွာ ဖိကိုက်ထားမိသည်။

"ဟာကွာ.....ထွက်လာခဲ့စမ်းပါ။" ဇူယွမ်မှ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် မျက်မှောင်ကျုံ့သွားရသည်။ နောက်ဆုံးတွင် မိုးကြိုးလျှပ်စီးကန်အတွင်း ရှိနေသော ထူးခြားသည့် စွမ်းအင်အား အာရုံခံနိုင်ခဲ့ပြီ ဖြစ်သည်။

"တွေ့ပြီ...."

ဇူယွမ်၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရပြီးနောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ထိုနေရာသို့ အရှိန်မြှင့်ကာ သွားလိုက်သည်။

ထိုအချိန်မှာပင် မိုးကြိုးလျှပ်စီးများမှာလည်း ကွဲအက်နေသော လောကသစ်ကြောင့် ဇူယွမ်တို့၏ တည်ရှိမှုအား အာရုံခံမိသွားသဖြင့် အနောက်မှ လိုက်ပါလာတော့သည်။

လိုက်ပါလာသော အဖျက်စွမ်းအင်များမှာ ပြင်းထန်လွန်းလှပြီး ဇူယွမ်နှင့် အသက်နှင့်ခန္ဓာ ကွဲကွာတော့မည်ဟုပင် ထင်မှတ်မိနေပါသော်လည်း သွားနေသောအရှိန်အား အနည်းငယ်မျှပင် မရပ်တန့်လိုက်ရဲပေ။ သူသည် အံကိုတင်းတင်းကြိတ်ကာ မိုးကြိုးလျှပ်စီးကန်အတွင်း ရှိ နေရာတစ်ခုအား အရှိန်အဟုန်ပြင်းစွာ သွားနေလျက် ရှိသည်။

ရွှတ်.....

ဇူယွမ်ရှေ့ရှိ လေထုမှာ ဆုတ်ပြဲသွားပြီးနောက် ၎င်းတို့အား အလျင်အမြန် ဆွဲခေါ်သွားသည်။

ဝုန်း....

မိုးကြိုးလျှပ်စီးများမှာ ထပ်ချပ်မကွာ လိုက်ပါလာပါသော်လည်း ဇူယွမ်တို့အား ထိတွေ့နိုင်ခြင်းမရှိပဲ ပါးလွှာသောလေထုကိုသာ ထိတွေ့ပေါက်ကွဲသွားရသည်။

..........

"အား....."

ဆွဲခေါ်သွားသော လေထုအတွင်း ရောက်ရှိသွားပြီးနောက် နှစ်ပေခန့်သော လောကသစ်မှာ ပျက်စီးသွားကာ ဇူယွမ်မှာလည်း ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာမှာ အလွန်ပင် ဖြူရော်နေလျက် ရှိသည်။ အစောပိုင်းကပင် သူသည် မရဏ အငွေ့အသက်နှင့် အလွန်နီးကပ်ခဲ့ရသည်။

"တော်တော်အန္တရာယ်များတာပဲ..." ဇူယွမ်မှ ခါးသက်စွာ ရယ်မောလိုက်သည်။

ယောင်ယောင်မှာ ဇူယွမ်၏ကျောအား ပွတ်သပ်ပေးနေရင်းဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ "ဒါပေမယ့် ငါတို့နေရာမှန်ကို ရောက်လာတယ်လေ။"

ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ရင်းဖြင့် ခေါင်းကိုမော့ကာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရသည်။

၎င်းတို့၏ရှေ့တွင် မဟူရာလေဟာနယ်တစ်ခု ဝန်းရံထားသော ရှည်လျားလှသည့် လှေကားထစ်များ ရှိနေပြီး အဆုံးသတ်တွင် ကျောက်တုံးစင်မြင့်တစ်ခု ရှိနေသည်။

ထိုကျောက်တုံးစင်မြင့်ပေါ်တွင် ပတ်ဝန်းကျင်ရှိ အလင်းတန်းများအားလုံးမှ မီးမောင်းထိုးပြထားသော တံဆိပ်ပြားတစ်ခု ရှိသည်။ ၎င်းတံဆိပ်ပြားသည် လေးထောင့်သဏ္ဍာန်ရှိပြီး ကောင်းကင်နှင့်မြေကြီးတို့၏ အမှတ်အသားဟုပင် ထင်မှတ်ရသည်။ ထိုတံဆိပ်ပြားထံမှ ထူးခြားဆန်းကြယ်သော စွမ်းအင်များလည်း ထွက်ပေါ်နေလျက် ရှိပေသည်။

တောင်တန်းနှင့် စမ်းရေတို့၏ သာယာငြိမ့်ညောင်းဖွယ် ရှုမျှော်ခင်းများသည်လည်း ယင်းတံဆိပ်ပြားအတွင်း ပါဝင်စီးဆင်းနေသည်ဟု ထင်မှတ်ရသည်။

ဇူယွမ်မှာ ထိုတံဆိပ်ပြားအား ကြည့်ရှုနေရင်းဖြင့် ခံစားရသော ခံစားချက်များကို အမည်မပေးနိုင်ပင် ဖြစ်နေရသည်။ ကမ္ဘာလောက၏ ရှေးအကျဆုံးနှင့် တန်ဖိုးအရှိဆုံး အရာဝတ္ထုသည် တွေ့မြင်လိုက်ရသော လူတိုင်းအား ရူးသွပ်သွားစေနိုင်မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ အဝေးမှ ကြည့်ရှုလေ့လာနေရင်းဖြင့် အချိန်အနည်းငယ် ကြာသောအခါတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ သူတော်စင်မှော်စာလုံး သုံးခု၏ တုန်ခါမှုအား ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယင်းသူတော်စင်မှော်စာလုံးများမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံမှ မွေးဖွားလာသောကြောင့် ဖြစ်သည်။

ဇူယွမ်မှာ နှုတ်ခမ်းများ ခြောက်သွေ့နေရသည်။ သူသည် ခမ်းနားကြီးကျယ်သော အသုံးအဆောင်ပစ္စည်း၏ ရှေ့မှောက်၌ ရောက်ရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။

"ကန်....ရွှမ်း......သူတော်...စင်....တံ...ဆိပ်ပြား...."

တုန်ခါနေသော စကားသံတစ်ခု ထွက်ပေါ်လာလေတော့သတည်း....

All Chapters