ကသောင်းကနင်း
Vol. 52 Ch. 720
ဇူယွမ်မှာ လှေကားထစ်များ အဆုံးရှိ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေမိသည်။ ဇူယွမ်မှာ သူ၏နှလုံးသားအတွင်းမှ ခံစားချက်များအား တည်ငြိမ်စေရန် စိတ်ကိုအတော် ချုပ်ထိန်းလိုက်ရသည်။
"ကန်ရွှမ်းကောင်းကင်ဒေသထဲက တန်ဖိုးအရှိဆုံး ပစ္စည်းကို တစ်နေ့နေ့မှာ ဒီလိုတွေ့ရလိမ့်မယ်လို့တောင် မထင်ထားခဲ့မိဘူး။" ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
သို့သော် ဇူယွမ်၏ မျက်ဝန်းများထဲတွင် လိုချင်တပ်မက်သော အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေပေ။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားသည် သူနှင့်ထိုက်တန်သော အရာတစ်ခု မဟုတ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိနေသည်။
သူသည် သူတော်စင်မှော်စာလုံး အနည်းငယ်အား ကိုင်တွယ်ထားနိုင်ပါသော်လည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုသာ ပိုင်ဆိုင်ထားပါက အခြားသော အဆင့်မြင့်ကျင့်ကြံသူများ၏ ပစ်မှတ်ထားစရာတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဇူယွမ်၏ ကျင့်ကြံခြင်းမှာ နတ်ဘုံခန်းဝါအဆင့်သာ ရှိသေးသောကြောင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကဲ့သို့ အရာမျိုးအား ကိုင်ဆောင်ထားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မြင့်မြတ်သောနန်းတော်၏လက်ထဲသို့ မထည့်ပေးလိုက်နိုင်ချေ။
ယောင်ယောင်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေလျက် ရှိသည်။
"နင်သွားယူနိုင်မလားဆိုတာ စမ်းကြည့်လိုက်..." ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် လှေကားထစ်အား စတင်တက်လှမ်းလိုက်သည်။ ထို့နောက် ယောင်ယောင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ကျွန်တော်တို့ တူတူစမ်းကြည့်ကြမလား။"
ယောင်ယောင်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်သည်။
ဝုန်း....
သို့သော် ယောင်ယောင်မှ လှေကားထစ်ပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာလေသည်။
လှေကားထစ်များမှာလည်း ကြမ်းတမ်းခက်ထန်စွာဖြင့် လွှဲခါကုန်သည်။
ဇူယွမ်မှာ ရုတ်တရက် ပြောင်းလဲသွားသော ပတ်ဝန်းကျင် အခြေအနေအား နားမလည်နိုင် ဖြစ်နေရသည်။
သို့သော် ယောင်ယောင်မှာ အရာအားလုံးအား လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားသည် သူမအား ကြောက်ရွံ့သတိထားနေရသည့်အလား စွမ်းအင်လှိုင်းများကို အပြင်းအထန် ထုတ်လွှင့်နေခြင်း ဖြစ်သည်။
"ကိုယ့်ဘာသာကိုယ်သွားလိုက်တော့..." ယောင်ယောင်မှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရှိရာ လှေကားထစ်အဆုံးဆီသို့ လျင်မြန်စွာ သွားလိုက်သည်။
အချိန်အတော်မျှ ကြာမြင့်သွားပြီးနောက် လှေကားထစ် အဆုံးနားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေလေပြီ။
ဇူယွမ်မှာ လေထုထဲတွင် လွင့်မျောနေသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကြည့်ရှုလိုက်သည်။ ယင်းတံဆိပ်ပြားသည် အလွန်ရိုးရှင်းသော အသွင်သဏ္ဍာန်အား ပိုင်ဆိုင်ထားပါသော်လည်း ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံးတွင် တန်ဖိုးအရှိဆုံး အရာဝတ္ထုဖြစ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားသည်။
ဤတံဆိပ်ပြားအား ရရှိပိုင်ဆိုင်သောသူသည် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကို ချုပ်ကိုင်ခြယ်လှယ်နိုင်မည်ပင် ဖြစ်သည်။
ထိုသို့ချုပ်ကိုင်ခြယ်လှယ်နိုင်ရန်လည်း လုံလောက်သော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားရလိမ့်မည် ဖြစ်သည်။ ဇူယွမ်၏ ခန့်မှန်းချက်အရ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ထိန်းချုပ်နိုင်ရန် အနည်းဆုံး လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား တုန်ရီစွာ ထိတွေ့လိုက်သည်။
ဝုန်း....
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားဆီမှ သန်းပေါင်းများစွာသော အလင်းတန်းများ ထွက်ပေါ်လာသည်။
အချို့သော အလင်းတန်းများမှာ ဇူယွမ်ပေါ်သို့ ဖြာကျလာလေသည်။ အလင်းတန်းများသည် နတ်ဘုံခန်းဝါ ပင်လယ်အတွင်းရှိ ပထမနှင့် ဒုတိယ နိဗ္ဗာန်အကြားမှ အကာအရံအား ဖျက်စီးကာ နိဗ္ဗာန်နှစ်ခုအား ပေါင်းစည်းစေလိုက်သောကြောင့် ဇူယွမ်မှ အလွန်အံ့အားသင့်သွားရသည်။
ချီစွမ်းအင်များမှာ တစ်မုဟုတ်ချင်း တိုးတက်လာလေတော့သည်။
ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ရပ်နေမိသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံမှ ထွက်ပေါ်လာသော အလင်းတန်းလေး တစ်ခုကပင် သူ၏နတ်ဘုံခန်းဝါ ပထမပင်လယ်အား ပြီးပြည့်စုံစေခဲ့သည်။ သူ၏ခန့်မှန်းချက်အရဆိုလျှင် နတ်ဘုံခန်းဝါ နိဗ္ဗာန်တစ်ခု ထိုသို့ပြီးပြည့်စုံနိုင်စေရန် အဆင့်နိမ့် နတ်ဘုံခန်းဝါဆေး ရာနှင့်ချီ၍ လိုအပ်လိမ့်မည် ဖြစ်သည်။
ထို့အပြင် ပြောင်းလဲသွားသည်မှာ ထိုတစ်ခုတည်း မဟုတ်ပေ။ အလင်းတန်း ဖြတ်သန်းသွားရာလမ်းတလျှောက်ရှိ သူ၏အသွေးအသားများမှာ ဆန်းကြယ်သော စွမ်းအင်တစ်ခုအား ခံစားလိုက်ရကာ ချက်ချင်းပင် နှလုံးသားအတွင်းမှ ရွှေပြဒါးသွေးစက်များ တိုးပွားလာတော့သည်။
ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား တက်မြောက်ပြီးနောက် နှလုံးသားအတွင်း ရွှေပြဒါးသွေးစက် သုံးစက်သာ ဖန်တီးနိုင်ခဲ့ပါသော်လည်း ယခုတွင်မူ ရုတ်ချည်းဆိုသလို ဒါဇင်နှင့်ချီသော သွေးစက်များ ဖြစ်ပေါ်လာသည်။
သူ၏မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဉ်မှာလည်း တုန်ခါလာရပြီးနောက် မြင့်မြတ်သောအလင်းတန်းများအောက်တွင် ပို၍ပို၍ ကျစ်လစ်သိပ်သည်းလာသည်။
သူသည် သိသာထင်ရှားစွာပင် ကြီးမားသော ကောင်းကျိုးများ ရရှိနေခြင်း ဖြစ်သည်။ ထိုသည်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပထမဆုံး ရှာဖွေတွေ့ရှိသူအတွက် ဆုလက်ဆောင်တစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ဇူယွမ်မှာ အံ့အားသင့်နေသောကြောင့် ကန်ရွှမ်သူတော်စင်တံဆိပ်ပြား တုန်ခါလာသည်နှင့်အတူ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များ ကြမ်းတမ်းခက်ထန်စွာ လှုပ်ရှားလာသည်ကို သတိမပြုမိလိုက်ပေ။
အဆုံးအစမဲ့သော ချီစွမ်းအင်များမှာ မဟူရာရေကန် တစ်ခွင်လုံးအား လှုပ်ခါသွားစေသည်။
မရဏစွမ်းအင်များဖြင့် ပြည့်နှက်နေသော မဟူရာရေကန်မှာ ယခုအခါတွင် အသက်စွမ်းအင်၏ အမှတ်အသားများ စတင်ပေါ်ပေါက်လာပြီ ဖြစ်သည်။ အပင်များ ချက်ချင်းဆိုသလို ပေါက်လာသကဲ့သို့ ပါးလွှာသော လေထုထံမှ ရေများဖြစ်ပေါ်လာကာ မြစ်ချောင်းများ ဖြစ်ပေါ်လာလေသည်။
....
ရှန်ဇူတိုက်ကြီး၏ မြင့်မြတ်သောနန်းတော်၌
တင်ပုလ္လင်ချိတ်ထိုင်ကာ မျက်ဝန်းများကို ပိတ်ထားလျက်ရှိသော နန်းဆောင်သခင် ရှန့်ယွမ်မှာ ပျော်ရွှင်နေဟန်ဖြင့် ရုတ်ချည်းဆိုသလို မျက်ဝန်းများအား ဖွင့်ဟလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ ရယ်မောလျက် အလျင်အမြန် စကားဆိုလိုက်သည်။
"နောက်ဆုံးတော့....ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါ်လာပြီပဲ...ဟားဟားဟား...."
"ခန်းဆောင်သခင်တွေအားလုံး ငါ့နောက်လိုက်ခဲ့ကြ။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိုစကားများကို ဆိုပြီးသည့်နောက် လေဟာနယ်အတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဝှစ်....
ခန်းဆောင်သခင်များမှာလည်း ရှန့်ယွမ်နှင့်အတူ လေဟာနယ်အတွင်း ဝင်ရောက်သွားကြသည်။
........
ကန်ရွှမ်းကလန်၌
ကလန်ခေါင်းဆောင် ချင်းယန်၏ အမူအရာမှာ လေးနက်ခက်ထန်နေလျက် ရှိသည်။ သူသည်လည်း အစောပိုင်း၌ ဖြစ်ပေါ်ခဲ့သော ထူးခြားဆန်းကြယ်မှုအကြောင်း လေ့လာခဲ့ပြီး ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးအား ပြင်းထန်စွာ လှုပ်ခါစေနိုင်သည်အထိ ဖြစ်စေသည်မှာ မြင့်မြတ်သော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှလွဲ၍ အခြားမဖြစ်နိုင်ပါချေ။
"ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးတော့ ကသောင်းကနင်း ဖြစ်ကုန်တော့မှာပဲ။"
ဝှစ်....
ထိုအချိန်မှာပင် ချင်းယန်ထံသို့ တောင်ထွတ်ဆရာသခင်များအားလုံး ရောက်ရှိလာကြသည်။
"ခုနတုန်းက ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံး ငလျင်လှုပ်သလို ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်နော်။" တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ စိုးရိမ်ပူပန်နေဟန်ဖြင့် ပြောလိုက်သည်။
"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါ်လာပြီလေ။ ငါတို့သွားကြရအောင်။ မြင့်မြတ်သောနန်းတော်ကလည်း ဒီကိစ္စကို သိပြီးလောက်မှာပဲ။" ကလန်ခေါင်းဆောင် ချင်းယန်မှ စကားဆိုလိုက်သည်။
ထို့နောက် ၎င်းတို့အားလုံးမှာ လေဟာနယ်တစ်ခုအတွင်းသို့ ချက်ချင်းဆိုသလို တိုးဝင်ပျောက်ကွယ်သွားကြသည်။
........
ဓားလမ်းစဉ်ကလန်...
မြောက်ပိုင်းနဂါးပင်လယ်ခန်းမ....
အလှပန်းတစ်ရာနန်းတော်....
ကောင်းကင်တစ္ဆေကလန်....
ရှန်ဇူတိုက်ကြီး၏ အခြားသော အင်အားကြီးကလန်ကြီးလေးခုမှ ပုံရိပ်များသည်လည်း လေဟာနယ်အတွင်းသို့ အပြိုင်အဆိုင် ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ကန်ရွှမ်းကောင်းကင်ဒေသအတွင်းမှ အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ အစောပိုင်း၌ ဖြစ်ပေါ်သွားသော လှုပ်ခါမှုအား ခံစားမိလိုက်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကန်ရွှမ်းကောင်းကင်ဒေသ၏ ကောင်းကင်တစ်ခွင်လုံးမှာ ပုံရိပ်များစွာဖြင့် ပြည့်နှက်နေရလေသည်။
ကန်ရွှမ်းကောင်းကင်ဒေသ၌ အဆင့်မြင့်ကျင့်ကြံသူများစွာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခြင်းကြောင့် သက်ရှိသတ္တဝါများစွာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အထိန်းအကွပ်မဲ့စွာ ထွက်ပြေးကြတော့သည်။
ကန်ရွှမ်းကောင်းကင်ဒေသ၌ ထိုသို့ကသောင်းကနင်း ဖြစ်ပေါ်ခဲ့သည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပြောရမယ်ဆိုလျှင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးသွားချိန်သည် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ပေါ်ခဲ့သော နောက်ဆုံးအချိန်ပင် ဖြစ်လေတော့သတည်း....