အခန်း (၁၂၉၁-၁၂၉၃)
Vol. 87 Ch. 1291-1293
အခန်း (၁၂၉၁ )
အခက်တွေ့နေသော ချီယွဲ့နိုင်ငံ
ချီယွဲ့နိုင်ငံတော်။
နေပြည်တော်။
နန်းတော်။
အင်းများရေးဆွဲထားသော နံရံများရှိသည့် လျှို့ဝှက်ခန်းမတစ်ခု၏ အလယ်၌ အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်သည် သစ်ပင်ခြောက်ကြီးတစ်ပင်ကဲ့သို့ ဖြစ်နေပြီး မည်းမှောင်သော သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ၏ နောက်ဆုံးအချိန် ရောက်တော့မည်ဖြစ်ကြောင်း ပြသနေခြင်းဖြစ်၏။
ထိုအချိန်တွင် အဘိုးအိုသည် သွေးမည်းတစ်ပွက် အန်ထုတ်လိုက်ပြီး နောက်ခဏတွင် ထပ်မံ၍ အန်ထုတ်လိုက်ပြန်၏။
အဘိုးအို၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း လက်ဖြင့် အားယူကာ ဖြည်းညှင်းစွာ ပြန်ထလိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ... အသုံးမဝင်ဘူး...”
ပေထျန်းလုသည် သက်ပြင်းချလိုက်ပြီး အခန်းအပြင်ဘက်ရှိ အစောင့်အား အမိန့်ပေးလိုက်၏။
“မင်းကြီးနဲ့၊ မင်းသမီးကြီးကို ငါ့ဆီ လာခိုင်းလိုက်”
“အမိန့်အတိုင်းပါ”
ပေထျန်းလု၏ ပြောစကားကို ကြားကြားချင်းပင် အစောင့်သည် ချီယွဲ့နိုင်ငံတော်၏ ဧကရာဇ်နှင့် မင်းသမီးကြီးကို အကြောင်းကြားရန် လျင်မြန်စွာ ထွက်ခွာသွားသည်။ မကြာမီတွင် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေစစ်စစ်သရဖူကို ဆောင်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အခန်းအပြင်ဘက်သို့ ရောက်ရှိလာ၏။
စိုးရိမ်ပူပန်နေပုံရသော ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက အခန်းဝရှိ အစောင့်အား မေးလိုက်သည်။
“အကြိီးအကဲချုပ် အခြေအနေ ဘယ်လိုလဲ”
အစောင့်က
“ကျွန်တော်မျိုးတို့ မသိရပါဘူး မင်းကြီး။
အကြိီးအကဲချုပ်က အရှင်မင်းကြီးနဲ့ မင်းသမီးကြီးကို လာတွေ့ဖို့ပဲ ပြောပါတယ်။ တခြားဘာမှ မပြောပါဘူး။”
ထိုစကားကို ကြားလျှင် ပေဝမ်ဖု၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
မင်းသမီးကြီး ဟုတ်လား။
သူသည် ချီယွဲ့နိုင်ငံတော်၏ ဧကရာဇ် ဖြစ်သော်လည်း ဤကဲ့သို့ အချိန်မျိုးမှာပင် ချီယွဲ့နိုင်ငံတော်၏ အကြိီးအကဲချုပ်က ထိုအမျိုးသမီးကို သတိရနေသေးသည်။
ပြီးတော့ သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ခေါ်ယူခြင်းက ကောင်းသော လက္ခဏာ မဟုတ်တာ ထင်ရှား၏။ မကြာသေးမီက ချီယွဲ့နိုင်ငံတော်အတွင်း ဧကရာဇ်ကို နန်းချမည့် ကောလာဟလများ ပျံ့နှံ့နေမှုနှင့် ပေါင်းစပ်လိုက်သောအခါ ပေဝမ်ဖု စိတ်ထဲတွင် အလွန် စိုးရိမ်မကင်း ဖြစ်သွားရသည်။
စိုးရိမ်နေသော်လည်း ပေဝမ်ဖု
ထိုအမျိုးသမီးကို အခန်းအပြင်ဘက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။
ခဏအကြာတွင် တင့်တယ်ကျက်သရေရှိပြီး လှပသော အမျိုးသမီးတစ်ဦး အခန်းဝသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ ထိုအမျိုးသမီးသည် ခရမ်းရောင်ဖျော့ဖျော့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ လှုပ်ရှားမှုတိုင်းသည် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုကို ထုတ်ဖော်ပြသနေ၏။
အခန်းဝသို့ ရောက်သောအခါ ထိုအမျိုးသမီးက ပေဝမ်ဖုကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး
“ဂါရဝပြုပါတယ် မင်းကြီး”
ပေဝမ်ဖုက အတင်းပြုံးလိုက်ပြီး
“မိသားစုအချင်းချင်း ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး မင်းသမီးကြီး။”
ပေရှုဟွာက အေးစက်စွာ ပြန်ပြောသည်။
“ထုံးတမ်းစဉ်လာတွေကို ပစ်ပယ်လို့ မရပါဘူး”
စကားဆုံးသည်နှင့် ပေရှုဟွာသည် ဘာမှဆက်မပြောတော့ပဲ သူမ၏ အကြည့်များက ရှေ့ရှိ ကျောက်တံခါးဆီသို့ ရောက်သွား၏။
ပေရှုဟွာက သူ့ကို သေချာပင် မကြည့်သည်ကို မြင်လိုက်ရသဖြင့် ပေဝမ်ဖု၏ မျက်လုံးများထဲတွင် ကောကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ဒီမိန်းမက ငါ့လို ဧကရာဇ်တစ်ပါးကို လုံးဝ အလေးမထားပါလား။ နေနှင့်ဦး... အထဲက လူအိုကြီး သေသွားတာနဲ့ မင်း ဘယ်လောက်ကြာကြာ မာနကြီးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
ထိုသို့ တွေးမိပြီး ပေဝမ်ဖု၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားကာ မသိမသာ အပြုံးတစ်ခု ပေါ်လာ၏။ ထိုအချိန်တွင် အခန်းအတွင်းမှ အဘိုးအို၏ အသံထွက်ပေါ်လာသည်။
“ဝင်ခဲ့ကြ”
ကျောက်တံခါး ဖြည်းညှင်းစွာ ပွင့်သွားပြီး ပေဝမ်ဖုနှင့် ပေရှုဟွာတို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။ သူတို့နှစ်ဦး ဝင်ရောက်သွားသည်နှင့် ကျောက်တံခါး ပြန်ပိတ်သွားပြီး အတွင်း၌ သူတို့သုံးဦးသာ ကျန်ရစ်တော့၏။
ကြမ်းပြင်ပေါ်ရှိ သွေးမည်းများကို မြင်လိုက်ရသဖြင့် ပေရှုဟွာက အလွန်စိုးရိမ်သော မျက်နှာထားဖြင့် အဘိုးအိုထံသို့ သွားကာ ဘေးတွင် ဒူးထောက်လိုက်သည်။
“အဘိုး... နေလို့ကောင်းရဲ့လား”
ပေထျန်းလုက သက်ပြင်းချကာ
“ငါ့အချိန်က နီးကပ်နေပြီ။ ဒါပေမဲ့ နောက်ဆုံးအဆင့်ကို လှမ်းဖို့ မဖြစ်နိုင်တော့ဘူး။”
ထိုစကားကို ကြားလျှင် ပေရှုဟွာ အနည်းငယ် တုန်လှုပ်သွားသည်။ ချီယွဲ့နိုင်ငံတော်၏ တော်ဝင်အကြီးအကဲချုပ်သည် နိုင်ငံတစ်ခုလုံး၏ အဓိကထောက်တိုင် ဖြစ်၏။ ယခုအခါ ချီယွဲ့နိုင်ငံတော်တွင် ဧကရာဇ်အဆင့်ဟူ၍ ပေထျန်းလု တစ်ဦးတည်းသာ ရှိတော့သည်။ ပေထျန်းလုသာ လဲပြိုသွားပါက ချီယွဲ့နိုင်ငံတော်သည် အခြားအင်ပါယာများ၏ ခွဲဝေခြင်းကို ခံရမည့် ကံကြမ္မာနှင့် ကြုံတွေ့ရဖွယ်ရှိသည်။
ထိုအချိန်တွင် ပေဝမ်ဖုသည် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာဖြင့်
“အဘိုး ဘာမှမဖြစ်ရပါဘူး။ အဘိုးသာ လဲပြိုသွားရင် ကျွန်တော်တို့ ချီယွဲ့နိုင်ငံတော်က မကြာခင် တခြားအင်ပါယာတွေရဲ့ ဖျက်ဆီးတာကို ခံရပါလိမ့်မယ်။ အသက်ရှည်စေမယ့် ရတနာကို ကျွန်တော် ရအောင် ရှာဖွေပါ့မယ်။”
ပေထျန်းလု မော့ကြည့်လိုက်ပြီး ပေဝမ်ဖုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ
“အသုံးမဝင်ဘူး။ ငါ့ခန္ဓာကိုယ် အခြေအနေကို ငါအသိဆုံးပဲ။”
ပေဝမ်ဖုက စိုးရိမ်တကြီး ပြောလိုက်၏။
“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အခုဆိုရင် အင်ပါယာကြီးတွေက သူလျှိုတွေနေပြည်တော်ကို ရောက်နေကြပြီး သတင်းတွေ စုဆောင်းနေကြတယ်။ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကလည်း ပိုပြီး စိပ်လာတယ်။ အဘိုး ဆုံးပါးသွားတာကို သူတို့ သိသွားရင် ချီယွဲ့နိုင်ငံတော်တော့ သွားပြီပဲ။”
ပေထျန်းလု သက်ပြင်းချလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာ၏။ ပေရှုဟွာက သူ့ကျောကို အလျင်အမြန် ပုတ်ပေးလိုက်သည်။ ခဏအကြာတွင် ပေထျန်းလုက ပြော
“ငါတို့အတွက် တစ်ခုတည်းသော အဖြေက နောက်ဆုံးနည်းလမ်းတစ်ခုပဲ ရှိတော့တယ်”
အားကိုးရာမဲ့နေသော ပေဝမ်ဖုက အလျင်အမြန် မေးလိုက်၏။
“ဘာနည်းလမ်းလဲ အဘိုး”
ပေထျန်းလုက
“နောက်ထပ် ဧကရာဇ်တစ်ပါး မွေးထုတ်ဖို့ပဲ။”
ပေထျန်းလု၏ စကားကို ကြားလျှင် ပေရှုဟွာနှင့် ပေဝမ်ဖုတို့ နှစ်ဦးစလုံး ကြောင်အသွားကြသည်။ ဧကရာဇ်တစ်ပါး ဖြစ်လာရန်က လွယ်ကူသော ကိစ္စမဟုတ်ပေ။
နှစ်ပေါင်းတစ်သိန်းအတွင်း အထူးချွန်ဆုံး ကျင့်ကြံသူဟု လူသိများသော ပေရှုဟွာပင်လျှင် ဧကရာဇ်လောင်း အဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်းငါးထောင် ရှိပြီဖြစ်သည်။ ပေထျန်းလုသာ နှစ်သောင်းဂဏန်းခန့် ဆက်လက်တောင့်ခံထားနိုင်ပါက ပေရှုဟွာ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်သည်။
သို့သော် ပေထျန်းလု၏ အခြေအနေကို ထောက်ဆကြည့်လျှင် နှစ်တစ်ထောင်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ပေထျန်းလုက ဆက်ပြော၏။
“ငါပြင်ပစစ်မြေပြင်မှာ ရှိတုန်းက ဧကရာဇ်အဆင့်ကို အတင်းအကျပ် ချိုးဖျက်ဝင်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်း ကြားဖူးခဲ့တယ်။ အခု ရှုဟွာ... မင်းက ဧကရာဇ်လောင်း အဆင့်ကို ရောက်နေပြီ။ ဧကရာဇ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒီနည်းလမ်းကို မင်း သုံးနိုင်တယ်။”
“ဒါပေမဲ့ အောင်မြင်နိုင်ခြေကတော့ မရှိသလောက်ပဲ။ အကယ်၍ ကျရှုံးသွားရင် မင်း လုံးဝ သေဆုံးသွားလိမ့်မယ်။ ဒါ့အပြင် ဒီနည်းလမ်းနဲ့ ဖြစ်လာတဲ့ ဧကရာဇ်က ဧကရာဇ်အစစ်လောက် စွမ်းအားမကြီးဘူး။ ဒါပေမဲ့ ဒါက ချီယွဲ့နိုင်ငံတော် အခုကြုံနေရတဲ့ အကျပ်အတည်းကနေ အမြန်ဆုံး ကျော်လွှားစေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။”
ဤအချိန်တွင် ပေဝမ်ဖု အလွန် စိုးရိမ်သွားသည်။ လက်ရှိတွင် ဧကရာဇ်လောင်း ဖြစ်နေသော ပေရှုဟွာသည် သူ့ကို လွှမ်းမိုးထားပြီး ဖြစ်၏။ သူမသာ ချီယွဲ့နိုင်ငံတော်၏ တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာပါက အနာဂတ်တွင် သူ ချီယွဲ့နိုင်ငံတော်၏ သခင်ဖြစ်နိုင်ပါဦးမလား။
ပေဝမ်ဖု ကမန်းကတန်း ပြောလိုက်၏။
“လုံးဝ မဖြစ်ပါဘူး အဘိုး။ မင်းသမီးကြီးက နှစ်ပေါင်းတစ်သိန်းအတွင်း အထူးချွန်ဆုံး ပါရမီရှင်ပါ။ သူရဲ့ အလားအလာက အကန့်အသတ် မရှိပါဘူး။ ဒီလို ဆိုးကျိုးများတဲ့ နည်းလမ်းနဲ့ ဘာလို့ အလျင်စလို လုပ်ရမှာလဲ။”
သို့သော် ပေရှုဟွာကတော့ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ အချိန်အတန်ကြာပြီးနောက် ပေရှုဟွာ ရုတ်တရက် ခေါင်းမော့ကာ ပေထျန်းလုကို ကြည့်ပြီး ပြောလိုက်သည်။
“အဘိုး... ပြောသာပြောပါ။ ဘာနည်းလမ်းလဲ။ ချီယွဲ့နိုင်ငံတော်ကို ဒီအကျပ်အတည်းကနေ ကယ်တင်နိုင်မယ်ဆိုင် ဘာနည်းလမ်းပဲဖြစ်ဖြစ် ကျွန်မ စမ်းကြည့်ဖို့ ဆန္ဒရှိပါတယ်။”
…………..
အခန်း (၁၂၉၂ )
ဧကရာဇ်ဖြစ်ရန် အတင်းအဓမ္မ နည်းလမ်း
ပေရှုဟွာက တကယ် လက်ခံလိုက်သည်ကို မြင်သောအခါ ပေဝမ်ဖု ချက်ချင်းပင် ပို၍ စိုးရိမ်သွားကာ ကမန်းကတန်း ပြောလိုက်၏။
“မင်းသမီးကြီး... ခင်ဗျားရဲ့ အခြေခံပါရမီကို ဖျက်ဆီးလို့ မဖြစ်ဘူးလေ။ ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် နောင်တစ်ချိန် ပြင်ပကြယ်နယ်မြေကို သွားတဲ့အခါ မုချ လွှမ်းမိုးနိုင်မှာ။ ပြီးတော့ အဲဒီအဆင့်ကို လှမ်းပြီး ပိုပြီး အားကောင်းတဲ့ ဖြစ်တည်မှုတစ်ခုတောင် ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိတာပဲ။”
ပေရှုဟွာက တုံ့ပြန်လိုက်သည်။
“မင်းကြီး... ဘာမှ ဆက်ပြောနေစရာ မလိုပါဘူး။ ချီယွဲ့နိုင်ငံရဲ့ တော်ဝင်သွေးသားတစ်ယောက် အနေနှင့် မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဘိုးဘွားပိုင် အခြေခံအုတ်မြစ်ကြီး ဆုံးရှုံးမှာကို ကျွန်မ လက်ပိုက်ကြည့်မနေနိုင်ဘူး။”
ပေရှုဟွာ၏ ဆုံးဖြတ်ချက် ခိုင်မာသော အမူအရာကို မြင်သောအခါ ပေဝမ်ဖုလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ဤမိန်းမက သူ၏ ထီးနန်းကို လုယူရန် ဆုံးဖြတ်ထားပုံ ရသည်။
ပေရှုဟွာက ပေထျန်းလုကို ဆက်ကြည့်ကာ
“အဘိုး... အဲဒီနည်းလမ်းကို ကျွန်မကို ပြောပြပါဦး။”
ပေရှုဟွာ သဘောတူလိုက် သောအခါ ပေထျန်းလု ထပ်မံ သက်ပြင်းချလိုက်ပြီး ပေဝမ်ဖုအား
“ဝမ်ဖု... မင်း အရင်ထွက်သွားလိုက်ဦး”
စကားဆုံးသည်နှင့် လျှို့ဝှက်ခန်း၏ ကျောက်တံခါး ဖြည်းညှင်းစွာ ပွင့်သွားခဲ့သည်။
ဒါက...
ပေဝမ်ဖု မျက်ခုံးတွန့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှဆက်မပြောတော့ပေ။ ကြမ်းပြင်ပေါ်မှ ချီတုံချတုံ ထရပ်ကာ လျှို့ဝှက်ခန်းထဲမှ တစ်လှမ်းချင်း ထွက်ခွာသွားတော့သည်။
မထွက်ခွာမီ သူ၏ မျက်လုံးများက ပေရှုဟွာကို စိစိညက်ညက် ကြေမွသွားအောင် လုပ်ချင်နေသည့်အလား စူးရဲသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ပေဝမ်ဖု လျှို့ဝှက်ခန်းထဲမှ ထွက်ခွာသွားပြီးနောက် လျှို့ဝှက်ခန်း၏ ကျောက်တံခါး ပြန်လည် ပိတ်သွားခဲ့သည်။ အတွင်းထဲတွင် ပေရှုဟွာနှင့် ပေထျန်းလုတို့သာ ကျန်ရစ်ခဲ့ တော့သည်။
ပေထျန်းလု ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။ ပေဝမ်ဖု ဘာတွေးနေမှန်း သူ ကောင်းကောင်း သိ၏။ ယခုအချိန်တွင် ချီယွဲ့နိုင်ငံသည် သေရေးရှင်ရေး အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချီယွဲ့နိုင်ငံ၏ အကြီးအကဲချုပ်တစ်ဦး အနေနှင့် သူ၏ ဦးစားပေးမှာ ချီယွဲ့နိုင်ငံ ဆက်လက်ရှင်သန်ရေးသာ ဖြစ်၏။ တော်ဝင် မျိုးဆက်များအကြား ပဋိပက္ခများသည် သူ၏အတွက် သိပ်အရေးမကြီးလှပေ။
ထို့နောက် ပေထျန်းလုက
“ရှုဟွာ... ပြင်ပနယ်မြေမှာတောင် မင်းရဲ့ ပါရမီက ရှားပါးပါတယ်။ ချီယွဲ့နိုင်ငံကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို မင်း မယူချင်ရင်တောင် ငါ မင်းကို အပြစ်မတင်ပါဘူး။ ဝမ်ဖု ပြောတာ မမှားဘူး။ မင်းရဲ့ အနာဂတ်မှာ ပိုမြင့်မားတဲ့ နေရာတစ်ခုမှာ ရပ်တည်နိုင်မှာပါ။”
“မင်း ချီယွဲ့နိုင်ငံမှာ ဆက်မနေချင်ဘူး ဆိုရင်လည်း ငါ ဘာမှမပြောပါဘူး။ ချီယွဲ့နိုင်ငံ ပျက်သုဉ်းပြီးတဲ့နောက် မင်း တခြား ကြယ်နယ်မြေတစ်ခုကို ထွက်သွားလိုက်ပါတော့။”
ပေရှုဟွာက ချက်ချင်း တုံ့ပြန်လိုက်သည်။
“မဟုတ်ပါဘူး အဘိုး... ကျွန်မက ချီယွဲ့နိုင်ငံရဲ့ တော်ဝင်သွေးသားပါ။ ချီယွဲ့နိုင်ငံ သေရေးရှင်ရေး ကြုံနေရတဲ့ အချိန်မှာ ချီယွဲ့နိုင်ငံ တစ်ခုလုံးကို ကျွန်မ ဘယ်လိုလုပ် စွန့်ပစ်ခဲ့နိုင်မှာလဲ။ တကယ်လို့ အဲဒီလို လုပ်ခဲ့ရင် ကျွန်မရဲ့ စိတ်တွေ ငြိမ်သက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါဆို ပါရမီ ကောင်းရင်တောင် အနာဂတ်မှာ ဧကရာဇ်ဖြစ်လာဖို့ မသေချာနိုင်တော့ဘူး။”
ပေရှုဟွာ ထိုသို့ ပြောလာသည်ကို မြင်သောအခါ ပေထျန်းလုက တိုက်ရိုက်ပင် “ကောင်းပြီလေ။ ဒါဆိုရင်လည်း ငါ မင်းကို ဧကရာဇ်ဖြစ်လာမယ့် နည်းလမ်းကို ပြောပြမယ်။”
စကားဆုံးသည်နှင့် ပေထျန်းလုသည် သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်ထဲမှ ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ပေရှုဟွာသည် ကျောက်စိမ်းစာလိပ်ကို ယူလိုက်ပြီး ချက်ချင်း ဖွင့်ကြည့်လိုက်ရာ နောက်တစ်ခဏခန့်တွင် ကျောက်စိမ်းလိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပေရှုဟွာ၏ နဖူးထဲသို့ တိုးဝင်သွားသည်။
ပေထျန်းလု ပြောသော ဧကရာဇ်ဖြစ်မည့် နည်းလမ်းကိုလည်း ပေရှုဟွာ ချက်ချင်းနားလည်သွားခဲ့သည်။
ပေထျန်းလု ပြောသော ဧကရာဇ်ဖြစ်မည့် နည်းလမ်းအကြောင်း သိပြီးနောက်တွင် ပေရှုဟွာသည် တိတ်ဆိတ်သွားခဲ့သည်။
ပေထျန်းလု ပြောသော ဧကရာဇ်ဖြစ်မည့် နည်းလမ်းက ရိုးရှင်းလှသည်။ မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေညာပြီးနောက် ချီယွဲ့နိုင်ငံတစ်ခုလုံး၏ ကံတရားကို စုပ်ယူကာ ဧကရာဇ်အဆင့်ကို အတင်းအကျပ် ဝင်ရောက်ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ခြင်းဖြင့် သူမ ဧကရာဇ်အဆင့်သိူ့ ဝင်ရောက်နိုင်လျှင်ပင် ချီယွဲ့နိုင်ငံ၏ ကံတရားစွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်သွားမည် ဖြစ်သည်။ ကံတရားကို အားကိုးကာ အဆင့်တက်ထားသော ဧကရာဇ်သည်လည်း စစ်မှန်သော ဧကရာဇ် မဟုတ်ပေ။ ဧကရာဇ်အတု ဟုသာ ခေါ်ဆိုနိုင်သည်။
ဧကရာဇ်တု၏ အင်အားသည် ဧကရာဇ်နှင့် နီးစပ်ပြီး ဧကရာဇ်လောင်းထက် အဆပေါင်းများစွာ အားကောင်းသော်လည်း စစ်မှန်သော ဧကရာဇ် မဟုတ်ပေ။ ပုံမှန်နည်းလမ်းဖြင့် ဧကရာဇ်ဖြစ်လာသော ဧကရာဇ်နှင့် ရင်ဆိုင်ရပါက ဧကရာဇ်တုအတွက် အနိုင်ရရန် အခွင့်အလမ်း အလွန် နည်းပါးလှသည်။
သို့သော် ဧကရာဇ်တု ဖြစ်နေလျှင်ပင် ချီယွဲ့နိုင်ငံ၏ လက်ရှိ အကျပ်အတည်းများမှ ယာယီလွတ်မြောက်ရန် ပြဿနာ မရှိနိုင်တာကတော့ ဧကန်မုချ ဖြစ်သည်။
သို့သော် ဤအကျပ်အတည်းမှ လွတ်မြောက်ပြီးနောက် ချီယွဲ့နိုင်ငံသည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ပေရှုဟွာက ချီယွဲ့နိုင်ငံတစ်ခုလုံး၏ ကံတရားစွမ်းအင်ကို စုပ်ယူလိုက်သည်နှင့် နှစ်သောင်းချီ ကြာသည်အထိ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။ အနာဂတ် ချီယွဲ့နိုင်ငံတွင် ဘေးအန္တရာယ် မည်မျှကြုံတွေ့ရမည်ကို မသိနိုင်သဖြင့် ဒါကတော့ ပေရှုဟွာအတွက် နောက်ထပ် စမ်းသပ်မှုကြီးတစ်ခု ဖြစ်လာပေတော့မည်။
ပေရှုဟွာ ကြောင်ငေးနေသည်ကို မြင်သောအခါ ပေထျန်းလုက
“ဒီနည်းလမ်းကို သုံးမလား၊ မသုံးဘူးလား ဆိုတာ မင်းဘာသာ ဆုံးဖြတ်ပါ။”
ပေရှုဟွာ သတိပြန်ဝင်လာပြီး ပေထျန်းလုကို ကြည့်ကာ မေးလိုက်၏။
“အဘိုး... ကျွန်မ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် ထီးနန်းကို လုယူရမှာလား။”
ပေထျန်းလုက
“အခု ဝမ်ဖုက ချီယွဲ့နိုင်ငံရဲ့ ဧကရာဇ် ဖြစ်နေပြီး ကံတရားစွမ်းအင်ရဲ့ အချက်အချာက သူ့ဆီမှာ ရှိနေတာ။ မင်း ထီးနန်းကို မသိမ်းပိုက်ရင် ချီယွဲ့နိုင်ငံ တစ်ခုလုံးရဲ့ ကံတရားကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။”
ပေရှုဟွာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပြန်သည်။
ခဏခန့် အကြာတွင် ပေထျန်းလုက ဆက်လက်၍
“မင်းဧကရီ လုပ်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ စကြဝဠာထဲမှာ အမျိုးသမီး အုပ်ချုပ်သူတွေ ရှိတဲ့ အင်ပါယာတွေ အများကြီးပဲလေ။”
ပေရှုဟွာ တိတ်ဆိတ်နေဆဲ ဖြစ်၏။
ထို့နောက် ပေထျန်းလုက
“ကောင်းပါပြီ။ ပြန်ပြီး သေချာစဉ်းစားပါဦး။ မင်း ဆုံးဖြတ်ချက်ချပြီးပြီ ဆိုရင် မင်း ကံကြမ္မာအကျိုးဆက်တွေကို အများကြီး မထမ်းရလေအောင် ငါကိုယ်တိုင် ထွက်ပြီး ဧကရာဇ်ကို နန်းချပေးလို့ ရပါတယ်။”
ပေရှုဟွာ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး
“နားလည်ပါပြီ။ ကျွန်မ ပြန်ခွင့်ပြုပါဦး။”
စကားဆုံးသည်နှင့် ပေရှုဟွာ လျှို့ဝှက်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ပေရှုဟွာ လျှို့ဝှက်ခန်းထဲမှ ထွက်သွားသည်နှင့် ပေထျန်းလုလည်း သွေးမည်းတစ်ပွက်ကို ထပ်မံ အန်ထုတ်လိုက်သည်။ သူသည် အတွင်းပိုင်း မူမမှန်မှုများကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် လည်ပတ်စေလိုက်သော်လည်း ထိုအခိုက်အတန့်တွင် အနက်ရောင် စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း အထိန်းအကွပ်မဲ့ သောင်းကျန်းလာခဲ့သည်။
ပေထျန်းလု နာကျင်စွာ အော်ဟစ်လိုက်၏။
“ဒါ ဘာစွမ်းအားလဲ...”
ထိုအချိန်တွင်ပင် သွေးဆောင်ဖျားယောင်းသော အသံတစ်ခု ပေထျန်းလု၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“ခင်ဗျားရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး ပိုမြင့်မားတဲ့ နယ်ပယ်တစ်ခုကို ရောက်ချင်လား။”
“ကျုပ်ကို လက်ခံလိုက်ပါ။ ခင်ဗျားကို မသေမျိုး ဖြစ်စေပြီး ပိုအားကောင်းလာအောင် ကျုပ်လုပ်ပေးနိုင်တယ်။”
ပေထျန်းလု ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဆက်လက် လည်ပတ်စေခဲ့သည်။ အတွင်းမှ မငြိမ်မသက် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီး ထိုအသံ၏ လွှမ်းမိုးမှုကို မခံရစေရန် သူ၏ စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။
ပြင်ပစစ်မြေပြင်မှ ပြန်လာကတည်းက ထိုအသံ၏ မကြာခဏ သွေးဆောင်မှုကို သူ ခံခဲ့ရသည်။ ရံဖန်ရံခါတွင်လည်း သူ၏ ခန္ဓာကိုယ်ကိုလည်း အမှောင်စွမ်းအားများ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်။
ဤစွမ်းအားသည် ကောင်းသော သဘောမရှိကြောင်း သူ ကောင်းကောင်း သိ၏။ အကယ်၍ သူသာ လိုလိုလားလား လက်ခံလိုက်ပါက ပြန်လမ်းမဲ့သော အနက်ရောင်တွင်းနက်ကြီးထဲသို့ ကျရောက်သွားပေလိမ့်မည်။ ထိုအမှောင်စွမ်းအားကို လက်ခံမည့်အစား အချိန်တန်၍ သေဆုံးသွားခြင်းကိုသာ သူ ပို၍ လိုလားသည်။
သာမန် မဟာဧကရာဇ်တစ်ပါး ဆိုလျှင်မူ ထိုသွေးဆောင်မှုကို မလွန်ဆန်နိုင်ပဲ ထိုစွမ်းအားကို လက်ခံလိုက်ကောင်း လက်ခံလိုက်လိမ့်မည် ဖြစ်သည်။ သို့သော် ပြင်ပစစ်မြေပြင်တွင် လမ်းလျှောက်နေသော အလောင်းကောင်များကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရဖူးသူ တစ်ဦးအနေနှင့် မည်သည့်အခြေအနေမျိုးတွင်မှ သူ့ကိုယ်သူ ပြင်ပနယ်မြေမှ သားရဲများကဲ့သို့ ဘီလူးသရဲစီးခြင်း မခံနိုင်ပေ။
ထိုအမှောင်စွမ်းအားကို လက်ခံလိုက်သည်နှင့် သူသည်လည်း ပြင်ပနယ်မြေမှ သားရဲကောင်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ပေရှုဟွာ လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီးနောက် ပေဝမ်ဖုက သူမထံသို့ အလျင်အမြန် လျှောက်လာခဲ့သည်။
“အစ်မတော်... အဘိုး ပြောတဲ့အတိုင်း လုပ်ပြီး ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်အောင် အတင်းအဓမ္မ လုပ်ဖို့ တကယ် စီစဉ်နေတာလား။”
ပေရှုဟွာသည် ပေဝမ်ဖုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်လိုက်သည်။ သူမ သူ၏ ထီးနန်းကို လုယူမှာ ပေဝမ်ဖု ကြောက်ရွံ့နေကြောင်း သိသာလှသည်။
ပေဝမ်ဖုသည် ငယ်စဉ်ကတည်းက သူမကို အမြဲ သတိထားခဲ့သည်။
မတတ်နိုင်ပေ။
နှစ်တစ်ထောင် မပြည့်ခင် ဧကရာဇ်လောင်း အဆင့်သို့ ရောက်ရှိခဲ့သော သူမ၏ ပါရမီကလည်း အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ချီယွဲ့နိုင်ငံ တစ်ခုလုံး မဆိုထားနှင့် စကြဝဠာတစ်ခုလုံးတွင်ပင် နှစ်တစ်ထောင်အတွင်း ဧကရာဇ်လောင်း ဖြစ်လာနိုင်သော ကျင့်သူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
ပေရှုဟွာက ခံစားချက် ကင်းမဲ့စွာဖြင့်
“မင်းကြီးအနေနှင့် လက်ရှိ အကျပ်အတည်းအတွက် ဖြေရှင်းနည်း ရှာတွေ့နိုင်မယ် ဆိုရင် ကျွန်မ အဘိုးရဲ့ နည်းလမ်းကို သုံးမှာ မဟုတ်ဘူး။”
ထိုစကားကို ကြားလျှင် ပေဝမ်ဖု၏ မျက်လုံးများ အရောင်လက်သွားကာ
“တကယ်လား”
…………..
အခန်း (၁၂၉၃ )
လုကျိအန်း
ပေရှုဟွာ ဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးသမျှ ကာလပတ်လုံး သူမနှင့် သူမ၏ အင်အားစုကို ဖိနှိပ်ထားနိုင်သေးသည်ဟု ပေဝမ်ဖုမြင်၏။
သို့သော် ပေရှုဟွာသာ ဧကရာဇ် ဖြစ်သွားပါက သူ့အတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် ချီယွဲ့နိုင်ငံမှ ဝန်ကြီးများမဆိုထားနှင့် တော်ဝင်မိသားစုဝင်များကပင် ပေရှုဟွာကို နန်းတင်ရန်အတွက် သူ့ကို နန်းချမည့်အရေး စဉ်းစားကြပေလိမ့်မည်။
အထူးသဖြင့် လျှို့ဝှက်အခန်းထဲမှ အဘိုးအို ဖြစ်သည်။
ပေရှုဟွာအပေါ် ထားရှိသော အဘိုး၏ သံယောဇဉ်ကို ပေဝမ်ဖု ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူမ၏ ထူးကဲသော ပါရမီကြောင့်ပေရှုဟွာသာ တောင်းဆိုလိုက်လျှင် ထိုအဘိုးအိုက ထွက်လာပြီး သူ့ကို နန်းချကာ ပေရှုဟွာကို ဧကရာဇ်အဖြစ် တင်မြှောက်ပေးလိမ့်မည်။ ထိုဖြစ်နိုင်ခြေကို ပေဝမ်ဖု သံသယမရှိပေ။
ပေဝမ်ဖု၏ မျှော်လင့်ချက် ကြီးမားနေသော ပုံစံကို မြင်လိုက်ရသောအခါ ပေရှုဟွာက
“တကယ်လို့ မင်းကြီးအနေနဲ့ အဘိုးရဲ့ သက်တမ်းမကုန်ဆုံးခင်မှာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှာနိုင်ဘူးဆိုရင် ကျွန်မက အဘိုးရဲ့ နည်းလမ်းကို သုံးပြီး ဧကရာဇ်ဖြစ်အောင် အတင်းအကျပ် လုပ်ရပါ့လိမ့်မယ်။”
ပေဝမ်ဖုက စိတ်လှုပ်ရှားစွာဖြင့်
“မင်းသမီးကြီး... စိတ်ချပါ။ ခင်ဗျားရဲ့ ပါရမီကို စတေးပြီး အတင်းအကျပ် အဆင့်တက်ရတာမျိုး ကျွန်တော် အဖြစ်ခံမှာ မဟုတ်ပါဘူး။ အကျပ်အတည်းကို ဖြေရှင်းမယ့် နည်းလမ်းကို ကျွန်တော် မုချရှာဖွေပါ့မယ်။”
ပေရှုဟွာက စကားဆက်မပြောတော့ပဲ ပေဝမ်ဖုကို ကျော်ကာ ထွက်ခွာသွားခဲ့သည်။
ပေဝမ်ဖု ဤအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာတွေ့နိုင်မည်ဟု သူမ မယုံကြည်ပေ။ ဧကရာဇ်အဆင့်တပါး မရှိသော နိုင်ငံတော်သည် မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်အတွက်မဆို မက်လောက်စရာ ပစ်မှတ်တစ်ခု ဖြစ်သည်။
နိုင်ငံတော် ကံတရားက ကျင့်ကြံသူများကို အတင်းအကျပ် ဧကရာဇ်ဖြစ်လာစေနိုင်ကြောင်း သိရှိပြီးနောက် နိုင်ငံကံတရား၏ ဆွဲဆောင်မှု အင်အားကို ပေရှုဟွာ ပိုသတိပြုမိလာသည်။
ပေဝမ်ဖု ဘာလုပ်နေသလဲဆိုတာ သူမ သိသည်။ ပေဝမ်ဖုက ချီယွဲ့နိုင်ငံအတွက် အခြားဧကရာဇ်တစ်ပါး၏ ကာကွယ်မှုကို ရယူလို နေခြင်းဖြစ်သည်။ သို့သော် ထိုဧကရာဇ်များအတွက် မည်သည့်ဆုလာဘ်ကမှ ချီယွဲ့နိုင်ငံ၏ ကံတရားနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ဧကရာဇ်တစ်ပါးက ချီယွဲ့နိုင်ငံကို ကာကွယ်ပေးရန် သဘောတူခဲ့လျှင်ပင် ထိုဧကရာဇ်သည် နောက်ဆုံး၌ ကတိဖျက်မည်မှာ သေချာသည်။
ယခု ချီယွဲ့နိုင်ငံအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ တော်ဝင်မိသားစုအတွင်းမှ အခြားဧကရာဇ်တစ်ပါး ပေါ်ထွက်လာရန် ဖြစ်သည်။ ဧကရာဇ်တု ဖြစ်နေလျှင်ပင် ချီယွဲ့နိုင်ငံကို လိုချင်တပ်မက်နေသူများကို ယာယီ ဟန့်တားထားနိုင်သည်။
ပေဝမ်ဖုက ထိုအချက်ကို သဘောမပေါက်ပေ။ သူ့မျက်လုံးထဲတွင် ကိုယ်ပိုင်အာဏာကသာ အရေးအကြီးဆုံး ဖြစ်သည်။
ထွက်ခွာသွားသော ပေရှုဟွာ၏ ကျောပြင်ကို ကြည့်ရင်း ပေဝမ်ဖု၏ မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားပြီး အမုန်းတရားများ အစားထိုး ဝင်ရောက်လာ၏။
ငယ်စဉ်ကတည်းက သူ့ကို ပေရှုဟွာနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ သူ ဧကရာဇ် ဖြစ်လာပြီးနောက်တွင်ပင် ပေရှုဟွာသာ ဧကရာဇ်ဖြစ်လျှင် ပိုကောင်းမည်ဟု လူများက ပြောဆိုနေကြဆဲ ဖြစ်သည်။ ဧကရာဇ် နေရာသည် သူ့အား သနားသဖြင့် ပေးကမ်းထားသည့် အလှူတစ်ခုသဖွယ် ဖြစ်နေသည်။
ထိုအခြေအနေကို သူ ငြီးငွေ့နေပြီဖြစ်သော်လည်း အစွမ်းထက်သော ပေရှုဟွာကို မယှဉ်နိုင်ပဲ ဖြစ်နေသည်။ သူ၏ ကိုယ်ပိုင်အင်အား တည်ဆောက်နိုင်ချိန်တွင် ပေရှုဟွာက ဧကရာဇ်လောင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမကို ဘာမှလုပ်၍ မရပေ။
အရေးအကြီးဆုံးမှာ ပေရှုဟွာတွင် ပေထျန်းလုဟူသော ကျောထောက်နောက်ခံ ရှိနေသဖြင့် သူမကို ရှင်းထုတ်ရန် အခွင့်အရေး မရှိခဲ့ပေ။
ယခု ပေထျန်းလု သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ပေဝမ်ဖု အတွက်အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်မည့် အခွင့်အရေး နီးကပ်လာပြီ ဖြစ်သည်။ ပေရှုဟွာ သူ့အစီအစဉ်ကို ဖျက်ဆီးမည့် အခြေအနေကို သူအဖြစ်ခံမည် မဟုတ်ပေ။
……..
ရှနိုင်ငံတော်။
ထျန်းချန်ကမ္ဘာ။
အိမ်တော်တစ်ခု အတွင်း၌။
အစေခံတစ်သိုက်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရင်း အသက်ပြင်းပြင်းပင် မရှူရဲပဲ တုန်လှုပ်နေကြသည်။
ထိုအစေခံများ၏ ရှေ့တွင် ဝဖြိုးသော အမျိုးသားတစ်ဦး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်။
ထိုအမျိုးသား၏ ရှေ့တွင် သာမန် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး လူ့ပြည်သို့ ဆင်းသက်လာသည့် ပြည်နှင်ခံ နတ်ဘုရားတစ်ပါးကဲ့သို့ ထူးခြားသော အမျိုးသားတစ်ဦး ရပ်နေသည်။
ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသော ဝဖြိုးသည့် အမျိုးသားက ငိုသံဖြင့်
“သားတော် အမှားကို သိပါပြီ။ သားတော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး ဖခင်။”
လုကျိအန်း သူ့ရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသောအခါ လုချန်း၏ စိတ်ထဲ ခံစားချက်မျိုးစုံ ရောပြွမ်းသွားသည်။
လုကျိအန်းသည် သူ၏ ခြောက်ယောက်မြောက် ကလေးဖြစ်သည်။ လုချန်း သူ့အားနာမည်ပေးစဉ်က သူ့ကို ဘေးကင်းစွာ ကြီးပြင်းပြီး အေးချမ်းသော ဘဝကို ပိုင်ဆိုင်စေလိုခဲ့ခြင်းသာ ဖြစ်သည်။ လုကျိအန်း အနေနှင့် ကြီးကျယ်သော အရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အမှန်တကယ်ပင် လုကျိအန်း၏ ဘဝတွင် ကြီးကြီးမားမား အောင်မြင်မှု မရှိခဲ့ပေ။ ကျင့်ကြံခြင်း ပါရမီမှာလည်း ညီအစ်ကို မောင်နှမများနှင့် ယှဉ်လျှင် သာမန်သာ ရှိ၏။ ထို့ကြောင့် လုချန်း သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပေ။
အရွယ်ရောက်လာကတည်းက လုကျိအန်း သည် ရန်ခရိုင်မှ ထွက်ခွာပြီး အပျော်အပါး လိုက်စားသော ဘဝကို စတင်ခဲ့သည်။ ကိုယ်လုပ်တော် တစ်ရာကျော် ယူကာ ရှနိုင်ငံတော် မြို့တော်ဟောင်းတွင် ကာမဂုဏ်ခံစားသော ဘဝဖြင့် နေထိုင်ခဲ့သည်။
လုကျိအန်းသည် မိခင်၏ ဆုံးမစကားကို မှတ်သားထားပြီး ယုတ်မာသော ကိစ္စများကို ကျူးလွန်ခြင်း မရှိခဲ့ပေ။ လုကျိအန်၏ အဆင့်အတန်းကြောင့် သူ တောင်းဆိုစရာ မလိုပဲ ကိစ္စရပ်များ ပြီးမြောက်သွားလေ့ရှိသည်။
သူ၏ ကလေးအများစု အရွယ်ရောက်လာသောအခါ သူ့တို့ဘဝထဲ လုချန်း များစွာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သူတို့၏ မိခင်များကသာ လမ်းညွှန်ကြသည်။
သူ၏ ကလေးအချို့ အပျော်အပါး မက်မောကြကြောင်း လုချန်း ကောင်းစွာ သိသည်။ သို့သော် သူကိုယ်တိုင် ဇနီးမယား အမြောက်အမြား ရှိနေသည်ကို ထည့်သွင်းစဉ်းစားကာ အလွန်အကျွံ တင်းကျပ်ခြင်းမပြုလိုသဖြင့် အတင်းအဓမ္မ ရယူခြင်း မဟုတ်သရွေ့ မယားယူခြင်းအပေါ် သူ သိပ်ဂရုမစိုက်ခဲ့ပေ။
သို့သော် လုချန်း မမျှော်လင့်ထားသည်က လုကျိအန်း ဟူသော ကောင်စုတ်လေးသည် မြို့တော်ဟောင်း တစ်ခုတည်းမှာပင် ကိုယ်လုပ်တော် တစ်ရာကျော် ယူထားခြင်း ဖြစ်သည်။ ထိုအရေအတွက်က သူ့ထက်ပင် များနေသည်။
ထို့ပြင် အထူးကိုယ်ရံတော်အဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ လုကျိအန်းနှင့် ပတ်သက်နေသော အမျိုးသမီး အရေအတွက်မှာ တစ်ရာထက် များစွာ ကျော်လွန်နေသည်။ လုကျိအန်းသည် ရံဖန်ရံခါ အပျော်အပါးအတွက် မြို့တော်ဟောင်းမှ ထွက်ခွာပြီး အခြား ကမ္ဘာများသို့ သွားရောက်လေ့ရှိသည်။
အင်အားကြီး အဖွဲ့အစည်းများသည် လုကျိအန်း၏ အဆင့်အတန်းနှင့် မိန်းမလှများကို နှစ်သက်တတ်သည့် အကျင့်ကို သိရှိသဖြင့် လုကျိအန်းထံ မိန်းမလှများကို တိတ်တဆိတ် ပို့ဆောင်ပေးကြသည်။ လုကျိအန်းတွင် အခြား သက်ရှိကမ္ဘာများ၌လည်းပိုင်ဆိုင်မှုများ ရှိပြီး နေရာတိုင်းလိုလို၌ အမျိုးသမီးများ ရှိနေသည်။
ဖခင်၌ ဇနီးမယား များစွာ ရှိသဖြင့် သူ့ကို ဂရုစိုက်မည် မဟုတ်ဟု အစက လုကျိအန်း ထင်မှတ်ခဲ့သည်။ သူ့တွင် ဇနီးမယား တစ်ရာကျော် ရှိသည်ကို ဖခင် ဘာမှမပြောသဖြင့် သူ့၌ အမျိုးသမီး မည်မျှပင် များပြားနေပါစေ ကိစ္စမရှိဟု ခံစားမိကာ တွေ့သမျှ မိန်းမလှတိုင်းကို လက်ခံခဲ့သည်။
သို့သော် ဒေါသထွက်နေသော မျက်နှာထားဖြင့် သူ့ရှေ့သို့ ရောက်လာသော ဖခင်ကို မြင်သောအခါ လုကျိအန်း ချက်ချင်း နောင်တရသွားသည်။
ဖခင်၌ ဇနီးမယား ဒါဇင်အနည်းငယ်သာ ရှိပြီး သူက ဖခင်ထက် အမျိုးသမီး ပိုများနေသည်။
စည်းကျော်မိသော သူ့လုပ်ရပ်များကို တွေးမိပြီး လုကျိအန်း ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားသည်။
လုကျိအန်း၏ ဝဖြိုးသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ လုချန်းလည်း ဒေါသထွက်လွန်းသဖြင့် လွှတ်မပေးထားနိုင်တော့ပဲ အေးစက်စွာ ပြောလိုက်သည်။
“မင်း ဘယ်နေရာမှာ မှားခဲ့လဲ ဆိုတာ ပြောစမ်း။”
လုကျိအန်း ချက်ချင်းပင် ချွေးစေးများ ပြန်လာသည်။ နဖူးပေါ်မှ စီးကျလာသော ချွေးသီးများကို သုတ်ရင်း သူက
“သားတော်... သားတော် အမျိုးသမီး အများကြီး မယူခဲ့သင့်ပါဘူး”
လုချန်းက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
“မင်းအမှားကို မင်း သဘောမပေါက်သေးပုံပဲ။”
လုကျိအန်းက ခေါင်းဖြင့် ကြမ်းပြင်ကို ဆက်တိုက် ဆောင့်ရင်း
“ဖခင်... သားတော် အမှားကို သိပါပြီ။ မယ်တော်ကို ဒီကိစ္စ မပြောပါနဲ့နော်။”
မသွန်သင်ထိုက်သူ တစ်ဦးကို ကိုင်တွယ်ဖြေရှင်းနေရသကဲ့သို့ လုချန်း စိတ်ပျက်သွားပြီး
“မင်းက ရှက်တတ်သေးသားပဲ... မင်း ပြောစမ်း...”
လုကျိအန်းနှင့် လုဟွမ်းဟွမ်းတို့သည် မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော်လည်း အဘယ်ကြောင့် ဤမျှ ကွာခြားနေရသနည်းဟု လုချန်း ပြောချင်ခဲ့သည်။ သို့သော် ကလေးများသည် သဘာဝအလျောက် ကွာခြားတတ်ပြီး လုကျိအန်းအပေါ် သူ ကြီးကြီးမားမား မမျှော်လင့်ခဲ့သည်ကို သတိရသဖြင့် ထိုစကားများကို မျိုသိပ်လိုက်သည်။
ထို့နောက် လုချန်းက
“ငါတို့မိသားစုမှာ ထူးခြားတဲ့ သွေးမျိုးဆက် ရှိတယ်ဆိုတာ ငါ မင်းကို ပြောပြထားသင့်တယ်။ မင်း ကလေးယူလိုက်တိုင်း မင်းရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ ကံတရား တစ်စိတ်တစ်ပိုင်း ခွဲထွက်သွားတယ် မဟုတ်လား။”
ထိုစကားကို ကြားသောအခါ လုကျိအန်းက စိတ်ပျက်လက်ပျက်ဖြင့်
“ဖခင်... သားတော်ရဲ့ ပါရမီက အကန့်အသတ်ရှိတာ ဖခင်လည်း သိတာပဲ။ ဆက်ပြီး ကျင့်ကြံနေရင်တောင် ကျင့်စဉ်လမ်းမှာ ထူးထူးခြားခြား ဖြစ်လာဖို့ ခက်ခဲပါတယ်။ ဒီတော့ ဘဝကို ကောင်းကောင်း ခံစားလိုက်တာက ပိုကောင်းပါတယ်။”
လုကျိအန်း၏ စကားကို လုချန်း မငြင်းနိုင်ပေ။ လုကျိအန်းသည် သူ၏ အခြားကလေးများနှင့် ယှဉ်လျှင် ကျင့်ကြံခြင်း ပါရမီ အမှန်တကယ် ညံ့ဖျင်းသည်။ သူ၏ ကလေးအားလုံး ထူးကဲသော ပါရမီ ပိုင်ဆိုင်နိုင်သည်တော့ မဟုတ်ပေ။
လုကျိအန်းတွင် စိတ်ဝိညာဉ်အမြစ် မရှိပေ။ ထျန်းချန်ကမ္ဘာ၌ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်နိုးထလာပြီးနောက်တွင်ပင် လုကျိအန်း၏ ကျင့်စဉ် တိုးတက်နှုန်းက အထူးနှေးကွေးနေသည်။ လုချန်း၏ သားဖြစ်နေ၍ ဆေးဝါးအများအပြား စားသုံးခွင့် ရရှိခြင်းကြောင့်သာ မဟုတ်လျှင် ကောင်းကင်လူသား နယ်ပယ်သို့ပင် သူ ရောက်ရှိနိုင်မည် မဟုတ်ပေ။