အခန်း (၁၂၉၄-၁၂၉၆)
Vol. 87 Ch. 1294-1296
အခန်း (၁၂၉၄ )
ချီယွဲ့နိုင်ငံမှ ကုန်သည်ယာဉ်တန်း
အဝလွန်နေသဖြင့် ပုံပျက်လုနီးပါးဖြစ်နေသော လုကျိအန်းကို လုချန်းက ကြည့်လိုက်သည်။ ထို့နောက်
“မင်းတို့ကို ကြီးကျယ်တဲ့အရာတွေ လုပ်နိုင်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး။ ကျင့်စဉ်လမ်းကြောင်းပေါ်မှာ မင်းတို့ ဘယ်လောက်ဝေးဝေး လျှောက်နိုင်မလဲဆိုတာလည်း မတွေးဖူးဘူး။ ငါလိုချင်တာက မင်းတို့ နောက်ထပ် နှစ်နည်းနည်းလောက် အသက်ရှင်ဖို့ပဲ။”
“မင်းတို့ကို ကျင့်စဉ်ကျင့်ခိုင်းတာက အစွမ်းထက်တဲ့လူတွေ ဖြစ်လာစေချင်လို့ လို့ ထင်နေတာလား။ ကျင့်စဉ်ကျင့်ရတဲ့ ရည်ရွယ်ချက်က မင်းတို့ရဲ့ သက်တမ်းကို နည်းနည်းပိုရှည်စေချင်ရုံ သက်သက်ပဲ။”
“တည့်တည့်ပြောရရင် မင်းရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေရင် သက်တမ်းရှည်စေတဲ့ နည်းလမ်းတချို့ကိုတောင် မင်းအပေါ် အသုံးပြုလို့မရဘူး။”
ကျင့်စဉ်လောကတွင် ဆေးဝါးများနှင့် အခြားအရာများကဲ့သို့ သက်တမ်းရှည်စေသော နည်းလမ်းများစွာ ရှိတာမှန်၏။ သို့သော် အဆင့်နိမ့်သူများအတွက် သက်တမ်းတိုးသည့်နည်းလမ်းများကတော့ ကန့်သတ်ချက်များ ရှိသည်။ သာမန်ကျင့်ကြံသူများ မဆိုထားနှင့် ဧကရာဇ်အဆင့်များပင်လျှင် ၎င်းတို့၏ နေ့ရက်များ ကုန်ဆုံးချိန် ရှိသည်။
ထို့ပြင် အဆင့်မြင့် သက်တမ်းတိုးနည်းလမ်းအချို့သည် ကျင့်ကြံသူ၏ ကျင့်စဉ်အဆင့် လိုအပ်ချက်များ ရှိတတ်သည်။ ကျင့်စဉ်အဆင့် နိမ့်လွန်းပါက သက်တမ်းတိုးသည့် နည်းလမ်းများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားသောအခါ လုကျိအန်းလည်း ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေပြီး စကားဆက်မပြောတော့ပေ။
သူတို့၏ ဖခင်သည် သားသမီးများအပေါ် အလွန်ကောင်းကြောင်း သူသိမြင်နိုင်သည်။ ဖခင်၏ သွန်သင်ဆုံးမမှုနှင့် စံနမူနာ ကြောင့်သာလျှင် အားလပ်ချိန်များသော မင်းသားတစ်ပါးဖြစ်သည့် သူသည်လည်း သူ၏ သားသမီးများအပေါ် အလွန်ကောင်းမွန်ခြင်း ဖြစ်သည်။
လုကျိအန်း ဆက်လက်ငြင်းခုံခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် လုချန်း သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ ထို့နောက် သူက ဆက်လက်၍
“မင်းက အလှအပကို ကြိုက်တယ်။ အဲ့ဒါက ဘာမှ မမှားပါဘူး။ မင်းရဲ့အဖေမှာတောင် ဇနီးမယားတွေ အများကြီးရှိတာပဲ။ မင်းတို့ကိုလည်း ကန့်သတ်ထားဖို့ မဖြစ်နိုင်ပါဘူး။”
“ဒါပေမဲ့ မင်းနားလည်ရမှာက ဒီလောကမှာ အလကားရတာ ဘာမှမရှိဘူးဆိုတာပဲ။ မင်းကို မိန်းမလှတွေ လာဆက်သတဲ့လူတွေ... သူတို့အားလုံးမှာ ရည်ရွယ်ချက်တွေ ရှိတယ်။ မင်းတကယ်ပဲ အဲ့ဒါကို သတိမထားမိတာလား။”
လုကျိအန်းက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ကပျာကယာ ပြောလိုက်သည်။
“ဖခင်... သားတော်ဟာ ရှနိုင်ငံတော်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။”
လုကျိအန်းသည် မအပေ။ လူအချို့ သူ့ထံ အဘယ်ကြောင့် ချဉ်းကပ်လာသည်ကို သူနားလည်သည်။ သို့သော် သူ့ဘက်က မည်သည့်အရာကိုမှ ပြန်မလုပ်ပေးပဲ သူတို့၏ မျက်နှာလိုမျက်နှာရပြုမှုများကို လက်ခံလေ့ရှိသည်။ တံစိုးလက်ဆောင်များက သူ့ထံ အလကားရောက်လာခြင်းဖြစ်၏။ ငြင်းသည်ဖြစ်စေ မငြင်းသည်ဖြစ်စေ ဘာသက်ရောက်မှုမှ မရှိပေ။
လုချန်းက
“မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်းလိုချင်ပြီး မရနိုင်တာ ဘာရှိလို့လဲ။ မင်းက ဘာတွေ လိုအပ်နေလို့လဲ။”
ထိုအရာကို ကြားလျှင် လုကျိအန်း ခေတ္တရပ်တန့်သွားသည်။ သူ ပိုင်ဆိုင်ထားသည့် ကြွယ်ဝချမ်းသာမှုနှင့်ဆိုလျှင် သူလိုချင်သောအရာ မရှိသလောက်ဖြစ်၏။ သူ့တွင် အလှမယ်များလည်း မရှားပါးပေ။ ထိုလူများထံမှ မျက်နှာလိုမျက်နှာရပြုမှုများကိုလည်း လက်ခံရန် အမှန်တကယ် မလိုအပ်ချေ။
လုချန်းက ဆက်ပြောလိုက်သည်။
“မင်းက ဘာမှပြန်မလုပ်ပေးပဲ လက်ဆောင်တွေကို လက်ခံတယ်ဆိုရင်တောင် တခြားသူတွေရဲ့အမြင်မှာ မင်းလက်ခံလိုက်တဲ့အချိန်ကစပြီး ပေးတဲ့သူတွေက မင်းလူတွေ ဖြစ်သွားတာပဲ။ လက်ဆောင်ပေးတဲ့သူတွေက ပြစ်မှုတစ်ခုခု ကျူးလွန်ရင် လူတွေက ဘယ်လိုထင်မယ်လို့ မင်းထင်လဲ။”
လုကျိအန်း၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်သွားသည်။ လုချန်း၏ ဆိုလိုရင်းကို သူနားလည်သွားသည်။ သူဘာမှ မလုပ်ခဲ့လျှင်ပင် လက်ဆောင်များကို လက်ခံလိုက်ရုံဖြင့် ထိုလူများ၏ သစ္စာခံမှုကို လက်ခံလိုက်ကြောင်း ဖော်ပြရာရောက်ပေသည်။ ထိုအခါ ထိုသူများ သူ့အမည်ခံကာ မဟုတ်တာလုပ်ခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။ အဆုံးတွင် အပြစ်က သူ့ခေါင်းပေါ်သို့ ရောက်လာလိမ့်မည် ဖြစ်သည်။
ထိုခဏတွင် လုကျိအန်းက ရုတ်တရက် သဘောပေါက်သွားသည်။ သူ့ဖခင်၏ ဒေါသက သူ ဇနီးမယား တစ်ရာကျော် ယူထားသောကြောင့် မဟုတ်ပေလော။ လက်ဆောင်ပေးသူများနှင့် ဆက်ဆံရေးကို သင့်လျော်သလို မကိုင်တွယ်ခဲ့သောကြောင့်လား။
ထိုအတွေးနှင့်အတူ လုကျိအန်း လျင်မြန်စွာ ပြောလိုက်သည်။
“စိတ်ချပါ ဖခင်... နောက်နောင်ကျရင် သားတော် တခြားသူတွေဆီက လက်ဆောင်တွေကို ပေါ့ပေါ့ဆဆ လက်မခံတော့ပါဘူး။ ဒေါ်လေးတွေနဲ့ မောင်နှမတွေဆီက လက်ဆောင်တွေကလွဲရင် ကျန်တာအားလုံးကို ငြင်းပယ်ပါ့မယ်။”
လုချန်း သက်ပြင်းအနည်းငယ် ချလိုက်သည်။ လုကျိအန်း လုပ်ခဲ့သည့်အရာများအပေါ် ဒေါသအနည်းငယ် ဖြစ်မိသော်လည်း သူသည် ပုံမှန်အားဖြင့် သူ့သားသမီးများအပေါ် သက်ညှာတတ်သူဖြစ်၏။ လုကျိအန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ဆန္ဒမရှိပေ။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“အခု မင်းမှာ ကလေးဘယ်နှစ်ယောက် ရှိပြီလဲ”
လုကျိအန်းက
“တစ်ရာ့နှစ်ဆယ့်သုံးယောက်ပါ”
ဒါက...
လုကျိအန်းက သူ့သားသမီးအရေအတွက် အတိအကျကို ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် လုချန်း၏ ခံစားချက်များ ပို၍ ရှုပ်ထွေးသွားသည်။
လုကျိအန်းတွင် ကလေးတစ်ရာကျော် ရှိခြင်းက သူ့တွင် သွေးမျိုးဆက်စွမ်းအား များများစားစား မကျန်တော့ကြောင်း ဆိုလိုခြင်းဖြစ်သည်။ မူလကတည်းက သူ့ပါရမီနှင့် အရည်အချင်း ထူးခြားခြင်းမရှိသည့်အပြင် ကလေးအများအပြားက သူ့ကံတရားစွမ်းအားနှင့် သွေးမျိုးဆက်စွမ်းအားများကို စုပ်ယူလိုက်သဖြင့် အနာဂတ်တွင် လုကျိအန်း ကျင့်စဉ်ကျင့်ရန် ပို၍ ခက်ခဲလာမည် ဖြစ်သည်။
သို့သော် လုချန်း စိတ်သက်သာရာ အနည်းငယ် ရသွားသည်။ သူ့တွင် ကလေး တစ်ရာ့နှစ်ဆယ့်သုံးယောက် ရှိကြောင်း လုကျိအန်း ချက်ချင်း အစီရင်ခံနိုင်သည့် အချက်က သူ၏ သားသမီးများအပေါ် အတော်လေး ကောင်းမွန်ကြောင်း ပြသနေသည်။
ဤအရာက လုချန်း သိထားသည့်အရာများနှင့်လည်း ကိုက်ညီမှုရှိသည်။ အထူးကိုယ်ရံတော်များကို စုံစမ်းခိုင်းခဲ့ရာ လုကျိအန်းသည် သားဖြစ်စေ၊ သမီးဖြစ်စေ သားသမီးတစ်ဦးချင်းစီအပေါ် အလွန်ကောင်းမွန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဤအရာက လုချန်းထံမှ အမွေရထားသည့် အရည်အချင်းတစ်ခု ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်းက
“နောက်ပိုင်း မင်း ကလေးထပ်ယူခွင့် မရှိတော့ဘူး။ တစ်ရာကျော်ဆိုတာ လုံလောက်ပြီ။ တစ်စုံတစ်ယောက်နဲ့ ကလေးယူရမယ်ဆိုရင်တောင် မင်းရဲ့ မယ်တော်ကို အသိပေးရမယ်။”
ဒါက...
လုကျိအန်းက ခဏခန့် ကြောင်အမ်းသွားပြီးနောက်
“ဟုတ်ကဲ့ပါ ဖခင်”
သူ့ဖခင်က သူ့ကောင်းကျိုးအတွက် ထိုသို့လုပ်နေခြင်းဖြစ်ကြောင်း လုကျိအန်း နားလည်သည်။
ထို့ပြင် သူ့ဖခင်က ကလေးမယူရန်သာ ပြောခဲ့ခြင်းဖြစ်ပြီး မယားများနှင့် မနေရဟု ပြောခဲ့ခြင်း မဟုတ်ပေ။ ကျင့်ကြံသူများအတွက် အတူနေစဉ် ကိုယ်ဝန်မရအောင် တားဆီးရန်က အလွန်ရိုးရှင်းသည်။
လုကျိအန်း၏ ၀ဖိုင့်နေသော ခန္ဓာကိုယ်ကို လုချန်း နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် မြင်ကွင်းကို ဆက်လက်သည်းမခံနိုင်တော့သဖြင့် လက်ဝှေ့ယမ်းလိုက်ရာ အေးမြသော စွမ်းအားတစ်ခုက လုကျိအန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နောက်တစ်ခဏတွင် လုကျိအန်း၏ ခန္ဓာကိုယ်ပေါ်မှ အဆီများ မြူခိုးကဲ့သို့ အငွေ့ပျံသွားသည်။ လုကျိအန်းသည် ချက်ချင်းဆိုသလိုပင် ကြွက်သားအဖုအထစ်များဖြင့် သန်မာတောင့်တင်းပြီး ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ခန္ဓာကိုယ်မှ ပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် လုကျိအန်း လုံးဝ အံ့အားသင့်သွားသည်။ သူက ကပျာကယာ ဦးညွှတ်လိုက်ပြီး
“ကျေးဇူးတင်ပါတယ် ဖခင်”
လုချန်းက ဆက်လက်၍
“မင်းအမှားလုပ်ခဲ့တယ်။ အဲဒါကြောင့် အပြစ်ပေးခံရမယ်။ ဒီနေ့ကစပြီး သုံးနှစ်လုံးလုံး စံအိမ်ထဲက ထွက်ခွင့်မရှိဘူး။”
ဤကိစ္စ မှားယွင်းသည်ဟု လုကျိအန်း မထင်ပေ။ လျှောက်သွားရသည်ကို သူ နှစ်သက်သော်လည်း အမျိုးသမီးများ ရှိနေသရွေ့ အပြင်မထွက်ပဲ အိမ်ထဲ၌ ထာဝရနေရလျှင်လည်း သူ ဂရုမစိုက်ပေ။
“ဟုတ်ကဲ့... သားတော် မုချ ပြုပြင်ပါ့မယ်”
“ဒါဆိုလည်း ပြီးတာပဲ”
ထိုသို့ပြောပြီးနောက် လုချန်း ဘာမှဆက်မပြောပဲ ထွက်ခွာသွားတော့သည်။
လုကျိအန်းက ကပျာကယာပင်
“ကောင်းကောင်းပြန်ပါ ဖခင်”
လုကျိအန်း၏ စံအိမ်မှ လုချန်း ထွက်လာသည်နှင့် အထူးကိုယ်ရံတော်တစ်ဦး သူ့ထံသို့ အပြေးရောက်လာသည်။ အထူးကိုယ်ရံတော်က လုကျိအန်း၏ ရာဇဝတ်မှုအချို့ကို ရှာတွေ့ခဲ့သည်ဟု လုချန်း ထင်လိုက်မိပြီး သူ့မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။
သို့သော် အထူးကိုယ်ရံတော်က ချက်ချင်း အစီရင်ခံလိုက်သည်။
“မင်းကြီး... ချီယွဲ့နိုင်ငံမှ ကုန်သည်ယာဉ်တန်းတစ်ခု တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အပြင်ဘက်မှာ ပေါ်လာပါတယ်။”
လုချန်းက စိတ်သက်သာရာ ရသွားသည်။ အထူးကိုယ်ရံတော်က လုကျိအန်း၏ ရယ်စရာကောင်းသော လုပ်ရပ်များကို ရှာတွေ့ခဲ့သဖြင့် ထပ်ဆုံးမရန် ပြန်လှည့်ရတော့မည်ဟု သူထင်မှတ်ခဲ့မိသည်။
လုချန်းက
“သူတို့က ကုန်သည်ယာဉ်တန်းဆိုတာ မင်းသေချာလား။”
နိုင်ငံအများစုတွင် အရင်းအမြစ်များက နိုင်ငံအတွင်းရှိ တည်ငြိမ်သော ဈေးကွက်ထဲ၌သာ လည်ပတ်နေသဖြင့် နိုင်ငံအချင်းချင်း ကုန်သွယ်မှုက အလွန်ရှားပါးသည်။
အခြားနိုင်ငံမှ ကုန်သည်ယာဉ်တန်းတစ်ခု ရှနိုင်ငံတော်တွင် ပေါ်လာတာကို လုချန်း ယုံကြည်ရန် ခက်ခဲနေ၏။ ရှနိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီး လျှို့ဝှက်ချက်များကို စုံစမ်းရန် ကုန်သည်များအဖြစ် ဟန်ဆောင်ထားခြင်းဖြစ်မည်ဟု သူသံသယဝင်မိသည်။
အထူးကိုယ်ရံတော်က
“ကျွန်တော်တို့ မသေချာပေမဲ့ သူတို့ရဲ့ နတ်လှေပေါ်မှာ ရွှေနက်အများအပြား ပါလာပါတယ်။”
“ရွှေနက်လား”
လုချန်းက ခဏခန့် အံ့အားသင့်သွားသည်။
ရွှေနက်သည် ကောင်းကင်နတ်ဆိုးများ သေဆုံးပြီးနောက် ခန္ဓာကိုယ်မှ ကျဆင်းလာသော အရာဝတ္ထုဖြစ်ပြီး ကောင်းကင်နတ်ဆိုးများကို တိုက်ရိုက် ထိခိုက်စေနိုင်သည်။ ရှနိုင်ငံတော်တွင် ရွှေနက်အချို့ ရှိသော်လည်း ပမာဏက များများစားစား မဟုတ်ပေ။
ယခုအချိန်တွင် ကောင်းကင်နတ်ဆိုးများ အကြီးအကျယ် ပေါ်ထွက်လာခြင်း မရှိသေးသဖြင့် ရွှေနက်တူးဖော်ခြင်းလည်း သိပ်မရှိပေ။
သို့သော် ကောင်းကင်နတ်ဆိုးများ ပြန်ပေါ် လာဖို့ မကြာတော့ဟု လုချန်း အမြဲ ယုံကြည်ထားသည်။ ကြိုတင်ပြင်ဆင်ထားခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
ကောင်းကင်နတ်ဆိုးများ အကြီးအကျယ် ပေါ်ထွက်လာချိန်သည် စကြဝဠာ ကပ်ဘေးကြီး ကျရောက်ချိန် ဖြစ်လိမ့်မည်ဟု လုချန်း မြင်၏။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ရှင်းလင်းပစ်ရန် အရေးကြီးသည်။ သို့မှသာ စကြဝဠာ၏ တုံ့ပြန်မှုကို တားဆီးနိုင်မည်ဖြစ်ပြီး ကပ်ဘေးကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
သို့သော် ဤအရာက လုချန်း၏ ထင်ကြေးသက်သက်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေ ရွှေနက်သည် ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်ရာတွင် အရေးအပါဆုံး အရာဝတ္ထု ဖြစ်သည်။
ထို့နောက် လုချန်းက
“ကျုပ်ကို သူတို့ဆီ ခေါ်သွားပါ”
…………….
အခန်း( ၁၂၉၅ )
အံ့အားသင့်သွားသော ယဲ့ရှင်းတန်
လတ်တလောတွင် အရေးကြီးကိစ္စများ ကင်းရှင်းနေသဖြင့် ချီယွဲ့နိုင်ငံမှ လူများကို ရုပ်သေးကိုယ်ပွားအား သွားရောက်တွေ့ဆုံခိုင်းနိုင်ကြောင်း လုချန်းက တွေးလိုက်သည်။
အရွယ်ရောက်ပြီးသော သားသမီးအချို့ထံသို့ မသွားရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း သူတို့အားလုံးသည် အခြေခံစည်းမျဉ်းများကို သိရှိနားလည်ကြသူများဖြစ်၏။ ထို့ကြောင့် နောက်ပိုင်းမှ သွားရောက်လည်ပတ်လျှင်လည်း ဆိုးသွမ်းသော အပြုအမူများကို လုပ်ဆောင်ကြမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။
သားသမီးများထဲတွင် စိတ်ပျက်စရာအကောင်းဆုံးဖြစ်သည့် လုကျိအန်းသည်ပင်လျှင် မိန်းမကိစ္စ ရှုပ်တတ်သည်မှလွဲ၍ လူသတ်မီးရှို့သည့် အဆင့်ထိ မိုက်ရိုင်းခြင်း မရှိပေ။
လုကျိအန်းနှင့် ယှဉ်လျှင် အခြားသော သားသမီးများအား လုချန်း ပို၍ စိတ်ချသည်။
ရွှေနက်သည် အလွန်တန်ဖိုးရှိသော ပစ္စည်းတစ်မျိုးဖြစ်သည်။ ယင်း၏ အရေးပါမှုကြောင့် ပိုမိုစုဆောင်းထားရန် လိုအပ်သည်။ အကယ်၍ ချီယွဲ့နိုင်ငံတွင် ရွှေနက်အမြောက်အမြား ရှိနေတာ မှန်ကန်ပါက မကြာမီတွင် သူ အလုပ်ရှုပ်ရတော့မည် ဖြစ်သည်။
မကြာမီတွင် လုချန်း၏ ရုပ်သေးကိုယ်ပွား တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ နယ်စပ်သို့ ရောက်ရှိလာသည်။ နယ်စပ်သို့ ချဉ်းကပ်လာစဉ် ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် တောက်ပနေသော နတ်လှေအများအပြား ရပ်တန့်နေသည်ကို မြင်လိုက်ရသည်။
………
ထိုအချိန်၌ပင်။
ချန်ဟုန် ကုန်သည်အဖွဲ့၏ နတ်လှေပေါ်ရှိ အဖွဲ့သားများသည် သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသော ထူးဆန်းသည့် နတ်လှေများကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။
ချန်ဟုန် ကုန်သည်အဖွဲ့ပိုင် အကြီးဆုံး နတ်လှေကုန်းပတ်ပေါ်တွင် အနက်နှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျက်မှောင်ကြုတ်ကာ တဖြည်းဖြည်း နီးကပ်လာသော နတ်လှေကို စူးစိုက်ကြည့်နေသည်။
အဖွဲ့သားတစ်ဦးက
“ဥက္ကဋ္ဌယဲ့... ဟိုဟာတွေက တကယ်ရော နတ်လှေတွေဟုတ်ရဲ့လား... ဘာလို့ ကျွန်တော် ဘာစိတ်ဝိညာဉ် စွမ်းအားမှ မခံစားရတာလဲ” ဟု တီးတိုးမေးလိုက်သည်။
အဖွဲ့သား၏ မေးခွန်းကို ယဲ့ရှင်းတန် ပြန်လည်ဖြေကြားခြင်း မရှိပေ။ သူ၏ မျက်နှာထားလည်း ပို၍ တည်ကြည်လေးနက်လာသည်။ ဤကဲ့သို့ ထူးခြားဆန်းပြားသော နတ်လှေမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ရှနိုင်ငံတော် ဆိုသည်မှာ သာမန်မဟုတ်တန်ရာပေ။ လွန်ခဲ့သော နှစ်ပေါင်းငါးထောင်က ဤနေရာကို ဖြတ်သွားခဲ့စဉ်က မည်သည့်အင်ပါယာမှ မရှိခဲ့သည်ကို သူ မှတ်မိနေသည်။ ယခု နှစ်ပေါင်းငါးထောင် ကြာပြီးနောက်တွင် ဤကြယ်နယ်မြေ၌ အင်ပါယာတစ်ခု ပေါ်ထွန်းလာရုံသာမက ထူးဆန်းသော အရာများကိုပါ ပိုင်ဆိုင်ထားသည်။
အာပာသ ယာဉ်ပေါ်ပါလာသော လုချန်း ချန်ဟုန် ကုန်သည်အဖွဲ့နှင့် နှစ်ကီလိုမီတာခန့် အကွာသို့ ရောက်ရှိလာသောအခါ ယဲ့ရှင်းတန်က နတ်လှေပေါ်မှဆင်းလာပြီး
“ဒီနေရာမှာ ဘယ်သခင်က တာဝန်ယူထားပါသလဲ”
ဟု မေးမြန်းကာ အာကသယာဉ်ဆီသို့ ဦးတည်လာခဲ့သည်။
လုချန်းက အာကသယာဉ်ထဲမှ ထွက်လာပြီး အပေါ်ထပ်ကုန်းပတ်ပေါ်တွင် ရပ်ကာ ယဲ့ရှင်းတန်နှင့် အခြားသူများကို အဝေးမှ လှမ်းကြည့်လိုက်သည်။ ထို့နောက် စနစ်ကို အသုံးပြု၍ သူတို့၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်။ ထို့နောင် သူ၏ အကြည့်တို့က ယဲ့ရှင်းတန်အပေါ်သို့ ကျရောက်သွားသည်။
[အမည် : ယဲ့ရှင်းတန်]
[အချက်အလက် : ချီယွဲ့နိုင်ငံ ချန်ဟုန် ကုန်သည်အဖွဲ့ ဥက္ကဋ္ဌ]
[အင်အား : ပြန်လည်ပျက်စီးခြင်းအဆင့် ကိုး]
[သစ္စာရှိမှု : ၂၀]
လုချန်းက
“မင်းကြီး ကိုယ်စား ခင်ဗျားတို့နဲ့ ဆွေးနွေးဖို့ ကျွန်တော် ရောက်လာတာပါ။”
သူ၏ သရုပ်မှန်ကို ချက်ချင်း ထုတ်ဖော်ရန် လုချန်း မရည်ရွယ်ပေ။ သရုပ်မှန်ကို မထုတ်ဖော်မီ ထိုလူများ ဘာတွေ ကြံစည်နေကြသည်ကို ဦးစွာ သိလိုသည်။
လုချန်း၏ စကားကို ကြားလျှင် ယဲ့ရှင်းတန်က
“ချီယွဲ့နိုင်ငံ ချန်ဟုန် ကုန်သည်အဖွဲ့ ဥက္ကဋ္ဌ ယဲ့ရှင်းတန်က သခင့်ကို တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်။”
လုချန်းက ခေါင်းညိတ်ကာ
“ကျွန်တော့် မျိုးရိုးနာမည်က လု ပါ”
ထို့နောက် ယဲ့ရှင်းတန်က
“သခင်လု... ကျွန်တော်တို့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲ ဝင်လို့ရပြီလား”
လုချန်းက
“အဲဒါမတိုင်ခင် ဥက္ကဋ္ဌယဲ့ကို ကျွန်တော် မေးစရာအချို့ ရှိပါတယ်”
“မေးပါ သခင်လု”
“ဒီတစ်ခေါက် ဥက္ကဋ္ဌယဲ့ ရှနိုင်ငံတော်ကို လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ”
“ကျွန်တော်တို့က ရှနိုင်ငံတော်ကို သက်သက်ရည်ရွယ်ပြီး လာခဲ့တာ မဟုတ်ပါဘူး။ အနီးအနားက ကြယ်နယ်မြေကို ဖြတ်သွားရင်း လမ်းကြုံဝင်ပြီး စိတ်ဝင်စားစရာ ပစ္စည်းတွေ ရှိမရှိ လာကြည့်တာပါ။”
လုချန်း အနည်းငယ် အံ့သြသွားသည်။ ယဲ့ရှင်းတန်၏ လေသံအရ လိမ်ပြောနေပုံ မရပေ။ တစ်ဖက်လူက တကယ်ပဲ လမ်းကြုံဝင်လာခြင်း ဖြစ်နေတာလား။
လုချန်းက ပြုံး၍ ဆက်မေးလိုက်သည်။
“ဥက္ကဋ္ဌယဲ့ ဘာတွေ လိုအပ်နေလဲ ဆိုတာ သိပါရစေ။”
လုချန်း၏ မေးခွန်းကို ကြားလျှင် ယဲ့ရှင်းတန်၏ အကြည့်တို့က အာကာသယာဉ်ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားသည်။ စိတ်ဝိညာဉ် စွမ်းအား အကူအညီမပါပဲ ရွေ့လျားနိုင်သော နတ်လှေမျိုးကို သူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သဖြင့် ထိုအရာအပေါ် စိတ်ဝင်စားမှု ပြင်းပြလာသည်။
လေ့လာရန်အတွက် ထိုနတ်လှေမျိုးတစ်စင်းကို ဝယ်ယူနိုင်ပြီး ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့လျှင် ချန်ဟုန် ကုန်သည်အဖွဲ့သည် စကြာဝဠာထဲတွင် အကြီးဆုံး ကုန်သည်အဖွဲ့အစည်း ဖြစ်လာပေလိမ့်မည်။
အစွမ်းထက်သူများသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားလာနိုင်ပြီး စွမ်းအားနည်းသူများသည် နတ်လှေစီး၍ အခြားကမ္ဘာများသို့ သွားရောက်နိုင်သော်လည်း စကြာဝဠာထဲရှိ နတ်လှေ အရေအတွက်က အလွန်နည်းပါးလှသည်။ အကယ်၍ ရှနိုင်ငံတော်မှ ယဉ်များလို စိတ်ဝိညာဉ် စွမ်းအား မလိုသော ယာဉ်ပျံ အမြောက်အမြား ရှိပါက အင်အားစုအသီးသီးကြားရှိ ကြယ်တာရာဖြတ်ကျော် ဆက်ဆံရေးများ နောင်တွင် ပိုမိုတွင်ကျယ်လာမည်မှာ အသေအချာပင်။
ထို့နောက် ယဲ့ရှင်းတန်က
“သခင်လု... ခင်ဗျားတို့ စီးလာတဲ့ နတ်လှေကို ရောင်းဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။ ကျွန်တော်တို့ ကုန်သည်အဖွဲ့မှာ လဲလှယ်နိုင်တဲ့ ရွှေနက် အမြောက်အမြား ရှိပါတယ်။”
ရွှေနက်များ မည်သည့်နေရာမှ ရရှိသည်ကို လုချန်းက မေးမြန်းလိုသော်လည်း ကုန်သည်များ၏ ကုန်ပစ္စည်း အရင်းမြစ်ကို မေးမြန်းခြင်းက တားမြစ်ချက်တစ်ခု ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ယဲ့ရှင်းတန်ကလည်း ထိုအချက်ကို ထုတ်ပြောပြမည် မဟုတ်ပေ။
ထိုအတွေးနှင့်အတူ လုချန်းလည်း မေးခွန်းကို ရပ်တန့်လိုက်သည်။
သူ၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရွှေနက် ရရှိသည့်နေရာကို ရှာဖွေရန် မခက်ခဲလှပေ။ အချိန်တန်လျှင် ချန်ဟုန် ကုန်သည်အဖွဲ့မှ တစ်စုံတစ်ဦးကို မေးမြန်းလိုက်ရုံသာဖြစ်၏။
လုချန်းက
“အာကာသယာဉ် ကိစ္စကိုတော့ မင်းကြီးဆီ အစီရင်ခံရပါမယ်။ မင်းကြီး သဘောတူမှသာ အရောင်းအဝယ် လုပ်လို့ရမှာပါ။”
“ခင်ဗျားတို့က ပြုပြင်စရာတွေရှိလို့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှာ ခေတ္တရပ်နားဖို့ စီစဉ်ထားတာ မဟုတ်လား။”
ယဲ့ရှင်းတန်က
“ဟုတ်ပါတယ်”
လုချန်းက ဆက်လက်၍
“ကောင်းပါပြီ... ခွင့်ပြုချက်ကတ် ရဖို့အတွက် လူလွှတ်ပြီး လမ်းပြပေးပါမယ်။ ခွင့်ပြုချက် ရပြီးတာနဲ့ ရှနိုင်ငံတော်ရဲ့ ကြယ်နယ်မြေ အများစုကို သွားရောက်လည်ပတ်နိုင်ပါပြီ။”
“ဒါဆိုရင်တော့ ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် သခင်လုကို ကျေးဇူးတင်ပါတယ်” ဟု ယဲ့ရှင်းတန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
လုချန်းက ခပ်အေးအေးပင်
“ဒုက္ခမရောက်ပါဘူး... ဒါက ဖြစ်သင့်တဲ့ကိစ္စပါ။”
ထိုအချိန်တွင် လုချန်းက ဘေးရှိ ဗိုလ်ချုပ်ဘက်သို့ လှည့်ကာ
“ဗိုလ်ချုပ်ကျန်း... သူတို့ကို ခွင့်ပြုချက်ကတ် ရအောင် လိုက်ပို့ပေးလိုက်ပါ။”
“အမိန့်တော်အတိုင်းပါ... သခင်”
ထို့နောက် နဂါးတပ်မှ ဗိုလ်ချုပ်တစ်ဦးက ယဲ့ရှင်းတန်နှင့် သူတို့၏ နတ်လှေများကို တောင်ဝင်တောင်တန်း နယ်မြေထဲသို့ ဦးဆောင် ခေါ်သွားသည်။ တောင်ဝင်တောင်တန်း နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် မြင်တွေ့လိုက်ရသော မြင်ကွင်းများကြောင့် သူတို့ ထပ်မံ အံ့အားသင့်သွားကြပြန်၏။
တောင်ဝင်တောင်တန်း နယ်မြေအတွင်းရှိ သက်ရှိကမ္ဘာများကြားတွင် အာကာသယာဉ်များ ဝင်ထွက်သွားလာနေကြပြီး ကြယ်နယ်မြေတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။ ယဲ့ရှင်းတန်သည် ကြယ်နယ်မြေအများအပြားသို့ ရောက်ဖူးသော်လည်း ဤကဲ့သို့ စည်ကားသော မြင်ကွင်းမျိုးကို အခြားနေရာများတွင် မမြင်ဖူးပေ။
သို့သော် လျင်မြန်စွာပင် သူ၏ စိတ်ကို တည်ငြိမ် စေလိုက်သည်။ ရှနိုင်ငံတော်တွင် စိတ်ဝိညာဉ် စွမ်းအား မလိုအပ်သော နတ်လှေများ ရှိနေသဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရခြင်းက အံ့သြစရာ မဟုတ်ပေ။
ယခင် နတ်လှေများကို စိတ်ဝိညာဉ် စွမ်းအားဖြင့် မောင်းနှင်ရပြီး စွမ်းအားစီးဆင်းမှု ချောမွေ့စေရန် နတ်လှေ၏ အစိတ်အပိုင်းအများစုကို သက်ဝင်ရွှေဖြင့် တည်ဆောက်ရသည်။
စကြာဝဠာထဲရှိ သက်ဝင်ရွှေ အရင်းအမြစ်သည် အကန့်အသတ်ရှိသဖြင့် နတ်လှေအရေအတွက်က မများလှပေ။ အထူးသဖြင့် ဝေးလံခေါင်သီသော ကြယ်နယ်မြေများတွင် ပို၍ ရှားပါးသည်။
နတ်လှေ နည်းပါးသဖြင့် ယာဉ်ပျံများဖြင့် စည်ကားနေသော မြင်ကွင်းမျိုးကို မမြင်ရခြင်းက သဘာဝကျသည်။ ရှန်ယွဲ့နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံများ၏ ဧကရာဇ် နေထိုင်ရာ ကမ္ဘာ၏ အပြင်ဘက်ဒေသများတွင်သာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့ရနိုင်သည်။
ရှနိုင်ငံတော်၏ နတ်လှေများသည် စိတ်ဝိညာဉ် စွမ်းအားဖြင့် မောင်းနှင်ရန် မလိုအပ်သဖြင့် သက်ဝင်ရွှေ အများအပြား မလိုအပ်ပေ။ ထို့ကြောင့် သူတို့၏ အရေအတွက်သည် သက်ဝင်ရွှေ အရင်းအမြစ်အပေါ် မမူတည်တော့ချေ။
အချိန်အတော်ကြာ လေ့လာကြည့်ပြီးနောက် ရှနိုင်ငံတော်၏ နတ်လှေများသည် အကာအကွယ် နည်းဗျူဟာပုံစံတွင်သာ သက်ဝင်ရွှေကို အနည်းငယ် အသုံးပြုထားပြီး အခြားအစိတ်အပိုင်းများမှာ သာမန်သတ္တုများ ဖြစ်ကြောင်း ယဲ့ရှင်းတန် တွေ့ရှိလိုက်သည်။
ဤနေရာတွင် “သာမန်” ဆိုသည်မှာ သက်ဝင်ရွှေကဲ့သို့ ရှားပါးခြင်း မရှိပဲ တူးဖော်ထုတ်လုပ်နိုင်သော သတ္တုများကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် ဤခေတ်ကာလ အနေအထားအရ အာကာသယာဉ် တည်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်းများသည် အတော်လေး ထူးခြားနေဆဲဖြစ်သည်။
……………..
အခန်း (၁၂၉၆ )
ယဲ့ရှင်းတန်၏ အကြံအစည်
ရှနိုင်ငံတော်၏ နတ်လှေထုတ်လုပ်သည့် နည်းပညာသာ ပျံ့နှံ့သွားပါက စကြာဝဠာအတွင်းရှိ အင်အားစုများအကြား ဆက်ဆံရေး မည်မျှ တိုးတက်များပြားလာမည်ကို ယဲ့ရှင်းတန် စိတ်ကူးကြည့်၍ပင် မရေပေ။
လက်ရှိတွင် အင်အားကြီးနိုင်ငံများသာ နတ်လှေများ ပိုင်ဆိုင်ကြသဖြင့် သူတို့အချင်းချင်းသာ ဆက်ဆံထိတွေ့မှု များလေ့ရှိသည်။
သို့သော် အလယ်အလတ်နှင့် အင်အားငယ်သော နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်ကြယ်နယ်မြေများတွင်သာ ကန့်သတ်ခံထားရသည်။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အထက် ကျင့်ကြံသူများသာလျှင် အနီးနားရှိ သက်ရှိကမ္ဘာများသို့ တိုက်ရိုက်လမ်းကြောင်း ဖောက်လုပ်နိုင်သည်။
အင်အားငယ်နှင့် အလယ်အလတ်နိုင်ငံများသာ နတ်လှေများကို ပိုင်ဆိုင်လာပါက စကြာဝဠာတစ်ခုလုံး အလွန်စည်ကားလာမည်မှာ အသေအချာပင်။
ထိုအချိန်တွင် ဟင်းလင်းပြင်ထဲ၌ နေရာအနှံ့ သွားလာနေကြသော ရှနိုင်ငံမှ အာကာသယာဉ်များကို ယဲ့ရှင်းတန် မြင်ယောင်မိလိုက်သည်။
ထိုစဉ် ချန်ဟုန် ကုန်သည်အဖွဲ့မှ လူတစ်ဦးက “ဥက္ကဋ္ဌယဲ့... ဒီနတ်လှေတွေက ကျွန်တော်တို့အတွက် သတင်းကောင်း မဟုတ်လောက်ဘူး”
ဟု ယဲ့ရှင်းတန်၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ယဲ့ရှင်းတန် သတိပြန်ဝင်လာပြီး ဘာမျှမပြောပဲ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ချန်ဟုန် ကုန်သည်အဖွဲ့ ယခုကဲ့သို့ ကြီးထွားလာရခြင်းမှာ ကြယ်တာရာဖြတ်ကျော် ကုန်သွယ်မှုနိုင်ခြင်းကြောင့် အဓိက ဖြစ်သည်။ ရှနိုင်ငံတော်၏ နတ်လှေထုတ်လုပ်သည့် နည်းပညာသာ ပေါက်ကြားသွားပါက အင်အားစုတိုင်း နတ်လှေပိုင်ဆိုင်လာပြီး လိုအပ်သော အရင်းအမြစ်များကို အခြားကြယ်နယ်မြေများ၌ ကိုယ်တိုင် သွားရောက်ဝယ်ယူကြပေလိမ့်မည်။ ထိုအရာက ချန်ဟုန် ကုန်သည်အဖွဲ့၏ စီးပွားရေးကို မလွဲမသွေ ထိခိုက်စေမည် ဖြစ်သည်။
၎င်းသည် ချန်ဟုန် ကုန်သည်အဖွဲ့တစ်ခုလုံးအတွက် အမှန်တကယ်ကိုပင် သတင်းကောင်းတစ်ခု မဟုတ်ပေ။
ယဲ့ရှင်းတန် ခဏခန့် စဉ်းစားပြီးနောက် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဤနည်းပညာကို ချန်ဟုန် ကုန်သည်အဖွဲ့က ထိန်းချုပ်ထားရမည် ဟူ၍ဖြစ်သည်။
အင်ပါယာတစ်ခု တည်ထောင်နိုင်ခြင်းက ရှနိုင်ငံတော်တွင် အနည်းဆုံး ဧကရာဇ်အဆင့်တစ်ပါး ရှိနေကြောင်း ပြသနေသည်။ ချန်ဟုန် ကုန်သည်အဖွဲ့တွင်မူ ဧကရာဇ်လောင်းအဆင့်သာ ရှိသဖြင့် ရှနိုင်ငံတော်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သို့သော် စစ်တိုက်ခြင်းသည် ယဲ့မိသားစု၏ အားသာချက် မဟုတ်ပေ။ ယဲ့မိသားစု၏ ဧကရာဇ်လောင်းကို လှုပ်ရှားခိုင်းရန်လည်း ယဲ့ရှင်းတန်၌ အစီအစဉ် မရှိပေ။ သို့သော် ရှနိုင်ငံတော်၏ အခြေအနေကို စိတ်ဝင်စားမည့်သူ ရှိလာမည်ဟု သူ ယုံကြည်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် ချီယွဲ့နိုင်ငံမှာ မဝေးလှပေ။ ချီယွဲ့နိုင်ငံ၏ မျက်စိအောက်တွင် အင်ပါယာအသစ်တစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ရှနိုင်ငံတော်အကြောင်းကို သိရှိသွားပါက ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစု၌ အတွေးအချို့ ရှိလာမည်မှာ အသေအချာပင်။
နောက်ပိုင်းရက်များတွင် ယဲ့ရှင်းတန်တို့အဖွဲ့ ခွင့်ပြုချက်ကတ် ရရှိခဲ့ပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းရှိ သက်ရှိကမ္ဘာအမျိုးမျိုးသို့ လှည့်လည်သွားလာခဲ့ကြသည်။
ထိုသက်ရှိကမ္ဘာများသို့ ရောက်ရှိသောအခါ မြင်တွေ့ရသည့် မြင်ကွင်းများကြောင့် သူတို့ ထပ်မံ အံ့အားသင့်ခဲ့ရသည်။ ရှနိုင်ငံတော်ရှိ သာမန်လူများသည် အခြားကြယ်နယ်မြေများမှ ကျင့်ကြံသူများထက်ပင် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ကြမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ထိုအချက်က ယဲ့ရှင်းတန်အား ဆွမ်ဧကရာဇ်အကြောင်းအလွန် သိချင်စိတ် ဖြစ်ပေါ်လာစေသည်။ ဝေးလံခေါင်ဖျားသော ကြယ်နယ်မြေတွင် ဤမျှ သာယာဝပြောသော အင်ပါယာကို ဖန်တီးနိုင်သည့် ဧကရာဇ်က မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။
လွန်ခဲ့သော နှစ်ပေါင်းငါးထောင်က သူ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်ရှိစဉ်က အဝတ်အစား ပြည့်စုံအောင် ဝတ်ဆင်ထားသော ကျင့်ကြံသူများပင် မရှိခဲ့ပေ။ ယခုအခါ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသည် လုံးဝ ပြောင်းလဲသွားပြီး အလွန် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။
နှစ်ပေါင်းငါးထောင်အတွင်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ကြီးမားစွာ ပြောင်းလဲပေးနိုင်ခဲ့သည့် ဆွမ်ဧကရာဇ်၏ စွမ်းဆောင်ရည်က ယုံနိုင်စရာပင် မရှိပေ။
……..
ကောင်းကင်မီးကမ္ဘာ။
တည်းခိုခန်း၏ သီးသန့်အခန်းတစ်ခန်းတွင်။
ပြတင်းပေါက်နားတွင် ထိုင်နေသော ယဲ့ရှင်းတန်သည် အပြင်ဘက်ကောင်းကင်၌ ပျံသန်းနေကြသော ယာဉ်ပျံများကို ကြည့်ရင်း အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် ယဲ့မိသားစုဝင်တစ်ဦးက “ဥက္ကဋ္ဌ... ညွှန်ကြားထားတဲ့အတိုင်း သာမန်လူတွေ အသုံးပြုတဲ့ ကုန်ပစ္စည်းအမြောက်အမြားကို ဝယ်ယူပြီးပါပြီ။”
ထို့နောက် ယဲ့မိသားစုဝင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဥက္ကဋ္ဌ... အဲဒီပစ္စည်းတွေက ဆန်းသစ်ပေမဲ့ သာမန်လူတွေ သုံးတာပါ။ ကျွန်တော်တို့ ဖောက်သည်တွေက ကျင့်ကြံသူတွေလေ... ဒီလိုသာမန်ပစ္စည်းတွေကို ပြန်သယ်သွားရင် ရောင်းထွက်ပါ့မလား။”
သာမန်လူများနှင့် ကျင့်ကြံသူများသည် ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုတွင် နေကြသကဲ့သို့ရှိ၏။ စိတ်ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်သော သာမန်လူဆိုတာ ရှားပါးလှသည်။ ယဲ့ရှင်းတန် မှာယူလိုက်သော ပစ္စည်းများမှာ မီးလုံးများနှင့် ဖုန်းများကဲ့သို့ သာမန်လူသုံးကုန်များသာ ဖြစ်သည်။
ထိုသာမန်ပစ္စည်းများကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူကာ သာမန်လူများကို ပြန်ရောင်းပါက အရှုံးပေါ်မည်မှာလားဟု ယဲ့မိသားစုဝင်အချို့ နားမလည်နိုင် ဖြစ်နေကြသည်။
ထို့ပြင် သာမန်လူအများစုတွင် စိတ်ဝိညာဉ်ကျောက်တုံး မရှိသဖြင့် ဤပစ္စည်းများကို ဝယ်ယူနိုင်မည် မဟုတ်ပေ။
ယဲ့မိသားစုဝင်၏ သံသယကို ကြားလျှင် ယဲ့ရှင်းတန်က အနည်းငယ် လှည့်ကြည့်ကာရယ်မောရင်း
“သာမန်လူသုံးကုန် ဟုတ်လား”
“အသံလွှင့်အင်းစာရွက်ဝယ် ဖို့အတွက်လည်း စိတ်ဝိညာဉ်ကျောက်တုံးလိုတယ်။ ဖုန်းတစ်လုံးကတော့ အရည်အသွေးနိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ပဲ ကျသင့်ပြီး အားသွင်းထားသရွေ့ ဆက်တိုက် ပြောလို့ရတယ်။ ဒီလိုပစ္စည်းမျိုးကို ကျင့်ကြံသူတွေ မဝယ်ဘူးလို့ မင်း ထင်နေတာလား။”
အသံလွှင့်အင်းစာရွက် တစ်ရွက်လျှင် အရည်အသွေးနိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး ကျသင့်ပြီး အသုံးပြုပြီးသည်နှင့် ပျက်စီးသွားလေ့ရှိသည်။ သို့သော် ရှနိုင်ငံတော်မှ ဖုန်းများမှာမူ ထိုသို့မဟုတ်ဘဲ အားသွင်းထားသရွေ့ ဆက်တိုက် အသုံးပြုနိုင်သည်။
ရှနိုင်ငံတော်မှ ဖုန်းများသည် မြေကမ္ဘာမှ ဖုန်းများနှင့် ကွာခြားသည်။ ရှနိုင်ငံတော်၏ ဖုန်းများတွင် အင်တင်နာအတွက် အထူးသတ္တုများကို အသုံးပြုထားသဖြင့် ဂြိုဟ်တု သို့မဟုတ် စခန်းများ မရှိလည်း ဝေးလံသော နေရာများသို့ ဆက်သွယ်နိုင်သည်။
ရှနိုင်ငံတော်၏ နည်းပညာသည် ကျင့်စဉ်များနှင့် နက်ရှိုင်းစွာ ပေါင်းစပ်ထားသည်။ နည်းပညာပစ္စည်း အများအပြားသည် စိတ်ဝိညာဉ် လက်နက်များနှင့် သက်ဆိုင်နေသည်။ ဥပမာအားဖြင့် ရှနိုင်ငံတော်မှ ဖုန်းအချို့တွင် သဘာဝမှ မိုးကြိုးဓာတ် စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူ၍ အားသွင်းနိုင်သော အထူးနည်းဗျူဟာပုံစံများပင် ပါဝင်သည်။
ယဲ့ရှင်းတန်၏ စကားကို ကြားသောအခါ ချန်ဟုန် ကုန်သည်အဖွဲ့ဝင်များလည်း လက်ခံသွားကြသည်။ သာမန်လူများ အသုံးပြုသော ပစ္စည်းအများအပြားကို သူတို့ကိုယ်တိုင်ပင် လိုချင်နေကြရာ အခြားကြယ်နယ်မြေများမှ ကျင့်ကြံသူများလည်း စိတ်ဝင်စားကြမှာ သဘာဝပင်။
ယဲ့ရှင်းတန်က ဆက်လက်၍
“အခု ဆွမ်ဧကရာဇ်က အာကာသယာဉ်တွေကို ရောင်းချင်စိတ် ရှိမရှိ ဆိုတာပဲ ကြည့်ရတော့မယ်။”
သာမန်လူသုံးကုန် ပစ္စည်းများက ယဲ့ရှင်းတန်၏ အာရုံကို ဖမ်းစားနိုင်သော်လည်း သူ အစိတ်ဝင်စားဆုံးမှာ ရှနိုင်ငံတော်၏ အာကာသယာဉ်များသာ ဖြစ်သည်။
စကားဆုံးသည်နှင့် ယဲ့ရှင်းတန်၏ ဖုန်းမြည်လာသည်။ ဖုန်းထုတ်ကြည့်လိုက်ရာ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေသည်။ ဖုန်းကိုင်လိုက်ပြီးနောက်
“ဘယ်သူပါလဲ”
ဟု ယဲ့ရှင်းတန်က မေးလိုက်သည်။
တစ်ဖက်မှ လုချန်းက
“ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ မင်းကြီးက အာကာသယာဉ်တွေ ရောင်းဖို့ သဘောတူလိုက်ပြီ။ ခင်ဗျား အခု ဘယ်မှာလဲ။ စာချုပ်ချုပ်ဖို့ ကုန်သွယ်ရေးဌာနကို လာခဲ့ပါ။”
ထိုစကားကို ကြားလျှင် ယဲ့ရှင်းတန် ခဏခန့် ကြောင်အသွားသည်။ ထိုကိစ္စ အခက်အခဲ ရှိနိုင်မည်ဟု သူ ထင်ထားခဲ့သည်။ ဆွမ်ဧကရာဇ်က အာကာသယာဉ် ရောင်းချရန် ဤမျှ လျင်မြန်စွာ သဘောတူလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
ယဲ့ရှင်းတန် သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့်
“ကျေးဇူးတင်ပါတယ် သခင်လု... ကျွန်တော်တို့ ကုန်သွယ်ရေးဌာနကို အခုပဲ လာခဲ့ပါမယ်။”
“ကောင်းပါပြီ... ဒါဆိုရင် ကုန်သွယ်ရေးဌာနမှာ ပြန်ဆုံကြတာပေါ့”
ဟု ပြောပြီးနောက် လုချန်း ဖုန်းချလိုက်သည်။
ယဲ့ရှင်းတန် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီးချန်ဟုန် ကုန်သည်အဖွဲ့မှ လူများအား
“သွားကြစို့... ကုန်သွယ်ရေးဌာနကို သွားမယ်။”
ထိုအခါ ချန်ဟုန် ကုန်သည်အဖွဲ့ဝင်တစ်ဦးကစိုးရိမ်သည့် အသံဖြင့်
“ဥက္ကဋ္ဌ... ရှနိုင်ငံတော်က ဒီလောက် လွယ်လွယ်ကူကူ သဘောတူတာ လှည့်ကွက်တစ်ခုခုများ ရှိနေမလား။”
ယဲ့ရှင်းတန်က ခပ်အေးအေး ပြန်တုံ့ပြန်လိုက်၏။
“လှည့်ကွက်သာရှိရင် အခုချိန်ထိ ငါတို့ ဒီနေရာမှာ ဘေးကင်းကင်း ရှိနေနိုင်ပါ့မလား။”
သူတို့ထဲတွင် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်မှာ ပြန်လည်ပျက်စီးခြင်းအဆင့်ကိုးတွင် ရှိသော ယဲ့ရှင်းတန်ဖြစ်သည်။ ရှနိုင်ငံတော်တွင် နေထိုင်စဉ်အတွင်း သူတော်စင်အဆင့်များကို သူတို့ တွေ့ဆုံခဲ့ရသည်။ အကယ်၍ ရှနိုင်ငံတော်က သူတို့ကို တစ်ခုခု လုပ်လိုပါက ယခုအချိန်ထိ စောင့်နေမည် မဟုတ်ပဲ အစောကတည်းက လုပ်ဆောင်ပြီး ဖြစ်ပေလိမ့်မည်။
ယဲ့ရှင်းတန်၏ စကားကို ကြားပြီးနောက် ချန်ဟုန် ကုန်သည်အဖွဲ့ဝင်များလည်း သဘာဝကျသည်ဟု ယူဆကာ စကားဆက်မပြောကြတော့ပေ။ ထို့နောက် ကောင်းကင်မီး နေပြည်တော်ရှိ ကုန်သွယ်ရေးဌာန ရုံးဆီသို့ ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။
ရှနိုင်ငံတော် ကုန်သွယ်ရေးဌာန အဆောက်အအုံ၏ ဝင်ပေါက်သို့ ရောက်ရှိလာသောအခါ လုချန်း စောင့်ဆိုင်းနေသည်ကို ယဲ့ရှင်းတန်တို့အဖွဲ့ တွေ့လိုက်ရသည်။
လုချန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ရှနိုင်ငံတော် ကုန်သွယ်ရေးဌာနကနေ ကြိုဆိုပါတယ် ဥက္ကဋ္ဌယဲ့။”
ယဲ့ရှင်းတန်က ဂါရဝပြုလိုက်ပြီး
“သခင်လုကို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်”
လုချန်းက
“ကျွန်တော့်နောက် လိုက်ခဲ့ပါ”