← Chapters

အခန်း (၁၂၉၇-၁၂၉၉)

Vol. 87 Ch. 1297-1299

အခန်း (၁၂၉၇-၁၂၉၉)

Vol. 87 Ch. 1297-1299

အခန်း (၁၂၉၇ )

အာကာသယာဉ်နှင့် ရွှေနက်

လုချန်း၏ ဦးဆောင်မှုအောက်တွင် ယဲ့ရှင်းတန်နှင့် သူ၏အဖွဲ့ အစည်းအဝေးခန်းမတစ်ခုသို့ ရောက်ရှိလာကြသည်။

အစည်းအဝေးခန်းမထဲသို့ ဝင်လိုက်သည်နှင့် စောင့်ဆိုင်းနေကြသော လူများကို တွေ့လိုက်ရသည်။ လုချန်း ဝင်လာသည်ကို မြင်သောအခါ အခန်းထဲရှိ လူအားလုံးက ချက်ချင်း မတ်တတ်ရပ်ကာ

“သခင့်ကို ဂါရဝပြုပါတယ်”

ဟု ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

လုချန်းက လက်ကာပြလိုက်ပြီး

“အားလုံး ထိုင်ကြပါ”

ထို့နောက် ချန်ဟုန် ကုန်သည်အဖွဲ့ဝင်များနှင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ လူများသည် ရှည်လျားသော စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြပြီး လုချန်းက ထိပ်ဆုံးတွင် ဝင်ထိုင်လိုက်သည်။

လုချန်းက

“အားလုံးကို မိတ်ဆက်ပေးပါရစေ... ဒီလူတွေက စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုရဲ့ စီမံရေး အရာရှိတွေပါ။”

လုချန်း၏ အသံဆုံးသည်နှင့် သူ၏ဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားက မတ်တတ်ရပ်လိုက်ပြီး မိတ်ဆက်လိုက်သည်။

“ကျွန်တော့်နာမည်က ကျောက်ထျန်း ပါ... စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုရဲ့ ဈေးကွက်ရှာဖွေရေးဌာန ဦးစီးပါ။ ဒီအာကာသယာဉ် အရောင်းအဝယ်ကိစ္စကို ကျွန်တော် အပြည့်အဝ တာဝန်ယူထားပါတယ်။”

ကျောက်ထျန်း၏ စကားကို ကြားလျှင် ယဲ့ရှင်းတန်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“သခင်လု... အာကာသယာဉ် အရောင်းအဝယ် စာချုပ်ကို ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုရမှာ မဟုတ်ဘူးလား။”

လုချန်းက ချန်ဟုန် ကုန်သည်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုရန် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ ခေါ်ဆောင်လာသည်ဟု ယဲ့ရှင်းတန် ထင်ထားခဲ့သော်လည်း ဝင်ရောက်လာချိန်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနမှ မည်သည့် တာဝန်ရှိသူကိုမှ မတွေ့ရပဲ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုကသာ ဆွေးနွေးနေရသဖြင့် နားမလည်နိုင် ဖြစ်သွားသည်။

လုချန်းက ပြန်ရှင်းပြလိုက်၏။

“အတိအကျကြီးတော့ မဟုတ်ပါဘူး။ ကုန်သွယ်ရေးဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်းပေးဖို့ပဲ တာဝန်ရှိတာပါ။ ပုံမှန်အခြေအနေမှာ ဝန်ကြီးဌာနက လုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဝင်ရောက်စွက်ဖက်လေ့ မရှိပါဘူး။ အထူးသဖြင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းက အင်ပါယာပိုင် ကုမ္ပဏီဖြစ်နေလို့ပေါ့။”

ထိုရှင်းပြချက်ကို ကြားလျှင် ယဲ့ရှင်းတန် သဘောပေါက်သွားကာ

“ဪ... အဲဒီလိုကိုး”

ရှနိုင်ငံတော်တွင် အချိန်အတန်ကြာ နေထိုင်ပြီးနောက် လုပ်ငန်းစုများ အကြောင်း၊ ၎င်းတို့၏ လုပ်ငန်းဆောင်တာများ အပါအဝင် အင်ပါယာ၏ လည်ပတ်ပုံအကြောင်းကို ယဲ့ရှင်းတန် အတော်အတန် နားလည်လာခဲ့သည်။

သူ၏ နားလည်မှုအရ လုပ်ငန်းစုဆိုသည်မှာ သူတို့ ယဲ့မိသားစု၏ ချန်ဟုန် ကုန်သည်အသင်းနှင့် မကွာခြားလှပေ။

လုချန်းက ဆက်လက်၍

“ကဲ... အခု အာကာသယာဉ် အရောင်းအဝယ် ဈေးနှုန်းအကြောင်း ဆွေးနွေးကြတာပေါ့။ ဦးစီးကျောက် နဲ့ ဥက္ကဋ္ဌယဲ့ တို့ စတင်ဆွေးနွေးလို့ ရပါပြီ။”

ကျောက်ထျန်းက လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ရဲ့ အာကာသယာဉ်တွေကို ဝယ်ယူဖို့ ဘယ်လို ကုန်သွယ်မှုပုံစံမျိုးကို အသုံးပြုဖို့ ရည်ရွယ်ထားလဲ ခင်ဗျာ။”

ယဲ့ရှင်းတန်က

“ဖြစ်နိုင်မယ်ဆိုရင်တော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငွေကြေးအဖြစ် အသုံးပြုချင်ပါတယ်။ ဒါပေမဲ့ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိပ်စိတ်ဝင်စားမယ် မထင်ဘူး။”

စိတ်ဝိညာဉ်ကျောက်တုံးများသည် စကြာဝဠာတစ်ဝှမ်းလုံးတွင် အသုံးပြုနိုင်သော ငွေကြေးဖြစ်သော်လည်း အချို့သော တန်ဖိုးကြီး အရင်းအမြစ်များအတွက်မူ လူအများစုက စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် မရောင်းချပဲ တန်ဖိုးရှိသော အခြားပစ္စည်းများနှင့်သာ လဲလှယ်လေ့ရှိသည်။

ရှနိုင်ငံတော်အတွက် အာကာသယာဉ်များသည် ရှားပါးသော အရင်းအမြစ်တစ်ခု မဟုတ်နိုင်သော်လည်း စကြာဝဠာတစ်ခုလုံးအတွက်မူ ရှားပါးကုန်ပစ္စည်း တစ်ခုဖြစ်သည်။ ထို့ကြောင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုသည် ယင်းကို သာမန်ပစ္စည်းများကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ရောင်းချလိမ့်မည်မဟုတ်ဟု ယဲ့ရှင်းတန် ယုံကြည်ထားသည်။

စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းကို ပိုမိုနှစ်သက် လောက်သည်။

ထို့ပြင် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုသည် နန်းတွင်းစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။ နန်းတွင်းက လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု လုချန်းက ပြောခဲ့သော်လည်း အင်ပါယာပိုင် လုပ်ငန်းစု ဖြစ်သည့်အလျောက် တော်ဝင်မိသားစု၏ အကျိုးအမြတ်အတွက် ဆောင်ရွက်ရမှာက မလွဲမသွေပင်။

ဆိုလိုသည်မှာ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု၏ နောက်ကွယ်တွင် ဆွမ်ဧကရာဇ် ရှိနေသည်။ ရှနိုင်ငံတော်၏ အရှင်သခင်ဖြစ်သည့် ဆွမ်ဧကရာဇ်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

ယဲ့ရှင်းတန်၏ စကားကို ကြားသောအခါ ကျောက်ထျန်းက တုံ့ပြန်လိုက်သည်။

“ဥက္ကဋ္ဌယဲ့ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့က စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိပ်စိတ်မဝင်စားပါဘူး။ ဥက္ကဋ္ဌယဲ့ရဲ့ ကုန်သည်အဖွဲ့မှာ ရွှေနက် အမြောက်အမြား ပါလာတယ်လို့ ကြားမိပါတယ်။”

ကျောက်ထျန်း၏ စကားကြောင့် ယဲ့ရှင်းတန် လုံးဝ အံ့သြခြင်း မရှိပေ။ ရွှေနက်သည် ကောင်းကင်နတ်ဆိုးများကို နှိမ်နင်းနိုင်သည့် ပစ္စည်းဖြစ်ပြီး အလွန်ရှားပါးကာ တန်ဖိုးကြီးမားသည်။

လက်ရှိ စကြာဝဠာထဲတွင် ကောင်းကင်နတ်ဆိုး အမြောက်အမြား မရှိသော်လည်း ၎င်းတို့၏ တည်ရှိမှုသည် ကျင့်ကြံသူများ၏ ခေါင်းပေါ်တွင် ဓားတစ်ချောင်း ဝဲပျံနေသကဲ့သို့ အန္တရာယ်ရှိလှသည်။ မည်သည့်အချိန်တွင် ကောင်းကင်နတ်ဆိုးများ ပေါ်ထွက်လာမည်မှန်း မည်သူမှ မသိနိုင်ပေ။

ကောင်းကင်နတ်ဆိုးများ၏ ခြိမ်းခြောက်မှု မရှိလျှင်ပင် ရွှေနက်သည် နတ်ဆိုးတမန်များနှင့် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဖြောင့်မတ်သော အင်အားစုတိုင်းသည် လက်နက်ပြုလုပ်ရန်အတွက် ရွှေနက်အချို့ကို စုဆောင်းထားလိုကြသည်။

ရွှေနက်၏ ထူးခြားသော ဂုဏ်သတ္တိများကြောင့် ဈေးနှုန်းက အလွန်ကြီးမြင့်လှသည်။ ထို့ကြောင့် အချိန်အများစုတွင် ရွှေနက် အရောင်းအဝယ်ကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် မပြုလုပ်ပဲ ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းဖြင့်သာ ပြုလုပ်လေ့ရှိသည်။

ယဲ့ရှင်းတန်က ပြုံး၍

“စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ရွှေနက်ကို စိတ်ဝင်စားတယ်ဆိုတော့ ဘယ်လောက် ပမာဏလောက် လိုချင်တာလဲ မသိဘူး။”

“ခင်ဗျားတို့ဆီမှာ ရှိသလောက် ယူမယ်”

ဟု ကျောက်ထျန်းက ခပ်အေးအေး ပြောလိုက်သည်။

ဒါက...

ယဲ့ရှင်းတန် ကြောင်အသွားသည်။ ဒီတစ်ခေါက် သူတို့ သယ်ဆောင်လာသော ရွှေနက်ပမာဏက နည်းပါးလှသည် မဟုတ်ပေ။ နတ်လှေအများအပြားတွင် အပြည့်တင်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသော သူတို့၏ နတ်လှေများသည် သိုလှောင်ရေး စိတ်ဝိညာဉ် လက်နက်များဖြစ်ပြီး ကုန်ပစ္စည်း အမြောက်အမြားကို သယ်ဆောင်နိုင်သည်။ နတ်လှေတစ်စင်းတည်းဖြင့် လူသိန်းချီ၏ အလေးချိန်နှင့်ညီမျှသော ပမာဏကို သယ်ဆောင်နိုင်စွမ်းရှိသည်။

သတိပြန်ဝင်လာပြီးနောက် ယဲ့ရှင်းတန်က ထပ်မေးလိုက်သည်။

“ကျွန်တော်တို့ဆီမှာ ရွှေနက် အပြည့်တင်ထားတဲ့ နတ်လှေလေးစင်း ရှိတယ်။ ဦးစီးကျောက်... စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက တကယ်ပဲ ဒီလောက်အများကြီး လိုချင်တာ သေချာရဲ့လား။”

“သေချာပါတယ်။ ဥက္ကဋ္ဌယဲ့သာ ရောင်းချင်စိတ်ရှိရင် ကျွန်တော်တို့ ကုမ္ပဏီက ကုန်ပစ္စည်းလက်ကျန် ရှင်းထုတ်ပေးနိုင်ပါတယ်။ ပြီးရင် ဥက္ကဋ္ဌယဲ့အတွက်လည်း နောက်ထပ် ကုန်ပစ္စည်းတွေ ပိုသယ်သွားလို့ ရတာပေါ့။”

မကြာသေးမီက ယဲ့ရှင်းတန်နှင့် သူ၏အဖွဲ့ ရှနိုင်ငံတော်မှ ကုန်ပစ္စည်းများကို အကြီးအကျယ် ဝယ်ယူနေခြင်းအကြောင်း လုချန်းတို့ သိထားကြသည်။ နတ်လှေပေါ်ရှိ မူလကုန်ပစ္စည်းများကို ရှင်းထုတ်လိုက်လျှင် ယဲ့ရှင်းတန်တို့အဖွဲ့ အပြန်လမ်းတွင် ကုန်ပစ္စည်း ပိုမိုသယ်ဆောင်သွားနိုင်ပေလိမ့်မည်။

ကျောက်ထျန်းက ယုံကြည်ချက်ရှိရှိ ပြောဆို နေသဖြင့် ယဲ့ရှင်းတန် မငြင်းလိုတော့ပေ။ ထိုရွှေနက်များကို အခြားကြယ်နယ်မြေများမှ ကုန်ပစ္စည်းများဖြင့် လဲလှယ်ရယူထားခြင်းဖြစ်ပြီး သူတို့အတွက် သိပ်အသုံးမဝင်လှပေ။ လိုအပ်ပါက ထိုကြယ်နယ်မြေသို့များသိူ့ ပြန်သွားပြီး ရွှေနက်များကို ထပ်မံ လဲလှယ်ယူနိုင်သည်။

ယဲ့ရှင်းတန်က

“ကောင်းပြီ... ရွှေနက်နဲ့ လဲလှယ်ဖို့ သဘောတူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က‌ ကောင်းကင်အဆင့် အာကာသယာဉ် ၁၅ စင်း လိုချင်ပါတယ်။”

ယဲ့ရှင်းတန်၏ စကားကို ကြားလျှင် ကျောက်ထျန်း အံ့သြသွားသည်။ သူက လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး ချောင်းဟန့်ကာ

“ဥက္ကဋ္ဌယဲ့... ခင်ဗျား ရှနိုင်ငံတော်မှာ နေတာကြာပြီဆိုတော့ အာကာသယာဉ် အမျိုးအစားတွေကို နားလည်မှာပါ။”

စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၏ အာကာသယာဉ်များကို နတ်ဘုရား၊ သူတော်စင်၊ ကောင်းကင်၊ မြေ၊ ရွှမ် နှင့် ဟွမ်း ဟူ၍ အဆင့် ၆ ဆင့် ခွဲခြားထားပြီး အဆင့်မြင့်သော ယာဉ်များတွင် ပို၍စွမ်းအားထက်မြက်သော လုပ်ဆောင်ချက်များ ပါဝင်သည်။

ကောင်းကင်အဆင့် အာကာသယာဉ်များသည် နဂါးတပ်မတော်မှ အသုံးပြုသော စစ်သုံး ယာဉ်များဖြစ်ရာ ရှနိုင်ငံတော်အနေနှင့် ထိုယာဉ်များကို အလွယ်တကူ ရောင်းချလိမ့်မည် မဟုတ်ပေ။

ယဲ့ရှင်းတန်က ပြုံး၍

“နားလည်ပါတယ်”

ကျောက်ထျန်းက ဆက်ပြောလိုက်သည်။

“ကောင်းကင်အဆင့် အာကာသယာဉ်တွေက လုပ်ဆောင်ချက် အပြည့်စုံဆုံး စစ်သုံး ယာဉ်တွေဖြစ်ပြီး ရှနိုင်ငံတော်ရဲ့ နဂါးတပ်မတော်ကပဲ အသုံးပြုခွင့်ရှိတယ်။ ရောင်းချမယ့်ပစ္စည်း မဟုတ်ဘူး ဆိုတာကို ဥက္ကဋ္ဌယဲ့ သိမှာပါ။”

ယဲ့ရှင်းတန်က ပေါ့ပေါ့ပါးပါး ပြန်တုံ့ပြန် လိုက်၏။

“တန်ဖိုးရှိတဲ့ အရာမှန်သမျှ ဈေးနှုန်းမှန်ကန်ရင် ရောင်းဝယ်လို့ရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ‘မရောင်းဘူး’ ဆိုတာက ကမ်းလှမ်းတဲ့ ဈေးနှုန်း မလုံလောက်သေးလို့ပါ။”

ယဲ့မိသားစုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မိသားစုဖြစ်ရာ သူတို့အမြင်တွင် အရာအားလုံး၌ သတ်မှတ်ထားသော တန်ဖိုးတစ်ခု ရှိသည်။ ဈေးနှုန်းမှန်ကန်ပါက မည်သည့်အရာမဆို အရောင်းအဝယ် လုပ်နိုင်သည်။

ကျောက်ထျန်း ခဏခန့် စဉ်းစားပြီးနောက်

“ကောင်းကင်အဆင့် အာကာသယာဉ်တွေက ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေပါ။ ဒါက ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။”

ထိုအချိန်တွင် ကျောက်ထျန်းက လုချန်းဘက်သို့ လှည့်ကာ

“သခင်လု ဘယ်လိုသဘောရပါသလဲ”

လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်သဖြင့် ကောင်းကင်အဆင့် အာကာသယာဉ်များကို အခြားကြယ်နယ်မြေများသို့ ရောင်းချရန် သူတစ်ဦးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျောက်ထျန်းက ထိုကိစ္စကို လုချန်းထံ လွှဲပြောင်းပေးရခြင်း ဖြစ်သည်။

လုချန်းက ပြုံး၍

“ဥက္ကဋ္ဌယဲ့ ပြောတာ မှန်ပါတယ်... ဈေးနှုန်းမှန်ကန်ရင် ဘာမဆို အရောင်းအဝယ် လုပ်လို့ရပါတယ်။ ဒါပေမဲ့ အရင်ဆုံး ဥက္ကဋ္ဌယဲ့ သယ်လာတဲ့ ရွှေနက် ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာ ကြည့်ပြီးမှ အဖြေပေးနိုင်ပါမယ်။”

အနည်းငယ်မှ တုံ့ဆိုင်းခြင်း မရှိပဲ ယဲ့ရှင်းတန်က

“ကောင်းပါပြီ... ဒါဆိုရင် ရွှေနက်တွေကို ကြည့်ဖို့ ကျွန်တော်တို့ရဲ့ နတ်လှေဆီကို လိုက်ခဲ့ကြပါ။”

အခန်း( ၁၂၉၈ )

မင်းသားတစ်ပါး ဖြစ်နိုင်တယ်

ကောင်းကင်မီးကမ္ဘာ အပြင်ဘက်ရှိ အာကာသဆိပ်ကမ်းသို့ လုချန်းနှင့် သူ့အဖွဲ့သားများ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်တွင် အာကာသဆိပ်ကမ်း၌ အာကာသယဉ်များနှင့် နတ်လှေ ရာပေါင်းများစွာ ပြည့်နှက်နေပြီး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

ယဲ့ရှင်းတန်၏ ဦးဆောင်မှုအောက်တွင် ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့၏ နတ်လှေတစ်စင်းပေါ်သို့ လုချန်းနှင့် သူ၏အုပ်စု တက်ရောက်လိုက်ကြသည်။ နတ်လှေထဲသို့ ဝင်လိုက်သည်နှင့် တောင်ပုံရာပုံ ပုံထားသော ရွှေနက်များကို လုချန်း မြင်လိုက်ရသည်။

ဤမျှများပြားသော ရွှေနက်များ ရထားသည်ကို ထောက်ရှုလျှင် ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့သည် ရှေးဟောင်းခေတ် စစ်မြေပြင် တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်နိုင်မလားဟု လုချန်း တွေးလိုက်မိသည်။

ရွှေနက်သည် ကောင်းကင်နတ်ဆိုးများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကောင်းကင်နတ်ဆိုးများ စုဝေးရာနေရာများ၌သာ ရွှေနက်ကြောများ ဖြစ်ပေါ်လေ့ရှိပြီး ပမာဏအများအပြား တွေ့ရတတ်သည်။ ပုံမှန်အားဖြင့် ရွှေနက်အမြောက်အမြားရှိသော နေရာများသည် ရှေးဟောင်းခေတ် စစ်မြေပြင်များ ဖြစ်ကြသည်။

ကောင်းကင်နတ်ဆိုးများနှင့် ကျင့်ကြံသူများ ပြင်းထန်စွာ တိုက်ခိုက်ချိန်က ကပ်ဘေးကြီးကျရောက်ချိန်နှင့် တိုက်ဆိုင်နေတတ်ပြီး ကျဆုံးသွားသော ကောင်းကင်နတ်ဆိုးများမှ ရွှေနက်ကြောများ ဖြစ်လာကြခြင်း ဖြစ်သည်။

ထို့နောက် ရွှေနက်များ တင်ဆောင်ထားသော အခြားနတ်လှေများဆီသို့လည်း ယဲ့ရှင်းတန်နှင့်အတူ လုချန်း လိုက်သွားလိုက်သည်။ ဤနတ်လှေအနည်းငယ်ပေါ်တွင် တင်ဆောင်ထားသော ရွှေနက်များဖြင့် ရေတွက်မရနိုင်သော ရွှေနက်လက်နက်များကို ပြုလုပ်နိုင်သည်။

ရောစပ်လိုက်လျှင်ပင် ရွှေနက်သည် ကောင်းကင်နတ်ဆိုးများနှင့် နတ်ဆိုးတမန်များအပေါ် ဟန့်တားနိုင်သော သက်ရောက်မှု ရှိသည်။ လက်နက်များထဲတွင် ရွှေနက်အနည်းငယ် ရောစပ်လိုက်ရုံဖြင့် လုံလောက်ပေသည်။ ဤနတ်လှေများပေါ်ရှိ ရွှေနက်ပမာဏ အများအပြားကို ရောစပ်လိုက်ပါက ရရှိလာမည့် ရွှေနက်လက်နက်များဖြင့် ရှနိုင်ငံတော်၏ စစ်တပ်တစ်ခုလုံးကို တပ်ဆင်ပေးနိုင်သည်။

ကုန်သွယ်ရေး ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမသို့ ပြန်ရောက်သောအခါ လုချန်းကို ယဲ့ရှင်းတန် ကြည့်လိုက်သည်။ ထို့နောက်

“သခင်လု... ရွှေနက်တွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီဆိုတော့ ဒီကုန်သွယ်မှုအပေါ် ဘယ်လိုသဘောရပါသလဲ။”

ဤကုန်သွယ်မှုအတွက် ဆွမ်ဧကရာဇ်၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး လုချန်းကို ဆွမ်ဧကရာဇ်က စေလွှတ်လိုက်ခြင်းဖြစ်ရာ အကျိုးအမြတ်များကို ရှင်းလင်းစွာ ပြောပြထားပြီးဖြစ်မည်ဟု ယဲ့ရှင်းတန် ယူဆထားသည်။ ကောင်းကင်အဆင့် အာကာသယဉ်များကို ရောင်းချမှာလား ဆိုတာကို လုချန်း ကောင်းစွာ သိလိမ့်မည်ဟု ယုံကြည်ထားသည်။

စဉ်းစားပြီးနောက် လုချန်းက

“ကောင်းကင်အဆင့် အာကာသယဉ်တွေရဲ့ တည်ဆောက်စရိတ်က အတော်လေး ကြီးမားပါတယ်။ နတ်လှေလေးစင်းပေါ်က ရွှေနက်တွေနဲ့ဆိုရင် ကောင်းကင်အဆင့် အာကာသယဉ် ၁၅ စင်းနဲ့ လဲလှယ်ဖို့ မလုံလောက်ပါဘူး။”

“ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကောင်းကင်အဆင့် အာကာသယဉ် ၁၀ စင်းနဲ့ မြေအဆင့် အာကာသယဉ် ၅ စင်းပေါ့။ ဥက္ကဋ္ဌယဲ့ ဘယ်လိုသဘောရပါသလဲ။”

ယဲ့ရှင်းတန် ချက်ချင်း ပြန်မဖြေပဲ တိတ်ဆိတ်သွားသည်။

လုချန်းက ဆက်လက်၍

“ရွှေနက်က တန်ဖိုးရှိပေမဲ့ ကောင်းကင်အဆင့် အာကာသယဉ်တွေ ထုတ်လုပ်ဖို့အတွက် သက်ဝင်ရွှေနဲ့ အရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။ အဓိကအချက်က ဒီလိုအာကာသယဉ်တွေကို ရှနိုင်ငံတော်မှာပဲ ရနိုင်တာပါ။ ဥက္ကဋ္ဌယဲ့အနေနဲ့ သူတို့ရဲ့တန်ဖိုးကို သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

အာကာသယဉ်များကို အသုံးပြုရန် ဝယ်ယူခြင်းမဟုတ်ပဲ နည်းပညာတုပရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း လုချန်း ရိပ်မိထားပြီးဖြစ်၏။

သက်ဝင်ရွှေ တစ်ခုတည်းနှင့်ပင် အာကာသယဉ်များ၏ တန်ဖိုးကို တွေးကြည့်နိုင်ပေသည်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ယဲ့ရှင်းတန်က

“ကောင်းပါပြီ... သခင်လု အကြံပြုတဲ့အတိုင်း ဆက်လုပ်ကြတာပေါ့။”

ယဲ့ရှင်းတန် သဘောတူသည်ကို မြင်သောအခါ လုချန်းက ကျောက်ထျန်းဘက်သို့ လှည့်ပြီး

“ဦးစီကျောင်း... စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ကန့်ကွက်စရာ မရှိပါဘူးနော်။”

ကျောက်ထျန်းက ကပျာကယာ ပြောလိုက်သည်။

“သခင်လု ပြောပြီးမှတော့ ကျွန်တော်တို့ဘက်က ကန့်ကွက်စရာ မရှိပါဘူး။”

လုချန်းက ဆက်လက်၍

“နှစ်ဖက်လုံးက ကန့်ကွက်စရာ မရှိတော့ဘူးဆိုရင် စာချုပ် ချုပ်ဆိုကြတာပေါ့။”

စကားဆုံးသည်နှင့် ကျောင်းထျန်းတို့ လူစုလည်း စာချုပ်မူကြမ်းကို စတင်ရေးဆွဲကြသည်။ ထို့နောက် လျင်မြန်စွာ ပုံနှိပ်ထုတ်ယူလိုက်ပြီး နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးလိုက်ကြသည်။

စာချုပ်ချုပ်ဆိုပြီးနောက် ယဲ့ရှင်းတန်က လေးလေးစားစား မေးလိုက်သည်။

“သခင်လု... စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ဘယ်အချိန်လောက် ပစ္စည်းအပ်နိုင်မလဲဆိုတာ သိခွင့်ရှိမလား”

လုချန်းက

“အဲဒါကိုတော့ ဦးစီးကျောက်ကို မေးရလိမ့်မယ်။”

ကျောက်ထျန်းက ချက်ချင်း ပြောလိုက်သည်။

“ဥက္ကဋ္ဌယဲ့ စိတ်ချနိုင်ပါတယ်။ တစ်လအတွင်း စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ပစ္စည်းအပ်နိုင်ပါလိမ့်မယ်။”

ယဲ့ရှင်းတန်က

“ကောင်းပါပြီ”

ထိုအချိန်တွင် လုချန်းကို ယဲ့ရှင်းတန် ကြည့်လိုက်သည်။

“သခင်လု... ဒီနေ့အတွက် တခြားအစီအစဉ်တွေ ရှိလားတော့ မသိဘူး။ ကျွန်တော်တို့ ချင်းယွဲ့က စား‌သောက်ဆိုင်မှာ နေ့လယ်စာစားပွဲ စီစဉ်ထားပါတယ်။”

လုချန်းက

“တောင်းပန်ပါတယ်။ ကုန်သွယ်မှု အသေးစိတ်အချက်အလက်တွေကို မင်းကြီးဆီ ချက်ချင်း အစီရင်ခံရမှာမို့လို့ နောက်တစ်နေ့မှပဲ ဆုံကြတာပေါ့။”

ယဲ့ရှင်းတန်က

“ကောင်းပါပြီ... သခင်လုကို အနှောင့်အယှက် မပေးတော့ပါဘူး။ ကျွန်တော်တို့ အရင်ပြန်နှင့်ပါ့မယ်။”

စကားသံဆုံးသည်နှင့် ချန်ဟုန် ကုန်သည်အဖွဲ့နှင့်အတူ ယဲ့ရှင်းတန်လည်း ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထွက်ခွာသွား တော့သည်။ သူတို့အားလုံး ထွက်ခွာသွားပြီးနောက် ဇဝေဇဝါအမူအရာဖြင့် လုချန်းကို ကျောက်ထျန်း ကြည့်လိုက်၏။

“မင်းကြီး... ချန်ဟုန် ကုန်သည်အဖွဲ့ဆီကို ကောင်းကင်အဆင့် အာကာသယဉ်တွေ တကယ်ပဲ ရောင်းလိုက်တော့မှာလား။”

ချန်ဟုန် ကုန်သည်အသင်းသည် အခြားကြယ်နယ်မြေတစ်ခုမှ လာခြင်းဖြစ်ပြီး သူတို့နောက်ကွယ်တွင် အခြားအင်ပါယာတစ်ခု မရှိကြောင်း မည်သူအာမခံနိုင်မည်နည်း။ အာကာသယဉ်၏ စွမ်းဆောင်ရည်များကို အခြားအင်ပါယာတစ်ခုက သိရှိသွားပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် မည်သို့လုပ်မည်နည်း။

လုချန်းက

“စာချုပ်ချုပ်ပြီးပြီဆိုတော့ ရောင်းရမှာပေါ့။ ဒါပေမဲ့ ရောင်းလိုက်တဲ့ အမျိုးအစားက ပြည်ပပို့ကုန်အတွက် သတ်မှတ်ထားတဲ့ အဆင့်တွေဖြစ်ရမယ်။ အင်းကွက်လက်နက်တွေ တပ်ဆင်ထားမှာ မဟုတ်ဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ကျောက်ထျန်း သဘောပေါက်သွားသည်။ ချန်ဟုန် ကုန်သည်အဖွဲ့ထံ ရောင်းချမည့် အာကာသယဉ်များကို သင့်လျော်သလို စွမ်းရည်လျှော့ချနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ကောင်းကင်အဆင့် အာကာသယဉ်များကို ရရှိသွားလျှင်ပင် အခြားအာကာသယဉ်များနှင့် ယှဉ်ပါက အရွယ်အစား ပိုကြီးရုံသာ ရှိပေလိမ့်မည်။

ချန်ဟုန် ကုန်သည်အဖွဲ့ တည်းခိုခန်း၏ သီးသန့်အခန်းတစ်ခုအတွင်း ပြန်ရောက်ပြီး‌ နောက် အဖွဲ့ဝင်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့်

“ကောင်းကင်အဆင့် အာကာသယဉ်တွေကို ရောင်းမရောင်းဆိုတာ အဲ့ဒီသခင်လုက ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။”

ယဲ့ရှင်းတန်က ရယ်မောလိုက်ပြီး

“ရှနိုင်ငံတော် တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်ကို မင်းမသိဘူးလား။”

ယဲ့ရှင်းတန်က သတိပေးလိုက်သဖြင့် သခင်လုသည် သာမန်လူမဟုတ်ပဲ တော်ဝင်မျိုးနွယ်တစ်ဦး ဖြစ်နိုင်ခြေများကြောင်း အားလုံး ရုတ်တရက် သဘောပေါက်သွားကြသည်။

ယဲ့ရှင်းတန်က

“သူက မင်းသားတစ်ပါး ဖြစ်နိုင်ခြေများတယ်။ အနာဂတ်မှာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ လိုတယ်။ အဲဒါက ကျုပ်တို့ရဲ့ အနာဂတ်အစီအစဉ်တွေကို အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။”

ယဲ့မိသားစုဝင်တစ်ဦးက

“အဲဒါကြောင့် ခုနက ဥက္ကဋ္ဌယဲ့က သူ့ကို ချင်းယွဲ့ စားသောက်ဆိုင် ဖိတ်လိုက်တာကိုး။”

ယဲ့ရှင်းတန်က ခပ်အေးအေးပင်

“ကံမကောင်းစွာနဲ့ပဲ သူက ငါတို့အပေါ် သတိထားနေတုန်းပဲ။ ဒါပေမဲ့ ငါတို့ အလျင်လိုစရာ မလိုပါဘူး။ အနာဂတ်မှာ သူနဲ့ ထပ်ပြီး ဆက်ဆံရလိမ့်မယ်လို့ ငါအာရုံရနေတယ်။”

ဤနေရာတွင် အင်ပါယာတစ်ခုကို ရှာတွေ့ခဲ့ပြီး ဆန်းပြားသော ပစ္စည်းအများအပြား ရှိနေသဖြင့် ချန်ဟုန် ကုန်သည်အသင်းသည် ဤနေရာ၌ စီးပွားရေးလုပ်ငန်းများ မုချ တည်ထောင်ကြပေလိမ့်မည်။

ရှနိုင်ငံတော်တွင် အခြေချမည်ဆိုပါက နိုင်ငံတော် ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် မလွဲမသွေ ဆက်ဆံရမည် ဖြစ်သည်။ ဤကိစ္စကို ကိုင်တွယ်ရန် ဧကရာဇ်က သခင်လုကို ခန့်အပ်ခဲ့ခြင်းဖြစ်၏။ ထိုအချက်က သခင်လု အပေါ် ဆွမ်ဧကရာဇ် ယုံကြည်မှု ရှိကြောင်း ပြသနေသည်။ ဆိုလိုသည်မှာ ချန်ဟုန် ကုန်သည်အသင်းသည် အနာဂတ်တွင် သခင်လုနှင့် ထပ်မံ ထိတွေ့ဆက်ဆံရနိုင်၏။

ထိုအချိန်တွင် ယဲ့မိသားစုဝင်တစ်ဦးက

“ဥက္ကဋ္ဌ... ကျွန်တော် စုဆောင်းထားတဲ့ သတင်းတွေအရ ရှနိုင်ငံတော်ရဲ့ နံပါတ်ခြောက် မင်းသားနဲ့ နံပါတ်နှစ် မင်းသမီးက မယ်တော်တူတူပဲ။ ပြီးတော့ အဲ့ဒီ နံပါတ်ခြောက် မင်းသားက အပျော်အပါးမက်ပြီး လက်ဆောင်တွေကို ဘယ်တော့မှ မငြင်းဘူးတဲ့။ ရှနိုင်ငံတော်က မင်းသား၊ မင်းသမီးတွေအားလုံးထဲမှာ သူက ချဉ်းကပ်ရ အလွယ်ဆုံးပဲ။ သူ့ဆီကို အရင်ဆုံး ချဉ်းကပ်ဖို့ လူလွှတ်လိုက်ရမလား။”

စဉ်းစားပြီးနောက် ယဲ့ရှင်းတန်က

“ရှနိုင်ငံတော်ရဲ့ နံပါတ်နှစ် မင်းသမီးဆိုတာ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မဟုတ်လား။”

“ဟုတ်ပါတယ်”

ယဲ့ရှင်းတန်က ချက်ချင်းပင်

“နံပါတ်ခြောက် မင်းသားက မိန်းမလှလေးတွေအပြင် ဘာတွေ ကြိုက်တတ်သေးလဲဆိုတာ စုံစမ်းလိုက်။”

“နောက်ကျရင် ငါကိုယ်တိုင် သူ့ဆီ သွားလည်မယ်”

မကြာမီ အာကာသယဉ်ကို ပိုင်ဆိုင်ရတော့မည် ဖြစ်သော်လည်း ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ပြဿနာများ ရှိမရှိ မည်သူမှ မသေချာနိုင်ကြောင်း ယဲ့ရှင်းတန် တွေးလိုက်မိသည်။

နံပါတ်ခြောက် မင်းသားမှတစ်ဆင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု၏ အဓိက လျှို့ဝှက်ချက်များကို သိရှိခွင့်ရပါက အာကာသယဉ် ဝယ်ယူရေးကိစ္စ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

ထို့ပြင် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု၏ ထုတ်ကုန်များမှာ အာကာသယဉ်များသာ မဟုတ်ပေ။ ထူးဆန်းသော လက်နက်များနှင့် ကိရိယာမျိုးစုံလည်း ရှိပေသည်။ လုပ်ငန်းအတွင်းသို့ သူလျှိုထည့်ခြင်း သို့မဟုတ် ဝန်ထမ်းများကို လာဘ်ထိုးခြင်းများ ပြုလုပ်နိုင်ပါက ယဲ့မိသားစု ပို၍ကြီးပွားလာမည့် အခွင့်အရေး ဖြစ်လာပေလိမ့်မည်။

စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုထဲသို့ စိမ့်ဝင်ရန်အတွက် နံပါတ်ခြောက်မင်းသား လုကျိအန်းသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ‌ပေလိမ့်မည်။

…………….

အခန်း( ၁၂၉၉ )

ငြင်းပယ်ခံလိုက်ရသော လက်ဆောင်

ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့သည် လုကျိအန်း၏ အကြိုက်များကို လျင်မြန်စွာ သိရှိခဲ့ပြီး ကောင်းကင်မီးကမ္ဘာရှိ သူပိုင်ဆိုင်သော စံအိမ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

နံပါတ် ခြောက်မင်းသား ကောင်းကင်မီးကမ္ဘာတွင် မရှိကြောင်း သူတို့ ကြားသိရသော်လည်း လုကျိအန်းကဲ့သို့သော မင်းသားတစ်ပါးအတွက် သူအဝေးရောက်နေသည့်တိုင် ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းပေးမည့်သူများ ရှိနေမည်သာဖြစ်သည်။

ထို့ကြောင့် မကြာမီပင် လက်ဆောင်များနှင့် အလှမယ်အမြောက်အမြားကို ပြင်ဆင်လိုက်ပြီး ကောင်းကင်မီးကမ္ဘာရှိ လုကျိအန်း၏ စံအိမ်သို့ ယဲ့ရှင်းတန် ချက်ချင်း ဦးတည်ထွက်ခွာခဲ့တော့သည်။

ကောင်းကင်မီးကမ္ဘာရှိ လုကျိအန်း၏ စံအိမ်သည် ဧကထောင်ချီ ကျယ်ဝန်းပြီး ခြံဝင်းအတွင်းရှိ အဆောက်အအုံများမှာ အဆင့်မြင့်အဆောက်အအုံများ ဖြစ်ကြသည်။ ထို့ပြင် အပြင်ဘက်တွင် မြို့ရိုးကဲ့သို့ အုတ်နံရံကားထားပြီး စစ်သည်များလည်း စောင့်ကြပ်နေသဖြင့် စံအိမ်တစ်ခုလုံးသည် ခံတပ်မြို့ငယ်လေးတစ်ခုသဖွယ် ဖြစ်နေသည်။

ယဲ့ရှင်းတန် အဓိကဝင်ပေါက်သို့ ရောက်သောအခါ အစောင့်တပ်ဖွဲ့တစ်ဖွဲ့က ချဉ်းကပ်လာပြီး

“ခင်ဗျားတို့က ဘယ်သူတွေလဲ”

ယဲ့ရှင်းတန်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်

“လူကြီးမင်းတို့ကို ဂါရဝပြုပါတယ်။ ကျွန်တော်က ချန်ဟုန် ကုန်သည်အသင်းရဲ့ ဥက္ကဋ္ဌပါ။ နံပါတ်ခြောက်မင်းသားကို လာရောက်တွေ့ဆုံတာပါ။ လူကြီးမင်းတို့အနေနဲ့ သတင်းစကား ပါးပေးနိုင်မလားဆိုတာ သိချင်ပါတယ်။”

ထိုအချိန်တွင် သူ့ဘေးရှိလူကို အချက်ပြရန် ယဲ့ရှင်းတန် ခေါင်းကို မသိမသာ လှည့်လိုက်သည်။ ထို့နောက် ချန်ဟုန် ကုန်သည်အဖွဲ့မှ လူများက အလွန်လှပသော အမျိုးသမီး ဒါဇင်အနည်းငယ်ကို ရှေ့သို့ ခေါ်ထုတ်လာကြသည်။ ထို့နောက် ယဲ့ရှင်းတန်က လက်ဝှေ့ယမ်းလိုက်ရာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသော သေတ္တာဒါဇင်ပေါင်းများစွာ ပေါ်လာသည်။

သေတ္တာများ၏ ဘေးတွင် ပုံသဏ္ဌာန် အရွယ်အစား ကွဲပြားသော သေတ္တာအချို့ ရှိနေပြီး အတွင်း၌ ရတနာအချို့ ပါရှိကြောင်း ထင်ရှားနေသည်။

ပစ္စည်းအများအပြားကို မြင်လိုက်ရသဖြင့် အတွေ့အကြုံများပြီး လုကျိအန်း ယုံကြည်အားထားရသော လက်ထောက်တစ်ဦးဖြစ်သည့် ရွှီခိုင်ကျွင်းပင်လျှင် မှင်သက်သွားသည်။

ရွှီခိုင်ကျွင်းသည် လုကျိအန်းနောက်သို့ အမြဲလိုက်ပါလေ့ရှိပြီး လူအများအပြား လက်ဆောင်လာပေးသည်ကို မြင်ဖူးသော်လည်း ဤမျှများပြားသော ပစ္စည်းများကို လာပေးသူနှင့် ကြုံဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ရွှီခိုင်ကျွင်း မကြာမီ ပြန်လည်တည်ငြိမ်သွားပြီး ချောင်းဟန့်ကာ

“တောင်းပန်ပါတယ်။ နံပါတ်ခြောက်မင်းသားက ထျန်းချန်ကမ္ဘာကို ပြန်သွားပါပြီ။ မကြာခင်အချိန်အတွင်း ပြန်လာဖို့ မရှိပါဘူး။”

လုကျိအန်း၏ ယုံကြည်ရသော လက်ထောက်တစ်ဦးအနေနှင့် လုကျိအန်းအား ကောင်းကင်ဧကရာဇ် အပြစ်ပေးထားကြောင်း ရွှီခိုင်ကျွင်း သိထား၏။ လုကျိအန်း ကိုယ်တိုင်ကလည်း သူ နောက်ဆယ်နှစ်လုံးလုံး အပြင်းအထန် ကျင့်ကြံအားထုတ်မည်ဖြစ်ကြောင်း၊ အကျယ်ချုပ်လွတ်လျှင်တောင်မှ ကောင်းကင်မီးကမ္ဘာသို့ ချက်ချင်းပြန်လာဦးမည် မဟုတ်ကြောင်း ပြောထားခဲ့သည်။

ရွှီခိုင်ကျွင်း၏ စကားကို ကြားသောအခါ နံပါတ်ခြောက်မင်းသား ကောင်းကင်မီးကမ္ဘာတွင် မရှိကြောင်း သတင်းရထားပြီးဖြစ်သဖြင့် ထူးဆန်းသည်ဟု ယဲ့ရှင်းတန် မအံ့သြ‌ပေ။ ယဲ့ရှင်းတန်က

“ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က ကောင်းကင်မီးကမ္ဘာမှာ ကုန်သည်ကြီးများအသင်းတစ်ခု တည်ထောင်မှာပါ... ဪ... လုပ်ငန်းစု တစ်ခုလို့ ဆိုလိုတာပါ။ အနာဂတ်မှာ နံပါတ်ခြောက်မင်းသား ပြန်ရောက်လာရင် လူကြီးမင်းအနေနဲ့ ကျွန်တော်တို့ကို အသိပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုအချိန်တွင် ယဲ့ရှင်းတန်က အာကာသ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရွှီခိုင်ကျွင်းထံ တိုက်ရိုက်ကမ်းပေးကာ

“လူကြီးမင်း... ဒါက စေတနာ သက်သက်ပါ။ ဘာမှပြန်လုပ်ပေးစရာမလိုပါဘူး။ ကျေးဇူးပြုပြီး လက်ခံပေးပါ။”

ရွှီခိုင်ကျွင်းက ယဲ့ရှင်းတန်လက်ထဲမှ အာကာသ လက်စွပ်ကို တစ်ချက်သာ အကဲခတ်ကြည့်လိုက်ပြီး လက်မခံရန် ရွေးချယ်လိုက်သည်။

နံပါတ်ခြောက်မင်းသား လုကျိအန်း အဘယ်ကြောင့် အကျယ်ချုပ်ကျခံ နေရသည်ကို ရွှီခိုင်ကျွင်း ကောင်းစွာ သိထားသည်။ နံပါတ်ခြောက် မင်းသားကလည်း ယခုမှစ၍ မည်သူမှ ပြင်ပလူများထံမှ ပစ္စည်းလက်မခံရန်နှင့် လက်ခံသည်ကို တွေ့ရှိပါက စံအိမ်မှ မောင်းထုတ်မည်ဖြစ်ကြောင်း သူ့လက်အောက်ငယ်သားများကို အမိန့်ပေးထားပြီး ဖြစ်သည်။

ကောင်းကင်ဧကရာဇ် ကိုယ်တိုင်က မင်းသားကို သတိပေးထားခြင်းဖြစ်၏။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် မည်သူက လက်ဆောင်လက်ခံရဲမည်နည်း။

ရွှီခိုင်ကျွင်းက လေးလေးနက်နက် ပြောလိုက်၏။

“ဥက္ကဋ္ဌယဲ့... ကျေးဇူးပြုပြီး ဒီပစ္စည်းတွေကို ပြန်ယူသွားပါ။ မင်းသားက အမိန့်ပေးထားပါတယ်။ ဒီနေ့ကစပြီး ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ဘယ်လက်ဆောင်ကိုမဆို လက်မခံဘူးလို့ ပြောထားပါတယ်။”

ရွှီခိုင်ကျွင်း၏ စကားကို ကြားသောအခါ ယဲ့ရှင်းတန် အနည်းငယ် အံ့အားသင့်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။ သူတို့ စုဆောင်းထားသော သတင်းအချက်အလက်များအရ ထိုမင်းသားသည် လောဘကြီးပြီး အလှမယ်များကို ခုံမင်နှစ်သက်သူ မဟုတ်ပါလား။

သူက ဘာလို့ ငြင်းပယ်ရတာလဲ။

ယဲ့ရှင်းတန်က

“လူကြီးမင်း... ဒီမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေသလား”

ရွှီခိုင်ကျွင်းက

“နားလည်မှုလွဲတာ မရှိပါဘူး။ မင်းသားက တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာပါ။ ကျွန်တော်တို့က မင်းသားရဲ့ အမိန့်ကို နာခံရုံပါပဲ။”

ယဲ့ရှင်းတန် ခဏခန့် စဉ်းစားလိုက်၏။ ရွှီခိုင်ကျွင်း၏ ငြိုငြင်မှုကို ရှောင်ရှားရန်အတွက် သူက ထပ်ပြီး ဇွတ်အတင်း မပြောတော့ပေ။ သူက နောက်မှ အလှမယ်တစ်ဒါဇင်ကို ကြည့်လိုက်ပြီး

“ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေကို လက်မခံတာ နားလည်ပါတယ်။ ဒါပေမဲ့ မင်းသားက ဒီအလှမယ်တွေကိုတော့ စိတ်ဝင်စားမှာပါ။”

“သူတို့ကို မင်းသားကို ပြုစုဖို့ ဒီမှာထားခဲ့ရင်ရော ဘယ်လိုလဲ။”

ရွှီခိုင်ကျွင်းလည်း အလှမယ်များကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်၏။

“မင်းသားရဲ့ စိတ်က အခု ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ထားတာပါ။ သူ့ဆီကို အလှမယ်တွေ လာပို့တဲ့သူ ဘယ်သူမဆို သူ့ရဲ့ ကျင့်စဉ်စိတ်နှလုံးကို ဖျက်ဆီးနေတာပဲလို့ ပြောပါတယ်။”

ဒါက...

ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ ကြောင်အ သွားကြသည်။

ဒါက သူတို့ စုဆောင်းထား‌သော သတင်းအချက်အလက်တွေများနှင့် လုံးဝ ကွဲပြားနေ၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။

နံပါတ်ခြောက် မင်းသားက ဘာလို့ ရုတ်တရက် တခြားလူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ။

ရွှီခိုင်ကျွင်းက ထပ်ပြောလိုက်သည်။

“ကောင်းပြီ... ခင်ဗျားတို့ ပြန်လို့ရပါပြီ။ ခင်ဗျားတို့ လာလည်တဲ့အကြောင်း မင်းသားဆီကို ကျွန်တော် အစီရင်ခံလိုက်ပါ့မယ်။ မင်းသားက ခင်ဗျားတို့ကို တွေ့ချင်တယ်ဆိုရင် လူလွှတ်ပြီး ခေါ်ခိုင်းပါလိမ့်မယ်။”

“ဒါပေမဲ့ မင်းသားက နောက်ဆယ်နှစ်လုံးလုံး ကျင့်စဉ်အပေါ်မှာပဲ အာရုံစိုက်မှာဆိုတော့ မင်းသားကို တွေ့ရဖို့က သိပ်မဖြစ်နိုင်ပါဘူး။”

ရွှီခိုင်ကျွင်းထံမှ ထိုစကားကို ကြားသောအခါ ယဲ့ရှင်းတန် ကြောင်တောင်တောင် ဖြစ်သွား၏။ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သော နံပါတ်ခြောက် မင်းသားက ဘယ်လိုလုပ် ကျင့်စဉ်ကျင့်ဖို့ စဉ်းစားရတာလဲ။

သူတို့ စုဆောင်းထားသော သတင်းအချက်အလက်များအရ နံပါတ်ခြောက် မင်းသားသည် ကျင့်စဉ်ကျင့်မည့် လူစားမျိုး မဟုတ်ပေ။ သူတို့ရောက်လာမှ ဘာလို့ သူ့ပင်ကိုယ်စရိုက် ပြောင်းသွားရတာလဲ။

ပြန်လည် သတိဝင်လာပြီးနောက် ယဲ့ရှင်းတန် ပြုံးလိုက်ပြီး

“လူကြီးမင်း... နံပါတ်ခြောက် မင်းသား ရုတ်တရက် တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ ပြောပြပေးလို့ ရမလား။”

ရွှီခိုင်ကျွင်း အနည်းငယ် စိတ်မရှည်ဖြစ်သွားပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။ ကောင်းပြီ... ခင်ဗျားတို့ အခု ပြန်လို့ရပါပြီ။ မင်းသားက ခင်ဗျားတို့ကို တွေ့ချင်ရင် ကျွန်တော် လူလွှတ်ပြီး အသိပေးပါ့မယ်။”

ယခု ရွှီခိုင်ကျွင်းက စိတ်မရှည်တော့သည့်ပုံ ပေါက်လာသည်။ ယခု ကာလအတွင်း အင်အားစု အမြောက်အမြားက လက်ဆောင်ပစ္စည်းများ လာပေးကြပြီး လူတိုင်းနီးပါးက နံပါတ်ခြောက် မင်းသားအကြောင်း မေးမြန်းကြသောကြောင့်လည်း ဖြစ်သည်။

နံပါတ်ခြောက် မင်းသား အဘယ်ကြောင့် တံခါးပိတ် ကျင့်ကြံချင်ရသည်ကို သူသိထား၏။ သို့သော် အချို့ကိစ္စများကို ပေါ့ပေါ့တန်တန် ဆွေးနွေး၍ မရပေ။

ရွှီခိုင်ကျွင်း ဒေါသထွက်ခါနီး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ရှင်းတန်က ပြုံးလျက်

“သဘောပေါက်ပါပြီ။ ကျွန်တော်တို့ အခုပဲ ပြန်ပါတော့မယ်။”

ထို့နောက် ယဲ့ရှင်းတန်က ချန်ဟုန် ကုန်သည်အဖွဲ့ဝင်များဘက်သို့ လှည့်ပြီး

“သွားကြစို့”

ထို့နောက် သူတို့ ပြန်ရန် လှည့်ထွက်လိုက်ကြသည်။

သူတို့ လှည့်လိုက်သည်နှင့် ရွှီခိုင်ကျွင်း၏ အသံကို ထပ်ကြားလိုက်ရသည်။

“နေဦး... ဒီပစ္စည်းတွေအားလုံးကိုပါ ပြန်ယူသွားကြပါ”

အစက ယဲ့ရှင်းတန်တို့လူစုသည် ကြမ်းပြင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများကို မေ့ချင်ယောင်ဆောင်၍ ထားခဲ့ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။ လက်ဆောင်ပေးရာတွင် အစပိုင်း၌ ငြင်းပယ်ဟန်ဆောင်မည်ဖြစ်ပြီး အတင်းထားခဲ့ရခြင်းက ထုံးစံတစ်ခုလို ဖြစ်နေသောကြောင့် ဖြစ်သည်။

ထို့ပြင် လက်ဆောင်များကို ယူလာပြီး ထုတ်ပင်ပြထားပြီးဖြစ်ရာ ပြန်ယူသွားခြင်းက အဓိပ္ပာယ်မရှိပေ။ ထို့ကြောင့် ယဲ့ရှင်းတန်တို့လူစုလည်း ပစ္စည်းများကို ထိုနေရာတွင် ထားခဲ့ပြီး ထွက်ခွာရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယဲ့ရှင်းတန်က ရွှီခိုင်ကျွင်းဘက်သို့ ခေါင်းလှည့်ကြည့်ပြီး ပြုံးလျက်

“ပေးပြီးသားပစ္စည်းကို ပြန်ယူသွားစရာ အကြောင်းမရှိပါဘူး လူကြီးမင်း။”

ရွှီခိုင်ကျွင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဒီပစ္စည်းတွေကို ဒီမှာထားခဲ့ဖို့ ခင်ဗျား ဇွတ်အတင်းလုပ်နေမယ်ဆိုရင်တော့ ခင်ဗျားတို့ မင်းသားကို မတွေ့ရရုံမကပဲ မင်းသားကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် သတိပေးရလိမ့်မယ်။ “

ရွှီခိုင်ကျွင်းက ထိုသို့ပြောလာသည်ကို ကြားသောအခါ တစ်စုံတစ်ခု နားလည်သွားသကဲ့သို့ ယဲ့ရှင်းတန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း”

စကားဆုံးသည်နှင့် ယဲ့ရှင်းတန်လည်း ကြမ်းပြင်ပေါ်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများ အားလုံးကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

ထို့နောက် လုကျိအန်းအတွက် ရည်ရွယ်ထားသော အလှမယ်များ အပါအဝင် ချန်ဟုန် ကုန်သည်အဖွဲ့ဝင်များကို ဦးဆောင်ပြီး ယဲ့ရှင်းတန် ပြန်လည်ထွက်ခွာသွားတော့သည်။

သူတို့ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ယဲ့မိသားစုဝင်တစ်ဦးက နားမလည်နိုင်စွာဖြင့်

“ဥက္ကဋ္ဌ... ကျွန်တော်တို့ လက်ဆောင်တွေကို တကယ်ကြီး ပြန်ယူလာခဲ့တာလား။”

“ပေးပြီးသား လက်ဆောင်တွေကို ပြန်ယူလာတာကို နံပါတ်ခြောက်မင်းသား သိသွားရင် ဒေါသထွက်သွားနိုင်တယ်။”

ယဲ့ရှင်းတန်က တည်ငြိမ်စွာ ရှင်းပြလိုက်၏။

“ပစ္စည်းတွေကို ထားခဲ့ရင် မင်းသားကို စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ အစောင့် ပြောလိုက်တာ မင်းမကြားဘူးလား။”

ထိုစဉ် တစ်ဦးက ထင်မြင်ချက် ဝင်ပေးလိုက်သည်။

“အဲ့ဒါက ယဉ်ကျေးမှုအရ ပြောတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ကျွန်တော်တို့ပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေက စေတနာမပါဘူးလို့ သူတို့ထင်လို့များလား။”

သူတို့ စုဆောင်းထားသော သတင်းအချက်အလက်များ မှားယွင်းသည်ဟု သူတို့ မယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နံပါတ်ခြောက်မင်းသား၏ အကြောင်းများကို လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။

ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။

နောက်ပြီး လူတစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြောင်းလဲသွားနိုင်မှာလဲ။

All Chapters