အခန်း (၁၃၀၀-၁၃၀၂)
Vol. 87 Ch. 1300-1302
အခန်း (၁၃၀၀)
လူငှားရမ်းခြင်း
နံပါတ်ခြောက် မင်းသား၏ လက်အောက်ငယ်သားများက လက်ဆောင်မယူသည့် အကြောင်းအရင်းကို ကုန်သည်အဖွဲ့ဝင်များ နားမလည်ကြမှန်း မြင်သောအခါ ယဲ့ရှင်းတန်က
“မင်းသားက လက်ဆောင်မယူချင်တာ မဟုတ်ဘူး။ မယူရဲတာ။”
ယဲ့ရှင်းတန်၏ စကားကို ကြားသောအခါ ကုန်သည်အဖွဲ့ဝင်များ အနည်းငယ် တုန်လှုပ်သွားကြသည်။
လက်ဆောင် မယူရဲဘူး ဟုတ်လား။
လုကျိအန်းသည် ရှနိုင်ငံတော် ကောင်းကင်ဧကရာဇ် သားတော်ဖြစ်သည်ဟု သူတို့ တွေးတောလိုက်ကြသည်။ သူက ဘာကို ကြောက်နေရမှာလဲ။
သူတို့ ကုန်သည်အဖွဲ့သည် အင်ပါယာ အများအပြားသို့ ရောက်ဖူးခဲ့ပြီး သူတို့တွေ့ခဲ့ရသည့် ဧကရာဇ် သားတော်တိုင်းလိုလိုသည် ဥပဒေအထက်မှာနေပြီး မောက်မာရိုင်းစိုင်းကြသည်။ ဧကရာဇ်တစ်ပါး၏ သားတော်က ဘာကိုများ ကြောက်နေရမှာလဲ။
အထူးသဖြင့် လက်ဆောင်လက်ခံရုံ သက်သက်ကိစ္စလေးကိုဖြစ်၏။
ယဲ့ရှင်းတန်က ဆက်လက်၍
“အရင်တုန်းက လောဘကြီးပြီး အပျော်အပါးမက်တဲ့ လူတစ်ယောက်က ရုတ်တရက် ဆယ်နှစ်လောက် တံခါးပိတ်ကျင့်ကြံမယ်လို့ ပြောတာကို ခင်ဗျားတို့ ယုံလား။”
ချန်ဟုန်ကုန်သည်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက
“ဒါတော့ မယုံဘူးလေ”
ယဲ့ရှင်းတန်က ဆက်ပြောလိုက်၏။
“ဒါဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ ရှနိုင်ငံတော်က မင်းသား သတိပေးခံထားရတာပဲ။”
“မင်းသားရဲ့ အစောင့်တွေရဲ့ အပြုအမူကို ကြည့်ရတာ လက်ဆောင်ယူဖို့ အရမ်းကြောက်နေကြတယ်။ လက်ဆောင်ထားခဲ့ရင် လုမင်းသား စိတ်ဆိုးသွားနိုင်တယ်လို့တောင် အဲ့ဒီအစောင့်က သတိပေးခဲ့သေးတယ်။ ဒါက သူ လက်ဆောင်လက်ခံဖို့ ကြောက်နေပြီ ဆိုတာကို သက်သေပြနေတာပဲ။ တိတိကျကျ ပြောရရင် ဒီကိစ္စ သူကြောက်ရတဲ့ လူတစ်ယောက်ယောက်ဆီ ရောက်သွားမှာကို ပိုကြောက်နေပုံရတယ်။”
“မင်းသားကို ကြောက်အောင် လုပ်နိုင်တဲ့လူက အဲ့ဒီတစ်ယောက်ပဲ ရှိမယ်။”
ယဲ့ရှင်းတန်က မည်သူဖြစ်ကြောင်း တိတိကျကျ မပြောပေ။ ဧကရာဇ်ကို မစော်ကားသင့်ပေ။ အကယ်၍ သူက နာမည်ကို ထုတ်ပြောလိုက်လျှင် ဧကရာဇ်၏ သတိပြုမိခြင်းကို ခံရနိုင်သည်။ သူတို့၏ စုံစမ်းစစ်ဆေးမှုအရ လုချန်း၏ နောက်ကွယ်တွင် ဧကရာဇ်တစ်ပါး ရှိနေသည်ဟု သိခဲ့ရသော်လည်း သူတို့၏ အမြင်တွင်မူ လုချန်းကိုယ်တိုင်က ဧကရာဇ်တစ်ပါး ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။
ယဲ့ရှင်းတန်၏ သုံးသပ်ချက်ကို ကြားသောအခါ ချန်ဟုန်ကုန်သည်အဖွဲ့ဝင်များ ချက်ချင်း သဘောပေါက်သွားကြသည်။
ထို့နောက် ယဲ့ရှင်းတန်က ဆက်ရှင်းပြလိုက်သည်။
“ပုံမှန်ဆိုရင် ဧကရာဇ်တစ်ပါးက သူ့သားသမီးတွေ ဇိမ်ခံနေတာကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ သတင်းအချက်အလက်တွေအရ ဒီတစ်ယောက်က မတူဘူး။ သူက မိသားစုသံယောဇဉ်ကို အရမ်းအလေးထားတယ်။ သူ့သားသမီးတွေ အသုံးမကျတဲ့လူတွေ ဖြစ်လာမှာကို သူမြင်ချင်မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် ယဲ့မိသားစုဝင် တစ်ဦးက
“ဒါဆို ကျွန်တော်တို့ရဲ့ အစီအစဉ် ပျက်သွားပြီလို့ ဆိုလိုတာလား။”
အကယ်၍ သူတို့ ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေပါက ဆယ်နှစ်တာ တံခါးပိတ်ကျင့်ကြံခြင်း ဆိုသည်မှာ ကောင်းကင်ဧကရာဇ် ချမှတ်ထားသည့် ဆယ်နှစ်တာ အကျယ်ချုပ် ဖြစ်နိုင်သည်။ လာမည့် ဆယ်နှစ်အတွင်း လုမင်းသားနှင့် တွေ့ဆုံရန် ခက်ခဲမည်ဖြစ်ပြီး သူတို့၏ အစီအစဉ်လည်း ပျက်စီးသွားပေလိမ့်မည်။
ယဲ့ရှင်းတန်က ခပ်အေးအေး ပြောလိုက်သည်။
“ဆယ်စုနှစ်တစ်ခုပဲလေ။ ကျုပ်တို့ စောင့်နိုင်ပါတယ်။”
ကျင့်ကြံသူများအတွက် ဆယ်စုနှစ်တစ်ခုသည် ကြာမြင့်လှသော အချိန်မဟုတ်ပေ။ ချီယွဲ့နိုင်ငံသို့ ပြန်ရန်ပင် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်၏။ ထို့ပြင် ရှနိုင်ငံတော်အကြောင်း သတင်းဖြန့်ရန် အချိန်အနည်းငယ် လိုအပ်ဦးမည်ဖြစ်သည်။
ရှနိုင်ငံတော်မှ နည်းပညာများ ရယူရန်လည်း အနည်းဆုံး ဆယ်နှစ်ကျော် ကြာဦးမည်ဖြစ်သဖြင့် သူတို့ အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ပေ။
ထို့ပြင် အာကာသယဉ် ထုတ်လုပ်သည့် နည်းပညာတစ်ခုတည်းအတွက်ပင် ဆယ်စုနှစ်တစ်ခု စောင့်ဆိုင်းရကျိုးနပ်ပေသည်။
ဥက္ကဋ္ဌယဲ့ ထိုသို့ပြောသည်ကို မြင်သောအခါ ချန်ဟုန်ကုန်သည်အဖွဲ့မှ အခြားအဖွဲ့ဝင်များ စကားဆက်မပြောကြတော့ပေ။
အချိန်အနည်းငယ် ကြာပြီးနောက် ချန်ဟုန်ကုန်သည်အဖွဲ့သည် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုနှင့် အရောင်းအဝယ် လုပ်ငန်းပြုလုပ်ပြီးစီးခဲ့ပြီး ဝယ်ယူထားသော အာကာသယဉ်များ အားလုံးကို ချန်ဟုန်ကုန်သည်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
သို့သော် အာကာသယဉ်ပေါ်ရှိ ခလုတ်အများအပြားကို ချန်ဟုန်ကုန်သည်အဖွဲ့ဝင်များ မြင်လိုက်ရသောအခါ သူတို့အားလုံး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။
နတ်လှေတစ်စင်းကို ထိန်းချုပ်ရန်အတွက် လှေ၏ဗဟိုချက်ထဲသို့ စိတ်ဝိညာဉ် စွမ်းအားများ ထည့်သွင်းပေးရန်သာ လိုအပ်၏။ သူတို့အတွက် အာကာသယဉ်များကို မောင်းနှင်ရန်က နတ်လှေနှင့် နှိုင်းယှဉ်လျှင် အလွန်ခက်ခဲနေသည်။
အမှန်တော့ အာကာသယဉ် ထိန်းချုပ်မှုကို ရိုးရှင်းစေရန်အတွက် အာကာသယဉ်များပေါ်ရှိ ခလုတ်အရေအတွက်ကို လျှော့ချရန် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ကြိုးစားနေခဲ့သည်။ ယနေ့ခေတ် ရှနိုင်ငံတော်၏ နောက်ဆုံးပေါ် အာကာသယဉ်များ၌ ထိုမျှလောက် များပြားသော ခလုတ်များ မရှိတော့ပေ။
သို့သော် ချန်ဟုန်ကုန်သည်အဖွဲ့ထံ ရောင်းချခဲ့သော အာကာသယဉ်အသုတ်သည် မျိုးဆက်အနည်းငယ် နောက်ကျသော အမျိုးအစားများ ဖြစ်သောကြောင့် ခလုတ်များ ပိုမိုပါရှိနေခြင်းဖြစ်သည်။
၎င်းက ချန်ဟုန်ကုန်သည်အဖွဲ့ အတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ သူတို့သည် အာကာသယဉ်များကို ဝယ်ယူနိုင်ခဲ့သော်လည်း မည်သို့ မောင်းနှင်ရမည်ကို မသိကြပေ။
ဤအာကာသယဉ်များကို သူတို့နှင့်အတူ အလွယ်တကူ ယူဆောင်သွားနိုင်သော်လည်း ပြန်ရောက်သောအခါ မမောင်းနှင်နိုင်ပါက အသုံးဝင်မည် မဟုတ်ပေ။
၎င်းတို့၏ မူလရည်ရွယ်ချက်က ဤအာကာသယဉ်များ တည်ဆောက်ပုံကို လေ့လာရန် ဖြစ်သော်လည်း မည်သို့ မောင်းနှင်ရမှန်းပင် မသိပါက တည်ဆောက်နိုင်ဖို့
ဆို ဝေလာဝေးပင်။
သို့သော် ဖြေရှင်းနည်းတစ်ခုကို ယဲ့ရှင်းတန် လျင်မြန်စွာ စဉ်းစားမိလိုက်၏။ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ လူများကို ချက်ချင်း ဆက်သွယ်ကာ အာကာသယဉ် မောင်းနှင်တတ်သူ အချို့ကို ငှားရမ်းနိုင်ရန်ဖြစ်သည်။
စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ချက်ချင်း သဘောမတူပဲ သခင်လုနှင့် ဆွေးနွေးရန် ယဲ့ရှင်းတန်အား ကုန်သွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပေးလိုက်သည်။
………
ကောင်းကင်မီးကမ္ဘာ။
ရှနိုင်ငံတော်။
ကုန်သွယ်ရေး ဝန်ကြီးဌာန။
အစည်းအဝေးခန်းမထဲတွင် ယဲ့ရှင်းတန်သည် လက်တင်ကုလားထိုင်၌ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသည်။
ထိုစဉ် သူ့ဘေးရှိ ယဲ့မိသားစု ဝင်တစ်ဦးက
“ဥက္ကဋ္ဌ။ ရှနိုင်ငံတော်မှာ အာကာသယဉ် မောင်းနှင်တတ်တဲ့လူတွေ အများကြီးရှိတာပဲ။ သူတို့ထဲက တစ်ချို့ကို ကျွန်တော်တို့ ခေါ်လိုက်လို့ မရဘူးလား။ ဘာလို့ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုဆီသွားပြီး လူငှားနေရမှာလဲ။”
ရှနိုင်ငံတော်ရှိ အာကာသယဉ်အားလုံးသည် နိုင်ငံတော်ပိုင်များ မဟုတ်ကြပေ။ ယခုအင်အားကြီးအဖွဲ့အစည်း အားလုံး အာကာသယဉ်များကို ပိုင်ဆိုင်ကြသဖြင့် ရှနိုင်ငံတော် စစ်သည်များသာ အာကာသယဉ်များကို မောင်းနှင်တတ်သည်တော့ မဟုတ်ပေ။
အာကာသယဉ် မောင်းနှင်ရန် လူလိုချင်ပါက သာမန်ပြည်သူများထဲမှ လူအချို့ကို လစာကောင်းကောင်းပေးပြီး ငှားရမ်းလိုက်ရုံသာလိုသည်ဟု ချန်ဟုန်ကုန်သည်အဖွဲ့မှ အချို့သူများ မြင်၏။ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုသို့သွားကာ လူငှားရန် မလိုအပ်ပေ။
ယဲ့ရှင်းတန်က ထိုယဲ့မိသားစုဝင်ကို တစ်ချက်ကြည့်လိုက်ပြီး
“မင်းက ဘာနားလည်လို့လဲ။ သာမန်အရပ်သား ဘယ်နှယောက်က ကောင်းကင်အဆင့် အာကာသယဉ်တွေကို မောင်းတတ်မှာလဲ။ အာကာသယဉ်တွေ အားလုံး အတူတူပဲလို့ မင်းထင်နေတာလား။”
“အာကာသယဉ်တွေက အဆင့်ကွာခြားတဲ့အတွက် ထိန်းချုပ်တဲ့ နည်းလမ်းတွေကလည်း ကွာခြားတယ်။”
ချန်ဟုန်ကုန်သည်အဖွဲ့မှ လူအများစုသည် အာကာသယဉ်နှင့် နတ်လှေများကို မောင်းနှင်သည့် သဘောတရား ဆင်တူသည်ဟု ထင်နေကြဆဲဖြစ်သည်။ နတ်လှေအဆင့် မည်သို့ပင်ရှိစေကာမူ ထိန်းချုပ်သည့် နည်းလမ်းများမှာ ဗဟိုနည်းဗျူဟာ ပုံစံကို တိုက်ရိုက် ထိန်းချုပ်ခြင်းဖြစ်သည်။ ထိုနည်းတူပင် အဆင့်အားလုံးရှိ အာကာသယဉ်များအတွက် ထိန်းချုပ်နည်းများသည်လည်း အတူတူပင် ဖြစ်လိမ့်မည်ဟု သူတို့ ယူဆထားကြသည်။
ယဲ့ရှင်းတန်၏ စကားကို ကြားသောအခါ ချန်ဟုန်ကုန်သည်အဖွဲ့မှ လူများ ကြောင်အသွားကြပြီး တစ်ယောက်က
“ဥက္ကဋ္ဌ။ အကုန်လုံးက အာကာသယဉ်တွေပဲ မဟုတ်ဘူးလား။ ထိန်းချုပ်တဲ့ နည်းလမ်းတွေက ဘယ်လိုလုပ် ကွာခြားနိုင်မှာလဲ။”
ယဲ့ရှင်းတန်က
“အာကာသယဉ်တွေက နတ်လှေတွေ မဟုတ်ဘူး။ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက အာကာသယဉ် ထိန်းချုပ်နည်းတွေကို ဘာလို့ ခွဲခြားထားလဲ ဆိုတာကိုတော့ မင်းတို့ သူတို့ကို သွားမေးရလိမ့်မယ်။”
“ကောင်းကင်အဆင့် အာကာသယဉ်တွေကို ဘယ်လို မောင်းရမလဲဆိုတာ သိတဲ့လူ မရှိရင် ဒီအာကာသယဉ်တွေကို ပြန်ယူသွားရင်တောင် သံတိုသံစပုံကြီး ဖြစ်သွားမှာပဲ။”
အာကာသယဉ် ထိန်းချုပ်နည်းကို သင်ကြားပေးရန်အတွက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အာကာသယဉ် မောင်းနှင်ရာတွင် ကျွမ်းကျင်သူများကို ဈေးကြီးပေးကာ ငှားရမ်းရန် ယဲ့ရှင်းတန်လည်း အစက စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း သူတို့ ငှားရမ်းဖို့ ခေါ်လိုက်သည်များသည် ကောင်းကင်အဆင့် အာကာသယဉ်များပေါ်ရှိ ခလုတ်များအကြောင်း လုံးဝ နားမလည်ကြပေ။
နောက်ပိုင်းမှ ယဲ့ရှင်းတန်လည်း အဖြစ်မှန်ကို နားလည်သွားခဲ့သည်။ ကောင်းကင်အဆင့် အာကာသယဉ်များသည် နဂါးတပ်မတော်က အသုံးပြုသော စစ်ဘက်ဆိုင်ရာ ယာဉ်များဖြစ်ပြီး စစ်လက်နက်များအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ရှနိုင်ငံတော်ရှိ အရပ်သားများ အသုံးပြုသော အာကာသယဉ်များမှာမူ ကုန်တင်ယာဉ်များသာ ဖြစ်ပြီး လုပ်ဆောင်ချက် အများအပြား မလိုအပ်သလို ခလုတ်အများအပြားလည်း မလိုအပ်ပေ။
ယခုအချိန်တွင် ကောင်းကင်အဆင့် အာကာသယဉ်များကို မောင်းနှင်နိုင်သူများမှာ စစ်နဂါးတပ်မတော်မှ စစ်သည်များနှင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ ဝန်ထမ်းများသာ ရှိသည်။ ချန်ဟုန်ကုန်သည်အဖွဲ့ အနေနှင့် ကောင်းကင်အဆင့် အာကာသယဉ် မောင်းနှင်နည်း သင်ယူလိုပါက စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု သို့မဟုတ် ရှနန်းတွင်းထံမှ အကူအညီ ရယူရမည်ဖြစ်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး မကြာမီ လုချန်း အစည်းအဝေးခန်းမ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။
ယဲ့ရှင်းတန် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး
“သခင်လုကို ဂါရဝပြုပါတယ်”
လုချန်းကလည်း ပြုံး၍
“ဥက္ကဋ္ဌယဲ့။ မတွေ့တာတောင် ကြာပြီပဲ။ ဒီနေ့ ကုန်သွယ်ရေး ဝန်ကြီးဌာနဘက် ရောက်လာတာ ဘာကိစ္စရှိလို့လဲ။”
ယဲ့ရှင်းတန်က လိုရင်းကို တန်းပြောလိုက်သည်။
“သခင်လု......ကိစ္စက ဒီလိုပါ။ ကျွန်တော်တို့က အာကာသယဉ်တွေကို ပထမဆုံး ထိတွေ့ကိုင်တွယ်ဖူးတာဆိုတော့ ဘယ်လို မောင်းနှင်ရမလဲ သေချာမသိကြပါဘူး။ ဒါကြောင့် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက လူတစ်ချို့ကို ငှားချင်လို့ပါ။”
ထိုအရာကို ကြားသောအခါ လုချန်းက
“ဪ။ ဒါက ဖြေရှင်းရ လွယ်ပါတယ်။”
………………..
အခန်း( ၁၃၀၁)
ချန်ဟုန်ကုန်သည်အဖွဲ့ ပြန်လာခြင်း
ယဲ့ရှင်းတန် လူလာငှားမည်ကို လုချန်း ကြိုတင်တွက်ချက်ထားပြီးဖြစ်သလို ယဲ့ရှင်းတန် လာရောက်မေးမြန်းမည့် အချိန်ကိုလည်း စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။
လုချန်းက သဘောတူပုံရသည်ကို မြင်သောအခါ ယဲ့ရှင်းတန်က စမ်းသပ်မေးမြန်းလိုက်သည်။
“သခင်လုက ဘယ်လို အဖိုးအခမျိုး လိုချင်သလဲ မသိဘူး။”
လုချန်းက ပြုံး၍ ပြောလိုက်သည်။ “စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ခင်ဗျားတို့ကို အာကာသယဉ်တွေ ရောင်းထားတာဆိုတော့ ဘယ်လို ထိန်းချုပ် မောင်းနှင်ရမလဲ သင်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ အပိုငွေ ပေးစရာ မလိုပါဘူး။”
“ဒါပေမဲ့ ကျွန်တော့်ဘက်က နည်းနည်း ရဲတင်းတဲ့ တောင်းဆိုမှုလေး တစ်ခုတော့ ရှိတယ်။ ဥက္ကဋ္ဌယဲ့ လက်ခံနိုင်မလားတော့ မသိဘူး။”
ယဲ့ရှင်းတန်က စူးစမ်းလိုစိတ်ဖြင့်
“သခင်လုက ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ မသိဘူး။”
“သခင်လု ပြောသာပြောပါ။ ကျွန်တော့် လုပ်နိုင်စွမ်း အတွင်းမှာရှိနေသရွေ့ သခင်လုကို မုချ ကူညီပါ့မယ်။”
လုချန်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်
“အဲ့လို ဆိုရင်တော့ ချန်ဟုန်ကုန်သည်အဖွဲ့ကို ဒုက္ခပေးရတော့မယ်။ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ချီယွဲ့နိုင်ငံမှာ ရုံးခွဲတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတဲ့အတွက် လူတစ်ချို့ကို ချီယွဲ့နိုင်ငံဆီ ခေါ်သွားပေးစေချင်ပါတယ်။”
“ချီယွဲ့နိုင်ငံကို သွားတဲ့လမ်းမှာ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု ဝန်ထမ်းတွေက ဥက္ကဋ္ဌယဲ့နဲ့ အဖွဲ့သားတွေကို အာကာသယဉ် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သင်ပေးလို့ရတာပေါ့။ ဘယ်လိုသဘောရလဲ။”
ဒါက...
လုချန်း ထိုသို့တောင်းဆိုလာလိမ့်မည်ဟု ယဲ့ရှင်းတန် ထင်မထားခဲ့ပေ။ သို့သော်လည်း ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်နှင့် မဝေးလှပေ။ သူက မခေါ်သွားလျှင်တောင် ရှနိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများသည် တစ်နေ့နေ့တွင် ချီယွဲ့နိုင်ငံသို့ မလွဲမသွေ ရောက်လာပေလိမ့်မည်။
သို့သော်...
ရှနိုင်ငံတော် ကုန်သည်အဖွဲ့ကို ယခုအချိန်တွင် ချီယွဲ့နိုင်ငံသို့ ခေါ်ဆောင်သွားခြင်းသည် ချန်ဟုန်ကုန်သည်အဖွဲ့အတွက်သော်လည်းကောင်း၊ ယဲ့မိသားစုအတွက်သော်လည်းကောင်း အကျိုးရှိမည့်ကိစ္စ မဟုတ်ပေ။
ချန်ဟုန်ကုန်သည်အဖွဲ့သည် ချီယွဲ့နိုင်ငံတွင် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ရှနိုင်ငံတော်မှ ကုန်ပစ္စည်း အများအပြားကို ဝယ်ယူထားခြင်းဖြစ်သည်။ အကယ်၍ ရှနိုင်ငံတော်မှ ကုန်သည်အဖွဲ့ကလည်း ချီယွဲ့နိုင်ငံသို့ ချဲ့ထွင်လာပါက ချန်ဟုန်ကုန်သည်အဖွဲ့၏ စီးပွားရေးကို လုယူရာ မရောက်ပေဘူးလား။
ရှနိုင်ငံတော်ကို ဖျက်ဆီးပစ်ရန် အင်ပါယာ အင်အားစု အချို့နှင့် ပူးပေါင်းဖို့ ယဲ့ရှင်းတန်၏ စိတ်ထဲ စဉ်းစားနေပြီ ဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်သည် ရှည်လျားမည်ဖြစ်၏။ ရှနိုင်ငံတော်ကို သိမ်းပိုက်ရန် အင်ပါယာ အနည်းငယ်ကို စည်းရုံးရုံဖြင့် မအောင်မြင်နိုင်ပေ။
ယဲ့ရှင်းတန် တွေဝေနေသည်ကို မြင်သောအခါ လုချန်းလည်း သူ့အတွေးကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။
လုချန်းက ဆက်လက်၍
“စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ချန်ဟုန်ကုန်သည်အဖွဲ့နဲ့ စီးပွားရေး ယှဉ်ပြိုင်မှာကို ဥက္ကဋ္ဌယဲ့ စိုးရိမ်စရာ မလိုပါဘူး။ အချိန်တန်ရင် ရှနိုင်ငံတော်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအားလုံးကို ချန်ဟုန်ကုန်သည်အဖွဲ့က ချီယွဲ့နိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ ရောင်းချဖို့ ကိုယ်စားလှယ် စာချုပ် ချုပ်လို့ရပါတယ်။”
စီးပွားရေးသမား တစ်ဦးဖြစ်သော ယဲ့ရှင်းတန်လည်း ကိုယ်စားလှယ် သဘောတူညီချက် ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း သဘာဝကျကျ နားလည်သော်လည်း သံသယအချို့ ရှိနေဆဲဖြစ်သည်။
သို့သော် နှစ်ငါးရာ မပြည့်မီတွင် ရှနိုင်ငံတော် ပျက်စီးသွားနိုင်ပြီး ထိုအချိန်ကျလျှင် ရှနိုင်ငံတော်မှ အရာအားလုံးသည် ချန်ဟုန်ကုန်သည်အဖွဲ့နှင့် ယဲ့မိသားစုပိုင် ဖြစ်လာလိမ့်မည်ဟု ယဲ့ရှင်းတန် ချက်ချင်း တွေးမိလိုက်သည်။ ရှနိုင်ငံတော်က သူတို့အပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို အလွန်အမင်း စိုးရိမ်နေရန် မလိုပေ။
ထိုအတွေးနှင့်အတူ ယဲ့ရှင်းတန်က
“ကောင်းပါပြီ။ ခင်ဗျားရဲ့ စည်းကမ်းချက်တွေကို ကျွန်တော် သဘောတူပါတယ်။”
ယဲ့ရှင်းတန်၏ သဘောတူကြောင်းကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်လေးတစ်ခု ပေါ်ပေါက်လာ၏။
“ဒါဆို ကျွန်တော်တို့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆုတောင်းပါတယ်။”
လုချန်း၏ ရည်ရွယ်ချက် အမှန်မှာ ချီယွဲ့နိုင်ငံတွင် ရုံးခွဲဖွင့်ရန် မဟုတ်ဘဲ ချီယွဲ့နိုင်ငံသို့ သူလျှိုအချို့ စေလွှတ်ရန်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးမှုများအရ ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်နှင့် အနီးဆုံး အင်ပါယာ ဖြစ်သော်လည်း သူတို့အနေဖြင့် ထိုအင်ပါယာအကြောင်းကို ကောင်းစွာ နားမလည်သေးသလို ချီယွဲ့နိုင်ငံက ရှနိုင်ငံတော်အပေါ် ရန်လိုမှု ရှိမရှိကိုလည်း မည်သူမှ မသိကြပေ။
လက်ရှိတွင် နယ်မြေချဲ့ထွင်ရန် အစီအစဉ် မရှိသေးသော်လည်း လုချန်းအနေနှင့် သတိရှိရပေမည်။ ရှနိုင်ငံတော်အပေါ် ချီယွဲ့နိုင်ငံ၏ သဘောထားကို စမ်းသပ်ဖို့လိုအပ်သည်။
ထို့ပြင် ရှနိုင်ငံတော်က ချီယွဲ့နိုင်ငံ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ ချီယွဲ့နိုင်ငံကလည်း ရှနိုင်ငံတော်အကြောင်းကို သိရှိပြီး ဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။
ယခု ချီယွဲ့နိုင်ငံမှ ကုန်သည်အဖွဲ့များပင် ရှနိုင်ငံတော်၌ ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် ချီယွဲ့နိုင်ငံက ရှနိုင်ငံကို သတိမထားမိပဲ နေရန် မဖြစ်နိုင်ပေ။
အကယ်၍ ချန်ဟုန်ကုန်သည်အဖွဲ့က စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ ဝန်ထမ်းများကို ချီယွဲ့နိုင်ငံသို့ ခေါ်ဆောင်သွားပြီးနောက် တစ်ဖက်လူက ဝန်ထမ်းများကို တိုက်ရိုက် သတ်ဖြတ်လိုက်ပါက ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်အပေါ် ရန်လိုမှုရှိကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။
ချီယွဲ့နိုင်ငံက စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု ရုံးခွဲကို ချက်ချင်း ဖျက်ဆီးခြင်း မပြုပဲ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှတစ်ဆင့် ရှနိုင်ငံတော်ကို ဆက်သွယ်ရန် ရွေးချယ်ပါက ချီယွဲ့နိုင်ငံ၏ တကယ့် အင်အားကို ရှင်းလင်းစွာ နားလည်နိုင်ရန် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုကို အသုံးပြုနိုင်ပေသည်။
……..
နှစ်ဝက်ခန့် ကြာပြီးနောက် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ ဝန်ထမ်းများ လိုက်ပါလာသည့် ချန်ဟုန်ကုန်သည်အဖွဲ့၏ နတ်လှေအုပ်စုသည် ချီယွဲ့နိုင်ငံသို့ ခရီးစတင်ခဲ့သည်။ ချန်ဟုန်ကုန်သည်အဖွဲ့သည် ကုန်သည်အဖွဲ့ ဖြစ်သဖြင့် ချီယွဲ့နိုင်ငံသို့ တန်းတန်းမတ်မတ် ပြန်မည် မဟုတ်ပဲ ချီယွဲ့နယ်မြေသို့ သွားသည့် လမ်းတစ်လျှောက်ရှိ ကြယ်နယ်မြေ အသီးသီးမှ အင်အားစုများနှင့် ကုန်သွယ်ရေး လုပ်မည် ဖြစ်သည်။
ထို့ကြောင့် ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်နှင့် မဝေးသော်လည်း ချန်ဟုန်ကုန်သည်အဖွဲ့ ချီယွဲ့နိုင်ငံသို့ ပြန်လည်ရောက်ရှိရန် နှစ်အနည်းငယ် ကြာဦးမည် ဖြစ်၏။
ကျင့်ကြံသူများ ဂရုမစိုက်ဆုံးအရာမှာ အချိန်ဖြစ်၏။ ဤနှစ်များအတွင်း ချန်ဟုန်ကုန်သည်အဖွဲ့နှင့် လိုက်ပါသွားသော စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု ဝန်ထမ်းများသည်လည်း အခြား ကြယ်နယ်မြေများတွင် ရုံးခွဲအများအပြား တည်ထောင်ခဲ့သည်။
ရလဒ်က လုချန်း၏ မူလရည်ရွယ်ချက်အတိုင်း အတိအကျ မဟုတ်သော်လည်း ရှနိုင်ငံတော်၏ ဩဇာလွှမ်းမိုးမှု ဆက်လက် ကျယ်ပြန့်လာခဲ့သည်။
……..
ချီယွဲ့နိုင်ငံ။
ပိုင်ရန် ကြယ်နယ်မြေ။
လေပင်လယ်ကမ္ဘာ။
ဟင်းလင်းပြင်ထဲတွင် သတ္တုရောင် တောက်နေသော ကြီးမားသည့် အာကာသယဉ်တန်းကြီးသည် လေပင်လယ်ကမ္ဘာဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
ကျင့်ကြံသူများသည် စိတ်ဝိညာဉ် စွမ်းအား၏ တွန်းကန်အား မလိုသော နတ်လှေများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုအာကာသယဉ်များကို မြင်သောအခါ လူတိုင်း ကြက်သေသေ သွားကြ၏။
လေပင်လယ်ကမ္ဘာ နန်းတော်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နတ်လှေအမြောက်အမြား ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သဖြင့် သူ့ဘာသူ ရေရွတ်လိုက်၏။
“ဘာတွေ ဖြစ်နေတာလဲ။ ဒီနေ့ လေပင်လယ်ကမ္ဘာမှာ နတ်လှေတွေ အများကြီး ဘာလို့ ပေါ်လာတာလဲ။”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား ပြောပြီးသည်နှင့် နောက်ထပ် လူတစ်ယောက် ကောင်းကင်မှ ဆင်းသက်လာပြီး အရေးကြီးဟန်ဖြင့်
“နယ်ပယ်သခင်။ ပြဿနာ တက်ပြီ။ နတ်လှေတော်တော်များများ လေပင်လယ်ကမ္ဘာဆီ ချဉ်းကပ်လာနေပါတယ်။ အဲ့ဒီအထဲက တစ်ချို့က အရမ်းထူးဆန်းတယ်။ စိတ်ဝိညာဉ် စွမ်းအား တွန်းကန်အား မပါဘဲ အာကာသထဲမှာ သွားလာနိုင်တယ်။”
ထိုစကားကို ကြားသောအခါ ကျိမော်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ စိတ်ဝိညာဉ် စွမ်းအား မလိုအပ်သော နတ်လှေများအကြောင်း သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။
ရန်သူကျူးကျော်မှု ဖြစ်နေမှာစိုး၍ သူကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်ဟုလည်း တွေးလိုက်သည်။
လေပင်လယ်ကမ္ဘာသည် ပိုင်ရန် ကြယ်နယ်မြေ၏ အစွန်းတွင် တည်ရှိပြီး ချီယွဲ့နိုင်ငံ၏ နယ်စပ်လည်း ဖြစ်သဖြင့် ရန်သူကျူးကျော်မှုများကို ကာကွယ်ရန် တာဝန်ရှိသည်။
လေပင်လယ်ကမ္ဘာ၏ နယ်ပယ်သခင် အနေနှင့် ကျိမော်ရှန်းသည် ပတ်ဝန်းကျင် ကြယ်နယ်မြေများရှိ အသေးစိတ် လှုပ်ရှားမှုများကအစ စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။
ထိုအချိန်တွင် ကျိမော်ရှန်း တုံ့ဆိုင်းမနေပဲဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
သူ ဟင်းလင်းပြင်ထဲသို့ ရောက်သည်နှင့်
သတ္တုရောင် တောက်နေသော နတ်လှေများဆီသို့ သူ၏ အကြည့် ချက်ချင်း ရောက်သွားသည်။ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ဤနတ်လှေများသည် မောင်းနှင်ရန် စိတ်ဝိညာဉ် စွမ်းအားကို အမှန်တကယ် အသုံးမပြု ကြောင်း တွေ့ရှိလိုက်ရသည်။
ဤနတ်လှေများကို ရှေ့သို့ တွန်းပို့နေသည့်အရာက အပြာရောင် မီးတောက်များ ဖြစ်ပုံရသည်။
ထိုစဉ် ဤသတ္တုနတ်လှေများကြားတွင် ချန်ဟုန်ကုန်သည်အဖွဲ့၏ အလံများ လွှင့်ထူထားသော နတ်လှေအချို့ ရှိနေသည်ကို ကျိမော်ရှန်း ရုတ်တရက် သတိထားမိလိုက်သည်။
ချီယွဲ့နိုင်ငံသား တစ်ဦးဖြစ်သော ကျိမော်ရှန်းသည် ချန်ဟုန်ကုန်သည်အဖွဲ့နှင့် အလွန်ရင်းနှီးသော်လည်း သတ္တုဖြင့် ပြုလုပ်ထားသော သူတို့၏ နတ်လှေများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ချန်ဟုန်ကုန်သည်အဖွဲ့က ဒီထူးဆန်းတဲ့ နတ်လှေတွေ ဘယ်က ရခဲ့သလဲဟု ကျိမော်ရှန်း တွေးတောနေမိသည်။
ကျိမော်ရှန်း အတွေးထဲ နစ်မြောနေစဉ် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
“နယ်ပယ်သခင်ကျိ။ မတွေ့တာ ကြာပြီပဲ”
ထိုစကားများနှင့်အတူ ယဲ့ရှင်းတန် ကျိမော်ရှန်း ရှေ့တွင် ပေါ်လာခဲ့သည်။
ယဲ့ရှင်းတန်ကို မြင်သောအခါ ကျိမော်ရှန်း လုံးဝ စိတ်အေးသွားပြီး ပြုံး၍
“ဥက္ကဋ္ဌယဲ့။ ဒီနတ်လှေတွေကို ဘယ်က ရတာလဲ။ စိတ်ဝိညာဉ် စွမ်းအား မပါပဲ ဘယ်လို မောင်းနှင်နိုင်တာလဲ။”
“အခြားအင်ပါယာက ရန်သူ့လှေတွေ လာကျူးကျော်တယ်လို့ ကျွန်တော်က ထင်နေတာ။”
……………..
အခန်း (၁၃၀၂ )
ချီယွဲ့နိုင်ငံတော်၏ နီးကပ်လာသော အပြောင်းအလဲ
ယခုလက်ရှိတွင် ချီယွဲ့နိုင်ငံသည် မငြိမ်မသက်ဖြစ်နေသော ကာလတစ်ခု၌ ရှိနေပြီး တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည်ဟူသော သတင်းများက ပိုမိုပျံ့နှံ့လာသည်။
ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ်သည် နိုင်ငံအတွင်းရှိ တစ်ပါးတည်းသော ဧကရာဇ်ဖြစ်၏။ နိုင်ငံတစ်နိုင်ငံအတွက် ဧကရာဇ်တစ်ပါး မည်မျှအရေးပါကြောင်းကို လူတိုင်းသိကြသည်။
ချီယွဲ့နိုင်ငံ၏ ဧကရာဇ် သက်တမ်းကုန်ဆုံးတော့မည့် သတင်းကြောင့် အခြားနိုင်ငံများက အခွင့်ကောင်းယူကာ ချီယွဲ့နိုင်ငံကို တိုက်ခိုက်လာမှာလားဆိုတာ မသေချာသဖြင့် ချီယွဲ့နိုင်ငံရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်နေကြသည်။
နိုင်ငံများအကြား စစ်ပွဲ ဖြစ်ပွားခဲ့လျှင် ကျဆုံးမှုများစွာ မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်၏။ အစောပိုင်းက လက်နက်ချရန် စီစဉ်ထားသော အင်အားစုများပင်လျှင် စစ်ပွဲထဲသို့ ဝင်ရောက်သွားရနိုင်သည်။
ကျိမော်ရှန်းသည် ဤနှစ်များအတွင်း စိုးရိမ်ထိတ်လန့်စွာ နေထိုင်ခဲ့ရသည်။ ချီယွဲ့နိုင်ငံ၏ အစွန်အဖျားတွင် တည်ရှိသောကြောင့် စစ်ပွဲသာ ဖြစ်ပွားခဲ့လျှင် လေပင်လယ်ကမ္ဘာသည် ပထမဆုံး တိုက်ခိုက်ခံရမည့် နေရာဖြစ်သည်။
ချန်ဟုန် ကုန်သည်အဖွဲ့၏ နတ်လှေများ ရောက်ရှိလာခြင်းက ကျိမော်ရှန်းကို အမှန်တကယ် လန့်ဖျပ်သွားစေခဲ့သည်။
ကျိမော်ရှန်း၏ စကားကို ကြားသောအခါ ယဲ့ရှင်းတန်က ရယ်မောကာ
“နယ်ပယ်သခင်ကျိက ဘယ်တုန်းက ဒီလောက် သတ္တိနည်းသွားတာလဲ။”
ကျိမော်ရှန်းက
“သတ္တိနည်းတာလား။ ချီယွဲ့နိုင်ငံမှာ ဘာတွေဖြစ်နေခဲ့လဲဆိုတာ ဥက္ကဋ္ဌယဲ့ မသိသေးဘူးထင်တယ်။”
ယဲ့ရှင်းတန် ဇဝေဇဝါဖြစ်သွားပြီး
“ဘာတွေဖြစ်ခဲ့လို့လဲ”
ယဲ့ရှင်းတန်၏ နောက်ရှိ နတ်လှေများကို ကျိမော်ရှန်းက ကြည့်လိုက်ပြီးနောက်
“ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ။”
စကားဆုံးသည်နှင့်တပြိုင်နက် ကျိမော်ရှန်း၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွား၏။
လေပင်လယ်ကမ္ဘာအတွင်းရှိ အစည်းအဝေးခန်းမတစ်ခုဆီသို့ ကျိမော်ရှန်းနှင့်အတူ ယဲ့ရှင်းတန်လည်း ချက်ချင်း လိုက်ပါသွားခဲ့သည်။
ခန်းမထဲသို့ ဝင်ရောက်သည်နှင့် ကျိမော်ရှန်းက အသံလုံ နည်းဗျူဟာပုံစံတစ်ခုကို ချက်ချင်း တည်ဆောက်လိုက်သည်။ ကျိမော်ရှန်း ထိုမျှလောက် သတိကြီးနေသည်ကို မြင်လိုက်ရသဖြင့် ချီယွဲ့နိုင်ငံတွင် မည်သည့် အရေးပေါ် ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သလဲဟု ယဲ့ရှင်းတန် ပို၍ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။
အသံလုံ နည်းဗျူဟာပုံစံ အဆင်သင့်ဖြစ်သွားသောအခါ ကျိမော်ရှန်းက တဲ့တိုးပြောလိုက်သည်။
“ဥက္ကဋ္ဌယဲ့... ချီယွဲ့နိုင်ငံမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်တော့မယ့်ပုံပဲ။”
ယဲ့ရှင်းတန်က လေးနက်စွာ ပြန်မေးလိုက်၏။
“ဘာလို့လဲ”
မကြာမီတွင် ယဲ့ရှင်းတန် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ ကျိမော်ရှန်း ပြန်မဖြေနိုင်ခင် ယဲ့ရှင်းတန်က ထပ်ပြောလိုက်၏။
“ဟို ......ဧကရာဇ်က သက်တမ်းကုန်တော့မှာမို့လို့လား။”
လွန်ခဲ့သော နှစ်များက ချီယွဲ့နိုင်ငံမှ ယဲ့ရှင်းတန် ထွက်ခွာလာစဉ် တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည့်အကြောင်း ကောလာဟလများ ကြားခဲ့ဖူးသော်လည်း ထိုအချိန်က လူအနည်းငယ်သာ သိရှိခဲ့ကြသည်။
ကျိမော်ရှန်းက ခေါင်းညိတ်ကာ
“ဟုတ်တယ်။ ဒီရက်ပိုင်းအတွင်း ချီယွဲ့နိုင်ငံကို သူလျှိုတွေ အများကြီး ရောက်လာကြတယ်။ ဟိုနိုင်ငံတွေက ချီယွဲ့နိုင်ငံကို ဘယ်အချိန် တိုက်ခိုက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”
ထိုအရာကို ကြားလျှင် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ လူများကို ယဲ့ရှင်းတန် ရုတ်တရက် သတိရသွားသည်။ အကယ်၍ သူသာ ထိုလူများကို ချီယွဲ့နိုင်ငံထဲသို့ ခေါ်ဆောင်သွားလျှင် ချီယွဲ့နိုင်ငံ၏ အရေးကိစ္စများကို ရှနိုင်ငံတော်က သိရှိသွားမည် မဟုတ်ပါလား။
ခဏခန့် ယဲ့ရှင်းတန် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ လူများကို ချီယွဲ့နိုင်ငံထဲသို့ မခေါ်သွားပါက ရှနိုင်ငံတော်အား သံသယ ဖြစ်စေလိမ့်မည်မှာ မလွဲ ဧကန်ပင်။ ထို့ပြင် သူတို့ကို ချီယွဲ့နိုင်ငံထဲသို့ မခေါ်ဆောင်သွားလျှင်လည်း ရှနိုင်ငံတော်က ချီယွဲ့နိုင်ငံထဲသို့ သူလျှိုများ စေလွှတ်နိုင်သည်။
ထို့ပြင် လက်ရှိအခြေအနေအရ ရှနိုင်ငံတော်၌ နယ်မြေချဲ့ထွင်ရန် အစီအစဉ် ရှိပုံမပေါ်ပေ။ ရှနိုင်ငံတော်၏ ယေဘုယျ အငွေ့အသက်က ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးဘက်သို့ ပိုမို ဦးတည်နေသည်။
ယဲ့ရှင်းတန်သည် ရှနိုင်ငံတော်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီး ရှနိုင်ငံတော်၏ မူဝါဒအမျိုးမျိုးကို လေ့လာခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ရှနိုင်ငံတော်သည် အင်အားစုဆောင်းရန် ပိုမိုစိတ်အားထက်သန်နေပြီး ယာယီအားဖြင့် နယ်မြေချဲ့ထွင်ရန် အစီအစဉ်မရှိကြောင်း သူ မြင်တွေ့ခဲ့ရသည်။
သေချာသည်က ထိုမူဝါဒသည် ယာယီသာဖြစ်သည်။ ချီယွဲ့နိုင်ငံ၏ ဧကရာဇ် သက်တမ်းကုန်ဆုံးတော့မည့်အကြောင်း ရှနိုင်ငံတော် သိသွားပါက ရှဧကရာဇ်၌လည်း အတွေးအချို့ ရှိလာနိုင်၏။
ကြာမြင့်စွာ စဉ်းစားပြီးနောက် စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ လူများကို ချီယွဲ့နိုင်ငံထဲသို့ ခေါ်ဆောင်သွားရန် ယဲ့ရှင်းတန် ဆုံးဖြတ်လိုက်သည်။ သူတို့ ဒီအထိရောက်နေပြီဖြစ်ရာ ချီယွဲ့နိုင်ငံထဲသို့ မခေါ်ဆောင်သွားလျှင် ဖြေရှင်းချက်ပေးရန် ခက်ခဲလိမ့်မည်။
ထို့ပြင် ရှနိုင်ငံတော်ကို ရင်ဆိုင်ရန် လုံလောက်သော အင်အား မစုဆောင်းနိုင်သေးမီ စကြာဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုမှ ဝန်ထမ်းများကို သူ မဆင်မခြင် မသတ်ရဲပေ။
ယဲ့ရှင်းတန် ချက်ချင်းပြန်မပြောသည်ကို မြင်သောအခါ ကျိမော်ရှန်းက ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ ယဲ့မိသားစုကို ကျွန်တော် တကယ်အားကျတယ်။ နိုင်ငံကြီးတွေ အားလုံးနဲ့ ဆက်ဆံရေးကောင်းတွေရှိပြီး ပြဿနာ အရိပ်အယောင်ပြတာနဲ့ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတာပဲ။”
ချီယွဲ့နိုင်ငံသာ အမှန်တကယ် ပျက်စီးသွားပါက ယဲ့မိသားစုနှင့်အတူ ချီယွဲ့နိုင်ငံမှ ထွက်ပြေးနိုင်ရန်အတွက် ယဲ့မိသားစုအပေါ် မှီခိုရန် ကျိမော်ရှန်းက စဉ်းစားထားပြီးဖြစ်သည်။
ချီယွဲ့နိုင်ငံရှိ ယဲ့မိသားစုထဲ၌ လက်ရှိ၌ ဧကရာဇ် မရှိသော်လည်း ကြယ်တာရာဆက်သွယ် ကုန်သွယ်မှုမှတစ်ဆင့် ကြီးမားသော ကြွယ်ဝချမ်းသာမှုကို စုဆောင်းထားပြီး အနီးနားရှိ ကြယ်နယ်မြေများမှ နိုင်ငံအများအပြားနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။ ချီယွဲ့နိုင်ငံ ပျက်စီးသွားလျှင်ပင် ထိုနိုင်ငံများက ယဲ့မိသားစုကို ထိပါးမည် မဟုတ်ပေ။
နောက်ထပ်အချက်တစ်ခု ရှိသေး၏။ ဤကြယ်နယ်မြေရှိ ယဲ့မိသားစုသည် မျိုးဆက်ခွဲတစ်ခုသာ ဖြစ်သည်။ နိုင်ငံကြီးများ ကြောက်ရွံ့ကြသည်က ယဲ့မိသားစု၏ နောက်ကွယ်ရှိ ပင်မအိမ်တော်ကြီးဖြစ်သည်။
တည်ငြိမ်မှု ပြန်ရလာသောအခါ ယဲ့ရှင်းတန်က ရယ်မောကာ
“နယ်ပယ်သခင်ကျိက နောက်နေပါပြီ။ ကျွန်တော်တို့ ယဲ့မိသားစုက ချီယွဲ့နိုင်ငံကို မှီခိုပြီး ကြီးပြင်းလာတာပါ။ ပိုင်ဆိုင်မှုအများစုကလည်း ဒီမှာရှိတာဆိုတော့ ဘယ်လိုလုပ် ထွက်ခွာနိုင်မှာလဲ။”
ကျိမော်ရှန်းက
“အဲဒါလည်း ဟုတ်တာပဲ။ တခြားနိုင်ငံတွေက ချီယွဲ့နိုင်ငံကို ဖျက်ဆီးလိုက်ရင်တောင် ခင်ဗျားတို့ ယဲ့မိသားစုကို မထိရဲကြပါဘူး။ ယဲ့မိသားစုက ချီယွဲ့နိုင်ငံကနေ ထွက်ခွာတာ မထွက်ခွာတာက အရေးမကြီးပါဘူး။”
ထို့နောက် ယဲ့ရှင်းတန်က
“ဒါနဲ့... နယ်ပယ်သခင်ကျိ။ တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မယ့် သတင်းက တော်တော်ပျံ့နှံ့နေပြီလား။”
ကျိမော်ရှန်းသည် အစွန်အဖျား ကမ္ဘာတစ်ခုမှ ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကြောင်း ယဲ့ရှင်းတန် တွေးလိုက်မိသည်။ ကျိမော်ရှန်းပင်လျှင် တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည့်အကြောင်းကို သိရှိနေပါက ထိုသတင်းလည်း အပြည့်အဝ ပျံ့နှံ့နေပြီဖြစ်သည်။
ကျိမော်ရှန်းက
“ဟုတ်တယ်။ ချီယွဲ့နိုင်ငံတစ်ခုလုံး အခု ထိတ်လန့်နေကြပြီ။ အင်အားစု အများအပြားက စစ်ပွဲကို ရှောင်ရှားဖို့ ချီယွဲ့နိုင်ငံကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပြီ။”
ယဲ့ရှင်းတန်က ဆက်မေးလိုက်သည်။
“တော်ဝင်မိသားစုမှာရော ထူးခြားမှု တစ်စုံတစ်ရာ ရှိလား။”
ကျိမော်ရှန်းက
“မရှိဘူး။ ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ မကြာသေးခင်က နန်းတွင်းက ဝန်ကြီး အမြောက်အမြားက မင်းသမီးကြီး ထီးနန်းဆက်ခံဖို့ ထောက်ခံလာကြတယ်။ အခု အုပ်စုနှစ်ခုကြားက တိုက်ပွဲက လူသိရှင်ကြား ဖြစ်လာတယ်။”
အတိတ်ကာလက ချီယွဲ့နိုင်ငံအတွင်းရှိ အုပ်စုနှစ်ခုကြား တိုက်ပွဲသည် တိုးတိုးတိတ်တိတ် အာဏာပြိုင်ဆိုင်မှုတစ်ခု ဖြစ်၏။ တစ်ဖက်ကို ပေရှုဟွာက ဦးဆောင်ကာ အခြားတစ်ဖက်ကို ဧကရာဇ် ပေဝမ်ဖုက ဦးဆောင်သည်။
အုပ်စုများသည် တိုးတိတ်စွာ ယှဉ်ပြိုင်နေကြသော်လည်း မည်သူကမှ ဧကရာဇ်ကို ဖြုတ်ချရန် ပေါ်တင်မကမ်းလှမ်းခဲ့ကြပေ။ အထူးသဖြင့် ပေဝမ်ဖုသည် တရားဝင် ဧကရာဇ် ဖြစ်နေဆဲ ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည့် သတင်းပျံ့နှံ့သွားကတည်းက မင်းသမီးကြီး၏ အုပ်စုမှ လူများက ဧကရာဇ်ကို ဖြုတ်ချရန် ပေါ်တင်အဆိုပြုလာကြသည်။ ထို့ပြင် ထိုသို့အဆိုပြုသူများကို ပေဝမ်ဖုက တိုက်ရိုက် မသတ်ရဲပေ။
ထိုအချက်က အနည်းငယ် စိတ်ဝင်စားစရာကောင်းနေသည်။ ပေဝမ်ဖုကဲ့သို့ ဧကရာဇ်တစ်ပါးက သူ့အား ပြစ်မှားသူများကို အမှန်တကယ် မသတ်ရဲပေ။ ဧကရာဇ်တစ်ပါးဖြစ် နေသာ်လည်း သူ၏ အနေအထားက လုံးဝ အာဏာမဲ့နေပြီ ဖြစ်သည်။
ကျိမော်ရှန်း၏ စကားများကို ကြားပြီးနောက် တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည့် ကောလာဟလများကို ယဲ့ရှင်းတန်က လုံးဝလုနီးပါး ယုံကြည်သွားသည်။
ထို့နောက် ယဲ့ရှင်းတန်က
“ကောလာဟလတွေက အမှန်ဖြစ်မယ့်ပုံပဲ။ တော်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မှာသာ မဟုတ်ရင် မင်းသမီးကြီးရဲ့ အုပ်စုက ဒီလောက်အထိ ရဲတင်းမှာ မဟုတ်ဘူး။”
ပေရှုဟွာသည် ပေဝမ်ဖုထက် များစွာအစွမ်းထက်သော ဧကရာဇ်လောင်းတစ်ဦး ဖြစ်သည်။ တော်ဝင်အဘိုး ကျဆုံးသွားသည်နှင့် ပေရှုဟွာသည် တော်ဝင်မိသားစုတွင် အားအကြီးဆုံး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ပေရှုဟွာ၏ အုပ်စုက မျှော်လင့်ချက်ကို မြင်တွေ့ရပြီး ပိုမိုရဲတင်းလာကာ ဧကရာဇ်ကို ဖြုတ်ချရန် ပေါ်တင်အဆိုပြုရဲလာခြင်း ဖြစ်သည်။
ယဲ့ရှင်းတန် အတွေးထဲ ပြန်လည်နစ်မြောနေသည်ကို မြင်သောအခါ ကျိမော်ရှန်းက စမ်းသပ်သလို မေးလိုက်၏။
“ဥက္ကဋ္ဌယဲ့... ယဲ့မိသားစုက ဘယ်ဘက်က ရပ်တည်မလဲဆိုတာ သိချင်မိတယ်။”
ထိုမေးခွန်းကို ကြားလျှင် ယဲ့ရှင်းတန်က ပြုံးကာ
“လောလောဆယ်အထိ ယဲ့မိသားစုက ချီယွဲ့နိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကြောင်းမကြားသေးဘူး။ ဒါကြောင့် သူတို့ ဘက်လိုက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”
“ဒါ့အပြင် ယဲ့မိသားစုဝင် တစ်ယောက်ပဲဖြစ်တဲ့ ကျွန်တော်က ယဲ့မိသားစု ဘိုးဘေးတွေရဲ့ အတွေးကို ဘယ်လိုလုပ် သိနိုင်မှာလဲ။”
ယဲ့ရှင်းတန်သည် ချန်ဟုန် ကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ရာထူးကြီးတစ်ခု ရရှိထားပုံပေါက်သော်လည်း ယဲ့မိသားစုအတွင်း၌မူ သူသည် မိသားစု အကြီးအကဲတစ်ဦးသာ ဖြစ်၏။
ချီယွဲ့နိုင်ငံ၏ အခြေအနေများကိုပင် ကျိမော်ရှန်းမှတစ်ဆင့် သူ သိရှိခဲ့ရခြင်းဖြစ်သည်။ ဤအချက်ကပင် ယဲ့မိသားစုအတွင်းရှိ သူ၏ အဆင့်အတန်းကို ဖော်ပြနေသည်။
သို့သော် အချက်တစ်ချက်ကတော့ သေချာနေဆဲဖြစ်သည်။ ယဲ့ရှင်းတန်သည် ယဲ့မိသားစုအတွင်း ရာထူးကြီးကြီး မရှိသော်လည်း ကျိမော်ရှန်းအတွက်မူ ယဲ့ရှင်းတန်သည် မိတ်ဆွေလုပ်ရန် ထိုက်တန်သော အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲဖြစ်၏။